no

Font
Theme

စိတ်ပေါက်ကွဲသွားခြင်း

ဆယ်ရက်ဆက်တိုက် ဆေးဖော်စပ်ခဲ့ရသလို၊ အရင် တစ်လခွဲနီးပါးအချိန်ကိုပါ ထည့်တွက်လိုက်လျှင် စုစုပေါင်း နှစ်ဆယ့်ငါးရက် ရှိနေပြီဖြစ်သည်။

လင်းကျင်းသည် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးကို အကြိမ်ငါးဆယ်ကျော် ဖော်စပ်ပြီးဖြစ်သော်လည်း သန့်စင်အဆင့် ဆေးလုံးတစ်လုံးပင် မပေါ်လာသေးပေ။

ထို့အပြင် သူဝယ်ထားသော ဆေးဖော်စပ်ပစ္စည်းများလည်း အများစုမှာ ကုန်လုနီးပါး ဖြစ်သွားပြီဖြစ်ရာ လင်းကျင်းကို အတော်လေး စိတ်ဖိစီးစေခဲ့သည်။

‘ပထမအဆင့် ဆေးလုံးတွေရဲ့ အောင်မြင်နှုန်းအတိုင်းတွက်ရင် အကြိမ်ငါးဆယ်ကျော် ဖော်စပ်ထားပြီးသားဆိုတော့ သန့်စင်အဆင့်ဆေးလုံး နှစ်လုံးလောက်တော့ ထွက်လာသင့်တယ်လေ...’

‘ဆေးလုံးအဆင့် မြင့်လေလေ ဖြစ်လေလေ၊ သန့်စင်အဆင့်ပေါ်ဖို့ ပိုခက်လေလေ ဆိုတာများလား...’ လင်းကျင်း မတွေးဘဲ မနေနိုင်တော့ပေ။

ဒီကာလတစ်လျှောက် အဆက်မပြတ် ဆေးဖော်စပ်လာခဲ့သောကြောင့် သူ၏ကျွမ်းကျင်မှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ခံစားခဲ့ရသည်။ မျက်လုံးပိတ်ထားပြီးတောင် ဆေးဖော်နိုင်မည်ဟု ထင်မိလေသည်။

ထို့ကြောင့် ယနေ့တွင် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံး ကို မဖော်စပ်တော့ဘဲ အဆိပ်ဖြေဆေး တစ်ဖို ဖော်စပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အဆိပ်ဖြေဆေးကို အရင်တုန်းက အကြီးအကဲယွီက သန့်စင်အဆင့် တစ်လုံး ဖော်စပ်နိုင်ခဲ့ပြီး၊ ထိုဆေးကြောင့်ပင် သူနှင့်ရန်ငြိုးရှိသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကို အသက်ကယ်နိုင်ခဲ့လေသည်။

ထိုအဖြစ်အပျက်ကို လင်းကျင်း ယနေ့ထိ မှတ်မိနေသေးသည်။ ကံကောင်းသည်မှာ လင်းကျင်းက အမြဲ သိုသိပ်နေထိုင်ခဲ့သဖြင့် ထိုလူနှင့် ပြန်မဆုံခဲ့ရပေ။

သို့သော် ထိုလူ၏ မိသားစုတွင် ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ဦး ရှိနေသည်။ မမျှော်လင့်သော အခြေအနေများ မဖြစ်ပေါ်သရွေ့ သူသည် အတွင်းပိုင်းဈေးတန်း၌ နေထိုင်နေမည်သာ ဖြစ်သည်။

ထို့ကြောင့် အတွင်းပိုင်းဈေးတန်းသို့ သွားရောက်မှုကို လျှော့ချပြီး၊ သွားရမည်ဆိုလျှင်လည်း သတိထားပြီး သိုသိပ်စွာ လှုပ်ရှားနေသရွေ့ ထိုလူနှင့် ပြန်ဆုံရမည့် အခွင့်အရေးမှာ အလွန်နည်းပါးလှပေသည်။

စနစ်နေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်ပြီးနောက် လင်းကျင်းလည်း ဆေးဖော်စပ်ခန်းသို့ တိုက်ရိုက်သွားလိုက်ကာ စိတ်ကို ငြိမ်သက်စေပြီးနောက် ဝိညာဉ်ဆေးဖော်စပ်ပစ္စည်းများကို ပြုပြင်စီမံကာ မီးမွှေးလိုက်တော့သည်။

ပြင်ဆင်မှုအားလုံး ပြီးဆုံးသွားသောအခါ မီးအရှိန်ကို ဂရုတစိုက် ထိန်းချုပ်နေတော့သည်။

ဆယ်မိနစ်...

နှစ်ဆယ်မိနစ်…

သုံးဆယ်မိနစ်…

မကြာမီ နာရီဝက်ကျော်သွားခဲ့သည်။ ယခုတစ်ကြိမ်တွင် လင်းကျင်း မပင်ပန်းသေးပေ။

အမှန်တော့ ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်က သူ့အတွက် ထမင်းစား ရေသောက်သလိုပင် ဖြစ်နေခဲ့သည်။

အကြောင်းရင်းမှာ ယခင်ကာလအတွင်း ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးကို အကြိမ်ပေါင်းများစွာ ဖော်စပ်ခဲ့ရသောကြောင့်ပင်။

ဆေးဖော်ခြင်း ဆက်လက်ပြုလုပ်နေဆဲ... မကြာမီ... တစ်နာရီ ပြည့်သွားသည်။

ဆေးနံ့သင်းသင်းများ ပြည့်နှက်လာပြီး အခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

“ဒင်း!”

“စနစ်အသိပေးချက် - ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် သန့်စင်အဆင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့ပါသည်။ ဆုလာဘ်အဖြစ် ရိတ်သိမ်းမှတ် 10 မှတ် ရရှိသည်။”

“ဆေးဖော်စပ်မှု အောင်မြင်သည်။ ဆေးဖော်ကျွမ်းကျင်မှု +48”

နောက်ထပ် သန့်စင်အဆင့်ဆေးလုံး တစ်လုံး ထပ်မံပေါ်လာပြန်သည်။

လင်းကျင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ခါသွားသည်။ သူ တကယ်ကို စကားမပြောနိုင်တော့ပေ။

ယခုအချိန်တွင် ပထမဆုံး သန့်စင်အဆင့်ဆေးလုံး ဖော်စပ်နိုင်စဉ်ကလို စိတ်လှုပ်ရှားမှုမျိုးလည်း မရှိတော့ပေ။

‘ဖော်စပ်တဲ့ ဆေးအမျိုးအစား ပြောင်းလိုက်တာနဲ့ သန့်စင်အဆင့် ထွက်လာတယ်... မပြောင်းဘဲ ဆက်ဖော်စပ်နေတုန်းကတော့ ဘယ်လိုမှ မပေါ်ထွက်လာဘူး... မဟုတ်သေးဘူး... အရှိန်ကောင်းတုန်း ဆက်လုပ်ရမယ်...’

ထိုသို့ တွေးလိုက်ပြီး လင်းကျင်းသည် အချိန်မဖြုန်းရဲတော့ပေ။

စနစ်နေရာလွတ်မှ ချက်ချင်း ထွက်လာပြီး တရားထိုင်ကာ စိတ်စွမ်းအား ပြန်လည်ဖြည့်တင်းရန် စတင်လိုက်တော့သည်။

ထို့နောက် နှစ်နာရီကျော်ကြာ အနားယူပြီးနောက် ပြန်လည်အားပြည့်လာသော လင်းကျင်းသည် စနစ်နေရာလွတ်ထဲသို့ ထပ်မံဝင်ရောက်ကာ လက်ကျန်ပစ္စည်းများဖြင့် ကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံး တစ်ဖို ထပ်မံဖော်စပ်လိုက်သည်။

တစ်နာရီအကြာတွင် လင်းကျင်း၏ စိတ်ပျက်လက်ပျက် အော်ဟစ်သံနှင့်အတူ ယခုတစ်ကြိမ် ဆေးဖော်စပ်မှုလည်း ကျရှုံးသွားပြန်သည်။

ထို့နောက်... အရှုံးကို လက်မခံနိုင်သေးသော လင်းကျင်းသည် အနားမယူတော့ဘဲ ပထမအဆင့် စွမ်းအင်စုဆောင်းဆေးလုံး တစ်ဖိုကို တိုက်ရိုက် ဖော်စပ်လိုက်သည်။

နာရီဝက်တောင် မပြည့်သေးခင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

“ဒင်း!”

“စနစ်အသိပေးချက် - ဂုဏ်ယူပါသည်။ ပိုင်ရှင်သည် သန့်စင်အဆင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ခဲ့ပါသည်။ ဆုလာဘ်အဖြစ် ရိတ်သိမ်းမှတ် 5 မှတ် ရရှိသည်။”

“ဆေးဖော်စပ်မှု အောင်မြင်သည်။ ဆေးဖော်ကျွမ်းကျင်မှု +14”

ထိုအခါ လင်းကျင်းသည် လုံးဝ မထိန်းနိုင်တော့ပေ။

‘ဒီကိုယ်ခန္ဓာပြန်လည်နာလန်ထူကုသဆေးလုံးက ကျိန်စာသင့်နေတာ မဟုတ်ဘူးလား... မင်းက ငါ့ကို လာပြီး မျက်ခွက်လာပြောင်နေတာလားဟ!....’

ဆက်တိုက် ကျရှုံးနေခြင်းကြောင့် လင်းကျင်း၏ စိတ်တည်ငြိမ်မှု ပျက်စီးသွားခဲ့ပြီး မတော်တဆပင် အရင်ဘဝက အင်တာနက်စကားတစ်ခွန်းကို ထုတ်ပြောမိသွားသည်။

“ဟူး...”

‘စိတ်ငြိမ်... စိတ်ငြိမ်ငြိမ်ထား...’

လင်းကျင်းသည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။

အချိန်အတော်ကြာပြီးနောက် လင်းကျင်းက ဆေးလုံးများကို သိမ်းဆည်းလိုက်ပြီးနောက် စနစ်နေရာလွတ်မှ ထွက်လာခဲ့တော့သည်။

ယနေ့တော့ သူ အနားယူရန်သာ ဆုံးဖြတ်လိုက်တော့သည်။

---

နောက်တစ်နေ့တွင် လင်းကျင်း၏ စိတ်အခြေအနေမှာ တည်ငြိမ်သွားပြီ ဖြစ်ပြီး မနက်ပိုင်း၌ ဆေးဖော်စပ်ကြည့်သေးသော်လည်း သန့်စင်အဆင့်ဆေးလုံး တစ်လုံးမျှ ထွက်မလာသေးပေ။

မနေ့က ဖြစ်ပျက်ခဲ့သော အတွေ့အကြုံများကို ဖြတ်သန်းပြီးနောက် ယခုတော့ လင်းကျင်းသည် စိတ်အေးချမ်းမှုကို ရရှိသွားပြီဖြစ်ကာ ထိုကိစ္စကို အလွန်အကျွံ စိတ်ထဲမထားတော့ပေ။

ဆေးဖော်စပ်ပြီးနောက် မွန်းလွဲပိုင်းတွင် အပြင်သို့ ထွက်လာခဲ့သည်။ ဒီကာလအတွင်း ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းလည်း ဖြစ်ပေသည်။

ယခုတစ်ကြိမ်တွင် သူသည် အတွင်းပိုင်းဈေးတန်း သို့ မသွားဘဲ အပြင်ပိုင်းဈေးတန်းလမ်းများအတွင်းသာ လှည့်လည်ကြည့်ရှုနေခဲ့သည်။

အပြင်ပိုင်းဈေးတန်း၏ လမ်းမများမှာ အတွင်းပိုင်းဈေးတန်းနှင့် လုံးဝမယှဉ်နိုင်ပေ။

ဆိုင်အရေအတွက်ပင် များစွာ နည်းပါးပြီး၊ ပစ္စည်းများစွာကိုလည်း ဝယ်ယူ၍ မရနိုင်ပေ။

သို့သော် ဖျော်ဖြေရေးနေရာများမှာတော့ အပြင်ပိုင်းဈေးတန်းတွင် အလွန်ပေါများလှသည်။

ဥပမာ ပြည့်တန်ဆာအိမ်များ၊ လောင်းကစားရုံများ စသည်တို့....

အတွင်းပိုင်းဈေးတန်းရှိ အဆင့်မြင့်နေရာများလောက် မခမ်းနားသော်လည်း အရေအတွက် များပြားကာ စျေးလည်း သက်သာပေသည်။

ကျင့်ကြံမှု အဆင့်နိမ့်သူအများစုသည် ဝိညာဉ်ကျောက်တုံး အနည်းငယ် ရလာသည်နှင့် ထိုနေရာများသို့ သွားကာ စိတ်ဖြေလျော့လေ့ ရှိကြသည်။

ဥပမာ ကျန်းမိသားစု ညီအစ်ကိုနှစ်ယောက်....

နောက်ပိုင်း လင်းကျင်း၏ မျက်နှာချင်းဆိုင်အိမ်သို့ ပြောင်းလာသော အဆောင်ဆရာ တို့လည်း ထိုသို့ပင် ဖြစ်သည်...

ရုတ်တရက် လင်းကျင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

‘ငါ့မှာသာ စနစ်နေရာလွတ် မရှိခဲ့ရင်... ငါ့ဘဝက ဘယ်လိုများ ဖြစ်နေမလဲ... သူတို့လိုပဲ ငါလည်း အပျော်အပါးထဲ နစ်မြုပ်သွားမလား...’

သို့သော် မကြာမီပင် လင်းကျင်း ရယ်မောလိုက်သည်။

စနစ်နေရာလွတ် မရှိခဲ့လျှင် သူ အခုချိန်ထိ အသက်ရှင်နေမည်ပင် မဟုတ်ပေ။

---

အပြန်လမ်းတွင် လင်းကျင်းသည် မုန့်ဆိုင်တစ်ဆိုင်ကို တွေ့လိုက်သည်။ လော့လော့ ကို မတွေ့ရတာကြာပြီဖြစ်ကြောင်း သတိရသွားသဖြင့် မုန့်အချို့ ဝယ်ယူကာ ပြန်ယူသွားလိုက်သည်။

အိမ်ပြန်ရောက်ပြီးနောက် လော့လော့ကို မုန့်များ ပေးလိုက်ရာ ကလေးမလေးမှာ အလွန်ပျော်ရွှင်သွားပြီး လင်းကျင်းနှင့် အချိန်အတော်ကြာ စကားစမြည် ပြောနေတော့သည်။

ညနေပိုင်းရောက်သောအခါ နင်ယွဲ့က ဟင်းပွဲအပြည့်အစုံ ချက်ပြုတ်ထားပြီး လင်းကျင်းကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။

လော့လော့ကလည်း သူ၏ အင်္ကျီလက်ကို ဆွဲကာ ချွဲနွဲ့နေခဲ့သည်။

စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်လိုက်ရင်း လင်းကျင်း ရုတ်တရက် သတိရသွားကာ သူ ထမင်းဟင်းမချက်ခဲ့သည်မှာ အတော်ကြာနေပြီဖြစ်သည်။

ချီစုဆောင်းခြင်း အလယ်အလတ်အဆင့် သို့ ရောက်ပြီးကတည်းက သူသည် အစာမစားဘဲ နေနိုင်လာခဲ့သည်။ ထိုအချိန်မှစ၍ သူ ဟင်းချက်ခဲသွားတော့သည်။

နင်ယွဲ့သည်လည်း ချီစုဆောင်းခြင်း အထွတ်အထိပ်အဆင့် သို့ ရောက်ရှိနေပြီးသားဖြစ်ကာ အစာမစားဘဲ နေနိုင်သည်။

သို့သော် လော့လော့ ရှိနေသဖြင့် သူမသည် နေ့တိုင်း ထမင်းဟင်း ချက်ပြုတ်ပြီး သမီးနှင့်အတူ စားသောက်လေ့ရှိသည်။

လင်းကျင်းလည်း ငြင်းဆန်မနေတော့ဘဲ နေခဲ့လိုက်သည်။

ညစာစားပြီးနောက် သူသည် လော့လော့နှင့် ခဏတာ ကစားပေးပြီးမှ ကိုယ့်အိမ်သို့ ပြန်လာခဲ့သည်။

နောက်တစ်နေ့တွင် မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာ၏။

ဝေကျန့်ချင်း ပြန်ရောက်လာခဲ့သည်။

သို့သော် ပြင်းထန်စွာ ဒဏ်ရာရထားပြီး သေမင်းတံခါးဝနားအထိ ရောက်နေသည့် အခြေအနေဖြစ်သည်။

သူ့ကို ပြန်ခေါ်လာခဲ့သူမှာ ယန်ရှုံ ပင်။

ထိုသတင်းကို ကြားလိုက်သည်နှင့် လင်းကျင်းသည် နင်ယွဲ့၊ လော့လော့တို့နှင့်အတူ ချက်ချင်း သွားကြည့်လိုက်သည်။

ဝေကျန့်ချင်း၏ အိမ်ဝင်းထဲ ဝင်လိုက်သည်နှင့် လော့လော့က ရှေ့သို့ ချက်ချင်း ပြေးထွက်သွားပြီး

“ဦးလေးဝေ့!”

လင်းကျင်းနှင့် နင်ယွဲ့တို့လည်း နောက်မှ လိုက်ဝင်လာကြသည်။

အိမ်ထဲ ဝင်လိုက်သည်နှင့် သွေးညှီနံ့ ပြင်းပြင်းတစ်ခု နှာခေါင်းထဲ ဝင်လာသည်။ လင်းကျင်း မျက်မှောင်ကြုတ်သွားကာ အိပ်ရာဘက်သို့ လှမ်းကြည့်လိုက်သည်။

အိပ်ရာပေါ်တွင် ဝေကျန့်ချင်း လဲလျောင်းနေသည်။ သူ့တစ်ကိုယ်လုံးကို အဖြူရောင် ပတ်တီးများဖြင့် ပတ်ထားပြီး နေရာအတော်များများတွင် သွေးများ စိမ့်ထွက်နေကာ ပတ်တီးများကို နီရဲစေခဲ့သည်။ အိပ်ရာခင်းပေါ်တွင်ပင် သွေးစွန်းရာများ ပြန့်နှံ့နေသည်။

အိပ်ရာဘေး၌ ယန်ရှုံ ရပ်နေကာ သူ့မျက်လုံးများထဲတွင် ဒေါသများအပြည့် ဖိနှိပ်ထားလေသည်။

ထိုအချိန်တွင် လော့လော့သည် ပြတင်းပေါက်နားသို့ ပြေးသွားပြီး ဝေကျန့်ချင်းကို ကြည့်ကာ မျက်ရည်များ တဖျောက်ဖျောက် ကျလာသည်။

“ဦးလေးဝေ... ဘာဖြစ်သွားတာလဲ….” မေးရင်း လော့လော့ ငိုကြွေးလိုက်တော့သည်။

ဝေကျန့်ချင်းက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လော့လော့၏ ခေါင်းလေးပေါ် တင်ကာ တိုးတိုးလေး ပြောသည်။

“လိမ္မာတဲ့ လော့လော့ မငိုနဲ့... စိတ်ချပါ... ဦးလေးဝေ ရက်နည်းနည်းကြာရင် ကောင်းသွားမှာ...”

“အဟွတ်… အဟွတ်… အဟွတ်...”

စကားပြီးသည်နှင့် သူ ပြင်းပြင်းထန်ထန် ချောင်းဆိုးလာသည်။

ထို့နောက် “ဖွတ်စ်!” သွေးတစ်လုတ် အန်ထုတ်လိုက်တော့သည်။

နင်ယွဲ့သည် ချက်ချင်း ရှေ့တိုးသွားပြီး သူ့ကို ထိန်းပေးလိုက်ကာ လင်းကျင်းလည်း အနားသို့ ကပ်သွားသည်။ သွေးအိုင်ကို မြင်လိုက်ရသောအခါ သူ မျက်မှောင်ပိုကြုတ်သွားတော့သည်။

ထိုသွေးများမှာ အနက်ရောင်ဖက်သန်းနေသော အနီရင့်ရောင် ဖြစ်ပြီး အတွင်းအင်္ဂါ အစိတ်အပိုင်း အချို့ပါ ရောနှောနေပေသည်။

လင်ကျင်းသည် ဘေးတွင် ရပ်နေသော ယန်ရှုံကို လှည့်ကြည့်ကာ မေးလိုက်သည်။

“အစ်ကိုယန်... ဘာတွေ ဖြစ်ခဲ့တာလဲ... အစ်ကိုဝေ ဘယ်လိုလုပ် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရတာလဲ....”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment