no

Font
Theme

ထောင်ချောက်ထဲ ဝင်သွားပြီလား?

ယွဲ့ပေါင်လောမှ ထွက်လာပြီးနောက် လင်းကျင်းသည် အပြင်တွင် ကြာကြာမနေတော့ဘဲ အိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

“တာအိုရောင်းရင်း နင်၊ ကျွန်တော့်ညီနဲ့ ကျွန်တော် ဒီရက်ပိုင်း ငွေကြေးနည်းနည်း ကြပ်တည်းနေလို့ပါ”

“အဆင်မပြေဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။ ရက်နည်းနည်းလောက် ထပ်စောင့်ပေးလို့ ရမလား။... အဲဒီနောက် ကျွန်တော်တို့ ပြန်ဆပ်ပါ့မယ်။”

တစ်စုံတစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။

လမ်းကြားထဲသို့ ကွေ့ဝင်လာချိန်တွင် ကြားလိုက်ရတာမို့ လင်းကျင်းက မော့ကြည့်လိုက်ရာ ကျန်းစန်နှင့် ကျန်းလင် ညီအစ်ကိုနှစ်ယောက်က သူ၏ အိမ်နီးချင်း အမျိုးသမီးငယ်နှင့် စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီး၏ နောက်တွင် ချစ်စရာ ကလေးမလေးတစ်ယောက်က ကြောက်ရွံ့စွာ ပုန်းကွယ်နေလေသည်။

အမျိုးသမီးငယ်၏ မျက်ခုံးများမှာ တွန့်ကွေးနေပြီး ညီအစ်ကိုနှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။

ထိုအချိန်တွင် ကျန်းစန်က လင်းကျင်း ရောက်လာသည်ကို မြင်လိုက်သဖြင့် အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“ညီလေး လင်း”

ကျန်းစန်၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်လာပြီး လင်းကျင်းထံ လျှောက်လာသည်။

“အစ်ကိုကျန်း”

တစ်ဖက်လူက ကိုယ်တိုင် ရောက်လာပြီး ဖြစ်သဖြင့် လင်းကျင်းလည်း ရှောင်ထွက်ရန် မကောင်းတော့ပေ။

“ညီလေးလင်းက တာအိုရောင်းရင်း နင်နဲ့ မရင်းနှီးသေးဘူး ထင်တယ်။”

“နောင်ဆိုရင် အိမ်နီးချင်းတွေ ဖြစ်နေကြမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ့်အချိန်တွေ ရှိလာမှာပဲဆိုတော့ ကျွန်တော် မိတ်ဆက်ပေးမယ်။”

ထိုသို့ပြောပြီး သူက လင်းကျင်းကို အမျိုးသမီးငယ်ထံ ခေါ်သွားသည်။

“ဒါက နင်ယွဲ့၊ တာအိုရောင်းရင်း နင်”

မိတ်ဆက်ပြီးနောက် နင်ယွဲ့ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“တာအိုရောင်းရင်း နင်၊ ဒါက လင်းကျင်း၊ တာအိုရောင်းရင်း လင်း”

“ခင်ဗျားအိမ်ဘေးက အိမ်မှာ နေတာ။ လွန်ခဲ့တဲ့ နှစ်လကျော်ကမှ ပြောင်းလာတာ။ သူက သိပ်အပြင်မထွက်တတ်တော့ ခင်ဗျားတို့ မတွေ့ဖူးသေးတာ ဖြစ်မယ်။”

ကျန်းစန်က လင်းကျင်းကို မိတ်ဆက်ပေးနေချိန်တွင် ကလေးမလေးက မိခင်၏ နောက်မှ ခေါင်းလေး ထုတ်ပြီး လင်းကျင်းကို ခိုးကြည့်နေလိုက်သည်။

သူမ၏ အကြည့်ကို ခံစားမိသဖြင့် လင်းကျင်းလည်း ပြန်ကြည့်လိုက်သည်။

ထိုအခါ ကြောက်လန့်သွားသော ယုန်လေးတစ်ကောင်လိုပင် ကလေးမလေးသည် မိခင်နောက်သို့ ချက်ချင်း ပြန်ပုန်းသွားသည်။

“ညီလေး လင်း”

ကျန်းစန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

“အရေးပေါ်အခက်အခဲ ကြုံနေရသူကို ကူညီပေးတာဟာ ကုသိုလ်ကောင်းမှု တစ်ခုပါပဲ။”

“အရင်က ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တာအိုရောင်းရင်း နင်ဆီကနေ ဝိညာဉ်ကျောက်တုံး နည်းနည်း ချေးထားခဲ့တာ။ အဲ့ဒါအခု သူမက အရေးပေါ် လိုအပ်နေတော့ ရုတ်တရက် ပြန်တောင်းလာတယ်။”

“ဒါပေမဲ့ ဒီရက်ပိုင်း ကျွန်တော့်ဘက်မှာလည်း အဆင်မပြေတော့ လိုတဲ့ပမာဏကို မစုနိုင်သေးဘူး။”

“ဒါကြောင့် ညီလေးလင်းဆီက ဝိညာဉ်ကျောက်တုံး နည်းနည်း ချေးချင်လို့ပါ။”

“တာအိုရောင်းရင်း နင်ကို အရင် ပြန်ဆပ်ချင်တယ်။ အများကြီး မလိုပါဘူး။ ဝိညာဉ်ကျောက်တုံး ငါးလုံးပဲ လိုတယ်။”

“စိတ်ချပါ ညီလေးလင်း ဒီရက်ပိုင်း ငွေကြေး အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်။”

လင်းကျင်း မျက်မှောင်ကြုတ်သွားသည်။

“ညီလေးလင်း၊ ကူညီပေးပါ။”

ကျန်းစန်က ထပ်ပြောလိုက်သည်။

“စိတ်ချပါ။ ရက်အနည်းငယ်အတွင်း ဝိညာဉ်ကျောက်တုံး ရလာတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်”

ကျန်းစန်၏ ရိုးသားလေးနက်သော ပုံစံကို မြင်ပြီးနောက် လင်းကျင်းက တစ်ကြိမ်တော့ ယုံကြည်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပြီလေ။”

ထိုသို့ပြောပြီး လင်းကျင်းသည် ရင်ဘတ်ထဲမှ ဝိညာဉ်ကျောက်တုံး ငါးလုံးကို ထုတ်ပေးလိုက်သည်။

အပြင်ထွက်သည့်အခါတိုင်း လင်းကျင်းသည် သိုလှောင်အိတ်ကို ဖုံးကွယ်ထားပြီး ကိုယ်ပေါ်တွင် ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ယူဆောင်လေ့ရှိတတ်သည်။

ချီစုဆောင်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် သိုလှောင်အိတ်တစ်လုံး ပိုင်ဆိုင်ထားခြင်းမှာ သာမန်ကိစ္စတရပ် မဟုတ်ပေ။ အခြားသူများ မြင်သွားပါက မကောင်းသော အကြံအစည်များ ဖြစ်ပေါ်လာစေနိုင်သည်။

အကြောင်းမှာ... သိုလှောင်အိတ်တစ်လုံး၏ တန်ဖိုးမှာ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရာနှင့်ချီ ရှိပြီး ချီစုဆောင်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက် တတ်နိုင်မည့် အရာ မဟုတ်သောကြောင့်ပင် ဖြစ်သည်။

အတိုချုပ်ပြောရလျှင် လက်ရှိ သူ၏ အင်အားနှင့်သာဆိုလျှင် သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ညီလေးလင်း”

ကျန်းစန်က ဝမ်းသာမှုကို မဖုံးကွယ်နိုင်တော့ပေ။ ဝိညာဉ်ကျောက်တုံးများကို လက်ခံယူပြီးနောက် သူက နင်ယွဲ့ထံ တိုက်ရိုက် ပေးလိုက်သည်။

“တာအိုရောင်းရင်း နင်၊ အခုတော့ ငါတို့ အကြွေးကျေသွားပြီနော်။”

“အင်း”

နင်ယွဲ့သည် ဝိညာဉ်ကျောက်တုံးများကို ယူလိုက်ပြီး ခေါင်းကို အသာညိတ်လိုက်သည်။

“တာအိုရောင်းရင်း နင်၊ ညီလေးလင်း။”

“ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်မှာ လုပ်စရာကိစ္စ ရှိသေးလို့ အရင်သွားလိုက်ပါဦးမယ်။”

ကိစ္စပြီးသွားသဖြင့် ကျန်းစန်နှင့် ကျန်းလင်တို့ ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

“စိတ်ချပါ ညီလေးလင်း။ ရက်အနည်းငယ်အတွင်း ဝိညာဉ်ကျောက်တုံးတွေကို ကျွန်တော် ပြန်ပေးပါ့မယ်”။

ကျန်းစန်က ဆက်ပြောလိုက်သည်။

“နောက်တစ်ခု ပြောဖို့မေ့သွားတယ်၊ ဒီမှာရှိတဲ့ တာအိုရောင်းရင်း နင်လဲ ဆေးဖော်စပ်ပညာရှင်။ နောင်အခါ ဆေးလုံးဖော်စပ်တာလိုအပ်ရင် သူမကို အကူအညီတောင်းနိုင်တယ်။”

“တာအိုရောင်းရင်း နင်၊ ညီလေးလင်း၊ ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။”

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက် လှည့်ထွက်သွားကြသည်။

“ဆေးဖော်စပ်ပညာရှင်…”

လင်းကျင်းက နင်ယွဲ့ကို ကြည့်လိုက်သည်။

သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သက်တောင့်သက်သာရှိသော်လည်း အလွန်လှပသည်ဟု မဆိုနိုင်ပေ။

အသားအရေမှာလည်း ဖျော့ဖျော့ဝါဝါ ဖြစ်နေပြီး အချိန်ကြာကြာ အာဟာရမလုံလောက်ခဲ့သလို ပုံစံမျိုးဖြစ်သည်။

ပါးပြင်တစ်ဖက်တွင်လည်း အညိုရောင် အစွန်းအထင်းတစ်ခု ရှိနေသည်။

“ဦးလေး၊ အလှည့်စားခံလိုက်ရပြီ။”

ကြောက်ရွံ့နေသော အသံတစ်ခု ထွက်ပေါ်လာပေသည်။ နင်ယွဲ့၏ စကတ်ကို ဆွဲကိုင်ထားသည့် ကလေးမလေးက ခေါင်းလေးထုတ်ကာ ပြောလိုက်ခြင်းဖြစ်သည်။

သူမ၏ အသံမှာလည်း တုန်ယင်နေပေသည်။

“မေမေက ပြောတယ်၊ သူတို့နှစ်ယောက်က မကောင်းတဲ့လူတွေတဲ့။ သူတို့က မကြာခဏ ငွေချေးပြီး မပြန်ဆပ်ဘူးတဲ့။ ဦးလေး လှည့်စားခံလိုက်ရပြီ။”

“လော့လော့၊ မဟုတ်တာတွေ မပြောနဲ့။”

နင်ယွဲ့က ဆူလိုက်သည်။

ထိုစကားကြားသည့်အခါ ကလေးမလေးက ချက်ချင်းပင် ခေါင်းပြန်ပုန်းသွားလေသည်။

“တာအိုရောင်းရင်း လင်း၊ ကျွန်မ သွားလိုက်ပါဦးမယ်။”

သူမက ပြောလိုက်သည်။

ထို့နောက် လင်းကျင်း ပြန်မတုံ့ပြန်ခင်မှာပင် ကလေးမလေးကို ခေါ်ကာ သူမ၏ ကိုယ်ပိုင်ခြံဝင်းထဲသို့ ပြန်ဝင်သွားသည်။

ပြီးနောက် “ဘန်း” ဆိုသည့် အသံနှင့်အတူ တံခါးကို ပိတ်လိုက်သည်။ လင်းကျင်း တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

သူမက လင်းကျင်းကို ယုံကြည်မှုမရှိသေးဘဲ သတိထားနေဆဲဖြစ်ပြီး ပေါင်းသင်း မဆက်ဆံချင်သေးခြင်းပင် ဖြစ်ကြောင်း လင်းကျင်း နားလည်လိုက်ပေသည်။

ထို့နောက် သူလည်း အရေးမထားတော့ပေ။ သူကိုယ်တိုင်လည်း ပြဿနာများကို မကြိုက်သလို တခြားသူများနှင့်လည်း အလွန်မပတ်သက်ချင်သူဖြစ်သည်။

ထိုသို့တွေးပြီးနောက် သူလည်း သူ့ကိုယ်ပိုင်အိမ်ဘက်သို့ ပြန်လာခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် လင်းကျင်းသည် သိုလှောင်အိတ်ထဲမှ ဆေးအိုးကို ထုတ်ယူလိုက်ပြီး ဆေးဖော်စပ်ရန် ပြင်ဆင်လိုက်သည်။

ပထမဆုံးအနေဖြင့် ဆေးဖော်စပ်နည်းစာရွက်ကို သေချာလေ့လာကာ လုပ်ငန်းစဉ်များကို ရင်းနှီးအောင် လုပ်လိုက်သည်။

ထို့နောက် ဆေးပစ္စည်းများကို ထုတ်ယူလိုက်သည်။

“အရိုးရှင်းဆုံး အဆာခံဆေးနဲ့ စမယ်။”

အဆာခံဆေးအတွက် လိုအပ်သော ဝိညာဉ်ပစ္စည်းများကို ပြင်ဆင်ပြီးနောက် အစဉ်လိုက် ဆေးအိုးထဲသို့ ထည့်သွင်းလိုက်သည်။

ထို့နောက် မီးကို မီးညှိ၍ စတင်လိုက်သည်။ မီးတောက်များ တဟုန်းဟုန်း ထလာပြီး အချိန်အနည်းငယ်အကြာတွင် ဆေးအိုးက တုန့်ပြန်လာသည်။

“မီးထိန်းချုပ်နည်း…”

လင်းကျင်းသည် မီးကို သေချာထိန်းချုပ်ရန် မီးထိန်းချုပ်နည်းကို အသုံးပြုကာ အပူချိန်ကို မပြင်းလွန်းအောင် စနစ်တကျ ထိန်းညှိနေတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်အာရုံကို ဆေးအိုးအတွင်းသို့ ထည့်သွင်းကာ အတွင်းရှိ ဆေးဖော်စပ်နေသည့် အခြေအနေကို စောင့်ကြည့်လျက်ရှိနေသည်။

သို့သော် လင်းကျင်း၏ လက်ရှိ စိတ်ဝိညာဉ်အာရုံ အားနည်းမှုကြောင့် အချိန်အတော်ကြာ မခံနိုင်ဘဲ မကြာမီမှာပင် သူက မထိန်းထားနိုင်တော့ဘဲ ပြန်ရုပ်သိမ်းလိုက်ရသည်။

အမွှေးတိုင်တစ်ချောင်းစာ အချိန် ကုန်ပြီးနောက်။

“ဘုန်း”

ဆေးအိုးအတွင်းမှ လေးလံသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

“အမ်… ပေါက်ကွဲသွားတာလား။…”

လင်းကျင်း မျက်မှောင်ကြုတ်လိုက်ပြီး စစ်ဆေးရန် သွားကြည့်လိုက်သည်။

သူသည် ဆေးအိုးအဖုံးကို ဖွင့်ပြီး အတွင်းကို ကြည့်လိုက်ရာ အနက်ရောင် အစိတ်အပိုင်းအပြားများသာ ပြည့်နေပြီး ဆေးလုံးအရိပ်အယောင် လုံးဝမတွေ့ရပေ။

ထို့နောက် ဆေးအိုးကိုယ်ထည်ကို စစ်ဆေးလိုက်ရာ မပျက်စီးသေးကြောင်း တွေ့ရသည်။

“တော်ပါသေးတယ်။…”

လင်းကျင်း စိတ်သက်သာရာရသွားသည်။

သူသည် လက်တလော ဆေးဖော်စပ်ခဲ့သည့် အဆင့်များကို ပြန်လည်စဉ်းစားလိုက်ပြီး ခဏအကြာမှာတော့ နောက်တစ်ကြိမ် စတင်ရန် ပြင်ဆင်လိုက်သည်။

ဆေးဖော်စပ်ပညာဆိုသည်မှာ စစသင်ယူလေ့လာကတည်းက အဆင်ပြေနိုင်သောအရာမဟုတ်ကြောင်း သူသိထားပေသည်။

အစပိုင်းတွင် ကျရှုံးမှုများစွာ ဖြစ်မည်ဖြစ်သဖြင့် လင်းကျင်း လုံးဝ စိတ်မပျက်ပေ။

ဒုတိယအကြိမ် ဆေးဖော်စပ်ရာတွင်လည်း ယခင်သင်ခန်းစာကို နှလုံးသွင်းပြီး မီးထိန်းချုပ်မှုကို ပိုမိုသတိထားကာ လုပ်ဆောင်ခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်းပင် “ဘုန်း” ဆိုသည့် အသံနှင့်အတူ ဒုတိယအကြိမ်လည်း ကျရှုံးသွားသည်။

“နောက်တစ်ကြိမ်”

ဒီတစ်ကြိမ်တော့ လင်းကျင်း မရပ်တန့်ဘဲ ချက်ချင်းပင် ဆက်လက်စတင်လိုက်သည်။

“ဘုန်း”

ဒီအကြိမ်တွင်တော့ ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်သည် ယခင်နှစ်ကြိမ်ထက် အနည်းငယ်ပိုကြာခဲ့သည်။

လင်းကျင်းအနည်းငယ် သဘောပေါက်လာသော်လည်း လက်မမှီသော အရာတစ်ခုကို လိုက်ဖမ်းနေရသလို ခံစားနေရသည်။

“ဘုန်း”

“ဘုန်း”

……

လင်းကျင်းသည် ဆေးဖော်စပ်ခြင်းကို ဆက်တိုက်လုပ်ဆောင်နေသော်လည်း ရလဒ်များမှာ မကျေနပ်စရာဖြစ်ပြီး အကြိမ်ကြိမ် ပေါက်ကွဲမှုများဖြင့်သာ အဆုံးသတ်နေသည်။

သို့သော် လင်းကျင်း လုံးဝ လက်မလျှော့ဘဲ ဆက်လက်ကြိုးစားနေဆဲပင်။

နောက်ဆုံး အဋ္ဌမအကြိမ်မြောက်တွင်တော့ “ဘုန်း” ဆိုသည့် အသံ မထွက်တော့ပေ။

“အောင်မြင်သွားပြီလား….”

လင်းကျင်း၏ မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာပြီး တဆက်တည်းမှာပင် ဆေးအိုးထဲမှ အနံ့ဆိုးတစ်ခု ထွက်ပေါ်လာသည်။

“ဒီအနံ့က…”

သူ၏ မျက်ခုံးများ တင်းကျပ်သွားပြီး ဆေးအိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ အနံ့ဆိုးက နှာခေါင်းကို တိုက်ရိုက်ရိုက်ခတ်လာသည်။

“အော့…”

ထိုအနံ့ဆိုးပြင်းပြင်းကြောင့် မနေ့ညက စားခဲ့သည့် အစားအစာများပင် ပြန်ထွက်မလို ဖြစ်သွားခဲ့ရသည်။

ထို့နောက် လင်းကျင်းသည် အခန်းထဲမှ အပြင်သို့ ပြေးထွက်ကာ လတ်ဆတ်သော လေကို အားရပါးရ ရှူလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက်မှသာ အခန်းတွင်းရှိ အနံ့ဆိုးအများစု လျော့နည်းသွားပြီးမှ ပြန်ဝင်ရဲတော့သည်။

အခန်းထဲသို့ ပြန်ဝင်လာပြီးနောက် လင်းကျင်းသည် ပထမဆုံး ဆေးအိုးအတွင်းရှိ အနံ့ဆိုး၏ အရင်းအမြစ်ကို ရှင်းလင်းလိုက်သည်။

ထိုအရာမှာ ပျစ်ပျစ်ကပ်ကပ် အရည်တစ်ခုပင် ဖြစ်သည်။ ယခင်ကျရှုံးခဲ့သည့် ဆေးအကြွင်းအကျန်များနှင့်အတူ အားလုံးကို သန့်ရှင်းရှင်းလင်းလိုက်သည်။

ထို့နောက်မှသာ လင်းကျင်း သေချာစွာ ပြန်လည်သုံးသပ်စဉ်းစားလိုက်သည်။

စီမံခန့်ခွဲသူ လီထံမှ ရရှိခဲ့သည့် ဆေးဖော်စပ်ကျမ်းမှာ ထင်သလို မဟုတ်ကြောင်း သူသတိထားမိလာသည်။

ကိုယ်တိုင် ဆေးဖော်စပ်ကြည့်မှသာ ထိုကျမ်းတွင် အမှားအယွင်းများအပြင် လွတ်နေသော အပိုင်းများ များစွာရှိပြီး တချို့နေရာများကိုလည်း သေချာမရှင်းလင်းဘဲ ချန်ထားကြောင်း သိခဲ့လိုက်ရသည်။

ထို့ကြောင့် လင်းကျင်းသည် အကြိမ်ကြိမ် စမ်းသပ်ပြီး ကျရှုံးနေသည့် သံသရာထဲ ရောက်နေခဲ့ရခြင်းဖြစ်ပေသည်။

“ကြည့်ရတာ စီနီယာအကို ဟန်လည်း ဒီဆေးဖော်စပ်ကျမ်းကို လုံးဝ မသိနားမလည်ခဲ့တာ ဖြစ်နိုင်တယ်။”

“အထူးသဖြင့် ပထမအဆင့် ဆေးလုံးတွေကနေ စပြီး အခြားဆေးဖော်စပ်ကျမ်းတွေထက် ကျရှုံးနှုန်း ပိုမြင့်နေတယ်။”

“ဒါဆိုရင်… စီမံခန့်ခွဲသူ လီက ငါ့ကို လှည့်စားလိုက်တာလား။….”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment