အပိုင်း ၃၁ - ပြည်သူပိုင်နားနေခန်း (အခန်း ၂)
လှေကားမှပြေးဆင်းလာသည်မှာ အမှန်ပင်တက်ကြွသည့်ပုံစံနှင့် လျန့်ယွဲ့ရှစ် အမည်ရလူငယ်လေးဖြစ်သည်။ အရပ်မှာ ရှစ်ယွမ်နီးပါး ၁.၉ မီတာခန့်မြင့်၏။
ရုပ်ရည်ကထူးခြားသည်ဆိုရမည်။ ပခုံးလောက်ရှည်သည့် ဆံပင်အနီရောင်၊ စူးရှထက်မြက်သော မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများက သူ့အားသူရဲကောင်းတစ်ဦး၏ အသွင်အပြင်ကိုပေး၏။ အသားအရေမှာ ယောက်ျားတစ်ဦးအတွက် အလွန်အကြူး ဖြူလွန်းနေသည်ဟုဆိုရမည်။ မျက်နှာပေါ်မှ လက္ခဏာရပ်များအား အရွယ်အစားနှင့် နေရာချထားမှုသည် အတိအကျတိုင်းတာ၍ နေရာချထားသည်ဟုပင် ထင်မှတ်ရလောက်အောင် အချိုးအစားမျှတပြီး ပါးနှစ်ဖက်မှာနီစွေးကာ လှသည်။
"လှသည်"ဟူသည့်စကားလုံးအား အမျိုးသားများနှင့် ယှဥ်သုံးရန်မသင့်တော်သော်လည်း လျန့်ယွဲ့ရှစ်သည် ကလေးကလေးလို လှနေသူဖြစ်၏။
အိမ်နေရင်းဝတ်စုံနှင့် ဖိနပ်တစ်ရံစီးကာ ပြေးဆင်းလာရင်း မီးဖိုခန်းဆီမရောက်ခင် ထိုလူသစ်အဖွဲ့အား သူအရင်တွေ့လိုက်ရသည်။
မည်သည်ကြောင့်မှန်းမသိ သူ့မျက်လုံးများက အရောင်တလက်လက်တောက်ပလာ၏။
"ထွက်ပြေးလာကြတာလား။ မင်းတို့ထဲက အများကြီးအသက်ရှင်ကြတာလား။" သူတို့အားနှုတ်ဆက်ရင်း မီးဖိုခန်းထဲ ပြေးသွားသော်လည်း သူ့မျက်လုံးများက လူအုပ်ဆီ၌ကပ်ကျန်နေဆဲပင်။
"ဒီတစ်ခေါက် အသက်ရှင်ကျန်ရစ်သူ များသားပဲ။"
"သူတို့အားလုံးလူသစ်တွေချည်းပဲ။" ဆိုဖာပေါ်မှလူက သူ့အားလှမ်းပြောသည်။
လျန့်ယွဲ့ရှစ်သည် မီးဖိုခန်းထဲရောက်ကာ ရေပူအိုးအား ပိတ်ရန်လက်လှမ်းနေစဥ် ထိုစကားကြောင့် သူ့လက်ကလေထဲ၌ရပ်သွားပြီး အလန့်တကြားနှင့် ခေါင်းပြန်လှည့်လာ၏။ "ဟမ်၊ သူတို့အားလုံးလား။"
"ဟုတ်တယ်၊ သူတို့တစ်ဖွဲ့လုံးပဲ။ ခုမှစာရင်းသွင်းတဲ့ အဆင့်ကိုအောင်ကြတာမလား။" ထိုလူကခေါင်းမော့ကာ သူတို့အား ပျင်းရိပျင်းတွဲကြည့်လာသည်။
"မျှော်လင့်ချက်မဲ့ပြီပေါ့ကွာ။" လျန့်ယွဲ့ရှစ်၏ မျက်နှာကမရွှင်ပျတော့ပေ။ သက်ပြင်းချကာ အတော်လေးစိတ်ထိခိုက်နေဟန်နှင့် တစ်ဖက်သို့ပြန်လှည့်သွား၏။ ရေပူအိုးကိုပင် စိတ်လက်မပါသလိုပိတ်နေသည်။
"ဘာ...ဘာကိုဆိုလိုတာလဲ။" လျန့်ရိထုံက သည်းမခံနိုင်တော့သလို အော်မေးလာ၏။ "လူသစ်ဖြစ်တော့ ဘာဖြစ်လဲ။ မင်းတို့က အထင်သေးတာလား။"
"အထင်သေးတာ၊မသေးတာနဲ့ မဆိုင်ဘူး။" လျန့်ယွဲ့ရှစ်က လှည့်ပင်မကြည့်ဘဲ ပြန်ဖြေသည်။ သူကနံဘေးသို့လျှောက်သွားပြီး အပေါ်ဖက်ရှိ ဗီရိုကိုဖွင့်ကာ ခွက်တစ်လုံးယူထုတ်၏။ ပြီးနောက် သူတို့ဖက်လှည့်လာပြီး ရေပူအိုးကိုမကာ ခွက်ထဲရေပူများ လောင်းထည့်နေသည်။
"ဒီကိစ္စတွေက ဒါတွေကို အက်ပ်ကနောက်ကျရင် မင်းတို့ကိုရှင်းပြလိမ့်မယ်။ ငါအခုပြောမိတာကိုတော့ မေ့လိုက်တော့။" သူသည်အရက်ခွက်မြှောက်သလို ရေပူခွက်အားမြှောက်ပြရင်း ဆက်ပြောလာ၏။ "ပြည်သူပိုင်နားနေခန်းအားလုံးက နောက်ဂိမ်းတဆင့်ရဲ့ ဝင်ပေါက်မှာရှိတယ်။ သဘောကတော့ ဒီမှာလာစုနေတဲ့လူအားလုံးက နောက်ဂိမ်းမှာတစ်ဖွဲ့တည်းကျမယ့် သူတွေပဲ။"
ပိုင်လော့ဖုန်းချက်ချင်း သဘောပေါက်သွားသည်။ သူတို့၏လူသစ် စာရင်းသွင်းခြင်းအဆင့်၌ ကိုးယောက်လာပြီး နှစ်ယောက်သာပြုတ်ကာ ခုနှစ်ယောက်ကျန်ခဲ့သဖြင့် ထိုနှစ်ဦးသည် နောက်ဂိမ်းတွင် လူသစ်ခုနှစ်ဦးနှင့် အဖွဲ့ကျမည်ဖြစ်၏။ ထိုကြောင့် ဆိုဖာပေါ်ထိုင်နေသည့် ခပ်ဝဝလူသည် သူတို့အားတွေ့လိုက်စဥ်က ချီးထုပ်မြိုချရသလို မျက်နှာရှုံ့တွနေခြင်းဖြစ်မည်။
လျန့်ယွဲ့ရှစ် ရေပူခွက်အား ထက်ဝက်ကျိုးအောင်သောက်ပြီးမှ လက်ကို V ပုံသဏ္ဍာန်ထောင်ပြကာ ပြောလာသည်။ "ပုံမှန်အားဖြင့် ဂိမ်းတိုင်းမှာ ထုတ်လွှင့်သူ ၁၃ ယောက်ကိုတွဲပေးတာများတယ်။"
သက်လက်ပိုင်းအရွယ်လူက သူ့စကားအား ဆက်ရှင်းပြလာ၏။ "ဒီတော့ ကံဆိုးတဲ့ဒီအဖွဲ့အပြင် နောက်ထပ်ကစားသမား လေးယောက်ထပ်လာဦးမှာပေါ့။"
ထိုလူကစကားပြောရင်း အိတ်ထဲမှဆေးလိပ်ဘူး ယူထုတ်ကာ ဆေးလိပ်တစ်လိပ်ကိုမီးငြှိသည်။ သူ၏မျက်ခုံးများက အတော်ဒေါသထွက်နေဟန် စုကြုံ့နေ၏။ "လခွမ်းတဲ့မှ၊ ဆိုးလိုက်တဲ့ကံ။ ဒီဂိမ်းမှာ ဒီကလေးတစ်သိုက်နဲ့ လာတိုးရတယ်လို့။"
လျန့်ယွဲ့ရှစ်၏က ခါးသက်သက်ပြုံးကာပြောလာသည်။ "ဒီလိုလည်းမပြောနဲ့လေ။ ငါတို့လည်း တစ်ချိန်က လူသစ်တွေဖြစ်ခဲ့တာပဲ။"
"ဒါပေမယ့်ဒီလောက်ထိ ဘာမှမသိ နားမလည်သေးတဲ့လူတွေ လာစုနေတာကတော့ မဟုတ်သေးဘူးမလား။"
"ဟုတ်ပြီ၊ဟုတ်ပြီ။ စကားပြောတာတော်သင့်ပြီ။ သွေးကွဲနေလို့မရဘူး။ ငါတို့အားလုံးက တစ်ဖွဲ့တည်းသားတွေ။ လူသစ်တွေဆိုပေမယ့် အသုံးတော့ဝင်မှာပါ။"
"အစ်ကိုဟိုင်၊ ရေပူယူဦးမလား။"
သက်လတ်ပိုင်းအရွယ် လူ၏နာမည်မှာ အစ်ကိုဟိုင်ဖြစ်မည်။ အစ်ကိုဟိုင်က နှာတစ်ချက်မှုတ်ကာ ပြန်ဖြေလာသည်။ "လက်ဖက်ခြောက်ရွက်ရှိလား။"
"မရှိဘူး၊ ကျွန်တော်လည်း ရေပူအဖြူသက်သက်တော့ ဘယ်သောက်ချင်ပါ့မလဲ။" လျန့်ယွဲ့ရှစ်က ဗီရိုဖက်သို့ပြန်ကြည့်ရင်း ဆက်ပြောလာ၏။ "ဒီမှာဘာမှမရှိဘူး။ လက်ဖက်ရည်ခွက်တောင် မရှိဘူး။"
"စုတ်ပြတ်လွန်းတဲ့နေရာပဲ။" အစ်ကိုဟိုင်က မှတ်ချက်ပေးသည်။
"ဟားဟား....."
လူသစ်များ၏ဖုန်းဆီမှ အချက်ပေးသံ တဒေါင်ဒေါင် ထွက်လာ၏။ ပိုင်လော့ဖုန်း ဖုန်းယူထုတ်ကြည့်သောအခါ Wish အက်ပ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ပွင့်နေပြီး ဖုန်းမျက်နှာပြင်၌ အရှေ့ဖက်မြင်ကွင်းအား ပြသထားသည်။
မျက်နှာပြင်၏အလယ်၌ စာသားများပါသည့် ဒိုင်ခွက်ပေါ်လာ၏။
(ပြည်သူပိုင်နားနေခန်းမှ ကြိုဆိုပါတယ်)
(ယခင်ဂိမ်းမှ အသက်ရှင်ကျန်ရစ်ခြင်းအတွက် ဂုဏ်ယူပါတယ်၊ Wish မှ ပြည်သူပိုင်နားနေခန်း၏ အချက်အလက်များကို တင်ပြပါမည်)
ထို့နောက် စာတန်းများနှင့်တကွ ရုပ်ပြပုံများပါသည့် မျက်မှာပြင်ပေါ်လာသည်။
(ပြည်သူပိုင်နားနေခန်းများကို ဂိမ်း၏ဝင်ပေါက်၌ တည်ဆောက်ထားသည်)
(နားနေခန်း၏ အပြင်အဆင်နှင့် အသွင်အပြင်သည် နောက်ဂိမ်း၏ နေရာချပုံနှင့် ဆက်စပ်နေ၏။ ဂိမ်းပိုခက်လေလေ နားနေခန်း၏ အသွင်အပြင်မှာ ဆုတ်ယုတ်လေလေဖြစ်၏။)
ထူးဆန်းလိုက်သည့် နေရာချပုံ။ ဂိမ်းပိုခက်ပါက နားနေခန်း၏ အပြင်အဆင်မှာ ပိုကောင်းသင့်သည် မဟုတ်ပါလား။ သေမိန့်ကျထောင်သားများပင် မကွပ်မျက်မီ အစားအသောက်ကောင်းများ စားခွင့်ရကြသည်။
(နားနေခန်း၌ အများပြည်သူဇုန်၊ စူပါမားကတ်ဇုန်နှင့် အခန်းဇုန်ဟူ၍ အပိုင်းသုံးပိုင်းပါသည်)
(အများပြည်သူဇုန်သည် ယေဘုယျအားဖြင့် "ဧည့်ခန်း" "မီးဖိုချောင်" နှင့် "အနားယူရာနေရာ" တို့ပါသည့် ထုတ်လွှင့်သူအားလုံး အသုံးပြုနိုင်သည့် နေရာဖြစ်သည်။ ဧည့်ခန်းအသုံးပြုခြင်းနှင့် မီးဖိုခန်းအသုံးပြုခြင်းတို့သည် အခမဲ့ဖြစ်သော်လည်း ရေခဲသေတ္တာအတွင်းမှ အစားအသောက်နှင့် ပါဝင်ပစ္စည်းများရယူရန် ကုဒ်ကိုစကင်ဖတ်ကာ ငွေပေးချေရမည်)
(အသုံးပြုပြီးပါက မီးဖိုချောင်သုံးပစ္စည်းများကို ဆေးကြော၍ နေရာတွင်ပြန်ထားပါ)
(စူပါမားကတ်ဇုန်သည် အမှတ်များဖြင့် ငွေပေးချေနိုင်သည့် အထူးနေရာဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်သူများသည် ပစ္စည်းများနှင့် ရိက္ခာများဝယ်ယူရန် အမှတ်များကို အသုံးပြုနိုင်သော်လည်း အမှတ်များကို အလွန်အကျွံမသုံးမိစေရန် သတိထားပါ)
(အခန်းဇုန်သည် ထုတ်လွှင့်သူတိုင်းအတွက် သီးသန့်အနားယူရာနေရာဖြစ်သည်။ အခန်းဇုန်၌ ထုတ်လွှင့်သူတစ်ဦးချင်းစီအား သီးခြားအခန်းတစ်ခုစီ သတ်မှတ်ပေးမည်ဖြစ်ကာ ယခင်ဂိမ်းမှရသည့် အမှတ်များအပေါ် မူတည်ကာ အခန်း၏အဆင့်ကို ခွဲခြားပေးမည်ဖြစ်၏။)
(ပြီးခဲ့သည့်ဂိမ်းအတွင်း မသမာမှုများ တွေ့ရှိပါက အမှတ်များကို ထည့်မတွက်ပါ။ သင့်အမှတ်ကို စတင်တွက်ချက်နေပါပြီ။ တွက်ချက်မှုပြီးသည်နှင့် သင့်ကိုယ်ပိုင်အခန်းအား အလိုအလျောက် သတ်မှတ်ပေးမည်)
(မှတ်ချက်- သင်၏နောက်ဆုံးဂိမ်းသည် ကစားသမားအဖြစ် စာရင်းသွင်းခြင်းအဆင့်ဖြစ်ကြောင်း တွေ့ရှိရ၏။ စည်းမျဥ်းများအရ ထိုအဆင့်၌ ထုတ်လွှင့်သူအဖြစ် တရားဝင်မသတ်မှတ်သောကြောင့် လက်ရှိ၌ အမှတ်များ ရရှိမည်မဟုတ်ပါ။
အဆင့်သတ်မှတ်ချက်မှလွဲ၍ အမှတ်လက်ခံရရှိခြင်း မရှိပါ)
(သို့သော် စာရင်းသွင်းခြင်းအဆင့် အောင်မြင်ပြီးဖြစ်၍ နောက်အဆင့်မှစကာ အမှတ်များစတင် လက်ခံရရှိမည်)
(ခေတ္တစောင့်ဆိုင်းပေးပါ)
စက်ဝိုင်းလည်နေဆဲဖြစ်၍ ဘာမှလုပ်စရာမရှိနေသော ပိုင်လော့ဖုန်း သူတို့အား စတင်မေးမြန်းတော့သည်။ "တစ်စိတ်လောက်၊ ပုံမှန်မှာလည်း ရလဒ်တွေက ဂိမ်းပြီးမှတွက်တာလား။"
လျန့်ယွဲ့ရှစ်က သူ၏အပူခံဘူးထဲ ရေပူလောင်းထည့်ရင်း ပြန်ဖြေသည်။ "အင်း၊ဟုတ်တယ်။"
"ဒါဆို အမှတ်တွေကရော၊ ဂိမ်းတစ်ခုပြီးတိုင်း အမှတ်တွေပေးမယ်လို့ ပြောထားတာမလား။"
"အမှတ်နဲ့ရလဒ်ကို အတူတူပါပဲ။" လျန့်ယွဲ့ရှစ်က ရှင်းပြလာသည်။ "အမှတ်က အဆင့်သတ်မှတ်ချက်နဲ့ အချိုးကျတယ်။ အဆင့်သတ်မှတ်ချက် မတူရင် ရတဲ့အမှတ်တွေမတူဘူး။ အဆင့်တွေက SS၊S၊A၊B၊C၊D၊E ဆိုပြီးရှိတယ်။ SS ရဲ့အမှတ်က ၂၀၀၀၀၊ S က ၁၀၀၀၀၊ A က ၅၀၀၀၊ ဒီလိုမျိုး တစ်ဆင့်ချင်းအမှတ်နိမ့်သွားပြီး အမှတ် ၁၀၀၀ က အနိမ့်ဆုံးပဲ။"
စုချာကအမြန်တွက်ချက်တော့သည်။ "ဒါဆို B က ၄၀၀၀၊ C က ၃၀၀၀၊ D က ၂၀၀၀ နဲ့ E က ၁၀၀၀ ပေါ့။"
"ဒါတော့ နည်းနည်းတရားလွန်သလိုပဲ။" လျန့်ရိထုံက ပြောလာ၏။ "ဒီတော့ဆုတောင်းပြည့်ဖို့က အမှတ်ဘယ်လောက်လိုတာလဲ။"
"ဒါကတော့ ကိုယ့်ဆုတောင်းအပေါ်မူတည်တယ်။" လျန့်ယွဲ့ရှစ်က လက်နှစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ "ဒီနေရာရဲ့ အဓိကဖန်တီးရှင်က လက်တွေ့ကျတယ်။ ဆုတောင်းတိုင်းမှာ တိကျတဲ့ တန်ကြေးရှိပြီးသားပဲ။"
"အဓိကဖန်တီးရှင်ဆိုတာက"
"ဂိမ်းတီထွင်သူပေါ့။"
"အစကသူ့ကိုယ်သူ ဖန်တီးသူနတ်ဘုရားလို့ သုံးတတ်ပေမယ့် ဒီနှစ်တွေအတွင်း အင်တာနက်စာပေတွေ ခေတ်စားလာတော့ အွန်လိုင်းစာပေ ဝါသနာရှင်လူငယ်တွေက ဒီနေရာကို အဆုံးမဲ့ကမ္ဘာနဲ့ တူတယ်လို့ပြောလာကြတယ်။ ဂိမ်းပရိုဂရမ်ရေးသူကိုလည်း အဓိကဖန်တီးရှင်လို့ နာမည်ပြောင်ပေးကြရာကနေ သူ့ကိုယ်သူ အဓိကဖန်တီးရှင်လို့ ခေါ်တော့တာပဲ။"
ရှစ်ယွမ်ကစုတ်သပ်သည်။ "ဘဝင်ရူးပဲ။"
လျန့်ယွဲ့ရှစ်က ကြောင်နနနှင့်ထရယ်ပြီး လျန့်ရိထုံက ထပ်မေးပြန်သည်။ "ငွေလိုချင်ရင်ရော အမှတ်ဘယ်လောက်လိုလဲ။"
"မင်းလိုချင်တဲ့ ပမာဏအပေါ်မူတည်တယ်။ သန်းတစ်ရာဆိုရင် အမှတ် ၂၀၀၀၀၀ လိုတယ်။ ဆယ်သန်းဆိုရင် အမှတ် ၁၅၀၀၀၀ လောက်၊ တစ်သန်းတည်းဆိုရင်တော့ သိပ်မများဘူး၊ အမှတ် ၈၀၀၀၀ လောက်ပေါ့။"
"ရိုးရှင်းသားပဲ။" လျန့်ရိထုံက ရေရွတ်သည်။ "လေးပွဲလောက်ကစားရင်တောင် သန်းနဲ့ချီရနေလောက်ပြီ။"
ဆိုဖာပေါ်မှ အစ်ကိုဟိုင်က လှောင်သလိုရယ်ကာ မီးခိုးများကိုမှုတ်ထုတ်ရင်း ခနဲ့တဲ့တဲ့ပြောလာ၏။ "SS အဆင့်ချည်းပဲ လေးကြိမ်ရဖို့ တွေးနေတာဆိုရင်မေ့လိုက်တော့။"
"အင်း" လျန့်ယွဲ့ရှစ်က ဟန်လုပ်ကာပြုံးပြလာသည်။ "ဒီရလဒ်ကို ရဖူးတဲ့လူက အရမ်းနည်းတယ်။ ဘုတ်ပြားပေါ်က S1 ကစားသမားတောင် တစ်ကြိမ်ပဲရဖူးတယ်။"
ရေပူများကဲ့ပြီးသည်နှင့် ရေပူအိုးအား ဘေစင်၌ထည့်ပြီး သူကဆက်ပြောလာ၏။ "SS အဆင့်ကိုရချင်ရင် တော်တော်ကောင်းအောင် ကစားမှရမယ်။ တစ်ဆင့်ချင်းကို ပြည့်စုံအောင်ကစားနိုင်ရင်တောင် အာမမခံနိုင်ဘူး။ ဂိမ်းကိုအပြီးသတ်ဖို့ ပါးစပ်မစေ့နိုင်ဖြစ်မယ့် အကွက်တွေ၊ စင်းလုံးချောတဲ့ နည်းလမ်းတွေချပြနိုင်ဖို့လိုတယ်။"
"အတိုပြောရရင် အမှတ်မြင့်မြင့်ရဖို့က အရမ်းခက်တယ်။ အခန်းထဲရောက်ပြီး အက်ပ်ကိုကြည့်ရင် SS သမိုင်းဝင်ခေါင်းဆောင်တွေရဲ့ စာရင်းကိုတွေ့ရလိမ့်မယ်။ လူတစ်ယောက် SS အဆင့်ရောက်တာနဲ့ သူ့နာမည်က စာရင်းထဲရောက်ပြီးသားပဲ။ နောက်ပိုင်း သေတာဖြစ်ဖြစ်၊ ထွက်သွားတာဖြစ်ဖြစ် ဖြစ်ခဲ့ရင်တောင် နာမည်တွေကိုလုံးဝ မဖယ်ချဘူး။"
"ဒီနာမည်စာရင်းထဲကိုရောက်ရင် ထာဝရအမှတ်ကခံနေရမယ် ဆိုတဲ့သဘောပဲ။" လျန့်ယွဲ့ရှစ်က မျက်လုံးများမှေးသည်အထိပြုံးသည်။ "အမှတ်သန်းနဲ့ချီ ရဖို့ကနည်းနည်းမှမလွယ်ဘူး။"
လျန့်ရိထုံရှက်လွန်း၍ မျက်နှာပင်နီရဲလာ၏။ သို့သော် ခေါင်းမာစွာနှင့် ငြင်းဆိုနေဆဲပင်။ "ဒါပေမယ့်ဂိမ်းက တရားဝင်မှမစသေးတာ။ ငါမလုပ်နိုင်မှန်း မင်းဘယ်လိုသိလဲ။"
ထိုနှစ်ဦးက သူ့အားပြန်မဖြေဘဲ ရယ်သာရယ်နေကြသည်။ အဓိပ္ပါယ်မှာ 'မင်းကိုအထင်သေးလို့ပေါ့'ဟူ၍ဖြစ်ပြီး လျန့်ရိထုံ၏ အမူအရာမှာပို၍ ကြောင်တောင်တောင်နိုင်လာ၏။
သူတို့စကားပြောနေစဥ် ဂိမ်းရလဒ်များထွက်လာ၍ ပိုင်လော့ဖုန်း တစ်ချက်ကြည့်လိုက်သည်။
(ရမှတ်များမှာ အောက်ပါအတိုင်းဖြစ်သည်)
၁။(ရှစ်ယွမ်/1380/A)
၂။(အမည်မသိလူ/ရှူရှင်း/1210/A)
၃။(ကျန်းမုန့်ရီ/980/B)
၄။(......)
ပိုင်လော့ဖုန်း ဆက်တိုက်ဆွဲကြည့်ရင်း အောက်ဆုံး၌သူ့နာမည်အားတွေ့ရသည်။
၇။(ကျရှုံးသူ/0/E)
"သုံညမှတ်ပဲရတဲ့သူရှိတယ်။"
အောက်ဆုံး၌ "မိမိရလဒ်အား အသေးစိတ်စစ်ဆေးရန်"ဟူသည့် ခလုတ်ရှိသဖြင့် ပိုင်လော့ဖုန်း နှိပ်ကြည့်လိုက်သည်။
ထိုနေရာ၌ သူ၏လုပ်ရပ်နှင့်စကားများသည် ရလဒ်အပေါ် မည်သို့သက်ရောက်သည်ကို ပြသထားသည်။
ဥပမာအားဖြင့် -
ရထားပေါ်တက်ခြင်း - ၀မှတ်
စပယ်ယာနှင့်မတွေ့ဆုံခြင်း - ၆၀ မှတ်
စပယ်ယာနှင့်ထိပ်တိုက်တွေ့ခြင်း - အနုတ် ၅၀ မှတ်
စုစုပေါင်းသူ့အမှတ်သည် ၁၄၈၀ မှတ်ဖြစ်၍ ထိပ်ဆုံး၌ရှိသင့်သော်လည်း အင်မတန်ကြီးမားသော နုတ်မှတ်များရှိနေ၏။
စပယ်ယာလွတ်မြောက်သွားခြင်း - အနုတ် ၂၀၀ မှတ်
စပယ်ယာအား ကိုယ်ထိလက်ရောက် မသေစေနိုင်ခဲ့ခြင်း - အနုတ် ၁၂၈၀ မှတ်
ပိုင်လော့ဖုန်း အော်သာရယ်မိတော့သည်။
သူ့ရယ်သံကြောင့် အားလုံးသူ့ကို အာရုံစိုက်လာကြ၏။ လီချန်စစ်က သူ့အားမေးလာသည်။ "ဘာ...ဘာဖြစ်လို့လဲ။"
ရှူရှင်းသည် ပိုင်လော့ဖုန်း ၀ မှတ်ရ၍ စိတ်ပျက်နေသည်ဟုထင်ကာ နှစ်သိမ့်လာ၏။ "ဘာမှမဖြစ်ပါဘူး ပိုင်လော့ဖုန်း။ ဒီတစ်ခေါက် အမှတ်တွေကို ထည့်မတွက်တော့ ဘယ်အဆင့်ရရ ဘာမှမထူးဘူး။ အားလုံးကအဆင့် တူတူပဲ။ ငါတို့အားလုံး သိပြီးသားပဲ၊ ဟုတ်တယ်မလား။"
အားလုံးက ဟုတ်မှန်ကြောင်း ခေါင်းငြိမ့်ပြလာကြ၏။
"ဒီဂိမ်းက နင့်ကြောင့်နိုင်ခဲ့တယ်ဆိုတာ ငါတို့အားလုံးသိ.....ဘယ်သွားမလို့လဲ။"
ပိုင်လော့ဖုန်း အပေါ်ထပ်ကိုသာတက်လာသည်။ သူတို့၏စကားများအား သူနားထောင်ချင်စိတ် မရှိတော့ပါ။
အက်ပ်အားသူ လက်နှင့်ထိကြည့်လိုက်၏။ အဆင့်များအား သတ်မှတ်ပြီးဖြစ်၍ သူ့အခန်းနံပါတ်ကိုလည်း သတ်မှတ်ပြီးဖြစ်သည်။
ပိုင်လော့ဖုန်း ဘာမှမပြောဘဲ အပေါ်သာတက်လာခဲ့တော့၏။
လျန့်ယွဲ့ရှစ်က ရေပူတစ်ငုံသောက်ရင်း ထွက်ခွာသွားသည့် ပိုင်လော့ဖုန်း၏ ကျောပြင်အားကြည့်နေသည်။
ပိုင်လော့ဖုန်း မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် လျန့်ယွဲ့ရှစ်က လူသစ်များအား စိုက်ကြည့်လာ၏။ "မင်းတို့ဘာတွေ လုပ်ခဲ့ကြတာလဲ။"
"ဟမ်" ရှူရှင်းနားမလည်နိုင်ပါ။
"ဘာလို့မင်းတို့အားလုံး အပြစ်ကျူးလွန်ထားတဲ့ရုပ်မျိုး ဖြစ်နေကြတာလဲ။ အဖွဲ့ထဲက သစ္စာရှိတဲ့အဖွဲ့ဝင်ကို သတ်မိလို့လား။"
"စာရင်းသွင်းတဲ့အဆင့်မှာ အားလုံးကလူသစ်တွေဆိုတော့ အဖွဲ့ဝင်လို့ ပြောလို့မရသေးဘူး။" အစ်ကိုဟိုင်က ထောက်ပြလာသည်။
"ဟုတ်သားပဲ။" လျန့်ယွဲ့ရှစ်က ထိုကိစ္စကို ထပ်မမေးတော့ချေ။
ခွက်ကိုချကာ မီးဖိုခန်းမှထွက်လာပြီး ပြေးခုန်ပစ် ကစားသမားတစ်ဦးလို ဆိုဖာကိုကျော်ခွကာ ရှစ်ယွမ်ရှေ့တည့်တည့်သို့ ရောက်လာ၏။
ရှစ်ယွမ် ပိုင်လော့ဖုန်း၏ ကျောပြင်အားငေးကြည့်နေတုန်း နံဘေးမှအနီရောင် ခြင်္သေ့ခေါင်းနှင့်လူ ရုတ်တရက်ပေါ်လာသဖြင့် အတော်လန့်သွားသည်။ သူ့ကိုယ်သူမထိန်းနိုင်ဘဲ လျန့်ယွဲ့ရှစ်မျက်နှာကို တည့်တည့်ကြည့်ကာ 'လီးပဲ'ဟု လွှတ်ခနဲဆဲမိသွား၏။
"ဘာတွေလုပ်နေတာလဲ။" ရှစ်ယွမ်ဒေါသထွက်ကာအော်လိုက်မိသည်။ "မင်းရူးနေလား။"
"မဟုတ်၊မဟုတ်ပါဘူး။ မင်းကိုကြည့်ရတာ ရင်းနှီးနေလို့ပါ။" လျန့်ယွဲ့ရှစ်က ရယ်မောကာမေးလာ၏။ "မင်းက ရှစ်ယွမ်လား။"
"ဟမ်" ရှစ်ယွမ်ကြောင်သွားခဲ့သည်။ "ဟုတ်တယ်။"
"မင်းမှန်းငါသိသားပဲ။" လျန့်ယွဲ့ရှစ်က အလွယ်တကူ စိတ်လှုပ်ရှားတတ်သူမျိုးပင်။ မျက်လုံးများ အရောင်တောက်လာပြီး ရှစ်ယွမ်၏လက်အား ဖမ်းဆုပ်လာသည်။ "ငါလေ၊ ငါ့ကိုမှတ်မိလား။ အလယ်တန်းတုန်းက အိမ်ချင်းကပ်ရက်နေခဲ့ဖူးတယ်လေ။"
"......" ရှစ်ယွမ်ကြောင်အနေတုန်း လျန့်ယွဲ့ရှစ်ကသူ့လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာနှင့် နမ်းမိမတတ် တိုးကပ်လာ၏။
"မင်းနဲ့မင်းညီမလေး မင်းအဒေါ်ဆီ လာနေကြတုန်းကလေ။ ငါကမင်းနဲ့အိမ်နီးချင်း။ မင်းတို့မောင်နှမ ဗိုက်အရမ်းဆာနေလို့ ငါ့အိမ်ကပေါင်မုန့်တောင် ခိုးကျွေးဖူးတယ်။"
ရှစ်ယွမ်မှတ်မိသွားလေပြီ။ လွန်ခဲ့သည့်ကိုးနှစ် မိဘများမတော်တဆမှုနှင့် သေဆုံးခဲ့စဥ်က သူအသက်ဆယ့်လေးနှစ်သာရှိသေး၍ ညီမဖြစ်သူကို မထောက်ပံ့နိုင်ခဲ့ပေ။ အုပ်ထိန်းသူမရှိသည့် ကလေးနှစ်ဦး ဆွေမျိုးများဆီ သွားနေခဲ့ရ၏။ သူတို့နှစ်ဦးအား ပထမဆုံးခေါ်ထားသူမှာ အဒေါ်ဖြစ်သူဖြစ်သည်။ ဆွေးမျိုးရင်းချာ မဟုတ်သည့်အပြင် စရိုက်ကြမ်းသူဖြစ်၍ သူတို့မောင်နှမအား ဆိုးဆိုးဝါးဝါး ဆက်ဆံလေ့ရှိပြီး အစားရေစာ လုံလောက်အောင်မကျွေးဘဲ 'မသေရင်ရပြီ'ဟုဆိုကာ တစ်နေ့ထမင်း တစ်နပ်သာကျွေးလေ့ရှိ၏။
အဒေါ်ဖြစ်သူ၏ အိမ်နီးချင်း၌ အလယ်တန်းအရွယ် အားကစားသမား ကလေးတစ်ယောက်ရှိသည်။ ထိုကလေးက အစားကြီး၍ မိသားစုမှာ အစားအသောက် ပိုပိုလျှံလျှံ ပြင်ဆင်ပေးရ၏။ ထိုသန်မာသော်လည်း နှလုံးသားနုသည့် ကလေးသည် အိမ်မှအစားအသောက်များယူကာ ရှစ်ယွမ်နှင့်ညီမလေးအား ကျွေးလေ့ရှိသည်။
"အဲ့ဒါမင်းလား။ ဒါပေမယ့် မင်းနာမည်က ယွီတုံယု မဟုတ်ဘူးလား။"
"ပြောရရင်တော့ အရှည်ကြီးပဲ။" လျန့်ယွဲ့ရှစ်ကပြုံးပြသည်။ "အမေက ကွာရှင်းပြီး နောက်အိမ်ထောင်ပြုတော့ ငါ့နာမည်ကိုပါပြောင်းလိုက်တာ။ အရင်နာမည်က အဖေပေးထားလို့ သူမကြိုက်ဘူး။"
"အိုး၊ ငါမင်းနဲ့ဒီမှာ လာတွေ့မယ်မထင်ထားဘူး။ မင်းဘယ်လိုရောက်လာတာလဲ။ ညီမလေးကရော။ သူကမင်းထက် လေးနှစ်ငယ်တာမလား။ အခုဆို အထက်တန်း ဒုတိယနှစ်လောက်ပေါ့။"
ရှစ်ယွမ်ဘာမှပြန်မဖြေမိပေ။
"ဘာဖြစ်လို့လဲ"
လျန့်ယွဲ့ရှစ်အား မော့ကြည့်လာပြီး သူ့နှုတ်ခမ်းများ ရွေ့လျားလာသော်လည်း စကားသံမထွက်လာချေ။ ပြီးနောက် နှုတ်ခမ်းများအားစေ့ပိတ်ကာ သက်ပြင်းချသည်။ အတော်ကြာမှ သူအားတင်းကာပြန်ဖြေလာ၏။ "သူသေသွားပြီ။"
လျန့်ယွဲ့ရှစ်၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားသည်။ ယခင်က ပေါ့ပါးနေသည့်လေထုသည် ချက်ချင်းရေခဲမှတ်သို့ ရောက်သွားလေပြီ။
"ကျောင်းကနေအိမ်အပြန် ထရပ်ကားအတိုက်ခံရတာ။" ရှစ်ယွမ်က ခပ်လေးလေးသာပြောနေမိသည်။
"ငါသိပြီ။" လျန့်ယွဲ့ရှစ် ခေါင်းငြိမ့်ပြလိုက်၏။ "ဒါကတကယ်...အမ်....."
နှစ်သိမ့်ပေးရာ၌ မကျွမ်းကျင်သူပီပီ အာမေဋိတ်များမှလွဲ စကားလုံးများ မထွက်လာပေ။ အတော်ကြာမှ ခြောက်ကပ်စွာရယ်လျက် ခေါင်းစဥ်အားပြောင်းလိုက်ရသည်။ "ထားလိုက်၊ထားလိုက်။ မင်းအခန်းကဘယ်မှာလဲ။ ပစ္စည်းတွေသွားထားလေ။ ပြီးမှမားကတ်ကို ခေါ်သွားပေးမယ်။"
"သြော်၊အေး" ရှစ်ယွမ် လေးထပ်မြောက်သို့ တက်လာခဲ့သည်။
စင်္ကြံလမ်းသည် သစ်သားပြားများ ခင်းထားသဖြင့် ခြေတစ်လှမ်းလှမ်းတိုင်း တကျွီကျွီမြည်နေ၏။ အဆောက်အအုံက မကြီးလှသဖြင့် စင်္ကြံလမ်းမှာ မရှည်လှ။ တစ်ထပ်တွင် အခန်းနှစ်ခန်းသာပါပြီး စင်္ကြံလမ်းမှာ သုံး၊လေးမီတာသာရှည်ကာ တစ်ချက်ကြည့်ရုံနှင့် တစ်ဖက်မှနံရံအား တွေ့ရလိမ့်မည်။ အခန်းနံပါတ် ၄၀၂ အားတွေ့သည်နှင့် အက်ပ်ထဲမှညွှန်ကြားချက်များအတိုင်း လိုက်နာပြီး တံခါးဖွင့်ကြည့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် တစ်ဝက်ကျိုးနေသည့် အမိုးကြောင့် ကောင်းကင်ကိုတွေ့နေရပြီး အခန်း၏ မျက်နှာကြက်မှာလည်း တစ်ဝက်သာကျန်တော့၏။
ပိုင်လော့ဖုန်း "......"
အဆင့်နိမ့်လေလေ အခန်းစုတ်လေလေဖြစ်ကြောင်း ညွှန်ကြားချက်များမှတဆင့် သူသိပြီးဖြစ်သော်လည်း ယခုအခန်း၏ စုတ်ပြတ်နိုင်စွမ်းသည် သူအထင်ကြီးရ လောက်အောင်အထိ စုတ်ပြတ်နေသည့် အနေအထားရောက်နေသည်။
အိပ်ရာမရှိ၊စားပွဲမရှိ၊ အဝတ်ဗီရိုမရှိဘဲ ဂိုဒေါင်အလွတ်တစ်လုံးဖြစ်နေ၏။ နံရံများမှာ အင်္ဂတေသာကိုင်ထားပြီး ကြွေပြားပင်မကပ်ထားချေ။ အခန်းထဲ၌ အနားယူနိုင်မည့် တစ်ခုတည်းသောနေရာမှာ ကြမ်းပြင်ပေါ်ရှိ ပေါင်းပင်အုပ်ကြီးဖြစ်သည်။
ပိုင်လော့ဖုန်း တံခါးဝ၌ အတော်ကြာအောင်ရပ်နေမိပြီး သက်ပြင်းချကာ အခြေအနေကို ကြိတ်မှိတ်လက်ခံရင်း အခန်းထဲဝင်လာ၏။ လွယ်အိတ်ချွတ်ရင်း သူဘေးဘီပတ်ကြည့်လိုက်သည်။
လက်ထဲရှိအက်ပ်မှ အသံမြည်လာပြီး အခန်းသော့သည် နံရံ၌ရှိကြောင်း အချက်ပြလာ၏။ မော့ကြည့်လိုက်သောအခါ နံရံ၌ချိတ်ထားသည့် သော့ကိုတွေ့ရသည်။ သို့သော် မည်သို့ယူချရမည်နည်း။
သူတွေးရင်း အခန်းထောင့်စွန်းအား ကြည့်လိုက်မိစဥ် တူများ၊ ဝက်အူလှည့်များ၊ တံမြက်စည်းများ၊ အမှိုက်ပုံးများ၊ တံစဉ်းများ၊ သံပုံးများ၊ ကြမ်းတိုက်တံများ စသည့်ကိရိယာများ စုပုံထားသည်ကိုတွေ့ရ၏။
ပိုင်လော့ဖုန်း ဆံပင်ဖြူများအားပွတ်သပ်ကာ "ငါလယ်အလုပ်မှ မလုပ်ဖူးတာ။"ဟုရေရွတ်ရင်း ထိုနေရာဆီလျှောက်လာသည်။
ဝက်အူလှည့်တစ်ခု ကောက်ကိုင်ကာ နံရံမှသော့အား ဆွဲချလိုက်ပြီး သော့ကိုအိတ်ကပ်ထဲထည့်သိမ်းပြီးနောက် အက်ပ်ကိုပြန်ဖွင့်ကြည့်ရ၏။
(အခန်းမှကြိုဆိုပါတယ်)
(အခန်းအတွင်း လွတ်လပ်စွာနေနိုင်သည်)
(သို့သော် စည်းမျဥ်းတစ်ချို့အား လိုက်နာရမည်)
(အခန်း၏စည်းမျဥ်းများကိုလိုက်နာပြီး နားချိန်ကို ကောင်းကောင်းမွန်မွန်ကုန်ဆုံးပါ)
၁။ (ထုတ်လွှင့်သူတိုင်း၌ ကိုယ်ပိုင်အခန်းရှိသည်။ နေ့ဖက်တွင် တစ်ခြားသူ၏အခန်းသို့ လည်ပတ်ခွင့်ရှိသော်လည်း ညဖက်တွင် မိမိအခန်း၌သာအိပ်ရမည်။)
၂။ (အခန်းလဲလှယ်ခြင်းကို တားမြစ်ထားသည်)
၃။ ( ဂိမ်း၏နောက်တစ်ဆင့်သို့ဝင်ရောက်ရန် နားနေခန်းမှ ထွက်ခွာသောအခါ သော့ကိုမူလနေရာ၌ ပြန်ထားပါ)
စည်းမျဥ်းအားလုံးဖတ်ပြီးနောက် 'သဘောတူသည်'ခလုတ်အား သူနှိပ်ချလိုက်သည်။ အက်ပ်သည် နောက်ထပ်ညွှန်ကြားချက်များ ထပ်မပေးလာသော်လည်း စာရင်းသွင်းခြင်းအဆင့် အောင်မြင်ကာ တရားဝင် ထုတ်လွှင့်သူဖြစ်လာ၍ လုပ်ဆောင်ချက်အသစ်များစွာကို ဖွင့်လှစ်ပေးထားကြောင်း နောက်တစ်ကြိမ်အသိပေးလာ၏။ အချိန်ရပါက နောက်ခံစနစ်ကိုပါ စစ်ဆေးရန် အကြံပေးလာသည်။
ဒိုင်ခွက်ထဲ၌ စာနှစ်ကြောင်းထပ်ပေါ်လာ၏။
(နားချိန်မှာပျော်ရွှင်ပါစေ)
(ဂိမ်းနောက်တစ်ဆင့်အား ၄၈ နာရီအတွင်းစတင်ပါမည်)
နားချိန်မှာ နှစ်ရက်အတိသာ။
ပိုင်လော့ဖုန်း ဂျတ်ကက်အားချွတ်လိုက်သောအခါ အောက်ဖက်၌ အဖြူရောင် လက်ရှည်တီရှပ် ပါးပါးလေးသာကျန်သည်။ သူဂျတ်ကက်အားဖက်ထားရင်း ကောက်ရိုးများပေါ်လဲအိပ်လိုက်၏။ အမှန်တွင်ကောက်ရိုးပုံသည် အေးစက်မာကျောသည့်အပြင် ကျောယားစေသည်။ 'ဖြတ်သန်းနေသောရထား'ဂိမ်း၌ အပြေးအလွှားနှင့် ညနက်ခဲ့ရသဖြင့် အိပ်ရေးပျက်ခဲ့ရ၏။ သေဘေးမှ လက်မတင်လေးလွှတ်ကာ တစ်လမ်းလုံးလည်း ငိုယိုခဲ့ရသည်။
ထိုကြောင့် ကောက်ရိုးပုံ၌လဲရသော်လည်း မကြာမီသူအိပ်ပျော်သွား၏။ ဂျက်ကတ်ကိုခြုံရင်း သူမျက်လုံးမှိတ်ထားလိုက်သည်။
မျက်လုံးမှိတ်လိုက်သည်နှင့် စပယ်ယာ၏ပုံရိပ် ပေါ်လာ၏။ သွေးထွက်နေသည့်လက်အား ရထားမှန်၌ကပ်ကာ 'ကိုယ့်ကိုလာကယ်ပါ၊ ကိုယ့်ကိုလာကယ်ပါ၊ အားဖုန်း။'ဟုပြောနေသည်။
ရုတ်တရက် ပူဆွေးသောကများ လှိုက်တက်လာ၏။ စုယွီလည်းဒီလို ကောက်ရိုးပုံပေါ် လဲအိပ်ဖူးခဲ့သလား။ အိပ်မပျော်သေးခင်စပ်ကြား၌ စုယွီပထမအဆင့်ကို ဘယ်လိုအောင်ခဲ့သလဲဟုသာ သူတွေးနေမိသည်။