no

Font
Theme

“ဟော်ယွင်စွစ်ဝမ်လူ ဆေးအိုး”

လင်းကျင်းလည်း မျက်မှောင်ကြုတ်ကာ ရှေ့ရှိမြင်ကွင်းကို ကြည့်နေမိသည်။ ဆေးဖော်စပ်ခန်းတစ်ခုလုံးမှာ တော်တော်ကို ရှုပ်ပွနေခဲ့သည်။

သုံးချောင်းထောက် ကြေးဆေးအိုးမှာ ပေါက်ကွဲသွားပြီး အပိုင်းအစများစွာအဖြစ် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

ဆေးလုံးအကြွင်းအကျန်များလည်း နေရာအနှံ့ ပေကျံနေပြီး အချို့မှာ လင်းကျင်း၏ အဝတ်အစားများပေါ်သို့ပင် စင်သွားခဲ့သည်။

ဆေးလုံးအကြွင်းအကျန်များမှ ထွက်ပေါ်လာသော မွှေးရနံ့သည် လေထဲတွင် ပျံ့နှံ့နေကာ လင်းကျင်း၏ နှာခေါင်းထဲသို့ တန်းဝင်လာခဲ့သည်။ ထိုမွှေးရနံ့မှာ အလွန်ပြင်းထန်နေပြီး ဆေးဖော်စပ်မှု အောင်မြင်လုနီးပါး ဖြစ်ခဲ့ကြောင်း ပြသနေသည်။

သို့သော် နောက်ဆုံးအချိန်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကတော့ လင်းကျင်းကို အလွန်အမင်း နားမလည်နိုင်ဖြစ်စေခဲ့သည်။

“ဒဏ်ရာ သက်သာသွားမှ နင်ယွဲ့ကို သွားမေးရတော့မယ်...”

ထိုသို့ တွေးလိုက်ပြီးနောက် လင်းကျင်းသည် အချိန်မဆွဲတော့ပေ။

အတွင်းအင်္ဂါများမှ ပြင်းထန်သည့် နာကျင်မှုကို တောင့်ခံရင်း သူ၏ သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

သေတ္တာကို ဖွင့်လိုက်ပြီး ဆေးလုံးကို ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။ ယခုအကြိမ် ပေါက်ကွဲမှုကြောင့် လင်းကျင်း၏ ဒဏ်ရာများမှာ အတော်လေး ပြင်းထန်လေသည်။

အထူးသဖြင့် အတွင်းအင်္ဂါများမှာ ပေါက်ကွဲမှု၏ ရိုက်ခတ်အားကြောင့် ကွဲအက်သွားသလို ခံစားရပြီး နာကျင်မှုမှာ မခံမရပ်နိုင်အောင်ပေ။

အမြန်ဆုံး ပြန်လည်သက်သာလာစေရန်အတွက် သူသည် သန့်စင်သွေးခဲဆေးလုံးတစ်လုံးကို ထုတ်ယူသောက်သုံးလိုက်ရသည်။

ဆေးလုံးသည် ပါးစပ်ထဲဝင်သည်နှင့် ချက်ချင်း သန့်စင်သော ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားကာ သွေးကြောများအတိုင်း ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်။ နောက်ဆုံးတွင် အတွင်းအင်္ဂါများသို့ ရောက်ရှိသွားပြီး ဒဏ်ရာများကို တဖြည်းဖြည်း ကုသပေးနေခဲ့သည်။

ဆေးလုံးကို သောက်လိုက်သည့်အခိုက်အတန့်မှာပင် လင်းကျင်းသည် အခြေအနေ များစွာ ကောင်းမွန်လာကြောင်း ခံစားလိုက်ရသည်။

သူသည် ချက်ချင်း မျက်လုံးမှိတ်ကာ ကျင့်စဉ်ကို လှည့်ပတ်အသုံးပြုရင်း ဒဏ်ရာများ ပြန်ကောင်းလာစေရန် အရှိန်မြှင့်လိုက်သည်။ တစ်နာရီကြာပြီးနောက် လင်းကျင်းသည် ထရပ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်သည်။

ဒဏ်ရာများ အားလုံး ပျောက်ကင်းသွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့သော အတွင်းအင်္ဂါများပင် အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်သည်။

ယခုအချိန်တွင် သူသည် လုံးဝ ပြန်လည်နာလန်ထူသွားခဲ့ကာ သန့်စင်သွေးခဲဆေးလုံး၏ အာနိသင်မှာ အမှန်တကယ် ထူးခြားလွန်းလှသည်။ ထိုမျှ မြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု မထင်ထားခဲ့ပေ။

‘ဒီသွေးခဲဆေးလုံးကို ကျင့်ကြံသူစျေးမှာသာ ရောင်းမယ်ဆိုရင် လက်ရှိစျေးနဲ့တောင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ခြောက်ရာတော့ တန်မှာပဲ...’

ထိုအချိန်ကျမှ လင်းကျင်း၏ နှလုံးသားထဲတွင် နှမြောသလို ခံစားလိုက်ရသည်။

‘ငါ့ရဲ့ ပေါ့ဆမှုကြောင့် ဝိညာဉ်ကျောက်တုံး ခြောက်ရာ ဆုံးရှုံးလိုက်ရပြီ... နောက်တစ်ခါ ဆေးဖော်စပ်တဲ့အခါ ပိုသတိထားရမယ်...’

နောက်တစ်နေ့ မနက်စောစောတွင် လင်းကျင်း နင်ယွဲ့ကို သွားရှာလိုက်သည်။

“တာအိုရောင်းရင်း နင်၊ ကျွန်တော် မေးစရာတချို့ ရှိလို့ပါ...”

နင်ယွဲ့က အံ့ဩသွားပြီး မေးလိုက်သည်။

“ဘာကိစ္စများလဲ တာအိုရောင်းရင်း လင်း၊ ပြောပါဦး...”

“တာအိုရောင်းရင်း နင်၊ အရင်တုန်းက ခင်ဗျား ပြောဖူးတယ်မဟုတ်လား... ဒုတိယအဆင့် ဆေးလုံးဖော်စပ်ဖို့ဆိုရင် အနည်းဆုံး ချီစုဆောင်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရမယ်ဆိုတာ… အဲ့ဒါကို အချိန်မတိုင်ခင် ဆေးဖော်စပ်နိုင်မယ့် နည်းလမ်းရှိလားလို့ မေးချင်လို့ပါ...”

“ကျွန်တော် ဒုတိယအဆင့် ဆေးလုံး စမ်းဖော်စပ်ကြည့်ချင်တယ်...”

ထိုစကားကို ကြားသောအခါ နင်ယွဲ့က သတိပေးလိုက်သည်။

“အခုအချိန်မှာ အဲ့ဒီလို ကြိုးစားတာ အရမ်းအန္တရာယ်များတယ်... အရင်က ကျွန်မ ပြောထားပြီးသားပဲ မဟုတ်လား။ ဆေးဖော်စပ်ဖို့ နတ်အာရုံစွမ်းအားက အရမ်းအရေးကြီးတယ်...”

“ချီစုဆောင်းခြင်း အလယ်အဆင့်ရဲ့ နတ်အာရုံစွမ်းအားက မလုံလောက်ဘူး... ရှင်က မွေးရာပါ ထူးခြားတဲ့ ပါရမီရှိပြီး နတ်အာရုံစွမ်းအားက သာမန်ထက် ပိုအားကောင်းနေရင်တော့ ဒီကန့်သတ်ချက်ကို ထည့်မတွက်လို့ ရတာပေါ့...”

နင်ယွဲ့၏ စကားကို ကြားပြီးနောက် လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်... ယွဲ့ပေါင်လောက အကြီးအကဲ ယွီကလည်း အဲ့လိုပဲ ပြောခဲ့တယ်...”

ထိုသို့ ပြောပြီးနောက် လင်းကျင်းသည် ခဏတာ တိတ်ဆိတ်သွားခဲ့သည်။

“ဒါဆို ဒီလိုဖြစ်ခဲ့တာပေါ့…”

နင်ယွဲ့၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းကျင်းက ချက်ချင်း သဘောပေါက်သွားသည်။ ယခုအချိန်တွင် သူ့ဆေးဖို ပေါက်ကွဲသွားရသည့် အကြောင်းရင်းကို နားလည်သွားခဲ့လေပြီ။

သူ့ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘဲ၊ ဆေးဖော်စပ်ခန်း ၏ အားဖြည့်မှုကြောင့်သာ ဒုတိယအဆင့် ဆေးလုံးများကို အနိုင်နိုင် ဖော်စပ်နိုင်ခြင်း ဖြစ်ပေသည်။

ထို့အပြင် သူအသုံးပြုနေသော သုံးချောင်းထောက် ကြေးဆေးဖို သည်လည်း ဆေးပညာကို စတင်လေ့လာစဉ်က ဝယ်ယူထားခဲ့သော ပစ္စည်းသာ ဖြစ်သည်။

အကြီးအကဲယွီ အကြံပြုခဲ့သည့် ပစ္စည်းဖြစ်သောကြောင့် အရည်အသွေး မဆိုးလှပေမဲ့၊ ၎င်းသည် ပထမအဆင့် ဆေးလုံးများ ဖော်စပ်ရန်အတွက်သာ သင့်တော်ပြီး၊ ဒုတိယအဆင့် ဆေးလုံးများ၏ စွမ်းအားကိုတော့ မခံနိုင်ခဲ့ပေ။

“ကြည့်ရတာ ဆေးဖိုအသစ်တစ်လုံး ဝယ်ရတော့မယ်…”

လင်းကျင်း စိတ်ထဲတွင် တွေးလိုက်သည်။

---

မွန်းလွဲပိုင်းတွင် လင်းကျင်းသည် ကျင့်ကြံသူစျေး သို့ သွားပြီး ယွဲ့ပေါင်လော ကို တိုက်ရိုက် ဦးတည်လိုက်သည်။ ယွဲ့ပေါင်လော သို့ ရောက်သည့်အချိန်တွင် ဧည့်သည်များ မများလှပေ။

အကြီးအကဲယွီက ကောင်တာနောက်တွင် ထိုင်လျက် ငိုက်မျဉ်းနေသည်။

“အကြီးအကဲ ယွီ… ထပါတော့… ကျွန်တော် ဘာယူလာလဲ ကြည့်ပါဦး…”

ထိုသို့ ပြောရင်း လင်းကျင်းက ချင်းဟွာမူးယစ်အရက်တစ်အိုးကို ထုတ်ယူကာ အကြီးအကဲယွီ၏ မျက်စိရှေ့တွင် လှုပ်ပြလိုက်သည်။

“ကောင်လေး… မြန်မြန်ပေးစမ်း…”

စကားမဆုံးခင်မှာပင် အရက်အိုးသည် လင်းကျင်း၏ လက်ထဲမှ ပျောက်ကွယ်သွားပြီး အကြီးအကဲယွီ၏ လက်ထဲတွင် ပေါ်လာလေတော့သည်။

ယခုတော့ အကြီးအကဲယွီမှာ အားအင်အပြည့်ဖြင့် နိုးကြားနေပြီး၊ အိပ်ငိုက်နေသည့် အရိပ်အယောင်ပင် မရှိတော့ပေ။

အကြီးအကဲယွီက အရက်တစ်ငုံ မော့သောက်လိုက်ပြီး စိတ်ကျေနပ်စွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထို့နောက် မျက်လုံးမှေး၍ လင်းကျင်းကို ကြည့်ကာ ပြောလိုက်သည်။

“အကြောင်းမရှိဘဲ ဘုရားကျောင်းကို လာတဲ့သူ မရှိဘူးဆိုတာ သိတယ်မလား...”

“ပြောစမ်းပါဦး၊ ဒီတစ်ခေါက် ဘာကိစ္စလဲ... မင်းက မကြာသေးခင်တုန်းကမှ ဆေးဖော်စပ်ပစ္စည်းတွေ ဝယ်သွားတာ မဟုတ်ဘူးလား။ အခု မလိုသေးလောက်ဘူး ထင်တယ်...”

လင်းကျင်းက “ဟဲဟဲ” ဟု ရယ်လိုက်သည်။

“ဟဲဟဲ… အကြီးအကဲ ယွီ၊ ဒီလိုပါ။ ကျွန်တော် ဆေးအိုးဖိုတစ်လုံး ဝယ်ချင်လို့ပါ...”

အကြီးအကဲယွီက မေးလိုက်သည်။

“ဘာလဲ၊ မင်းအရင် သုံးနေတဲ့ သုံးချောင်းထောက် ကြေးနီဆေးအိုးက မကောင်းတော့ဘူးလား...”

ပြောပြီးနောက် တစ်စုံတစ်ရာကို သတိရသွားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

“ဟုတ်သားပဲ။”

“မင်းရဲ့ ဆေးဖော်စပ်ပညာအဆင့်က ဒီလောက်ရောက်လာပြီဆိုတော့ အဲဒီ ဆေးအိုးဟောင်းကို လဲသင့်နေပြီပေါ့...”

လင်းကျင်းက ခေါင်းငုံ့လိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

“အဲဒီလိုတော့ မဟုတ်ပါဘူး…”

“အကြီးအကဲယွီ၊ အဲဒီ သုံးချောင်းထောက် ကြေးနီဆေးအိုးက ဆေးဖော်စပ်ရင်း မတော်တဆ ပေါက်ကွဲသွားပြီး ပျက်စီးသွားတာပါ...”

“ပျက်စီးသွားတယ်...” အကြီးအကဲယွီ၏ ပါးစပ် ဟသွားပြီး အံ့ဩသွားသည်။

ထို့နောက် မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“မင်းက ဘယ်လိုများ လေ့ကျင့်နေတာလဲ ကောင်လေး… ဆေးဖော်စပ်တာ မြန်ရုံတင် မဟုတ်ဘူး၊ တော်တော်ကိုလဲ ကြမ်းတာပဲ....”

“သုံးချောင်းထောက် ကြေးနီဆေးအိုးလို အကြမ်းခံတဲ့ ဆေးဖိုကိုတောင် ပျက်စီးအောင် လုပ်နိုင်တယ်ပေါ့....”

“ထားလိုက်တော့… ဘာပဲဖြစ်ဖြစ် မင်းအတွက် ဆေးဖိုအသစ်တစ်လုံးတော့ လိုနေပြီ... ဒီမှာ ခဏစောင့်နေ၊ ငါ သွားယူပေးမယ်...”

ထိုသို့ ပြောပြီးနောက် လင်းကျင်း ဘာမှ ထပ်မပြောရသေးခင်မှာပင် ကောင်တာနောက်မှ ထွက်သွားကာ စင်တန်းများ၏ နောက်ဘက်သို့ လျှောက်သွားလိုက်သည်။

မကြာခင်မှာပင် အကြီးအကဲယွီ ပြန်ထွက်လာသည်။

သူ့လက်ထဲတွင် မီးနီရောင် တောက်ပနေသော ဆေးအိုးတစ်လုံးကို ကိုင်ဆောင်ထားပြီး၊ ဆေးဖိုကိုယ်ထည်ပေါ်တွင် တိမ်ပုံစံ အမှတ်အသားများ ပတ်လည် ရစ်ပတ်နေကာ အလွန်ထူးခြားလှပနေသည်။

သို့သော် ထိုဆေးဖိုသည် သိပ်မကြီးလှပေ။ သုံးချောင်းထောက် ကြေးနီဆေးအိုးထက်ပင် အနည်းငယ် သေးငယ်နေသေးသည်။

အကြီးအကဲယွီက လျှောက်လာပြီး

“ဒုန်း!”

ဟူသော အသံနှင့်အတူ ဆေးဖိုကို ကောင်တာပေါ် တင်ချလိုက်သည်။ ၎င်း၏ အရွယ်အစားက သေးငယ်သော်လည်း အလေးချိန်မှာ မပေါ့ကြောင်း သိသာထင်ရှားသည်။

“ဒီဆေးအိုးရဲ့ နာမည်က 火陨四纹炉 ဟော်ယွင်စွစ်ဝမ်လူ (ကြယ်ကြွေမီးလျှံလေးကြောင်းဆေးအိုးဖို) ….”

“ဒါကို မီးဥက္ကာသံမဏိ နဲ့ သွန်းလုပ်ထားတာ...”

“ပြီးတော့ ဆေးဖိုကိုယ်ထည်ပေါ်မှာ ပုံစံလေးကြောင်း ထွင်းထားတယ်။ အဲဒီအမှတ်အသားတွေက ဆေးဖော်စပ်ဆရာရဲ့ ဆေးဖော်စပ်လုပ်ငန်းကို ပိုမို လွယ်ကူစေတဲ့ မှော်ပစ္စည်းတစ်ခုလည်း ဖြစ်တယ်...”

“ပထမအဆင့်ဖြစ်ဖြစ်၊ ဒုတိယအဆင့်ဖြစ်ဖြစ် ဆေးလုံးဖော်စပ်တာ အရမ်းလွယ်ကူတယ်။ တတိယအဆင့် ဆေးလုံးဖော်စပ်ရင်တောင် ပြဿနာမရှိဘူး....”

“ဒါတင်မကသေးဘူး…”

“ဒီဆေးအိုးက ကြယ်သဲမှုန် ဆိုတဲ့ မှော်ပစ္စည်းအချို့လည်း ထည့်သွင်း သန့်စင်ထားသေးတယ်။ ဒါကြောင့် ပိုင်ရှင်က သန့်စင်ပြီးရင် အရွယ်အစားကို စိတ်ကြိုက် ပြောင်းလဲနိုင်သေးတယ်...”

“မှော်ပစ္စည်း…”

လင်းကျင်းက ဟော်ယွင်စွစ်ဝမ်လူ ကို စိုက်ကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်သည်။

“ဒီဆေးအိုးက ဝိညာဉ်ကျောက်တုံး တော်တော်များများ ကုန်မယ်ထင်တယ်နော်…”

(ဘာသာပြန်သူ၏ မှတ်ချက်။ ဆေးအိုး နာမည်အရင်းက 火陨四纹炉 ဟော်ယွင်စွစ်ဝမ်လူ ဖြစ်ပါတယ်။ မြန်မာဘာသာ ပြန်ရင်တော့ ကြယ်ကြွေမီးလျှံလေးကြောင်းဆေးအိုးဖို လို့ ပြန်ရမှာဘဲ၊

ဟော် - မီး

ယွင် - ဥက္ကာခဲ

စွစ်ဝမ် - ပုံစံ 4 ကြောင်း (four pattern)

လူ - ဆေးအိုး

နာမည်ဘဲ ဖြစ်လို့ နာမည်အတိုင်းဘဲ ရေးလိုက်ပါတော့တယ်။)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment