no

Font
Theme

အကဲဖြတ်စစ်ဆေးခြင်း

အသံက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အလင်းရောင်တစ်စင်း ပေါ်ထွက်လာ၏။

ထို့နောက် သူတို့ရှေ့ရှိ အစီအရင်က နှစ်ဖက်သို့ ခွဲဖွင့်သွားကာ လူတစ်ယောက် ဖြတ်သန်းသွားနိုင်လောက်သည့် လမ်းကြောင်းတစ်ခု ပေါ်လာ၏။

အကြီးအကဲ ယွီက အတွင်းသို့ ဝင်သွားပြီး လင်းကျင်းကို လိုက်လာရန် လက်ဟန်ပြလိုက်သည်။

လင်းကျင်းက ခေါင်းညိတ်ကာ အကြီးအကဲ ယွီ၏ နောက်မှ အနီးကပ် လိုက်ဝင်သွားသည်။

အတွင်းသို့ ရောက်သွားပြီးနောက် လင်းကျင်းသည် အခန်းထဲကို ကြည့်လိုက်ရာ အလွန်ရိုးရှင်းသည့် အပြင်အဆင်များသာ ရှိနေကြောင်း တွေ့လိုက်ရသည်။

သို့သော် ထိုနေရာရှိ ဝိညာဉ်စွမ်းအင်မှာ အလွန်သိပ်သည်းကြွယ်ဝလွန်းလှပြီး လင်းကျင်းကိုပင် အံ့အားသင့်သွားစေခဲ့သည်။

ဒီနေရာရှိ ဝိညာဉ်စွမ်းအင်သည် သူ၏ နေရာလွတ်စနစ်ထဲမှ ဝိညာဉ်စွမ်းအင်ထက်ပင် ပိုမိုကြွယ်ဝနေသည်။

ယွဲ့ပေါင်လော၏ အုပ်ချုပ်သူတစ်ဦး နေထိုင်သည့် နေရာဖြစ်သည်နှင့် လိုက်ဖက်လှပေသည်။

သူတို့သည် ဝင်ပေါက်ရှိ ကန့်လန့်ကာနောက်သို့ လျှောက်သွားကာ အခန်းအတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကြသည်။

အခန်းထဲတွင် လင်းကျင်းသည် မုတ်ဆိတ်ဖြူရှည်ရှည်နှင့် အဘိုးအိုတစ်ဦး တရားထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ ရောက်လာသည်နှင့် အဘိုးအိုက မျက်လုံးဖွင့်ကာ သူတို့နှစ်ဦးကို ကြည့်လိုက်၏။

လင်းကျင်းက ထိုလူကို မှတ်မိသွားလေသည်။

သားရဲအရေးအခင်းနေ့က အတွင်းကျင့်ကြံသူစျေး၏ တာဝန်ခံနှင့်အတူ ရှိနေခဲ့သော ရွှေအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ပေလော။

“ဒီပုဂ္ဂိုလ်က နန်ရှန်စျေးရှိ ယွဲ့ပေါင်လောကို တာဝန်ယူစီမံနေတဲ့ အကြီးအကဲ ပိုင်ပဲ...”

အကြီးအကဲ ယွီက လင်းကျင်းအား မိတ်ဆက်ပေးလိုက်သည်။

“လူငယ်မျိုးဆက် လင်းကျင်းက အကြီးအကဲ ပိုင်ကို ဂါရဝပြုပါတယ်...”

လင်းကျင်းက ဦးညွှတ်အရိုအသေပေးလိုက်သည်။

(ဘာသာပြန်သူ မှတ်ချက်။ တကယ်က ဂျူနီယာလို့ သုံးထားတာပါ။ ဖတ်ရကောင်းအောင် ယဥ်ကျေးမှု လေးစားသမျှရှိအောင် လျှာရှည်ပြီး လူငယ်မျိုးဆက်လို့ သုံးပေးထားတာပါ။)

အကြီးအကဲ ပိုင်က ခေါင်းညိတ်လိုက်ပြီး လင်းကျင်းကို တစ်ချက် အကဲခတ်ကြည့်ကာ အကြီးအကဲ ယွီဘက်သို့ လှည့်၍ ပြောလိုက်သည်။

“အခု ဒီကို ခေါ်လာတာ ဘာလို့လဲ... သူက တကယ်ပဲ အမြင့်ဆုံးအဆင့် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီလား...”

“ဟုတ်တယ်...” အကြီးအကဲ ယွီက ပြန်ဖြေကာ ဆေးလုံးထည့်ထားသည့် ကြွေပုလင်းကို လှမ်းပေးလိုက်သည်။

အကြီးအကဲ ပိုင်က ပုလင်းကို လက်ခံယူပြီး အဖုံးဖွင့်လိုက်ပြီးနောက် ဆေးလုံးကို ထုတ်ယူကာ သေချာစစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။

“အင်း... ဒါက တကယ်ပဲ အမြင့်ဆုံးအဆင့် ဆေးလုံးပဲ...”

“ဒါပေမဲ့…”

အကြီးအကဲ ပိုင်၏ လေသံက ပြောင်းလဲသွားပြီး ဆက်ပြောလိုက်သည်။

“ဆေးလုံးတစ်လုံးတည်းနဲ့တော့ ဘာမှ သက်သေ မပြနိုင်သေးဘူး...”

“အကြီးအကဲ ယွီက မင်းရဲ့ ပါရမီက အံ့ဩဖို့ကောင်းတယ်လို့ ပြောပေမဲ့ ငါကတော့ မင်း ဆေးဖော်စပ်တာကို ကိုယ်တိုင် မမြင်ဖူးသေးဘူး...”

“ပြီးတော့ ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်လာဖို့ဆိုတာ အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးတည်းနဲ့ ရနိုင်တဲ့ အရာမဟုတ်ဘူး....”

“အကြီးအကဲ ပိုင်၊ အရင်တစ်ခေါက်တုန်းက ခင်ဗျား ပြောခဲ့တာက...”

အကြီးအကဲ ယွီက ချက်ချင်း ဝင်ပြောလိုက်သော်လည်း အကြီးအကဲ ပိုင်က လက်မြှောက်၍ တားလိုက်သည်။

“အကြီးအကဲ ယွီ၊ ခင်ဗျားက အရမ်းစိတ်လောနေပြီ...”

“ပါရမီရှိတဲ့ လူတစ်ယောက် အရည်အချင်းတွေ မပျက်စီးသွားစေချင်တာ၊ ဆေးဖော်စပ်ခြင်းလမ်းစဉ်မှာ ဒီလို ပါရမီမျိုးရှိတဲ့သူ တိမ်မြုပ်မသွားစေချင်တာကို ကျုပ် နားလည်တယ်...”

“ဒါပေမဲ့ အမြဲတမ်း လူတစ်ယောက်က သတိထားနေရမှာပဲ...”

“အကယ်၍ သူက အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးနဲ့ပဲ ခင်ဗျားကို လှည့်စားလိုက်ရင် ဘယ်လိုလုပ်မလဲ။ အတွင်းပိုင်းကျင့်ကြံသူစျေးထဲ ဝင်ချင်လို့ အသည်းအသန် ကြိုးစားနေတဲ့သူ ဘယ်လောက်များတယ်ဆိုတာ ခင်ဗျား သိရဲ့လား...”

“ဒါကြောင့် ဒီလူကို ကျုပ်ကိုယ်တိုင် အကဲဖြတ်စစ်ဆေးဖို့ လိုတယ်....”

“ဒါပေမဲ့…”

အကြီးအကဲ ယွီက ဆက်ပြောချင်နေသေးသော်လည်း လင်းကျင်းက သူ့ကို ဝင်တားလိုက်သည်။

“အကြီးအကဲ ယွီ၊ ထပ်ပြီး ပြောနေဖို့ မလိုတော့ပါဘူး....”

အကြီးအကဲ ယွီက ခေါင်းလှည့်ကာ လင်းကျင်းကို ကြည့်လိုက်သည်။ လင်းကျင်းကလည်း နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။

ထို့နောက် လင်းကျင်းက အကြီးအကဲ ပိုင်ကို ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။

“အကြီးအကဲ ပိုင်၊ ကျွန်တော် အကဲဖြတ်စစ်ဆေးမှုကို လက်ခံဖို့ ဆန္ဒရှိပါတယ်...”

“ကောင်းတယ်...” အကြီးအကဲ ပိုင်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

“ဒီနေ့က နောက်ကျနေပြီ...”

“ဒီလိုလုပ်ရအောင်။ မနက်ဖြန် ဆေးဖော်စပ်ခန်းကို လာခဲ့။ အဲဒီနေရာတင် ဆေးဖော်စပ်ပြရမယ်။ ငါနဲ့ အကြီးအကဲ ယွီတို့က အကဲဖြတ်ပေးမယ်။ ဘယ်လိုလဲ...”

“အဆင်ပြေပါတယ်....” လင်းကျင်းက ခေါင်းညိတ်သဘောတူလိုက်သည်။

အကြီးအကဲ ပိုင်က ခဏစဉ်းစားပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။

“အကဲဖြတ်စစ်ဆေးမှုရဲ့ အကြောင်းအရာကိုတော့ ငါ မဆုံးဖြတ်ရသေးဘူး။ သေချာစဉ်းစားပြီးရင် မနက်ဖြန် မင်းကို ပြောပေးမယ်...”

“အကြီးအကဲ ပိုင် စီစဉ်သမျှကို နောက်လူငယ်မျိုးဆက်က လိုက်နာပါမယ်...”

လင်းကျင်းက ဦးညွှတ်၍ ပြောလိုက်သည်။

အကြီးအကဲ ပိုင်က ခေါင်းညိတ်ပြီးနောက် အကြီးအကဲ ယွီကို ပြောလိုက်သည်။

“ကောင်းပြီ၊ ခင်ဗျားတို့ နှစ်ယောက် အရင်ပြန်နှင့်တော့။ မနက်ဖြန်ကျရင် သူ့ကို ဆေးဖော်စပ်ခန်းဆီ တိုက်ရိုက်ခေါ်လာလိုက်...”

အကြီးအကဲ ပိုင်၏ အခန်းမှ ထွက်လာပြီးနောက် အကြီးအကဲ ယွီက လင်းကျင်းကို အားနာစွာ ပြောလိုက်သည်။

“ပထမက ဒီကိစ္စကို အကြီးအကဲ ပိုင်နဲ့ ဆွေးနွေးပြီးသား။ ဒါပေမဲ့ သူက နောက်ထပ် အကဲဖြတ်စစ်ဆေးမှုတစ်ခု ထပ်ထည့်မယ်လို့ မထင်ထားခဲ့မိဘူး....”

“အကြီးအကဲ ယွီ၊ ကိုယ့်ကိုယ်ကို အပြစ်မတင်သင့်ပါဘူး။ ကျွန်တော်က ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်ချင်တာဆိုတော့ အကဲဖြတ်စစ်ဆေးမှု ခံယူရတာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်လား...”

“ဒါ့အပြင် အကြီးအကဲ ယွီကလည်း ကျွန်တော် ဆေးဖော်စပ်တာကို ကိုယ်တိုင် မမြင်ဖူးသေးဘူးလေ။ အခုတော့ ကြည့်ရှုဖို့ အခွင့်အရေးကောင်းတစ်ခု ရလာပြီပေါ့...”

“ကျွန်တော် ဆေးဖော်စပ်ရာမှာ အမှားအယွင်းတစ်ခုခု ရှိရင်လည်း လမ်းညွှန်ပေးပါ...” လင်းကျင်းက ပြောလိုက်သည်။

လင်းကျင်း၏ စကားများကို ကြားပြီးနောက် အကြီးအကဲ ယွီလည်း စိတ်အေးသွားခဲ့ရသည်။

အထူးသဖြင့် နောက်ဆုံးပြောလိုက်သော စကားက သူ့စိတ်ကို များစွာ သက်သာစေခဲ့သည်။

အကြီးအကဲ ယွီက အဆက်မပြတ် ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ပြောတာကောင်းတယ်... ပြောတာကောင်းတယ်...”

ထို့နောက် သူက လင်းကျင်းကို သတိပေးလိုက်သည်။

“မနက်ဖြန် စစ်ဆေးမှုမှာ အကြီးအကဲ ပိုင်က အဆင့်မြင့်အဆင့် ဆေးလုံးတစ်မျိုးကို ဖော်စပ်ခိုင်းပြီး အကဲဖြတ်နိုင်တယ်။ မင်းမှာ ယုံကြည်ချက်ရှိရဲ့လား...”

လင်းကျင်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အကြီးအကဲ ယွီ။ အမြင့်ဆုံးအဆင့် ဆေးလုံးဆိုရင်တော့ အာမခံဖို့ နည်းနည်းခက်ပေမဲ့ အဆင့်မြင့်အဆင့် ဆေးလုံးဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး...”

ဒီတစ်ကြိမ်တွင် နေရာလွတ်စနစ်ကို အသုံးပြုခွင့် ရတော့မည် မဟုတ်သည်မှာ သေချာနေ၏။

ဆိုလိုသည်မှာ နေရာလွတ်စနစ်မှ ပေးအပ်သော အောင်မြင်နှုန်း တိုးမြှင့်မှုကိုလည်း ရရှိတော့မည် မဟုတ်ပေ။

သို့သော် ယခု လင်းကျင်းသည် ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်နေပြီ ဖြစ်ပြီး ပထမအဆင့် ဆေးလုံးတစ်မျိုးကို ဖော်စပ်ရန်မှာ သူ့အတွက် အလွန်လွယ်ကူနေလေ၏။

စနစ်၏ အားဖြည့်ပေးမှု မရှိသည့်တိုင် အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ရန်မှာ ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပေ။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် လင်းကျင်းသည် မိမိကိုယ်ကို အလွန်အကျွံ ယုံကြည်ဝင့်ကြွားမနေဝံ့ခဲ့ပေ။

အကြောင်းမှာ ဆေးဖော်စပ်ခြင်းဆိုသည်မှာ မည်သည့်အခါမှ ရာနှုန်းပြည့် သေချာသည့် အရာမဟုတ်သောကြောင့်ပင်။

မည်သူကမှ မတော်တဆမှုတစ်ခုခု ဖြစ်မလာနိုင်ဘူးဟု အာမ မခံထားနိုင်ပေ။

ထို့နောက် အကြီးအကဲ ယွီနှင့် အချိန်အနည်းငယ်ကြာ စကားဆက်ပြောပြီးနောက် လင်းကျင်း ထွက်ခွာသွားခဲ့သည်။

နောက်တစ်နေ့ မနက်စောစောတွင် လင်းကျင်းသည် ယွဲ့ပေါင်လောသို့ ရောက်ရှိလာခဲ့၏။

ထိုအချိန်တွင် အကြီးအကဲ ယွီက ထိုနေရာ၌ အချိန်အတော်ကြာ စောင့်နေပြီး ဖြစ်နေခဲ့သည်။

“သွားကြစို့၊ အခု ဆေးဖော်စပ်ခန်းကို သွားရအောင်...”

လင်းကျင်း ရောက်လာသည်ကို မြင်သည်နှင့် အကြီးအကဲ ယွီက ပြောလိုက်သည်။

“ဟုတ်ကဲ့” လင်းကျင်းက ခေါင်းညိတ်ပြီး အကြီးအကဲ ယွီ၏ နောက်မှ လိုက်သွားသည်။

သူတို့နှစ်ဦးသည် ယွဲ့ပေါင်လော၏ နောက်ဘက်မှ ထွက်လာပြီး လမ်းတစ်ဖက်ကို ဖြတ်ကူးကာ အနည်းငယ် လျှောက်သွားကြသည်။

နောက်ဆုံးတွင် တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းငယ်တစ်ခု ရှေ့သို့ ရောက်လာပြီး ရပ်လိုက်ကြ၏။

အကြီးအကဲ ယွီက သူတို့ရှေ့ရှိ ခြံဝင်းငယ်ကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဒီနေရာက ယွဲ့ပေါင်လောရဲ့ ဆေးဖော်စပ်ခန်းပဲ...”

“အကြီးအကဲ ယွီ၊ ဘာကြောင့် ဆေးဖော်စပ်ခန်းကို ဒီနေရာမှာ ဆောက်ထားတာလဲ။ ယွဲ့ပေါင်လော နောက်ဘက််မှာလည်း ခြံဝင်းတစ်ခု ရှိတာကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒီမှာ မဆောက်ထားဘူးလား...” လင်းကျင်း မေးလိုက်လေသည်။

“ဟူး…” အကြီးအကဲ ယွီက သက်ပြင်းချလိုက်ပြီး ပြန်ဖြေခဲ့သည်။

“အရင်တုန်းကတော့ အဲဒီမှာ ဆေးဖော်စပ်ခန်း ရှိခဲ့တယ်...”

“ဒါပေမဲ့ နောက်ပိုင်းမှာ ဧည့်ဆေးဖော်စပ်ဆရာတစ်ယောက် ဆေးဖော်စပ်နေတုန်း မတော်တဆမှု ဖြစ်ခဲ့ပြီး ဆေးမီးဖို ပေါက်ကွဲသွားခဲ့တယ်...”

“အဲဒီ ပေါက်ကွဲမှုရဲ့အားက တော်တော်ပြင်းထန်ခဲ့တဲ့အပြင် ဆေးဖော်စပ်ခန်းရဲ့ ကာကွယ်ရေး အစီအရင်ကိုတောင် ချိုးဖောက်နိုင်ခဲ့ပြီး ယွဲ့ပေါင်လောအထိပါ သက်ရောက်သွားခဲ့တယ်...”

“အဲဒီအတွက် လူသေဆုံးဒဏ်ရာရမှုတွေလည်း များခဲ့တယ်။ ဒါကြောင့် အဲဒီနောက်ပိုင်းကစပြီး ဆေးဖော်စပ်ခန်းကို ဒီနေရာကို ပြောင်းရွှေ့ထားတာ...”

လင်းကျင်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဒီနေရာသည် အမှန်တကယ် တိတ်ဆိတ်ငြိမ်သက်နေပြီး အနီးအနားရှိ ခြံဝင်းများတွင်လည်း လူနေထိုင်ပုံ မပေါ်ပေ။

မတော်တဆ ဖြစ်ရပ်များကို ကာကွယ်ရန် ရည်ရွယ်ချက်ဖြင့် တမင်တကာ စီစဉ်ထားခြင်း ဟုတ်မဟုတ်တော့ သူ မသိပေ။

ခြံတံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်သွားပြီးနောက် လင်းကျင်းသည် အတွင်းပိုင်းမှာ နေရာကျယ်ဝန်းကြောင်း တွေ့လိုက်ရသည်။

ခြံအတွင်းတွင် ကျယ်ပြန့်သော ရင်ပြင်တစ်ခု ရှိပြီး ရင်ပြင်၏ နောက်ဘက်တွင် ဆေးဖော်စပ်ခန်း တခု တည်ရှိနေ၏။

“ဒီနေရာကို ပုံမှန်ဆို ဘယ်သူမှ မလာကြဘူးလား...” လင်းကျင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဒါပေါ့…” အကြီးအကဲ ယွီက ပြန်ဖြေခဲ့သည်။

“အဲဒီ ဧည့်ဆေးဖော်စပ်ဆရာတွေက ဒီမှာ မရှိကြဘူး။ အများစုက ကိုယ့်အိမ်မှာပဲ ဆေးဖော်စပ်ကြပြီး ဒီနေရာကို ဆေးလာဖော်စပ်တဲ့သူက နည်းတယ်...”

“ဒီနေရာကို ပုံမှန်အားဖြင့် ထူးခြားတဲ့ အခြေအနေမျိုးမှာပဲ သုံးကြတယ်။ ဒါမှမဟုတ် ဧည့်အကြီးအကဲတွေကြား ဆေးဖော်စပ်ပြိုင်ပွဲ ရှိတဲ့အချိန်မျိုးမှာပေါ့....”

“ဪ... ဒီလိုကိုး...”

လင်းကျင်းက ချက်ချင်း နားလည်သွားသည်။

ထို့နောက် လင်းကျင်းနှင့် အကြီးအကဲ ယွီတို့သည် အကြီးအကဲ ပိုင် ရောက်လာမည်ကို စောင့်ဆိုင်းနေကြသည်။

သို့သော် အချိန်အကြာကြီး စောင့်စရာ မလိုခဲ့ပေ။ မကြာမီ အကြီးအကဲ ပိုင် ရောက်လာခဲ့သည်။

“အကြီးအကဲ ပိုင်…” လင်းကျင်းက ဦးညွှတ်အရိုအသေပေးလိုက်သည်။

အကြီးအကဲ ပိုင်က ခေါင်းညိတ်တုံ့ပြန်ပြီးနောက် ပြောလိုက်သည်။

“ဒီနေ့ရဲ့ အကဲဖြတ်စစ်ဆေးမှုမှာ ငါ မင်းကို ခက်ခက်ခဲခဲ မပေးတော့ဘူး။ မင်းကို အခွင့်အရေး သုံးကြိမ် ပေးမယ်...”

“တစ်ကြိမ်ပဲ အောင်မြင်အောင် ဖော်စပ်နိုင်ရင် ရပြီ...”

“နောက်ဆုံးရလဒ်ကိုတော့ ငါနဲ့ အကြီးအကဲ ယွီတို့ စစ်ဆေးဆွေးနွေးပြီးမှ ဆုံးဖြတ်မယ်...”

“ဟုတ်ကဲ့၊ အကြီးအကဲ ပိုင်…” လင်းကျင်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ၊ ဒါဆို အထဲဝင်ကြတာပေါ့”

ထိုသို့ပြောပြီးနောက် အကြီးအကဲ ပိုင်က ဆေးဖော်စပ်ခန်းသို့ ဦးဆောင်လျှောက်သွားသည်။

လင်းကျင်းနှင့် အကြီးအကဲ ယွီတို့က သူ့နောက်မှ လိုက်သွားကြ၏။

ဆေးဖော်စပ်ခန်းသို့ ရောက်ပြီးနောက် အကြီးအကဲ ပိုင်က စွမ်းအင်စုဆောင်းဆေးအတွက် ဆေးဖက်ဝင်ပစ္စည်း သုံးစုံကို ထုတ်ယူကာ လင်းကျင်းထံ ပေးလိုက်သည်။

ထို့နောက် သူက ပြောလိုက်သည်။

“ကောင်းပြီ၊ အခု စတင်လို့ရပြီ...”

“ဟုတ်ကဲ့” လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment