no

Font
Theme

အပြစ်အနာအဆာကင်းဓား

လင်းကျင်းသည် ထိုလူများနှင့် ယခင်က မည်သည့်အဆက်အသွယ်မျှ မရှိခဲ့ဖူးသလို၊ သူတို့က မည်သို့သောလူစားမျိုးများဖြစ်ကြောင်းလည်း မသိပေ။

အခြားသူများကို သတိထားကာကွယ်ရန်မှာ မရှိမဖြစ်လိုအပ်သည်။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် ပို၍ပင် သတိထားရမည်ဖြစ်သည်။

သူတို့ကို အထဲဝင်ခွင့်ပေးလိုက်ပါက မည်မျှဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မည်သူသိနိုင်မည်နည်း။

ထို့ကြောင့် လင်းကျင်းသည် စွန့်စားရန် မဝံ့ရဲပေ။ ထို့အပြင် လောင်းကြေးထပ်ရန်လည်း မဖြစ်နိုင်ပေ။

သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေကာမူ လင်းကျင်းက ထိုလူများကို အထဲဝင်ခွင့်ပြုမည် မဟုတ်ပေ။

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသည် လင်းကျင်း၏သဘောထားကို မြင်လိုက်ရသောအခါ မျက်နှာမှာ အလွန်အမင်း မကောင်းတော့ပေ။ ဒေါသကို အတင်းဖိနှိပ်ထားရင်း ပြောလိုက်သည်။

“တာအိုရောင်းရင်းက တကယ်ကို ရက်စက်လွန်းတာပဲ။ တူညီတဲ့လမ်းစဉ်က လူသားတွေ သေတော့မယ်ဆိုတာကို မြင်နေရတာတောင် မကူညီနိုင်ဘူးလား....”

“ဟုတ်တယ်၊ ခင်ဗျားတို့က အရမ်းကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်...”

“တူညီတဲ့လမ်းစဥ်က လူသားတွေ ဒုက္ခရောက်နေတာကို ကြုံနေရတာတောင် ကယ်ဖို့ မလုပ်ဘူး။ ခင်ဗျားတို့မှာ အသိစိတ်ဆိုတာ မရှိကြတော့ဘူးလား...”

“ဟုတ်တယ်၊ ဟုတ်တယ်...”

ခဏအတွင်းမှာပင် လူတိုင်းက လင်းကျင်းတို့အဖွဲ့ကို စွပ်စွဲအပြစ်တင်လာကြပြီး စကားများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။

“မေမေ၊ ဦးလေး လင်းက ဘာလို့ သူတို့ကို အထဲဝင်ခွင့်မပေးတာလဲဟင်...”

လော့လော့က ခေါင်းလေးမော့ကာ နင်ယွဲ့ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

နင်ယွဲ့က လော့လော့၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ရင်း နူးညံ့စွာ ပြောလိုက်သည်။

“ဦးလေး လင်းက မှန်ကန်တဲ့အရာကို လုပ်နေတာပါ... သမီးက ငယ်သေးတယ်... သမီး ကြီးလာရင် နားလည်သွားလိမ့်မယ်...”

“အို့...”

လော့လော့က “အို့” ဟုသာ ပြောလိုက်ပြီး နောက်ထပ်မမေးတော့ဘဲ နင်ယွဲ့၏ရင်ခွင်ထဲသို့သာ ခေါင်းလေးတိုးဝင်သွားလေသည်။

ထိုဆူညံသံများကြောင့် ယန်ရှုံမှာ စိတ်အနှောင့်အယှက်ဖြစ်လွန်း၍ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

“မင်းတို့အားလုံး တတ်နိုင်သမျှ ဝေးဝေးသွားကြစမ်း...”

“ငါ့ကို ဒေါသထွက်အောင် မလုပ်နဲ့ မဟုတ်ရင် မင်းတို့တစ်ယောက်ချင်းစီကို ဓားတစ်ချက်တည်းနဲ့ ခုတ်သတ်ပစ်မယ်...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူဘေးမှ အနက်ရောင်အင်္ကျီဝတ် လူတစ်ယောက်က ယန်ရှုံကို ပြန်စိန်ခေါ်လိုက်သည်။

“ချီစုဆောင်းခြင်းအဆင့်က အမှိုက်တစ်ကောင်ကများ ဒီလောက်မာန်တက်ရဲသေးတယ်။ စောင့်ကြည့်နေလိုက်...”

ပြောပြီးနောက် သူက အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“အစ်ကိုကြီး၊ ကြည့်ရတာ သူတို့က အစီအရင်ကို ဖွင့်ပေးဖို့ မရည်ရွယ်ထားဘူးထင်တယ်... ဘာလို့ တိုက်ရိုက် ဝင်မစီးနင်းတာလဲ... သူတို့အားလုံးကို သတ်ပြီး အဲဒီကာကွယ်ရေးအစီအရင်ပြားကို လုယူလိုက်ရအောင်လေ...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက အစီအရင်ကို ခဏမျှ စူးစမ်းကြည့်ပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။

“ဒီအစီအရင်ကို ဖျက်ဖို့ ဒီလောက်မလွယ်ကူနေဘူး...”

အနက်ရောင်အင်္ကျီဝတ်လူက ထိုစကားကို အရေးမထားဘဲ ပြောလိုက်သည်။

“အစ်ကိုကြီး၊ ခင်ဗျားက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုရှိတယ်လေ... ပြီးတော့ အဆင့်မြင့် မှော်ရတနာတစ်ခုလည်း ရှိသေးတယ်မဟုတ်လား.. ဒီအစီအရင်ကို ဖျက်ဖို့က ခင်ဗျားအတွက် လက်ဖဝါးပေါ်က ရေစက်လေးလို မလွယ်ကူနေဘူးလား..”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ အနီးတစ်ဝိုက်ရှိ အဆောက်အအုံများမှာ ပြိုကျပျက်စီးနေပြီး နေရာတိုင်းတွင် အပျက်အစီးများသာ ပြည့်နှက်နေသည်။

သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“နတ်ဆိုးသားရဲလှိုင်းက ဒီနေရာကို ရှင်းရှင်းလင်းလင်း ဖြတ်သန်းသွားခဲ့တာပဲ... ဒါပေမဲ့ ဒီအစီအရင်က မပျက်စီးဘဲ ကျန်နေသေးတယ်... ဒါက ဒီအစီအရင်ရဲ့ ခုခံကာကွယ်နိုင်စွမ်းက သာမန်မဟုတ်ဘူးဆိုတာ ပြနေတာဘဲ... ဆိုတော့ ဖျက်ဖို့ မလွယ်ကူလောက်ဘူး....”

ပြောပြီးနောက် သူ၏အကြည့်ကို ခုခံကာကွယ်ရေးအစီအရင်အတွင်းရှိ လင်းကျင်းတို့ထံ ပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။

“တာအိုရောင်းရင်း၊ နောက်ဆုံးတစ်ကြိမ် သတိပေးမယ်... ခုခံကာကွယ်ရေးအစီအရင်ကို ဖွင့်ပေးလိုက်တာ အကောင်းဆုံးပဲ...”

“မဟုတ်ရင် ကျုပ်တို့ ဒီလောက်များတဲ့လူတွေ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ရင် ခင်ဗျားရဲ့အစီအရင်က ခံနိုင်မှာ မဟုတ်ဘူး...”

“ကောင်စုတ်... မင်း...”

ယန်ရှုံမှာ ဒေါသထွက်လွန်း၍ ဓားကိုပင် ဆုပ်ကိုင်ထားပြီးဖြစ်သည်။

သို့သော် သူ့ကို လင်းကျင်းက တားဆီးလိုက်လေသည်။

“လောင်ယန်၊ စိတ်ကိုထိန်းထားပါ... သူတို့က ခင်ဗျားကို ရန်စဖို့ ကြိုးစားနေတာပဲ... အာရုံစိုက်နေစရာ မလိုဘူး...”

“စိတ်ချထားလိုက်ပါ... ဒီအစီအရင်က ဖျက်ချင်တိုင်း ဖျက်လို့ရတဲ့ အရာမျိုး မဟုတ်ဘူး...”

ပြောပြီးနောက် လင်းကျင်းသည် အပြင်ဘက်ရှိ လူများကို ဆက်လက်ဂရုမစိုက်တော့ဘဲ တင်ပျဉ်ခွေထိုင်ချလိုက်သည်။

လင်းကျင်း၏ အလျှော့မပေးသော သဘောထားကို မြင်လိုက်ရသောအခါ အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားကာ အေးစက်သောအကြည့်နှင့် လေသံဖြင့် ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ ကျုပ်တို့ မယဉ်ကျေးတော့တာကို အပြစ်မတင်နဲ့တော့ပေါ့....”

ပြောပြီးနောက် သူက နောက်ဘက်ရှိ ကျင့်ကြံသူအုပ်စုကို လှည့်ကာ အော်ပြောလိုက်သည်။

“အားလုံးပဲ၊ ဒီအစီအရင်ကို ထိန်းချုပ်နေတဲ့သူက အရမ်းရက်စက်လွန်းတယ်။ ကျုပ်တို့ရဲ့ အသက်တွေကို လုံးဝ ဂရုမစိုက်ဘူး။ ဒါကြောင့် နောက်ထပ် သည်းခံနေဖို့ မလိုတော့ဘူး။ အားလုံးပေါင်းပြီး ဒီအစီအရင်ကို ဖျက်ကြမယ်....”

ထိုသို့ပြောပြီးနောက် အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက လူအုပ်ကို လှည့်ပတ်ကြည့်လိုက်သည်။

“ကောင်းတယ်...”

“သူက ရက်စက်မှတော့ ကျုပ်တို့လည်း သစ္စာစောင့်သိစရာ မလိုတော့ဘူး....”

“သူ့ရဲ့ အစီအရင်ပြားကိုသာ လုယူလိုက်ကြ... ဒီလိုရတနာမျိုးကို သူ့လိုလူက ပိုင်ဆိုင်ဖို့ လုံးဝ မထိုက်တန်ဘူး....”

“ဒီလိုလူမျိုးက ကျင့်ကြံခြင်းလောကထဲမှာ ရှိနေဖို့တောင် မထိုက်တန်ဘူး။ ကျုပ်ကတော့ သူ့ဆီကနေ လုယူတာကို အပြည့်အဝ ထောက်ခံတယ်...”

လူအုပ်ထဲတွင် တရားမျှတမှုအတွက် ဒေါသထွက်နေသည့်ပုံစံများ ပျံ့နှံ့သွားပြီး လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်ကြတော့သည်။

လူအုပ်၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၏ မျက်နှာပေါ်တွင်လည်း အပြုံးအနည်းငယ် ပေါ်လာခဲ့သည်။

“အားလုံးပဲ၊ တိတ်တိတ်နေကြပါဦး...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက လက်မြှောက်ကာ အချက်ပြလိုက်ရာ လူတိုင်း ချက်ချင်း စကားရပ်သွားပြီး သူ့ကို လှည့်ကြည့်လိုက်ကြသည်။

“ကျုပ် ပြောတာ နားထောင်ပါ...”

“ကျုပ်ဆီမှာ စွမ်းအားကြီးမားတဲ့ အဆင့်မြင့် မှော်ရတနာတစ်ခု ရှိတယ်...”

“ကျုပ်မှာ အကြံတစ်ခုရှိတယ်...”

“အချိန်တန်ရင် အားလုံးက အစီအရင်ရဲ့ တစ်နေရာတည်းကို မှော်ပစ္စည်းတွေနဲ့ အရင်တိုက်ခိုက်ကြမယ....။”

“ပြီးရင် ကျုပ်ရဲ့ မှော်ရတနာနဲ့ နောက်ထပ် ထပ်ဆင့်တိုက်ခိုက်မှုတစ်ခု လုပ်မယ်...”

“အားလုံး မျှော်လင့်ထားသလို ဖြစ်လာမယ်ဆိုရင် ဒီအစီအရင်ကို ဖောက်ထွင်းနိုင်မယ့် အခွင့်အရေးက အရမ်းများတယ်...”

“ကျုပ်ရဲ့ အကြံကို ဘယ်လိုမြင်ကြလဲ....”

ထိုစကားကို ကြားပြီးနောက် လူအုပ်ထဲတွင် အစပိုင်း၌ ဆူညံသွားသော်လည်း မကြာမီတွင် တစ်ယောက်ပြီးတစ်ယောက် သဘောထားဖော်ပြလာကြသည်။

“ကျုပ် သဘောတူတယ်...”

ပထမဆုံး သဘောတူသံ ထွက်ပေါ်လာပြီးနောက် ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူကြောင်း ပြောလာကြသည်။

“ကျုပ်လည်း သဘောတူတယ်။”

“ကျုပ်လည်း ပါတယ်...”

“ကျုပ်လည်း အတူတူပဲ...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက လူအုပ်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်...”

ပြောပြီးနောက် အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက အစီအရင်၏ နေရာတစ်ခုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ခဏနေရင် အားလုံး ဒီနေရာကို တိုက်ခိုက်ကြ။ ခင်ဗျားတို့ရဲ့ တိုက်ခိုက်မှုတွေ ကျရောက်သွားတာနဲ့ ကျုပ်က ဆက်ပြီး တိုက်ခိုက်မယ်....”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ ပြောပြီးသွားသောအခါ လူတိုင်းက မိမိတို့၏ မှော်ပစ္စည်းများကို ထုတ်ယူလိုက်ကြသည်။

သို့သော် အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကတော့ လုံးဝ လှုပ်ရှားမှုမရှိသေးပေ။

ထို့ကြောင့် တစ်ယောက်က မေးလိုက်သည်။

“ခင်ဗျားရဲ့ အဆင့်မြင့် မှော်ရတနာက ဘယ်မှာလဲ....”

ကျန်သူများလည်း ခေါင်းလှည့်ကာ အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ကြည့်လိုက်ကြသည်။

“အစကတည်းက ဒီမှာ ရှိနေတာပဲ....”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက ထိုသို့ပြောရင်း ခုနက မေးခွန်းထုတ်ခဲ့သူကို လျှို့ဝှက်ဆန်သော အပြုံးဖြင့် ကြည့်လိုက်သည်။

ထိုလူက သူ့ရဲ့ လည်ပင်းနားတွင် အေးစက်မှုတစ်ခု ရောက်လာသလို ခံစားလိုက်ရပြီး အလျင်အမြန် ငုံ့ကြည့်လိုက်သည်။

ထိုအခါ မည်သည့်အချိန်က ပေါ်လာမှန်းမသိသော မမြင်ရသည့် ဓားရှည်တစ်လက်ကို တွေ့လိုက်ရသည်။

ထိုဓားသည် သူ၏လည်ချောင်းပေါ်တွင် တိတ်ဆိတ်စွာ ထောက်ထားပြီး ဖြစ်နေသည်။

ထိုလူမှာ ချက်ချင်းပင် ချွေးစေးများ ပြန်လာတော့သည်။ သူ့အနီးရှိ လူများလည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် ဤမြင်ကွင်းက အလွန်ထူးဆန်းလွန်းနေသောကြောင့်ပင်။

“အားလုံးပဲ...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက စတင်ပြောလိုက်သည်။

“ဒါက ကျုပ်ရဲ့ အဆင့်မြင့် မှော်ရတနာ - ‘အပြစ်အနာအဆာကင်းဓား’ ပဲ…”

“ဒီဓား တိုက်ခိုက်တဲ့အချိန်မှာ အသံမရှိဘူး၊ အရိပ်မရှိဘူး၊ အလင်းရောင်မရှိဘူး။ အလွန်ဖုံးကွယ်နိုင်တဲ့အပြင် စွမ်းအားလည်း ကြီးမားတယ်...”

“မမြင်ရ၊ အရိပ်မရှိတဲ့ သဘောသဘာဝကြောင့် အပြစ်အနာအဆာကင်းဓားလို့ အမည်ပေးထားတာပဲ...”

“ဒီအစီအရင်ထဲက ရက်စက်တဲ့လူက ကျုပ်တို့ကို နတ်ဆိုးသားရဲတွေရဲ့ လက်ထဲမှာ သေစေချင်တာသာ မဟုတ်ရင် ကျုပ်က အပြစ်အနာအဆာကင်းဓားကို ထုတ်ပြမှာ မဟုတ်ဘူး...”

“အနာဂတ်မှာ အားလုံး ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်လို့ မျှော်လင့်ပါတယ်....”

(ဘာသာပြန်သူမှတ်ချက်။ 无瑕剑 ဝူရှာကျန့် Flawless Sword လို့ အမည်ရတဲ့ ဓားပါ၊ မြန်မာဘာသာပြန်ရင် အပြစ်အနာအဆာကင်းသောဓားပေါ့။ အစကတော့ တရုတ်နာမည်ဘဲ ရေးမလို့ပါ၊ သို့သော်နောက်ပိုင်း ဇာတ်ကွက်တွေအတွက် စာဖတ်သူများ အဓိပ္ပါယ်ဖော်ရလွယ်အောင် အပြစ်အနာအဆာကင်းဓားလို့ဘဲ ဘာသာပြန်ပေးလိုက်ပါတယ်)

စဉ်းစားကြည့်လိုက်သောအခါ အပြစ်အနာအဆာကင်းဓားသည် အမှန်တကယ်ပင် ရုတ်တရက်တိုက်ခိုက်မှုများအတွက် အသင့်တော်ဆုံး ဖြစ်ပုံရသည်။

ယခုလို ထုတ်ဖော်ပြသလိုက်ခြင်းက အခြားသူများကို ကြိုတင်သတိထားနိုင်မည့် အခွင့်အရေး ပေးလိုက်သလို မဟုတ်ပေလော။

ထိုအတွေးကြောင့် လူအုပ်၏ သူ့အပေါ် အမြင်ကောင်းမှုမှာ သိသိသာသာ မြင့်တက်သွားတော့သည်။

“တာအိုရောင်းရင်း၊ စိတ်ချပါ။ ကျုပ်တို့က ခင်ဗျားရဲ့ လျှို့ဝှက်လက်နက်ကို ဘယ်တော့မှ ဖော်ထုတ်မှာ မဟုတ်ဘူး...”

“စိတ်အေးအေးထားပါ၊ တာအိုရောင်းရင်း။ ကျုပ်တို့ ဒီလျှို့ဝှက်ချက်ကို သေချာပေါက် ထိန်းသိမ်းပေးမယ်...”

ထိုအချိန်တွင် အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူဘေးရှိ အနက်ရောင်ဝတ်ရုံနှင့် လူကလည်း ရှေ့တိုးလာပြီး ထောက်ခံပြောဆိုလိုက်သည်။

“အားလုံးရဲ့ ဘေးကင်းရေးအတွက် ကျုပ်ရဲ့အစ်ကိုကြီးက အပြစ်အနာအဆာကင်းဓားလို အဆင့်မြင့် မှော်ပစ္စည်းကိုတောင် ထုတ်ဖော်ပြသခဲ့တယ်...”

“ကျုပ်ထင်တာတော့ အစီအရင်ကို ဖျက်ပြီး အစီအရင်ပြားကို သိမ်းယူပြီးရင် အဲဒါကို ကျုပ်အစ်ကိုကြီးက ထိန်းချုပ်သင့်တယ်လို့ မြင်တယ်...”

“ကျုပ်အစ်ကိုကြီးရဲ့ အကျင့်စရိုက်ကို အားလုံး မြင်ပြီးကြပြီ ထင်တယ်...”

“သူက အစီအရင်ထဲက လူတွေလို တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်ဘူး။ အားလုံးရဲ့ ဘေးကင်းရေးကိုလည်း သေချာပေါက် အာမခံပေးလိမ့်မယ်....။”

“ကျွန်ုပ် သဘောတူတယ်....”

ပထမဆုံး ထောက်ခံပြောဆိုသူမှာ အမှန်တကယ်တော့ ခုနက အပြစ်အနာအဆာကင်းဓားကို လည်ချောင်းပေါ် ထောက်ခံထားခဲ့ရသော လူပင် ဖြစ်သည်။

သူ စတင်ပြောဆိုလိုက်ပြီးနောက် ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူကြောင်း ဖော်ပြလာကြသည်။

နောက်ဆုံးတွင် ကန့်ကွက်သူ တစ်ယောက်မျှ မရှိတော့ဘဲ အားလုံးက ခေါင်းညိတ်သဘောတူလိုက်ကြသည်။

“အားလုံးမှာ ကန့်ကွက်ချက်မရှိတော့ဘူးဆိုရင် ကျုပ်ရဲ့ အမိန့်အတိုင်း လုပ်ဆောင်ကြ...”

အနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူက လှည့်ကာ အစီအရင်၏ နေရာတစ်ခုကို လက်ညှိုးထိုးလိုက်သည်။

“တိုက်ခိုက်ကြ....”

ထို့နောက် ကောင်းကင်အလယ်တွင် ရောင်စုံအလင်းတန်းများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။

မှော်ပစ္စည်းမျိုးစုံမှ ထွက်ပေါ်လာသော အလင်းရောင်များက တစ်ခုနှင့်တစ်ခု ယှက်နွယ်ပေါင်းစပ်သွားပြီး ရောင်စုံအလင်းစီးကြောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အစီအရင်ထံသို့ အလွန်မြန်ဆန်သော အရှိန်ဖြင့် ပြေးဝင်သွားတော့သည်။

ထိုအလင်းရောင်များသည် ရောင်စုံဖဲကြိုးရှည်တစ်ခုကဲ့သို့ လှပတင့်တယ်လွန်းလှပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment