no

Font
Theme

အထင်လွဲမှု ပြေလည်သွားခြင်း

နင်ယွဲ့သည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် စကားပြောလာသည်။

“တာအိုရောင်းရင်း လင်း၊ ပြောသင့်မပြောသင့် မသေချာတဲ့ ကိစ္စတစ်ခုတော့ ရှိတယ်...”

“တာအိုရောင်းရင်း နင်၊ စိုးရိမ်စရာ မလိုပါဘူး။ လွတ်လွတ်လပ်လပ်သာ ပြောပါ...” လင်းကျင်းက ပြန်ဖြေလိုက်သည်။

ဆုံးဖြတ်ချက် ချပြီးသွားသလို နင်ယွဲ့က ခေါင်းမော့လိုက်ပြီး လေးနက်စွာ ပြောသည်။

“တာအိုရောင်းရင်း လင်း….”

“ကျွန်မတို့ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းကိုသာ ဦးစားပေးရမယ်။ မသေမျိုးလမ်းစဉ်ကြီးကို လိုက်လံရှာဖွေဖို့ ကြိုးစားရမယ်...”

“လောကီတပ်မက်မှုတွေရဲ့ ကျော့ကွင်းထဲကို ဘယ်တော့မှ မကျရောက်သင့်ဘူး။ မဟုတ်ရင် မူလစွမ်းအင်တွေ ပြိုကွဲသွားပြီး နှစ်ပေါင်းများစွာ ကျင့်ကြံထားသမျှ အချည်းနှီး ဖြစ်သွားလိမ့်မယ်..”

ထိုသို့ ပြောပြီးနောက် နင်ယွဲ့က ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကို ဝင်စွက်ဖက်ချင်တာတော့ မဟုတ်ပါဘူး...”

“တာအိုရောင်းရင်း လင်းရဲ့ ဆေးဖော်စပ်လမ်းစဉ် ပါရမီက အလွန်ထူးချွန်တယ်။ ရှေ့ဆက်ကျင့်ကြံခြင်းလမ်းကြောင်းမှာ ပိုဝေးဝေး လျှောက်လှမ်းနိုင်တဲ့ အလားအလာ ရှိတယ်...”

“မသေမျိုး အမတအရှင်တယောက် ဖြစ်သွားဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။ အဲဒီလို လူတစ်ယောက်က လမ်းမှားလိုက်ပြီး ကိုယ့်ကျင့်ကြံမှုကို ဖြုန်းတီးပစ်မယ်ဆိုရင် တကယ်ကို နှမြောစရာ ကောင်းလွန်းတယ်...”

ထိုစကားများကို ကြားလိုက်ရသည်နှင့် လင်းကျင်းက ချက်ချင်း နားလည်သွားသည်။ ဒီကိစ္စက ယခင်တစ်ခေါက်က အထင်လွဲမှုအကြောင်းပင်။

“တာအိုရောင်းရင်း နင်၊ ခင်ဗျား အထင်လွဲနေပါတယ်...” လင်းကျင်းက အလျင်အမြန် ရှင်းပြလိုက်သည်။

နင်ယွဲ့က နားမလည်သလို မေးသည်။

“ဒါဆို အဲဒီအဆောင်ဆရာက ဘာလို့ အဲဒီလို ပြောခဲ့တာလဲ။ သူက ရှင့်ကို တခြားလူနဲ့ မှားမြင်တာများလား? အဲဒီနေ့က လူက ရှင် မဟုတ်ဘူးလား...”

“သူ မြင်ခဲ့တဲ့ လူက ကျွန်တော်ပဲ၊ ဒါက မမှားဘူး...”

လင်းကျင်း စကားဆုံးသည်နှင့် နင်ယွဲ့၏ မျက်နှာ မည်းသွားသည်ကို တွေ့လိုက်ရသည်။

လင်းကျင်းက သူမကို လှောင်ပြောင်နေသည်ဟု ထင်သွားပုံရသည်။ လင်းကျင်းက အမြန် ထပ်ပြောလိုက်သည်။

“တာအိုရောင်းရင်းနင်၊ ကျွန်တော် စကားဆုံးအောင် ပြောပါရစေဦး...”

နင်ယွဲ့က ခေါင်းညိတ်လိုက်ပြီး လင်းကျင်းကို တည့်တည့်ကြည့်ကာ ဆက်ပြောမည့် စကားကို စောင့်နေ၏။

“အရင်တုန်းက ကျွန်တော် အစ်ကိုဝေကို လျှို့ဝှက်စျေးကွက်အကြောင်း မေးခဲ့တာ မှတ်မိလား...”

နင်ယွဲ့က ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

“မှတ်မိတယ်။ နှစ်သစ်ကူးညမှာ အားလုံး စုဝေးတုန်းက မဟုတ်လား...”

“ဟုတ်တယ်၊ အဲဒီနေ့ပဲ။” လင်းကျင်းက ဆက်ပြောသည်။

“အဲဒီနေ့ပြီး သိပ်မကြာခင်မှာပဲ အစ်ကိုဝေက ကျွန်တော့်ကို လျှို့ဝှက်စျေးကွက်ဆီ ခေါ်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှ ကျွန်တော် လျှို့ဝှက်စျေးကွက်ကို သိလာခဲ့တာ...”

“အစ်ကိုဝေ ထွက်သွားပြီးတဲ့နောက်မှာလည်း တစ်ခါတစ်လေ ကျွန်တော့်ဘာသာ သွားဖြစ်တယ်...”

“ဒါပေမဲ့...”

“လျှို့ဝှက်စျေးကွက်ရဲ့ ဝင်ပေါက်တွေက အမြဲတမ်း ဖုံးကွယ်ထားတာဖြစ်ပြီး တခါတလေ လူတွေ မထင်မှတ်တဲ့ နေရာတွေမှာ ရှိတတ်တယ်....”

“အဲဒီနေ့ ကျွန်တော် အဲဒီကို သွားခဲ့တာကလည်း အဲဒီနေရာမှာ လျှို့ဝှက်စျေးကွက် ဝင်ပေါက် ရှိလို့ပါ...”

“ကျွန်တော်က အဲဒီနေရာကို ဖြတ်ပြီး လျှို့ဝှက်စျေးကွက်ထဲ ဝင်ခဲ့ရုံ သက်သက်ပါပဲ...”

လင်းကျင်း ရှင်းပြပြီးနောက် နင်ယွဲ့၏ မျက်နှာလေး နီရဲသွားသည်။

(ဘာသာပြန်သူ မှတ်ချက်။ ဒီအပိုင်းမှာ မူရင်းမှာကိုက Black Market (မှောင်ခိုစျေးကွက်) အစား Secret market (လျှို့ဝှက်စျေးကွက်) လို့ သုံးထားတာပါ)

သူမသည် ချက်ချင်းပင် အလွန် အားနာသွားမိသည်။

“တာအိုရောင်းရင်း လင်း၊ တောင်းပန်ပါတယ်။ ကျွန်မက ထင်လိုက်တာက...”

လင်းကျင်းက လက်ဝှေ့ယမ်းလိုက်သည်။

“ရပါတယ်။ အထင်လွဲမှု ပြေလည်သွားတာပဲ ကောင်းပါတယ်။ တာအိုရောင်းရင်း နင်က ကျွန်တော့်ကို စိုးရိမ်လို့ ပြောတာပဲဟာ၊ ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ...”

အထင်လွဲမှု ပြေလည်သွားသော်လည်း နင်ယွဲ့ကတော့ အလွန် အားနာနေဆဲ ဖြစ်သည်။

အစက သူမသည် တခြားလူ၏ ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်စွက်ဖက်မိသလို ဖြစ်နေသည်ဟု ထင်ခဲ့သော်လည်း နောက်ဆုံးတွင် အထင်လွဲမှုကြီးတစ်ခုသာ ဖြစ်နေခဲ့သည်။

နင်ယွဲ့သည် လင်းကျင်းနှင့် စကားအနည်းငယ် အမြန်ပြောပြီးနောက် မျက်နှာနီနီဖြင့် အလျင်အမြန် ထွက်သွားခဲ့သည်။

နင်ယွဲ့ ထွက်သွားပြီးနောက် လင်းကျင်းလည်း အခန်းထဲ ပြန်ဝင်ကာ ထိုကုန်ကြမ်းများကို ဆက်လက် စီစဉ်နေလိုက်တော့သည်။

နောက်တစ်နေ့တွင်... လင်းကျင်းသည် တရားထိုင်ကျင့်ကြံမှုမှ နိုးထလာသည်နှင့် သတင်းတစ်ခု ကြားလိုက်ရသည်။

ထို့အပြင် ကျင့်ကြံသူစျေးမှ ထုတ်ပြန်သော ကြေညာချက်တစ်ခုလည်း ဖြစ်သည်။

ကြေညာချက်၏ အကြောင်းအရာမှာ …..

‘ယနေ့မှစ၍ နန်ရှန်စျေးကို အတွင်းပိုင်း ကျင့်ကြံသူစျေးနှင့် အပြင်ပိုင်း ကျင့်ကြံသူစျေးဟူ၍ နှစ်ပိုင်းခွဲခြားသတ်မှတ်မည်။

အတွင်းပိုင်း ကျင့်ကြံသူစျေးဆိုသည်မှာ ယခင် ကျင့်ကြံသူစျေးအတွင်းပိုင်းကို ဆိုလိုပြီး၊ အပြင်ပိုင်း ကျင့်ကြံသူစျေးဆိုသည်မှာ ကျင့်ကြံသူစျေး၏ အပြင်ဘက်ပတ်ဝန်းကျင်ဒေသကို ဆိုလိုသည်။

တစ်ချိန်တည်းတွင် နန်ရှန်းစျေးရှိ လူအားလုံးသည် ကိုယ်ပိုင်အမှတ်အသားတံဆိပ်ကို လျှောက်ထားရမည်။

မနက်ဖြန်မှစ၍ အတွင်းပိုင်း ကျင့်ကြံသူစျေး၏ ကာကွယ်ရေးမဟာအစီအရင်ကို စတင်အသက်သွင်းမည် ဖြစ်သည်။

အပြင်ပိုင်း ကျင့်ကြံသူစျေးမှ အတွင်းပိုင်း ကျင့်ကြံသူစျေးသို့ ဝင်ရောက်လိုသူများသည် အမှတ်အသားတံဆိပ်ကို ပြသပြီးမှသာ ဝင်ခွင့်ရမည်။

အတွင်းပိုင်း ကျင့်ကြံသူစျေး၏ ဝင်ပေါက်ကို နေ့စဉ် ချန်အချိန်၌ ဖွင့်လှစ်မည်ဖြစ်ပြီး ရှူးအချိန်၌ ပိတ်မည်ဖြစ်သည်။

အပြင်ပိုင်း ကျင့်ကြံသူစျေးမှ လူများသည် ရှူးအချိန်မတိုင်မီ အတွင်းကျင့်ကြံသူစျေးမှ ထွက်ခွာရမည်ဖြစ်ပြီး ညအိပ်တည်းခိုခွင့် မရှိပေ။

မလိုက်နာပါက အမှတ်အသားတံဆိပ်ကို သိမ်းဆည်းခံရမည်ဖြစ်ပြီး ကျင့်ကြံသူစျေးမှ နှင်ထုတ်ခံရမည်။

ထို့အပြင် သားရဲလှိုင်းအတွင်း အကျိုးဆောင်မှုများ ကြီးကြီးမားမား ပြုလုပ်နိုင်သူများကို ကျင့်ကြံသူစျေးမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းနှင့် အဆင့်မြင့်အဆင့် မှော်ရတနာတစ်ခု ချီးမြှင့်မည်။

အကယ်၍ အကျိုးဆောင်သူသည် အပြင်ပိုင်း ကျင့်ကြံသူစျေးမှ ဖြစ်ပါက အပိုဆုအဖြစ် အတွင်းပိုင်း ကျင့်ကြံသူစျေး အမှတ်အသားတံဆိပ်ကို ၎င်းနှင့် ၎င်း၏ မိသားစုအတွက် ပေးအပ်မည်ဖြစ်ပြီး၊ အတွင်းပိုင်းကျင့်ကြံသူစျေးရှိ နေအိမ်တစ်လုံးကိုလည်း ပေးအပ်မည်ဖြစ်သဖြင့် မိသားစုနှင့်အတူ အတွင်းပိုင်းကျင့်ကြံသူစျေး၌ နေထိုင်နိုင်မည် ဖြစ်သည်။’

(ဘာသာပြန်သူမှတ်ချက်။ ယခင်အပိုင်းမှာ အချိန်အခေါ်အဝေါ်ကို အသေးစိတ် ဖော်ပြပြီး ဖြစ်ပါတယ်။ အခုကတော့ နားလည်ရလွယ်အောင် ထပ်ဖော်ပြပေးလိုက်ပါတယ်။ “ချန်” အချိန် 7:00am to 9:00am နှင့် “ရှူး” အချိန် 19:00pm to 21:00pm)

ဤကြေညာချက် ထွက်ပေါ်လာပြီးနောက် ကျင့်ကြံသူစျေးအတွင်းရှိ လူများ၏ တုံ့ပြန်မှုမှာ မတူညီကြပေ။

အချို့က မျက်မှောင်ကြုတ်ကာ စိုးရိမ်နေကြသည်။ သားရဲလှိုင်းကြီး ရောက်လာတော့မည့်အချိန်တွင် ကျင့်ကြံသူစျေးက အပြင်ဝိုင်းရှိ ကျင့်ကြံသူများကို စွန့်ပစ်ရန် စီစဉ်နေပြီဟု ခံစားမိကြသည်။

တချို့ကတော့ အလွန် စိတ်လှုပ်ရှားနေကြသည်။

မိမိကိုယ်တိုင် ကြီးမားသော အကျိုးဆောင်မှု ပြုလုပ်နိုင်ပြီး ဆုလာဘ်များ ရရှိကာ အနာဂတ်တွင် စိတ်ပူစရာမလိုဘဲ နေထိုင်ရမည်ဟု စိတ်ကူးယဉ်နေကြသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း...

ထိုပမာဏကို လူအများစုသည် ဘဝတစ်လျှောက်လုံး မမြင်ဖူးကြပေ။

ထို့အပြင် အဆင့်မြင့်အဆင့် မှော်ရတနာတစ်ခုပါ ထပ်မံရဦးမည်ဖြစ်ရာ အိပ်မက်ထဲတွင်ပင် မစဉ်းစားရဲသော ဆုလာဘ်မျိုး ဖြစ်သည်။

သို့သော် လင်းကျင်းကတော့ မတူညီပေ။ သူက ခေါင်းငုံ့ကာ ကျင့်ကြံသူစျေး၏ ရည်ရွယ်ချက်ကို စဉ်းစားနေခဲ့သည်။

အကြောင်းမှာ အကြီးအကဲ ယွီသည် တစ်ခါက အမှတ်မထင် ပြောဖူးသည်။

အတွင်းပိုင်း ကျင့်ကြံသူစျေး၏ ကာကွယ်ရေးအစီအရင်ကို ချင်းယွမ်ဓားဂိုဏ်းမှ အစီအရင်ပညာရှင်တစ်ဦး၏ အကူအညီဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

၎င်း၏ ကာကွယ်နိုင်စွမ်းမှာ အလွန်အံ့ဩဖွယ်ကောင်းပြီး သန္ဓေသားဝိညာဉ်အဆင့်အောက် မည်သူမျှ မဖျက်ဆီးနိုင်ဟု ဆိုကြသည်။

သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ဦး တိုက်ခိုက်လာလျှင်ပင် ရက်အနည်းငယ်ကြာ ခုခံထားနိုင်သည်ဟု ပြောကြသည်။

ယခု ထိုကာကွယ်ရေးအစီအရင်ကို အသက်သွင်းတော့မည် ဆိုခြင်းက...

‘ကျင့်ကြံသူစျေးက တကယ်ပဲ တစ်စုံတစ်ရာ သတင်းရထားသလား...’

ကျင့်ကြံသူစျေး၏ လှုပ်ရှားမှုများကြောင့် လင်းကျင်း ပိုမိုနက်ရှိုင်းစွာ တွေးတောမိသွားသည်။

‘ကျင့်ကြံသူစျေး အပြင်ဘက်က မဟာအစီအရင်ကြီးက လာမယ့် သားရဲလှိုင်းကို မခံနိုင်တော့ဘူးလား...’

‘ဒါကြောင့် ကျင့်ကြံသူစျေးက အပြင်ပိုင်းက ကျင့်ကြံသူတွေကို စွန့်လွှတ်ပြီး အတွင်းပိုင်းကျင့်ကြံသူစျေးကိုပဲ ကာကွယ်ဖို့ ပြင်ဆင်နေတာလား...’

ထို့ကြောင့် လင်းကျင်းက အကြီးအကဲယွီထံ သွားမေးရန် ဆုံးဖြတ်လိုက်သည်။ အကြီးအကဲ ယွီသည် သတင်းအချက်အလက် အလွန်ကျယ်ပြန့်သူ ဖြစ်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သေချာပေါက် တစ်ခုခု သိထားမည် ဖြစ်သည်။

စဉ်းစားပြီးသည်နှင့် လင်းကျင်းက ဆေးဖော်စပ်နေခြင်းကို ရပ်လိုက်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။

သူသည် ဦးစွာ ကျင့်ကြံသူစျေး စီမံခန့်ခွဲရေးရုံးသို့ သွားကာ ဝိညာဉ်ကျောက်တုံး တစ်လုံးပေး၍ အမှတ်အသားတံဆိပ်တစ်ခု ထုတ်ယူလိုက်သည်။ ထို့နောက် အတွင်းပိုင်းကျင့်ကြံသူစျေးသို့ တိုက်ရိုက် ဦးတည်သွားလေတော့သည်။

အတွင်းပိုင်းကျင့်ကြံသူစျေးထဲသို့ ဝင်ရောက်ပြီးနောက် လင်းကျင်း ယွဲ့ပေါင်လောသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

အကြီးအကဲ ယွီကို တွေ့သည်နှင့် လင်းကျင်းက ချက်ချင်း ပြောလိုက်သည်။

“အကြီးအကဲ ယွီ၊ ကျွန်တော် မေးချင်တဲ့ ကိစ္စတစ်ခု ရှိတယ်....”

“ကြေညာချက်ကိစ္စ မဟုတ်လား...” အကြီးအကဲ ယွီက ခေါင်းမော့၍ လင်းကျင်းကို ကြည့်လိုက်သည်။

“ဟုတ်ပါတယ်။” လင်းကျင်းက ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။

“ဒီတစ်ခေါက် သားရဲလှိုင်းက အရမ်းအန္တရာယ်များနေလို့လား။ ဘာလို့ အတွင်းပိုင်းကျင့်ကြံသူစျေးရဲ့ အစီအရင်ကို အသက်သွင်းလိုက်တာလဲ....”

“အရင်တုန်းက အကြီးအကဲယွီ ပြောဖူးတယ်လေ၊ အတွင်းပိုင်း ကျင့်ကြံသူစျေးရဲ့ အစီအရင်က သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူတောင် ခုခံနိုင်တယ်ဆိုတာ...”

“လာမယ့် သားရဲလှိုင်းထဲမှာ သန္ဓေသားဝိညာဉ်အဆင့် နတ်ဆိုးသားရဲတွေများ ပါလာမှာလား...”

အကြီးအကဲယွီက လင်းကျင်း စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။

“ကောင်လေး၊ စိတ်ကူးတွေ အရမ်းမယဉ်နေနဲ့...”

“တကယ်သာ သန္ဓေသားဝိညာဉ်အဆင့် နတ်ဆိုးသားရဲတွေ ပါလာရင် ကျင့်ကြံသူစျေးတစ်ခုလုံးတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး...”

“ဒါဆို ဘာလို့ မဟာအစီအရင်ကို အသက်သွင်းရတာလဲ...” လင်းကျင်းက နားမလည်စွာဖြင့် မေးလိုက်သည်။

အကြီးအကဲ ယွီက သက်ပြင်းချလိုက်သည်။

“ဟင်း...”

“ဒီတစ်ခေါက် သားရဲအုံကြွမှုက အရမ်းထူးဆန်းလွန်းတယ်။ ကြာချိန်လည်း အလွန်ရှည်တယ်။ သားရဲလှိုင်း နှစ်ကြိမ်တောင် ဖြစ်ပွားခဲ့ပြီးပြီ၊ အခု တတိယအကြိမ်လည်း ထပ်လာနေပြန်ပြီ...”

“ကျင့်ကြံသူစျေးက ဒီအတိုင်း ထိုင်စောင့်နေလို့ မရတော့ဘူး...”

“ဒါကြောင့် စျေးထဲက မိသားစုကြီးအသီးသီးရဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို စုစည်းပြီး ညမြူတောင်တန်းနက်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်...”

“ဒါပေမဲ့ အဲဒီ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေက သူတို့ မရှိတဲ့အချိန်မှာ သားရဲလှိုင်း ရောက်လာပြီး မိသားစုတွေ အန္တရာယ်ကြုံမှာကို စိုးရိမ်နေကြတယ်....”

“ဒါကြောင့် တောင်းဆိုချက်တစ်ခု တင်ပြခဲ့ကြတယ်....”

“ကျင့်ကြံသူစျေးရဲ့ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းပေးဖို့နဲ့... သားရဲလှိုင်းအတွင်း မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့ အပြင်ပိုင်းကျင့်ကြံသူစျေးက ကျင့်ကြံသူတွေကိုလည်း ခွဲခြားထားဖို့ပေါ့...”

“ဒါကြောင့်ပဲ ဒီကြေညာချက် ထွက်လာတာ....”

“ဒါဆို မိသားစုကြီးတွေ တောင်းဆိုလို့ ဖြစ်တာကိုး...” လင်းကျင်းက ချက်ချင်း သဘောပေါက်သွားသည်။

ပြီးနောက် အကြီးအကဲယွီက ဆက်ပြောလိုက်သည်။

“အခုထိ အရမ်း အကောင်းမြင်မနေနဲ့ဦး...”

“ဒီတစ်ခေါက် အစီအရင်ကို အသက်သွင်းတာက မိသားစုကြီးတွေရဲ့ တောင်းဆိုချက်ကြောင့် မှန်ပေမယ့်... ဒီသားရဲလှိုင်းက အရင်နှစ်ကြိမ်ထက် ပိုပြီး ပြင်းထန်လာမယ့်ပုံ ပေါ်နေတယ်...”

“အပြင်ဘက် ကာကွယ်ရေးအစီအရင်က ခံနိုင်ရည် ရှိမရှိတောင် မသေချာတော့ဘူး...”

အတွင်းပိုင်းကျင့်ကြံသူစျေးကတော့ ကာကွယ်ရေးအစီအရင် ရှိလို့ သဘာဝအတိုင်း ဘေးကင်းမှာပဲ။ ဒါပေမဲ့ အဲဒါက အပြင်ပိုင်း ကျင့်ကြံသူစျေးလည်း ဘာမှမဖြစ်ဘူးလို့ မဆိုလိုဘူး...”

ထိုသို့ ပြောပြီးနောက် အကြီးအကဲ ယွီက ထပ်မံ သက်ပြင်းချလိုက်သည်။

“ဟင်း...”

“နှမြောစရာပဲ။ ပုံမှန်အခြေအနေသာ ဆိုရင်တော့ အရင်ကတည်းက မင်းကို အတွင်းပိုင်းကျင့်ကြံသူစျေးထဲ နေနိုင်အောင် စီစဉ်ပေးနိုင်ခဲ့ရမှာ...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment