no

Font
Theme

လီထန်ယု [လူသစ်]

“သခင်လေး လီ။”

အနက်ရောင်ဝတ်လူက လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ဇိမ်ခံဝတ်စုံဝတ် လူငယ်ကို နှုတ်ဆက်လိုက်သည်။ ကြည့်ရသည်မှာ အနက်ရောင်ဝတ်လူက ထိုလူငယ်ကို သိနေဟန်တူသည်။

“တာအိုရောင်းရင်း၊ ဒီလောက် အရိုအသေပြုစရာ မလိုပါဘူး...”

ဇိမ်ခံဝတ်စုံဝတ် လူငယ်က နူးညံ့သော အပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် သူ၏ အကြည့်ကို လင်းကျင်းဘက်သို့ လှည့်လိုက်သည်။

“ကျုပ် မင်းကို သတိထားမိနေတာ ကြာပြီ...”

“မင်း သန့်စင်အဆင့် စွမ်းအင်စုဆောင်းဆေးလုံးကို ထုတ်ပြလိုက်တဲ့ အချိန်ကတည်းကပဲ...”

လင်းကျင်းမှာ လုံးဝ နားမလည်နိုင်ဖြစ်သွားသည်။

ထိုဇိမ်ခံဝတ်စုံဝတ် လူငယ်က သူ့ကို ဘာကြောင့် စိတ်ဝင်စားနေသည်ကို မသိပေ။

ထိုလူငယ်က ဆက်ပြောသည်။

“အရင် မိတ်ဆက်ပေးပါရစေ...”

“ကျုပ်နာမည် လီထန်ယုပါ။ ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုတစ်ခုဖြစ်တဲ့ လီမိသားစုက လာတာပါ...”

“ကျုပ်က ဆေးဖော်စပ်ခြင်းအကြောင်းကို တခြားသူတွေနဲ့ ဆွေးနွေးရတာ အနှစ်သက်ဆုံးပဲ...”

“ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ လီမိသားစု...” လင်းကျင်းသည် ချက်ချင်း သတိရသွားသည်။

အကြီးအကဲယွီ ပြောခဲ့ဖူးသည်။

လီမိသားစုသည် ကျင့်ကြံသူစျေးတွင် တစ်ခုတည်းသော ဆေးဖော်စပ်ခြင်းမိသားစု ဖြစ်သည်။

ထို့အပြင် လီမိသားစု၏ မိသားစုခေါင်းဆောင်မှာ နန်ရှန်စျေးတစ်ခုလုံးတွင် တစ်ဦးတည်းသော စတုတ္ထအဆင့် ဆေးဖော်စပ်ဆရာလည်း ဖြစ်နေသည်။

“ဒါဆို တာအိုရောင်းရင်း လီကို...။”

လင်းကျင်းက လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်သည်။

“ဒါပေမဲ့ တာအိုရောင်းရင်း လီက ဘာကြောင့် ကျွန်တော့်ကို စိတ်ဝင်စားနေတာလဲ မသိဘူး...”

လင်းကျင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဆေးလုံးတွေကြောင့်ပါ။”

လီထန်ယွီက စတင်ရှင်းပြသည်။

“ရှေ့တုန်းက မင်းရဲ့ ဆိုင်ခန်းမှာ သန့်စင်အဆင့် စွမ်းအင်စုဆောင်း ဆေးလုံးတစ်လုံး ပြသထားခဲ့တယ်...”

“အခုလေးတင်ပဲ အဲဒီဆေးလုံးကို တစ်ယောက်ယောက် ဝယ်သွားတယ်...”

“ဒါပေမဲ့ ကျုပ်ကို အံ့ဩစေခဲ့တာက အဲဒီဆေးလုံး ရောင်းထွက်သွားပြီးတာနဲ့ မင်းက အခု မြင်နေရတဲ့ သန့်စင်အဆင့် သွေးခဲဆေးလုံးကို တိုက်ရိုက် ထုတ်ပြလိုက်တာပဲ...”

“ဟုတ်ပါတယ်၊ စွမ်းရည် နည်းနည်းရှိတဲ့သူဆိုရင် သန့်စင်အဆင့် ဆေးလုံးနှစ်လုံး ဖော်စပ်နိုင်တာ မထူးဆန်းပါဘူး...”

“အဓိကအချက်ကတော့... ကျုပ် မမှားဘူးဆိုရင် ဒီဆေးလုံးနှစ်လုံးစလုံးက မကြာသေးခင်ကမှ ဖော်စပ်ထားတာ ဖြစ်ရမယ်....”

“ပြီးတော့ ဆေးလုံးနှစ်လုံး ဖော်စပ်ခဲ့တဲ့ အချိန်ကာလဟာ တစ်လထက် မကျော်ဘူး...”

“တာအိုရောင်းရင်း၊ ကျုပ်ပြောတာ မှန်ရဲ့လား...”

လီထန်ယုက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စဖြင့် လင်းကျင်းကို ကြည့်ကာ မေးလိုက်သည်။

လီထန်ယု၏စကားကို ကြားလိုက်ရသည့် အနက်ရောင်ဝတ်လူမှာ မျက်လုံးများ ပြူးကျယ်သွားပြီး လင်းကျင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

တစ်လအတွင်း... သန့်စင်အဆင့် ဆေးလုံး နှစ်လုံး...

တစ်ချိန်က မှေးမှိန်သွားခဲ့သော မျှော်လင့်ချက်များသည် သူ၏ရင်ထဲတွင် ပြန်လည် နိုးထလာပြန်သည်။

သူသည် လီထန်ယုကို ကောင်းစွာ သိသည်။ လီထန်ယုသည် ဆေးဖော်စပ်ခြင်းလမ်းစဉ်၏ ဂုဏ်သိက္ခာကြီးမားသော လီမိသားစုမှ သခင်လေးဖြစ်သည်။

ထို့အပြင် သူ၏ ဆေးဖော်စပ်ခြင်း ပါရမီမှာလည်း ထူးချွန်လွန်းပြီး ဒုတိယအဆင့် ဆေးလုံးဆရာတစ်ဦးလည်း ဖြစ်နေသေးသည်။

ကောလာဟလများအရ သူ၏ အခြေခံကျွမ်းကျင်မှုများမှာ လုံလောက်နေပြီဖြစ်ပြီး မကြာမီ တတိယအဆင့် ဆေးလုံးဆရာ ဖြစ်လာတော့မည်ဟု ဆိုကြသည်။

အခြားအရာများကို မပြောဘဲ ဆေးလုံးများအပေါ် နားလည်မှုအရဆိုလျှင် ကျင့်ကြံသူစျေးတစ်ခုလုံးတွင် သူ့ထက် သာလွန်သူ ငါးယောက်ပင် မရှိလောက်ပေ။

သူက တစ်လမကျော်ဟု ပြောလျှင် အမှန်တကယ်ပင် တစ်လမကျော်ဘဲ ဖြစ်ရမည်။

“မှန်ပါတယ်။”

လင်းကျင်းက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။

လင်းကျင်း၏ အတည်ပြုမှုကို ရရှိပြီးနောက် လီထန်ယုက ပြုံးလိုက်သည်။

“ကျုပ် ထင်ထားတဲ့အတိုင်းပဲ...”

ထို့နောက် လင်းကျင်း အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ရှင်းပြလိုက်သည်။

“စိတ်မဆိုးပါနဲ့… တာအိုရောင်းရင်း...”

“ကျုပ်က ဆေးဖော်စပ်ခြင်းလမ်းစဉ်ကို အလွန်စွဲလမ်းတဲ့သူမို့ ဆေးလုံးတွေကို တွေ့ရင် မနေနိုင်ဘဲ သေချာ လေ့လာတတ်တယ်...”

“မင်းကို သီးသန့် စောင့်ကြည့်နေတာမျိုး မဟုတ်ပါဘူး...”

ထိုစကားကို ကြားပြီးနောက် လင်းကျင်းသည် အနက်ရောင်ဝတ်လူကို လက်ညှိုးထိုးပြရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါပေမဲ့... အစောပိုင်းတုန်းက တာအိုရောင်းရင်းလီ ပြောခဲ့တဲ့ ကျွန်တော်ကပဲ သူလိုအပ်တဲ့ ဆေးလုံးကို ထုတ်ပေးနိုင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...”

“အကြောင်းကတော့ တာအိုရောင်းရင်းအနေနဲ့ တစ်လအတွင်း သန့်စင်အဆင့် ဆေးလုံးနှစ်လုံး၊ ဒါမှမဟုတ် နှစ်လုံးထက်တောင် ပိုပြီး ဖော်စပ်နိုင်တယ်ဆိုရင်...”

“ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်... အဲဒါက တာအိုရောင်းရင်းမှာ သန့်စင်အဆင့် ဆေးလုံး ဖော်စပ်နိုင်တဲ့ အောင်မြင်နှုန်းကို မြှင့်တင်နိုင်တဲ့ နည်းလမ်း ရှိနေတာပဲ...”

လီထန်ယုသည် လင်းကျင်းကို စူးစိုက်ကြည့်နေပြီး သူ၏အသံမှာ အလွန်ယုံကြည်ချက် ပြည့်ဝနေသည်။

လင်းကျင်း၏ နှလုံးသား တုန်ခါသွားပြီး ရုတ်တရက် ထိတ်လန့်သွားသည်။

‘ဒီလိုမျိုးတောင် သိနိုင်တာလား?… ငါဖော်စပ်ခဲ့တဲ့ သန့်စင်အဆင့် ဆေးလုံးတွေက စနစ်ရဲ့ တိုးမြှင့်ပေးမှုကြောင့် ဖြစ်လာတာပဲ။ အားနည်းချက် တစ်ခုခု ရှိမနေသင့်ပါဘူးနော်...’

လီထန်ယု၏ သေချာနေသော အပြုအမူက လင်းကျင်း၏ စိတ်ထဲတွင် မလုံခြုံသလို ခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။

အလားတူပင် အနက်ရောင်ဝတ်လူလည်း အံ့ဩသွားသည်။

သူသည်လည်း ဆေးဖော်စပ်ခြင်းနည်းလမ်းများကို နားလည်သူဖြစ်ပြီး ဆေးလုံးဖော်စပ်မှု အောင်မြင်နှုန်းကို မြှင့်တင်နိုင်သည်ဆိုသော အရာမှာ အမှန်တကယ် မယုံနိုင်စရာကောင်းလှသည်။

သို့သော် လင်းကျင်းနှင့် မတူသည်မှာ သူ၏စိတ်ထဲတွင် မျှော်လင့်ချက်မီးတောက်များ ပို၍ပင် တောက်လောင်လာခြင်း ဖြစ်သည်။

“ဒီလိုဆိုရင် ငါလိုအပ်နေတဲ့ သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးအတွက် မျှော်လင့်ချက် ရှိပြီပဲ...”

ထိုသို့ တွေးမိသည်နှင့် အနက်ရောင်ဝတ်လူသည် စိတ်လှုပ်ရှားလာသည်။

ထို့နောက် လီထန်ယုက ဆက်ပြောသည်။

“ကျုပ် မမှားဘူးဆိုရင် တာအိုရောင်းရင်းက ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ အမွေဆက်ခံသူ ဖြစ်ရမယ်...”

“ဒီမတိုင်ခင်ကတော့ ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ် ပျောက်ကွယ်သွားပြီလားဆိုတာ ကျုပ် မသေချာခဲ့ဘူး...”

“ဒါပေမဲ့ တာအိုရောင်းရင်းနဲ့ တွေ့ပြီးတဲ့နောက်မှာတော့ ကျုပ် သေချာသွားပြီ။ တာအိုရောင်းရင်းက သေချာပေါက် ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ အမွေဆက်ခံသူပဲ...”

“ဘာကြောင့်လဲဆိုတော့ ရှေးခေတ် ဆေးဖော်စပ်နည်းတွေပဲ သန့်စင်အဆင့် ဆေးလုံးဖော်စပ်မှုရဲ့ အောင်မြင်နှုန်းကို မြှင့်တင်နိုင်လို့ပဲ...”

ထိုစကားကို ကြားပြီးနောက် လင်းကျင်းသည် စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

“ဒီတော့ သူက ငါ့ကို ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ အမွေဆက်ခံသူလို့ ထင်နေတာကိုး...”

လင်းကျင်းသည် ဝန်လည်း မခံ၊ ငြင်းလည်း မငြင်းခဲ့ပေ။

သူသည် အခြားအရာတစ်ခုကိုသာ စဉ်းစားနေသည်။

ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ်၏ အမွေဆက်ခံသူဟူသော အထောက်အထားကို အသုံးပြုပြီး သန့်စင်အဆင့် ဆေးလုံးများကို ထုတ်လုပ်နိုင်ကြောင်း ဖုံးကွယ်ထားနိုင်မည်လား။

ထိုသို့ ဖြစ်နိုင်ပါက အနာဂတ်တွင် သန့်စင်အဆင့် ဆေးလုံးများကို ပိုမိုထုတ်ယူလာသည့်တိုင် မည်သူမျှ သူ့ကို သံသယဝင်တော့မည် မဟုတ်ပေ။

သို့သော် ထိုသို့ဖြစ်လာပါက သူ၏ ကိုယ်ပိုင်အထောက်အထားကို ပို၍ပင် လျှို့ဝှက်ထားရမည် ဖြစ်သည်။

အကယ်၍ မတော်တဆ မိမိ၏ အစစ်အမှန်အထောက်အထား ပေါ်ထွက်သွားပါက အလွန်ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်သွားနိုင်သည်။

လင်းကျင်းက ပြန်မငြင်းသည်ကို မြင်ပြီးနောက် အနက်ရောင်ဝတ်လူက သူ့ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ပြောလိုက်သည်။

“ကျေးဇူးပြုပြီး သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးတစ်လုံး ဖော်စပ်ပေးပါ။ ဆေးလုံး အောင်မြင်တဲ့နေ့မှာ ကျွန်တော် သေချာပေါက် ကြီးမားတဲ့ ဆုလာဘ်တစ်ခု ပေးပါ့မယ်....”

သို့သော် လင်းကျင်းက ချက်ချင်း ပြန်မဖြေသေးပေ။

ထိုလူနှစ်ယောက်လုံးသည်လည်း တစ်နေရာတည်းတွင် ငြိမ်သက်စွာ ရပ်နေပြီး လင်းကျင်း၏ အဖြေကို စောင့်ဆိုင်းနေကြသည်။

ခဏအကြာတွင် လင်းကျင်းက ပြောလိုက်သည်။

“တစ်လအတွင်း အောင်မြင်မယ်ဆိုတာတော့ ကျွန်တော် သိပ်မသေချာဘူး။”

အနက်ရောင်ဝတ်လူသည် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း။”

“အဲဒီကိစ္စကို စိတ်မပူပါနဲ့။ တကယ်လို့ မအောင်မြင်ခဲ့ရင်လည်း ကံကြမ္မာကြောင့်ပဲလို့ သဘောထားရမှာပေါ့၊ ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်တင်မှာ မဟုတ်ပါဘူး...”

“စိတ်ချထားပါ။ တာအိုရောင်းရင်း သန့်စင်အဆင့် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးကို ဖော်စပ်နိုင်ခဲ့ရင် ကျွန်တော် ဝိညာဉ်ကျောက်တုံး 10,000 လက်ဆောင်ပေးပါ့မယ်...”

“မအောင်မြင်ခဲ့ရင်တောင် လျော်ကြေးအနေနဲ့ ဝိညာဉ်ကျောက် 2,000 ပေးပါ့မယ်...”

ထိုအချိန်တွင် လီထန်ယုကလည်း ဝင်ပြောလာသည်။

“ကျုပ်ကိုပါ ထည့်ရင်ရော ဘယ်လိုလဲ။ တာအိုရောင်းရင်းနဲ့ လောင်းကြေးတစ်ခု လုပ်ချင်တယ်..”

“ကျုပ်လည်း ပြန်ရောက်တာနဲ့ ဆေးလုံး စတင်ဖော်စပ်မယ်။ ပစ်မှတ်ကတော့ ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးပဲ...”

“ဒါ့အပြင် တစ်လအတွင်းမှာ လီမိသားစုရဲ့ အမွေဆက်ခံ ဆေးဖော်စပ်နည်းတွေနဲ့ ရှေးဟောင်းဆေးဖော်စပ်ခြင်းလမ်းစဉ်ကို အတူတူ နှိုင်းယှဉ်ကြည့်ချင်တယ်...”

“တာအိုရောင်းရင်း ဘယ်လိုထင်လဲ...”

လီထန်ယုက လင်းကျင်းကို အလေးအနက် ကြည့်နေသည်။

သူ့ပုံစံအရတော့ လုံးဝ နောက်ပြောင်နေပုံ မရပေ။ လင်းကျင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဆေးဖော်စပ်နည်းများ ယှဉ်ပြိုင်ရသည်ကို သိပ်စိတ်မဝင်စားပေ။

“တာအိုရောင်းရင်းလီ၊ ဆေးလုံးနဲ့ပတ်သတ်ပြီး လောင်းကြေး မလုပ်ရအောင်...”

လင်းကျင်းက ပြောလိုက်သည်။

လီထန်ယုသည် အစပိုင်းတွင် အနည်းငယ် အံ့ဩသွားပြီးနောက် ခဏမျှ စဉ်းစားလိုက်သည်။

“ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် တာအိုရောင်းရင်းက ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ်ရဲ့ အမွေဆက်ခံသူ ဖြစ်တဲ့အတွက် ကိုယ့်အထောက်အထား မပေါ်စေချင်လို့ ဒီမှောင်ခိုစျေးကွက်ကို ရောက်လာတာ ဖြစ်ရမယ်...”

“စိတ်ချထားပါ တာအိုရောင်းရင်း။ ဒီကိစ္စကို ကျုပ်တို့ သုံးယောက်ပဲ သိမယ်၊ ဘယ်သူ့ကိုမှ ပြန်မပြောဘူး...”

“ပြီးတော့ တာအိုရောင်းရင်းရဲ့ အထောက်အထားအတွက်လည်း စိတ်ချနိုင်တယ်။ မှောင်ခိုစျေးကွက်က အရမ်းလုံခြုံတယ်၊ လူတွေရဲ့ အထောက်အထားကို ပေါ့ပေါ့တန်တန် ဖော်ထုတ်မှာ မဟုတ်ဘူး...”

“ကျုပ်ကလည်း ရှေးဟောင်းဆေးဖော်စပ်သူတစ်ယောက်ရဲ့ စွမ်းရည်ကို မြင်ချင်လွန်းလို့ပါ။ ဒါကြောင့် တာအိုရောင်းရင်း အလိုက်အထိုက် လက်ခံပေးမယ်လို့ မျှော်လင့်တယ်...”

လီထန်ယု၏ ရိုးသားသော အကြည့်နှင့် ဆေးဖော်စပ်ခြင်းလမ်းစဉ်အပေါ် သူ၏ စွဲလမ်းမှုကို သိထားသောကြောင့် လင်းကျင်းက ယုံကြည်နိုင်သည်ဟု ခံစားရပြီး သဘောတူလိုက်သည်။

“ကောင်းပြီလေ...”

လီထန်ယု၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။

“လက်ခံပေးလို့ ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း...”

“လောင်းကြေးဆိုမှတော့ ကျုပ်လည်း ဆုကြေးတစ်ခု ထပ်ထည့်လိုက်မယ်...”

ပြောပြီးနောက် လီထန်ယုသည် သိုလှောင်အိတ်ထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူကာ ချက်ချင်း ဖွင့်လိုက်သည်။

လင်းကျင်း အထဲသို့ ကြည့်လိုက်ရာ မက်မွန်သီးအစေ့နှင့် ဆင်တူသော အရာတစ်ခုကို တွေ့လိုက်ရသည်။

ထိုအရာမှာ မအိုနုပျိုသစ်သီး ၏ အစေ့အဆန် ဖြစ်သည်။

သင့်လျော်သော အခြေအနေများ ရှိပါက မအိုနုပျိုသီးပင်အဖြစ် ကြီးထွားလာနိုင်သည်။

သို့သော် မအိုနုပျိုသီးပင် ကြီးထွားရန် လိုအပ်သော အခြေအနေများမှာ အလွန်များပြားပြီး အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းမှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

ထိုသို့ ဖြစ်သော်လည်း ဒီမအိုနုပျိုသစ်သီး အစေ့၏ တန်ဖိုးမှာ မနိမ့်ပေ။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး 20,000 မှ 30,000 အထိ ရောင်းချနိုင်သည်။

“တာအိုရောင်းရင်း၊ တကယ်လို့ မင်းနိုင်ခဲ့ရင် ဒီမအိုနုပျိုသီး အစေ့က မင်းအပိုင်ပဲ....”

“တကယ်လို့ ကျုပ်က ကပ်ပြီး နိုင်သွားခဲ့ရင်လည်း တာအိုရောင်းရင်း ဘာမှ ထုတ်ပေးစရာ မလိုဘူး....”

“အဲဒီအပြင် ကျေးဇူးတင်တဲ့ အနေနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး 1,000 ကိုပါ ကျုပ် ထပ်ပေးဦးမယ်...”

ရလဒ် ဘယ်လိုပဲ ထွက်လာပါစေ ဆုံးရှုံးစရာ မရှိသော ကမ်းလှမ်းချက်မျိုးကို ငြင်းပယ်ရန် ခက်ခဲလှသည်။

ထိုအချိန်တွင် လင်းကျင်းသည် ဘာပြန်ပြောရမည်ကိုပင် မသိတော့ချေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment