no

Font
Theme

မှောင်ခိုစျေးကွက်သို့ ဝင်ရောက်ခြင်း

“သူတို့အကြောင်း မေ့လိုက်တော့၊ သွားကြစို့” ဟု ဝေကျန့်ချင်းက ပြောလိုက်သည်။

စကားဆုံးသည်နှင့် ဝေကျန့်ချင်းနှင့် ယန်ရှုံတို့ ရှေ့သို့ ဆက်လျှောက်သွားကြပြီး လင်းကျင်းလည်း ချက်ချင်း နောက်မှ လိုက်သွားခဲ့သည်။

လူသုံးယောက်သည် လမ်းကြားထဲသို့ တိုးတိတ်စွာ လျှောက်လာကြသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်အသံမျှ မကြားရပေ။

လမ်းပေါ်၌ သူတို့၏ ခြေသံများသာ ကြားနေရသည်။ လင်းကျင်းက ခေါင်းလှည့်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လမ်းကြားတစ်လျှောက် အိမ်များစွာ ရှိသော်လည်း အများစုမှာ ယိုယွင်းပျက်စီးနေသည်ကို တွေ့ရသည်။

ရှီယုလမ်းကြားသည် ကျင့်ကြံသူဈေး၏ အစွန်အဖျားတွင် တည်ရှိနေသော်လည်း လူ တစ်ယောက်တလေမျှ မတွေ့ရခြင်းက လင်းကျင်းအတွက် ထူးဆန်းလွန်းလှသည်။

ရှေ့မှ လျှောက်နေသော ဝေကျန့်ချင်းနှင့် ယန်ရှုံတို့လည်း စကားမပြောကြသဖြင့် လင်းကျင်းက ထပ်မေးရန် မဝံ့ရဲဘဲ တိတ်တဆိတ်သာ နောက်မှ လိုက်သွားခဲ့သည်။

ကွေ့လိုက်ကောက်လိုက် လမ်းများစွာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် ခြံတံခါးတစ်ချပ်ရှေ့သို့ ရောက်လာကြသည်။

“ကျွီ...”

ဝေ့ကျန့်ချင်းက လက်ဆန့်၍ ခြံတံခါးကို တွန်းဖွင့်လိုက်ရာ နားစူးစေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံသည် တိတ်ဆိတ်နေသော ညအချိန်တွင် ကြားရသဖြင့် လူ၏ကျောရိုးထဲအထိ အေးစိမ့်စိမ့်ဖြစ်သွားစေသည်။

လင်းကျင်းမှာ ထိုလူနှစ်ယောက်နောက်မှ အိမ်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းကျင်းက အတွင်း၌ အစီအရင်တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။

“ဒီနေရာခုန်ကူး(တယ်လီပို့)တဲ့အစီအရင်က တစ်ခါကို လူတစ်ယောက်ပဲ ပို့ဆောင်နိုင်တယ်။ ငါ အရင်သွားမယ်၊ ညီလေး လင်း မင်းက ဒုတိယ၊ ယန်ရှုံက နောက်ဆုံးသွားမယ်...”

ဝေကျန့်ချင်းက သူတို့နှစ်ယောက်အား ပြောလိုက်သည်။

“ကောင်းပြီ”

“ပြဿနာမရှိဘူး”

နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင် ပြန်ဖြေလိုက်ကြသည်။

ထို့နောက် ဝေကျန့်ချင်းက ရှေ့တိုးသွားပြီး အစီအရင်၏ အလယ်တွင် ရပ်လိုက်သည်။ ထို့နောက် မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်ကို ထုတ်ယူကာ အစီအရင်ရှေ့ရှိ ချိုင့်ခွက်ထဲသို့ ထည့်လိုက်သည်။

ချက်ချင်းပင် အပြာရောင်အလင်းတန်းများ တောက်ပလာကာ ဝေကျန့်ချင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး အစီအရင်တစ်ခုလုံးလည်း ချက်ချင်း အသက်ဝင်လာသည်။

ထိုအချိန်တွင် အစီအရင်ရှေ့ရှိ ချိုင့်ခွက်က လင်းလက်တောက်ပလာပြီး မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်မှာ အပေါ်သို့ ခုန်ထွက်လာသည်။ ဝေကျန့်ချင်းက ၎င်းကို ဖမ်းယူ၍ ပြန်သိမ်းဆည်းလိုက်သည်။

ထိုအချိန်တွင် အစီအရင်အပေါ်ရှိ အပြာရောင်အလင်းက ပျောက်ကွယ်မသွားဘဲ ပို၍ပင် တောက်ပလာသည်။ အလင်းရောင်မှာ မျက်လုံးဖွင့်မကြည့်နိုင်လောက်အောင် စူးရှလာပြီး နောက်ဆုံးတွင် အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် “ဝူး” ဟူသော အသံတစ်ချက်နှင့်အတူ ဝေကျန့်ချင်း၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။ အလင်းရောင်လည်း ပြန့်ကျဲပျောက်ကွယ်သွားပြီး အစီအရင်က တည်ငြိမ်သွားပြန်သည်။

“ညီလေး လင်း၊ မင်းအလှည့်ရောက်ပြီ။ စိတ်မပူနဲ့၊ ငါ လောင်ယန် ရှိနေသေးတာပဲ...”

ယန်ရှုံက ပြုံး၍ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်၊ အကိုကြီး ယန်”

ပြောပြီးနောက် လင်းကျင်းက အစီအရင်၏ အလယ်သို့ လျှောက်သွားပြီး ဝေကျန့်ချင်း ပြုလုပ်ခဲ့သည့်အတိုင်း မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်ကို အစီအရင်ရှေ့ရှိ ချိုင့်ခွက်ထဲသို့ ထည့်လိုက်သည်။

ချက်ချင်းပင် အပြာရောင်အလင်းများ ထပ်မံ တောက်ပလာသည်။ လင်းကျင်းက မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်ကို ပြန်သိမ်းလိုက်ပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ အလင်းရောင်က ပို၍ပို၍ တောက်ပလာသဖြင့် နောက်ဆုံးတွင် မျက်လုံးကို ပိတ်ထားရတော့သည်။

ခဏအကြာတွင် လင်းကျင်း မိမိခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရကာ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သစ်တောအုပ်ငယ်တစ်ခုအတွင်း ရောက်ရှိနေပြီး ဝေကျန့်ချင်းက သူ့ရှေ့တွင် ရပ်ကာ သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် လင်းကျင်း တစ်စုံတစ်ရာ မမှန်ကြောင်း သတိပြုမိသွားသည်။ သူ၏ နတ်အာရုံသည် တစ်စုံတစ်ခု၏ ကန့်သတ်ခြင်းကို ခံထားရသကဲ့သို့ ဖြစ်နေပြီး လုံးဝ အသုံးမပြုနိုင်ပေ။

လင်းကျင်းက ဝေကျန့်ချင်းထံ အမြန်လျှောက်သွားကာ မေးလိုက်သည်။

“အစ်ကိုဝေ၊ ဒီနေရာမှာ ကျွန်တော့် နတ်အာရုံကို ဘာလို့ အသုံးမပြုနိုင်တာလဲ....”

ဝေကျန့်ချင်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဒီနေရာမှာ နတ်အာရုံကို တားဆီးတဲ့ အစီအရင်တစ်ခု ရှိတယ်။ ဒါကို မှောင်ခိုစျေးရဲ့ ပိုင်ရှင်က အထူးတည်ဆောက်ထားတာ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတောင် ဒီနေရာမှာ နတ်အာရုံကို အသုံးမပြုနိုင်ဘူး...”

“ရည်ရွယ်ချက်က မှောင်ခိုဈေးမှာ အရောင်းအဝယ် လာလုပ်တဲ့သူတွေရဲ့ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ဖို့ပဲ...”

“ဒီလိုဆိုရင် အရောင်းအဝယ်လုပ်တဲ့ နှစ်ဖက်စလုံး စိတ်ချလက်ချ နေနိုင်မယ်။ သူတို့ရဲ့ အထောက်အထား ပေါ်ပေါက်သွားမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး....”

“ဒီလိုကိုး....”

လင်းကျင်းက ပြောလိုက်ပြီး စိတ်သက်သာရာ ရသွားတော့သည်။

မကြာမီ ယန်ရှုံလည်း တယ်လီပို့အစီအရင်မှတစ်ဆင့် ရောက်လာခဲ့သည်။

သုံးယောက်စလုံး စုံညီသွားပြီးနောက် ဝေကျန့်ချင်းက မျက်နှာ ဖုံးကွယ်နိုင်သော ဝါးခမောက်သုံးလုံးကို ထုတ်ယူလိုက်သည်။

“ရော့၊ ဒါတွေကို ဆောင်းထားလိုက်။ ဒီလိုဆိုရင် ကိုယ့်အထောက်အထား ပေါ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး”

“ကောင်းပြီ”

လင်းကျင်းက ဝါးခမောက်ကို လက်ခံယူပြီး ခေါင်းပေါ် ဆောင်းလိုက်သည်။ အနက်ရောင်ပိတ်စက သူ၏မျက်နှာကို ဖုံးကွယ်သွားသဖြင့် အပြင်မှကြည့်လျှင် မည်သူဖြစ်ကြောင်း လုံးဝ မမြင်နိုင်တော့ပေ။

ဝေကျန့်ချင်းနှင့် ယန်ရှုံတို့လည်း ထိုနည်းတူ ဝါးခမောက်များကို ဆောင်းလိုက်ကြပြီးနောက် သုံးယောက်သား အတူတကွ ရှေ့သို့ ဆက်လျှောက်သွားကြသည်။

မကြာခင်မှာပင် လင်းကျင်းက ရှေ့တွင် မီးရောင်များ ထိန်ထိန်လင်းနေသော နေရာတစ်ခုကို တွေ့လိုက်ရသည်။

ပို၍ နီးကပ်လာသောအခါ ထိုမှောင်ခိုဈေးသည် လမ်းမရှည်တစ်လျှောက် တည်ရှိနေခြင်းဖြစ်ကြောင်း လင်းကျင်း သိလိုက်ရသည်။ လမ်း၏ နှစ်ဖက်စလုံးတွင် ဈေးဆိုင်ခန်းငယ်များ စုဝေးနေပြီး လူများဖြင့် စည်ကားလှုပ်ရှားနေသည်။

သုံးယောက်သား မှောင်ခိုဈေး၏ ဝင်ပေါက်သို့ ရောက်လာကြရာ ထိုနေရာတွင် အစောင့်များစွာ စောင့်ကြပ်နေကြသည်။

သူတို့ကို မြင်သည်နှင့် အစောင့်ခေါင်းဆောင်က ရှေ့တိုးလာပြီး ပြောလိုက်သည်။

“တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်လုံး...”

ဝေကျန့်ချင်းက စကားတစ်ခွန်းမျှ မပြောဘဲ သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးဆယ်ကို ထုတ်ယူကာ ပေးလိုက်သည်။

အစောင့်ခေါင်းဆောင်က ဝိညာဉ်ကျောက်တုံးများကို လက်ခံယူပြီး နောက်မှ အစောင့်များအား အချက်ပြလိုက်သည်။ ဝင်ပေါက်ကို ပိတ်ထားသော အစောင့်များက ချက်ချင်း ဘေးဖယ်ပေးလိုက်ကြသည်။

ဈေးထဲသို့ ဝင်ရောက်ပြီးနောက် လင်းကျင်းက ပတ်ဝန်းကျင်တွင် လူအများအပြား ရှိနေကြောင်း သတိပြုမိသည်။ ထိုအထဲမှ လူအများစုသည် သူတို့ကဲ့သို့ ဝါးခမောက်ကြီးများ သို့မဟုတ် မျက်နှာဖုံးများဖြင့် မိမိတို့၏ ရုပ်သွင်ကို ဖုံးကွယ်ထားကြသည်။

တချို့ကျတော့လည်း မည်သည့်ဖုံးကွယ်မှုမျှ မပြုလုပ်ဘဲ မျက်နှာကို ပေါ်ပေါ်ထင်ထင် ဖော်ထားကြပြီး မိမိတို့၏ အထောက်အထား ပေါ်သွားမည်ကို လုံးဝ မကြောက်ရွံ့သည့်ပုံပင်။

သို့သော် သူတို့သည် အခြားသော ရုပ်ဖျောက်နည်းလမ်းများကို အသုံးပြုထားခြင်း ရှိမရှိကိုတော့ လင်းကျင်း မသိပေ။

ထိုအချိန်တွင် ဝေကျန့်ချင်းက လင်းကျင်းဘက် လှည့်ကာ ပြောလိုက်သည်။

“ညီလေးလင်း၊ မင်း ဈေးထဲမှာ အရင်လျှောက်ကြည့်နှင့်ဦး။ ငါနဲ့ လောင်ယန်မှာ လုပ်စရာကိစ္စ နည်းနည်းရှိသေးတယ်။ ယင် အချိန်အစမှာ ဒီနေရာကို ပြန်ဆုံကြမယ်။ အဲ့ဒီကျမှ အတူတူ ပြန်ထွက်ကြတာပေါ့...”

(ဘာသာပြန်သူရဲ့မှတ်ချက်။ ရှေ့အပိုင်းတွေမှာ ကျစ် Zi အချိန်ကို 23:00-1:00am လို့ ဖော်ပြခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အခု ပါလာတဲ့ Yin (ယင်) အချိန်က မနက် 3:00-5:00am ဖြစ်ပါတယ်။ ဒီအပိုင်း ပြီးသွားရင် ဗဟုသုတ အနေဖြင့် အချိန်အခေါ်တွေကို ဖော်ပြပေးထားပါ့မယ်)

“ကောင်းပါပြီ”

လင်းကျင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“မှောင်ခိုဈေးထဲမှာ တိုက်ခိုက်ခွင့် မရှိဘူးနော်။ မဟုတ်ရင် နေရာမှာတင် သတ်ပစ်ခံရလိမ့်မယ်။ ဒါကို သေချာမှတ်ထားပါ..”

ထိုသို့ ပြောပြီးနောက် ဝေကျန့်ချင်းက ယန်ရှုံနှင့်အတူ ထွက်ခွာသွားတော့သည်။

ဝေကျန့်ချင်း ထွက်ခွာသွားပြီးနောက် လင်းကျင်းလည်း ဈေးထဲတွင် တစ်ယောက်တည်း လျှောက်ကြည့်နေခဲ့သည်။

ခဏအကြာတွင် သူ သတိပြုမိလိုက်သည်မှာ ဒီနေရာ၌ မည်သူမဆို ဈေးခင်းရောင်းချနိုင်သည် မဟုတ်ပေ။ မှောင်ခိုဈေးသို့ အခကြေးငွေ ပေးဆောင်ထားမှသာ ဈေးခင်းခွင့် ရရှိမည်ဖြစ်သည်။

ဈေးဆိုင်များတွင် ရောင်းချနေသော ပစ္စည်းများမှာ အမျိုးစုံလင်လှသည်။ ဝိညာဉ်ဆေးမြက်မျိုးစုံ၊ သတ္တုရိုင်းများမှစ၍ ကျင့်စဉ်များနှင့် မှော်ရတနာများအထိ အရာအားလုံးနီးပါး ရှိနေသည်။

လင်းကျင်းက ဈေးဆိုင်တစ်ခုတွင် ချင်းယွမ်တာအိုကျင့်စဉ်ကိုပင် ရောင်းချနေသည်ကို တွေ့လိုက်ရသည်။

ဒါကို မြင်လိုက်ရသဖြင့် သူ အလွန်အံ့ဩသွားခဲ့သည်...

ဤသည်မှာ ချင်းယွမ်ဓားဂိုဏ်း၏ သီးသန့်အမွေဆက်ခံ ကျင့်စဉ်ဖြစ်သည်။ သို့သော် ယခုတော့ တစ်ယောက်ယောက်က ထုတ်ရောင်းနေခဲ့သည်။ ထိုလူကား ချင်းယွမ်ဓားဂိုဏ်းနှင့် တစ်နည်းနည်းဖြင့် ပတ်သက်မှု ရှိနေမည်မှာ သေချာသည်။ မဟုတ်ပါက ထိုကျင့်စဉ်ကို ရရှိနိုင်စရာ အကြောင်းမရှိပေ။

အမှန်တကယ်ပင် ဒီနေရာသည် မှောင်ခိုဈေးပင် ဖြစ်လေသည်။

စိတ်ဝင်စားသွားသဖြင့် လင်းကျင်းက မေးမြန်းလိုက်သည်။ သူကိုယ်တိုင် ကျင့်ကြံနေသည်မှာလည်း ချင်းယွမ်တာအိုကျင့်စဉ်ပင် ဖြစ်ပြီး ပထမသုံးဆင့်ကိုသာ သိထားသေးသည်။ အများဆုံး ကျင့်ကြံနိုင်သည်မှာ ချီစုဆောင်းခြင်းအဆင့်၏ အထွတ်အထိပ်အထိသာ ဖြစ်သည်။ ထို့နောက် ဆက်လက်ကျင့်ကြံလိုပါက အခြားကျင့်စဉ်တစ်မျိုးသို့ ပြောင်းရမည် ဖြစ်သည်။

“ဒီကျင့်စဉ်မှာ အဆင့်ဘယ်နှဆင့် ပါသလဲ။ ဈေးနှုန်းကရော ဘယ်လောက်လဲ....”

လင်းကျင်းက ဆိုင်ခင်းပေါ်ရှိ ချင်းယွမ်တာအိုကျင့်စဉ်ကို ညွှန်ပြရင်း မေးလိုက်သည်။

ချင်းယွမ်တာအိုကျင့်စဉ်တွင် စုစုပေါင်း ဆယ့်နှစ်ဆင့် ရှိပြီး သုံးဆင့်စီက ကျင့်ကြံမှုနယ်ပယ်တစ်ခုနှင့် ကိုက်ညီသည်။ အများဆုံး သန္ဓေသားဝိညာဉ်အဆင့်အထိ ကျင့်ကြံနိုင်သည်။

သို့သော် ဤဆိုင်တွင် ရောင်းချနေသော ချင်းယွမ်တာအိုကျင့်စဉ်သည် ပြည့်စုံသောဗားရှင်း မဟုတ်သည်မှာ သိသာနေသည်။

အဘယ်ကြောင့်ဆိုသော် ခြောက်ဆင့်အထက် ကျင့်စဉ်များကို ချင်းယွမ်ဓားဂိုဏ်း၏ အကြီးအကဲများ သို့မဟုတ် ဂိုဏ်းအတွက် ကြီးမားသော အကျိုးဆောင်မှုများ ပြုလုပ်ခဲ့သော တပည့်များသာ ရရှိနိုင်သောကြောင့် ဖြစ်သည်။

“ချင်းယွင်တာအိုကျင့်စဉ် ပထမခြောက်ဆင့်၊ ဝိညာဉ်ကျောက်တုံး သုံးထောင်။ ဈေးမဆစ်နဲ့...”

အစိမ်းရောင်မျက်နှာနှင့် အစွယ်ထွက်မျက်နှာဖုံးကို တပ်ဆင်ထားသော ဆိုင်ရှင်က ပြောလိုက်သည်။ သူ၏ မျက်နှာကို မမြင်ရသော်လည်း အသံအရ အသက်ငယ်သူ မဟုတ်ကြောင်း သိသာသည်။

ပထမခြောက်ဆင့်ဖြင့် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်သည်။

ဝိညာဉ်ကျောက်တုံး သုံးထောင်ဆိုသော ဈေးနှုန်းသည် အမှန်တကယ်တော့ မကြီးလွန်းပေ။ သို့သော် ချင်းယွမ်ဓားဂိုဏ်း၏ သတိပြုမိခြင်းကို ခံရနိုင်သည့် အန္တရာယ်နှင့် ယှဉ်လျှင် မတန်ဟု လင်းကျင်း ထင်မိသည်။

ထို့ကြောင့် သူ ခေါင်းခါလိုက်ပြီး ထွက်ခွာလာခဲ့သည်။

ဆိုင်ရှင်ကလည်း ထိုကိစ္စကို ဂရုမစိုက်သလိုပင်။

အကြောင်းမှာ ကျင့်စဉ်များသည် အခြားပစ္စည်းများကဲ့သို့ ရောင်းထွက်လွယ်သော အရာများ မဟုတ်သောကြောင့်ပင်။

ကျင့်စဉ်ရောင်းသော ဆိုင်မှ ထွက်လာပြီးနောက် လင်းကျင်းလည်း ဆက်လက်၍ လျှောက်ကြည့်နေခဲ့သည်။ ထိုအချိန်အတွင်း မှောင်ခိုဈေးသည် အလွန်ရှုပ်ထွေးပြီး အမျိုးမျိုးသော ပစ္စည်းများကို ရောင်းချနေသည့် နေရာဖြစ်ကြောင်း သူ သတိပြုမိလာသည်။

အချို့လူများသည် အမျိုးသမီးကျင့်ကြံသူများကိုပင် ပေါ်ပေါ်ထင်ထင် ရောင်းချနေကြသည်ကို တွေ့ရသည်။

မှောင်ခိုဈေးထဲရှိ လူများကတော့ ထိုကဲ့သို့ မြင်ကွင်းမျိုးကို ရိုးနေဟန်ရှိပြီး မည်သည့်တုံ့ပြန်မှုမျှ မပြကြပေ။

လင်းကျင်းမှာတော့ အလွန်အမင်း အံ့အားသင့်သွားရကာ ယခင်က မိမိသည် လောကကြီးအကြောင်း သိတာ အလွန်နည်းပါးခဲ့ကြောင်း ခံစားလိုက်ရသည်။

ထိုသို့ လျှောက်လာနေစဉ် ရှေ့ဘက်တွင် ရုတ်တရက် ဆူညံလှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာသည်။

စိတ်ဝင်စားသွားသဖြင့် လင်းကျင်းက လူအုပ်နောက်မှ လိုက်သွားကာ ဘာဖြစ်နေသည်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှေ့မှ လူအချို့၏ အသံကို သူ ကြားလိုက်ရသည်။

“သွားကြစို့၊ ရှေ့မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကိုယ်တိုင် သန့်စင်ဖန်တီးထားတဲ့ မှော်ရတနာတွေ ရောင်းနေတယ်တဲ့။ သွားကြည့်ရအောင်...”

(ဘာသာပြန်သူရဲ့ မှတ်ချက်။ တရုတ်အချိန်များ အခေါ်နဲ့ သတ်မှတ်ချိန်ကို ဖော်ပြပေးလိုက်ပါတယ်။)

Zi (子) ကျစ်

23:00 – 01:00

Chou (丑) ချိုး

01:00 – 03:00

Yin (寅) ယင်

03:00 – 05:00

Mao (卯) မောက်

05:00 – 07:00

Chen (辰) ချန်

07:00 – 09:00

Si (巳) စစ်

09:00 – 11:00

Wu (午) ဝူ

11:00 – 13:00

Wei (未) ဝေး

13:00 – 15:00

Shen (申) ရှန်

15:00 – 17:00

You (酉) ယိုး

17:00 – 19:00

Xu (戌) ရှူး

19:00 – 21:00

Hai (亥) ဟိုင်း

21:00 – 23:00

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment