𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟸
ကျွန်တော့်နာမည်က ယန့်ရန်အဖြစ်ရှိနေတုန်းက အဖေက အနားမှာရှိနေသေးသလို အမေကလည်း စိတ်ဖောက်သွားတာမျိုးမရှိသေး။ ကံမကောင်းချင်တော့ ထိုအချိန်က ကိစ္စတွေ ဘာတစ်ခုမှ မမှတ်မိနိုင်လောက်သေးအောင် ကျွန်တော် ငယ်နေခဲ့သေးပေသည်။
မိဘတွေ ကွာရှင်းပြီးသွားသည့်နောက်မှာတော့ ကျွန်တော့်နာမည်ကို ပြောင်းခဲ့ရသည်။ အနှီအချိန်ကစပြီး အမေ့၏ မျိုးရိုးနာမည်ကို ယူခဲ့ရ၏။
သူက သူ့နာမည် ယန့်ရန်ပါဟု ပြောမလာခင်အထိ ကျွန်တော် သူ့နာမည်ကို သတိမထားမိခဲ့။ အဖေက သည်လိုကိစ္စမျိုး လုပ်နိုင်လိမ့်မည်ဟုလည်း ဘယ်တုန်းကမှ မထင်ခဲ့ဖူးချေ။ တကယ်ပဲ သူ့ကို လေးစားမိပါပေသည်။
လေးစားလွန်း၍ ဒူးထောက်လက်မြှောက်ပြီးတောင် အရိုသေပေးလိုက်ချင်သားပင်။
ရွံရှာမုန်းတီးစိတ်တွေက ရေမကူးတတ်သည့် ကျွန်တော့်ကို ဝါးမျိုချလုနီးပါးဖြစ်နေသည့် ရေနက်ကြီးနှယ်။ နစ်မွန်းနေသည့် ခံစားချက်ကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားပေးပြီး ပြုံးပြုံးလေးနှင့် အိမ်ထဲကို ဝင်လာခဲ့လိုက်သည်။
ယန့်ရန်က ကျွန်တော့်လက်ကို ကိုင်ထား၏။ သူ့လက်က နူးညံ့ပြီး နွေးထွေးသည်။တစ်ကိုယ်လုံး သန့်ရှင်းပြီး မွှေးကြိုင်နေ၏။ ဆန့်ကျင်ဘက်အနေနှင့် လက်ဆွဲခံထားရသည့် ကျွန်တော်ကတော့ သူနှင့် သိသိသာသာကို ကွာခြားလို့နေပြီး အကျည်းတန်ဆုံး အတွဲအစပ် ဖြစ်လို့နေပေသည်။
ကျွန်တော်က တောင့်တောင့်ကြီးနှင့် အေးစက်နေပေမဲ့ ကိုယ်ပေါ်က ကျွန်တော့်၏ ကျောင်းဝတ်စုံဟောင်းတွေနှင့်တော့ တကယ်ကို လိုက်ဖက်နေသားပင်။
ကျွန်တော်ဆိုတာ စွန့်ပစ်ခံခဲ့ရသည့် ယန့်ရန်၊ ပယ်ဖျက်ခံထားရသည့် သားတစ်ယောက်။
အခု မလွှဲသာမရှောင်သာ ပြန်အခေါ်ခံလာရချိန်မှာတောင်
ကျွန်တော့်နေရာကို ကျွန်တော် ရှာမတွေ့တော့ချေ။
ယန်ယန်က ကျွန်တော့်ကို သူ့အမေနှင့် တွေ့ဖို့ခေါ်သွားသည်။ ဒါက သူမကို ပထမဆုံးအကြိမ် မြင်ဖူးတာပင်။
ကျွန်တော့်အမေက ပြောဖူးသည်။ သည်အမျိုးသမီးက ကျွန်တော့်အဖေကို ခိုးသွားတာဖြစ်ကြောင်း။ သူမက ဆိုးယုတ်ကြောင်း။ ဟန်ဆောင်ကောင်းကြောင်း။ ကောက်ကျစ်ကြောင်း။ သူမက ကျွန်တော်တို့ မိသားစုကို ဖျက်ဆီးခဲ့သလို အမျိုးသမီးတစ်ယောက်၏ ဘဝကိုလည်း ဖျက်ဆီးခဲ့ကြောင်း။
ကျွန်တော့်အဖေကို မုန်းသလို သူမကိုလည်း မုန်းသင့်သည်။ မုန်းကို မုန်းရမည်။
သူမတင်မက။ သူမ၏သားကလည်း ကျွန်တော့်အတွက်တော့ အသားထဲက ဆူးတစ်ချောင်းပင်။
သူတို့ သေသွားလျှင် ကောင်းမည်။
ကျွန်တော့်အမေ အဆောက်အဦးပေါ်က ခုန်ချခဲ့သလို သူတို့နှစ်ယောက်လည်း လက်ချင်းတွဲပြီး လသာဆောင်ပေါ်က ခုန်ချသွားလျှင်တော့ အကောင်းဆုံး ဖြစ်သည်။
ယန်ယန်က အော်လာ၏။
"မေမေ! ကိုကို ရောက်ပြီ!"
သူ့အသံက ကြည်လင်ပြီး အေးမြသည်။ တချို့လူတွေအတွက်တော့ သူတို့၏အသံနှင့်တောင် ကံကောင်းခြင်းတွေကို ဖော်ပြပေးနိုင်စွမ်း ရှိလှပေသည်…။
ကောင်းမွန်သည့်ဘဝမှာ နေထိုင်ရသည့် ကလေးတွေက တကယ့်ကို စိတ်ထားဖြူစင်ကြ၏။
မိသားစု ပြိုကွဲသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုရော သူ နားလည်ပါရဲ့လားလေ။
ယန့်ရန်က မီးဖိုချောင်၏ မှန်တံခါးကို ဆွဲဖွင့်လိုက်တော့ မွှေးရနံ့ပြင်းပြင်းတစ်ခုက ကျွန်တော့်နှာခေါင်းထဲကို ပြေးဝင်လာသည်။
ထိုအမျိုးသမီးက အေပရွန်ဝတ်ပြီး ချက်ပြုတ်နေ၏။ ကျွန်တော့်ကို မြင်တော့ သူမက အားပါးတရပြုံးပြလာသည်။ ကျွန်တော့်ကို ကြိုဆိုပါကြောင်း မခံစားမိမှာ စိုးလို့လားတော့ မသိချေ။
သူမက အတော်လေးလှသည်။ စကားပြောလျှင် မျက်လုံးတွေကပါ ပြုံးနေတတ်၏။
သူမကဆိုလာသည်။
"ပင်ပန်းနေပြီလား။ ခဏနေရင် စားကြမယ်နော်"
သည်မိသားစုတစ်စုလုံးမှာ လူတိုင်းက "ပျော်ရွှင်ပြီးသဟဇာတဖြစ်သည့်" မြင်ကွင်းတစ်ခုကို ဖန်တီးဖို့ ကြိုးစားနေကြသည်။ ကျွန်တော်လည်း ပြုံးပြီး ပြောလိုက်၏။
"မဟုတ်တာ မပင်ပန်းပါဘူး။ အန်တီ အပင်ပန်းခံထားပေးလို့ ကျေးဇူးတင်ပါတယ်"
၁၃ နှစ်သားအရွယ်မှာတင် ကျွန်တော်က ချိုသာသည့်စကားတွေ ပြောတတ်နေခဲ့ပြီပင်။
ကျွန်တော်က သူမကို ပျော်ရွှင်စေခဲ့သလို ကျွန်တော့်အဖေကိုလည်း ပျော်ရွှင်စေခဲ့သည်။
ယန့်ရန်က ကျွန်တော့်လက်ကို တစ်ချိန်လုံး ကိုင်ထား၏။ ကျွန်တော် သူ့အမေနှင့် စကားပြောပြီးသွားတော့ သူက နည်းနည်း စိတ်လှုပ်ရှားနေသည့်ပုံနှင့် ပြောလာသည်။
"ကိုကို! သားတို့ အိပ်ခန်းကို ခေါ်သွားပြမယ်!"
သည်ကို မလာခင်က ကျွန်တော့်အမေနှင့် ကျွန်တော်က အိမ်ဟောင်းတစ်ခုမှာနေခဲ့ရတာ ဖြစ်သည်။ ညစ်ပတ်စုတ်ပြတ်နေသည့် ဧည့်ခန်း၊ ညစ်ပတ်စုတ်ပြတ်နေသည့် အိပ်ခန်း၊ ညစ်ပတ်စုတ်ပြတ်နေသည့် ကုတင်နှင့် ညစ်ပတ်စုတ်ပြတ်နေသည့် သားအမိနှစ်ယောက်။
ကျွန်တော့်မှာ ကိုယ်ပိုင်အခန်း ဘယ်တုန်းကမှ မရှိခဲ့။ ကျွန်တော့်အမေက ကုတင်ပေါ်မှာ အိပ်ပြီး ကျွန်တော်ကတော့ ၁၃ နှစ်လုံးလုံး ညတိုင်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရသည်။
ဆောင်းရာသီဆို အလွန်အေးသည်။
ကျွန်တော်က ကြမ်းပြင်ပေါ်မှာ အိပ်ရတာမို့ ညဘက်ဆို အပေါ်ဝတ်မချွတ်ရဲခဲ့။ ထူထဲသည့် ဂွမ်းကပ်အဝတ်တွေ ဝတ်ပြီး စောင်နှင့် ပတ်ထားပေမဲ့ အအေးဒဏ်ကြောင့် ညဘက်ကြီး လန့်နိုးလာရတုန်းပင်။
ခု သည်ကိုရောက်လာပြီဖြစ်ရာ ကျွန်တော်အဖို့ ကြမ်းပြင်ပေါ်မှာ ဆက်အိပ်စရာ မလိုတော့ချေ။
ယန့်ရန်က ကျွန်တော့်ကို မီးဖိုချောင်ကနေ ဆွဲခေါ်သွားပြီးတော့ ဧည့်ခန်းကို ဖြတ်ပြီး အခန်းတစ်ခန်းထဲ ဝင်သွားခဲ့သည်။
လူတစ်ယောက်ဟာ ကလေးဘဝကတည်းက ရေနုတ်မြောင်းထဲမှာ နေလာရလျှင် ပန်းဥယျာဥ်ကို အိပ်မက်မမက်ရဲတော့။ ကျွန်တော့်လို ရေညှိကတော့ ပန်းတွေနှင့် မလိုက်ဖက်သလို အမြဲခံစားရဆဲပါပင်။
ယင်းကြောင့် ယန့်ရန်က တံခါးကို တွန်းဖွင့်ပြီး ကျွန်တော့်ကို ဆွဲခေါ်လာသည့်အခါ ဒါက ကျွန်တော်နေသင့်သည့် သို့မဟုတ် နေနိုင်သည့် နေရာတစ်ခုဟု လုံးဝမခံစားရချေ။
ဤအခန်းက ကျွန်တော့်အိမ်ဟောင်း တစ်ခုလုံးထက်တောင် ပိုကြီးသေးသည်။ လိုက်ကာတွေ ဖွင့်ထားတော့ နေရောင်ခြည်က တောက်တောက်ပပ ဝင်လာပြီး အခန်းတစ်ခုလုံး လင်းထိန်နေ၍ အမှောင်ရိပ်လေးတစ်စွန်းတစ်စတောင် ရှိမနေပေ။
ပြတင်းပေါက်ကတော့ နံရံတစ်ဝက်လောက် မြင့်ပြီး မှန်တွေက သန့်ရှင်းနေသည်။
နံရံကပ်စာအုပ်စင်မှာတော့ စာအုပ်တွေတင်မက။ ဆုလက်မှတ်တွေနှင့် ဆုဖလားတွေလည်း အများကြီးရှိသေးသည်။
စာကြည့်စားပွဲကတော့ အတော်ကြီးသည်။ တစ်ဝက်လောက်က စာအုပ်တွေနှင့် ပြည့်နေပြီး နောက်တစ်ဝက်က ဗလာကျင်းနေ၏။
နှစ်ထပ်ကုတင်က သစ်သားနှင့် လုပ်ထားပြီးတော့ စောင်နှင့် စောင်အစွပ်နှစ်စုံလုံးက အတူတူပင်။
ယန့်ရန်က ကျွန်တော့်ကို မေးလာသည်။
"ကိုကို…အပေါ်ထပ်မှာ အိပ်ချင်လား အောက်ထပ်မှာ အိပ်ချင်လား"
ကျွန်တော် ကုတင်ကိုသာ စိုက်ကြည့်နေမိပြီး ဘာမှမပြောလိုက်ချေ။
သူက ထပ်ပြောလာသည်။
"ဒါက အဖေနဲ့အမေ ဝယ်ထားတဲ့ ကုတင်အသစ်လေ။ အိပ်ရာခင်းတွေကိုတော့ သားရွေးထားတာ။ ကိုကို ကြိုက်လား"
ကျွန်တော် မကြိုက်ပေ။
ဒီအိမ်မှာ ကျွန်တော် ကြိုက်တာ ဘာတစ်ခုမှ မရှိခဲ့။
"ကြိုက်တယ်"
ကျွန်တော်က ဖြေလိုက်သည်။
" ကျေးဇူးတင်ပါတယ်"
ယန့်ရန်၏ မျက်နှာက ပြုံးရယ်လိုက်ရင်း နီရဲလာသည်။
"ဒီလိုယဥ်ယဥ်ကျေးကျေးကြီး မပြောပါနဲ့။ သားတို့က မိသားစုပဲဟာ"
မိသားစု?
နည်းနည်းတော့ ရယ်စရာကောင်းသလိုပင်။
"ကိုကို ရွေးလေ။ သားက ဘယ်မှာဖြစ်ဖြစ် အိပ်နိုင်တယ်"
ကျွန်တော် သူ့လက်ကို ကိုင်ပြီး ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော… ကတ်ကြေး၊ စက္ကူ၊ ကျောက်တုံး ကစားကြရအောင်။နိုင်တဲ့သူက အရင်ရွေး"
ယန့်ရန်က ကျွန်တော့်ထက် ကံကောင်းဖို့ ကံကြမ္မာပါပြီးသားမို့ ခုလိုအချိန်မျိုးမှာလည်း သူ အနိုင်ရခဲ့သည်။
သူက ကျွန်တော့်ကို ကြည့်ပြီး ပြော၏။
"ဒါဆို သား အပေါ်ထပ်မှာ အိပ်မယ်။ နေ့တိုင်း အတက်အဆင်းလုပ်ရတာ မလွယ်ဘူး။ အဲ့ဒီတော့ အောက်ထပ်ကို ကိုကို ယူ! "
ကျွန်တော့်ညီလေးက တကယ်ကို ကြင်နာတတ်သည်။
ဆယ်နှစ်သားယန့်ရန်က ကျွန်တော်တို့စတွေ့ကတည်းက သူ အကောင်းဆုံးဟု ထင်သည့်အရာတွေကို ကျွန်တော့်အတွက် ချန်ထားပေးနေတတ်ခဲ့ပြီပင်။
ဒါပေမဲ့ ကျွန်တော် လိုချင်လား၊ မလိုချင်ဘူးလားကိုကျ သူဘာလို့ မစဉ်းစားခဲ့ပါသလဲလေ။