no

Font
Theme

အကြီးအကဲယွီ၏ ဆေးမီးဖိုလက်ဆောင်

လင်းကျင်း မကြာမီ သတိပြန်ဝင်လာပြီး အကြီးအကဲယွီကို ပြောလိုက်သည်။

“အကြီးအကဲယွီ၊ ကျွန်တော့်ကို မစနောက်ပါနဲ့တော့၊ ဒီဆေးအိုးက မှော်ရတနာတစ်ခု... ကျွန်တော် မတတ်နိုင်ပါဘူး...”

အကြီးအကဲယွီ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်စ ပေါ်လာသည်။

“ဘယ်သူက မင်းကို ရောင်းမယ်လို့ ပြောလို့လဲ... ဒါက မင်းကို လက်ဆောင်ပေးတာ။”

“ဟင်... ကျွန်တော့်ကို လက်ဆောင်ပေးတာ ဟုတ်လား...”

လင်းကျင်း အံ့ဩသွားပြီးနောက် ပြောလိုက်သည်။

“ဒီဆေးအိုးဖိုက စျေးမပေါဘူးနော်.... ဘယ်လိုလုပ် ဒီအတိုင်း ပေးလိုက်နိုင်တာလဲ.... အကြီးအကဲ ယွီက ယွဲ့ပေါင်လောကိုရော ဘယ်လိုရှင်းပြမှာလဲ...”

ပြောပြီးနောက် လင်းကျင်းက လက်ခါပြလိုက်သည်။

“ထားလိုက်ပါ.. ထားလိုက်ပါ... ဒီဆေးမီးဖိုအိုးကို အကြီးအကဲပဲ သိမ်းထားလိုက်ပါ... ကျွန်တော့်ဘာသာ သုံးလို့ အဆင်ပြေမယ့်တစ်လုံးပဲ ဝယ်လိုက်ပါ့မယ်...”

အကြီးအကဲယွီက နှုတ်ခမ်းရွဲ့ကာ ပြောသည်။

“ဒီဆေးအိုးဖိုက ယွဲ့ပေါင်လော ပိုင်တာ မဟုတ်ဘူး... ငါ့ကိုယ်ပိုင်ပစ္စည်း...”

“အကြီးအကဲရဲ့ ကိုယ်ပိုင် ဆေးအိုးဖိုလား...”

လင်းကျင်း အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ်။”

အကြီးအကဲယွီက သဘာဝကျကျ ပြန်ဖြေသည်။

“ဒီဆေးအိုးဖိုကို ကျွန်တော့်ကို ပေးလိုက်ရင် အကြီးအကဲက ဘာသုံးမှာလဲ...”

လင်းကျင်းက ထပ်မေးလိုက်သည်။

အကြီးအကဲယွီက ပြုံးလျက် ပြောသည်။

“ရက်ပိုင်းလောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မျိုးဆက်တစ်ယောက် အဆိပ်ပြင်းမိပြီး ငါ့ဆီ အဆိပ်ဖြေဆေးတောင်းဖို့ ရောက်လာခဲ့တယ်... ဒါနဲ့ ငါလည်း သွားပေးခဲ့တာပေါ့...”

“အဲဒီနေ့က ကံကောင်းသွားတယ်... အဲ့နေရာတင် သန့်စင်အဆင့် အဆိပ်ဖြေဆေးတစ်လုံး ဖော်စပ်နိုင်ခဲ့ပြီး အဲဒီလူရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တယ်...”

“သန့်စင်အဆင့် ဆေးလုံး….”

လင်းကျင်း အာမေဋိတ်သံ ထွက်သွားသည်။

“ကံကောင်းတာပါ ကောင်လေးရယ်... ဒီလောက်ထိ အံ့ဩ မနေစမ်းပါနဲ့....”

အကြီးအကဲယွီက ပြုံးနေသော်လည်း မျက်ဝန်းများထဲတွင် ဂုဏ်ယူမှုအရိပ်အယောင်များ ပြည့်နေသည်။

သိသာထင်ရှားစွာပင် သူ့ကိုယ်သူ အလွန်ကျေနပ်နေ၏။

“ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ အဲဒီရွှေအမြုတေအဆင့် ကျင့်ကြံသူက ပေးသင့်တဲ့ဆုကြေးအပြင် ဆေးအိုးဖိုတစ်လုံးပါ ထပ်ပေးခဲ့တယ်... အဲဒီဆေးအိုးဖိုက ဒီတစ်လုံးထက် အများကြီး ပိုကောင်းတယ်...”

“အဲဒီဆေးအိုးဖိုနဲ့ဆိုရင် တတိယအဆင့် ဆေးလုံးတွေ ဖော်စပ်တဲ့အခါ အောင်မြင်နှုန်းကို အများကြီး မြှင့်တင်ပေးနိုင်မယ်ဆိုတော့ ငါလည်း လက်ခံလိုက်တာပေါ့...”

‘ရွှေအမြုတေအဆင့် ကျင့်ကြံသူ.. သူရဲ့မျိုးဆက်.... အဆိပ်မိတယ်...’

လင်းကျင်းက တိတ်တဆိတ် စဉ်းစားနေမိသည်။

‘အဲဒီလူများ ဖြစ်နေမလား...’

လင်းကျင်းက အနည်းငယ် နီးကပ်သွားပြီး တိုးတိုးမေးလိုက်သည်။

“အကြီးအကဲ ယွီ ကယ်တင်ခဲ့တဲ့သူက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား... ပြောရခက်ရင်လည်း ရပါတယ်... ကျွန်တော်က သိချင်လို့ မေးကြည့်တာပါ...”

“ပြောရခက်စရာ ဘာမှမရှိပါဘူး...”

အကြီးအကဲယွီက စတင်ပြောသည်။

“ဝူချိုင်းအမတအရှင်ရဲ့ မျိုးဆက်ပဲ။ နာမည်က လျိုယိယွမ်လို့ ထင်တာဘဲ...”

လင်းကျင်း၏ အတွေးများ ဗြောင်းဆန်နေပေသည်။

‘ဝူချိုင်း...’

‘လျိုယိယွမ်...’

‘ဟုတ်တယ်။ အဲဒီနေ့က ရွှေအမြုတေအဆင့် ကျင့်ကြံသူ အသုံးပြုခဲ့တဲ့ မှော်ရတနာက အရောင်ငါးမျိုး တောက်ပနေခဲ့တယ်...’

‘ပြီးတော့ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အဆိပ်မိသွားတုန်းကလည်း ‘ယီယွမ် သတိထား’ လို့ အော်ခဲ့သေးတယ်...’

‘တကယ်ပဲ သူတို့ဖြစ်နေတာကိုး...'

‘လျိုယိယွမ်ဆိုတဲ့ အဲဒီအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အသက်ရှင်သွားခဲ့တာပဲ။ တော်တော်ကံကောင်းတဲ့ကောင်ပဲ...’

‘နောင်ကျရင် ပိုပြီး သတိထားမှဖြစ်မယ်။ တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို ဖုံးကွယ်ထားပြီး သူနဲ့ မတွေ့မိအောင် ရှောင်ရမယ်...’

လင်းကျင်း အတွေးနက်နေစဉ် အကြီးအကဲယွီက ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်ပြီး သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။

“ဘာတွေ စဉ်းစားနေတာလဲ...”

“အကြီးအကဲယွီ၊ ခုနက အကြီးအကဲ ပြောတာ တတိယအဆင့် ဆေးလုံးတွေ ဖော်စပ်နိုင်တယ်ဆို... ဒါဆို အကြီးအကဲက တတိယအဆင့် ဆေးဖော်စပ်ဆရာများလား...”

“အခုမှ သတိထားမိလို့ပါ....” လင်းကျင်းက ရှင်းပြလိုက်သည်။

“ဟုတ်တာပေါ့…” အကြီးအကဲယွီက ဂုဏ်ယူစွာ နှုတ်ခမ်းကွေးလိုက်သည်။

“မဟုတ်ရင် မင်းကို ယွဲ့ပေါင်လောရဲ့ ဧည့်အကြီးအကဲ ဖြစ်လာဖို့ ဘယ်လိုလုပ် အာမခံပေးနိုင်မှာလဲ...” ပြောပြီးနောက် အကြီးအကဲယွီက ဆေးအိုးဖိုကို လင်းကျင်းထံ လှမ်းပေးလိုက်သည်။

“ကဲ၊ စကားတွေ ပတ်ပြီးလျှောက်ပြောမနေနဲ့တော့... ဆေးအိုးဖိုကိုသာ ယူလိုက်...”

လင်းကျင်းက ဆေးအိုးဖိုကို လက်ခံယူရင်း ပြုံးကာ ပြောလိုက်သည်။

“ဟုတ်ကဲ့၊ အကြီးအကဲယွီက ဒီလောက်တောင် ပြောနေမှတော့ ကျွန်တော်လည်း အားနာမနေတော့ဘူး....”

“ကောင်လေး၊ ဒီဆေးအိုးဖိုကို မင်းကိုပေးတာနဲ့ ပတ်သက်ပြီး ငါ့မှာ တောင်းဆိုချက်တစ်ခုတော့ ရှိတယ်...”

အကြီးအကဲယွီက နောက်ပြောင်သလို အပြုံးဖြင့် ပြောသည်။

“ပြောပါ အကြီးအကဲယွီ...”

လင်းကျင်းက အလေးအနက် ပြန်ဖြေလိုက်သည်။

“အဲဒါက မင်း အမြန်ဆုံး အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်နိုင်ပြီး ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်လာရမယ်။ ငါ အဲဒီနေ့ကို စောင့်မျှော်နေတယ်...”

“စိတ်ချပါ အကြီးအကဲယွီ...”

အိမ်ပြန်ရောက်ပြီးနောက် လင်းကျင်းက ဆေးအိုးဖိုကို ထုတ်ယူကာ မိမိအပိုင်ဖြစ်အောင် သန့်စင်ခြင်းကို စတင်လိုက်သည်။

လင်းကျင်း၏ ကျင့်ကြံမှုအဆင့် မမြင့်သေးသောကြောင့် ဒီမှော်ရတနာအဆင့် ဆေးအိုးဖိုကို မိမိအပိုင်ဖြစ်အောင် သန့်စင်ရန်မှာ လွယ်ကူသောကိစ္စ မဟုတ်ပေ။

ရက်ပေါင်းများစွာ ဆက်တိုက် ကြိုးစားသန့်စင်ပြီးနောက် လင်းကျင်းသည် နောက်ဆုံးတွင် အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ဆေးအိုးဖိုကို အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်။

သန့်စင်မှု အောင်မြင်သွားပြီးနောက် လင်းကျင်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး နေရာလွတ်စနစ်ထဲသို့ ချက်ချင်းဝင်ကာ ဆေးဖော်စပ်မှုကို ထပ်မံစမ်းသပ်ချင်နေတော့သည်။

သို့သော် ရက်ပေါင်းများစွာ မနားမနေ သန့်စင်ခဲ့ရသောကြောင့် သူ၏အခြေအနေမှာ အတော်လေး ဆိုးရွားနေပြီး အနားယူကာ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်နေသည်။

ထို့ကြောင့် လင်းကျင်းက နောက်ဆုံးတွင် စိတ်ကို ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

နောက်တစ်နေ့သို့ ရောက်လာသည်အထိပင်။

အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး စိတ်အားအင်အား အပြည့်ရှိနေသော လင်းကျင်းသည် နေရာလွတ်စနစ်ထဲသို့ ဝင်ရောက်လိုက်သည်။

ဆေးဖော်စပ်ခန်းသို့ ရောက်ပြီးနောက် လင်းကျင်းက ဆေးအိုးဖိုကို ထုတ်ယူလိုက်ကာ ထို့နောက် အတွေးတစ်ချက်ဖြင့် ဆေးမီးဖိုသည် တဖြည်းဖြည်း ကြီးမားလာသည်။

ယခင်က သူအသုံးပြုခဲ့သော သုံးချောင်းထောက် ကြေးနီမီးဖိုထက် အနည်းငယ် ပိုကြီးလာသည့်အချိန်တွင် ရပ်လိုက်တော့သည်။

ဒီအရွယ်အစားက သင့်တော်သလောက်ရှိသည်ဟု သူထင်နေ၏။

ထို့နောက် လင်းကျင်းက သိုလှောင်အိတ်ထဲမှ ယွမ်ချီစုဆောင်းဆေးလုံး ဖော်စပ်ရန် လိုအပ်သော ဆေးပစ္စည်းတစ်စုံကို ထုတ်ယူလိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ယွမ်ချီစုဆောင်းဆေးလုံးကို ဖော်စပ်ခဲ့သောကြောင့် ယခုတစ်ကြိမ်တွင်လည်း ထိုဆေးလုံးမှ စတင်ရန် စီစဉ်ထားခဲ့သည်။

နောက်ဆုံးအကြိမ် အတွေ့အကြုံရှိထားပြီးဖြစ်သောကြောင့် ယခုတစ်ခေါက်တွင် အနည်းငယ် ပိုမိုလွယ်ကူသင့်သည်။

လင်းကျင်း ပထမဦးစွာ ဆေးပစ္စည်းများကို စီမံပြုပြင်ပြီးနောက် မီးမွှေးလိုက်သည်။ အချိန်ကျလုနီးပါး ဖြစ်လာသောအခါ ဆေးပစ္စည်းများကို ဆေးအိုးဖိုထဲသို့ တစ်မျိုးပြီးတစ်မျိုး ထည့်သွင်းလိုက်သည်။

နောက်ဆုံးတွင် ဆေးအိုးဖိုကို အလုံပိတ်လိုက်သည်။

ဆေးအိုးဖိုကို အလုံပိတ်ပြီးနောက် လင်းကျင်းလည်း မီးအပူချိန်ကို ဂရုတစိုက် ထိန်းချုပ်ရင်း သူ၏ နတ်အာရုံဖြင့် ဆေးမီးဖိုအတွင်းရှိ အခြေအနေပြောင်းလဲမှုများကို စောင့်ကြည့်နေတော့သည်။

သူသည် အလွန်သတိထားနေပြီး အနည်းငယ်မျှပင် ပေါ့ဆမရဲပေ။

အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ လင်းကျင်း၏ အာရုံ အားလုံးမှာ ဆေးမီးဖိုပေါ်တွင်သာ စိုက်ထားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူသည် ယခင်ထက် များစွာ သက်တောင့်သက်သာ ရှိနေပုံရသည်။ အထူးသဖြင့် ယခင်ကလို နဖူးပေါ်တွင် ချွေးစက်များ ထွက်ပေါ်မလာတော့ခြင်း ဖြစ်သည်။

မကြာမီ ဆေးလုံးရနံ့များ တဖြည်းဖြည်း ပျံ့လွင့်လာပြီး ဆေးဖော်စပ်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ဖော်ပြနေသည်။

လင်းကျင်းသည် ချက်ချင်း စိတ်တက်ကြွလာပြီး ဆေးမီးဖိုကို အနီးကပ် စောင့်ကြည့်ရင်း မီးအပူချိန်ကို ဂရုတစိုက် ထိန်းချုပ်နေသည်။

ပြီးခဲ့သည့်တစ်ခေါက်က ဤအဆင့်တွင် ကျရှုံးခဲ့ဖူးသောကြောင့် ယခုတစ်ကြိမ်တွင် ထိုကဲ့သို့သော အခြေအနေမျိုး လုံးဝ ထပ်မဖြစ်စေရန် လိုအပ်ပေသည်။

“ဒင်”

“စနစ်အသိပေးချက် - ဂုဏ်ယူပါတယ်။ ပိုင်ရှင်သည် ဒုတိယအဆင့် ဆေးလုံးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သဖြင့် ရိတ်သိမ်းမှတ် 20 မှတ် ချီးမြှင့်သည်။”

“ဆေးလုံးဖော်စပ်မှု အောင်မြင်သည်။ ဆေးဖော်စပ်မှုကျွမ်းကျင်မှု +16”

‘အောင်မြင်သွားပြီ....’

လင်းကျင်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး နားလည်သဘောပေါက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် ဆေးအိုးဖိုကို ဖွင့်ကာ ဆေးလုံးများကို ထုတ်ယူလိုက်သည်။

အဆင့်မြင့်အဆင့်တစ်လုံး... အလယ်အလတ်အဆင့်နှစ်လုံး... အဆင့်နိမ့်အဆင့်တစ်လုံး...

ပထမဆုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည့်အကြိမ်တွင်ပင် ထိုသို့သော အရည်အသွေး ရရှိထားခြင်းမှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။

ထို့နောက် လင်းကျင်း ဆေးလုံးများကို သိမ်းဆည်းလိုက်သည်။

ဒုတိယအဆင့် ဆေးလုံးများ ဖော်စပ်ရာတွင် ကုန်ဆုံးရသော စိတ်ဝိညာဉ်စွမ်းအားသည် ပထမအဆင့် ဆေးလုံးများနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။

ယခုအချိန်တွင် သူ့၌ နောက်တစ်သုတ် ဆက်လက်ဖော်စပ်ရန် အင်အား မကျန်တော့ပေ။

ဆေးအိုးဖိုကို သိမ်းဆည်းပြီးနောက် လင်းကျင်းသည် နေရာလွတ်စနစ်ထဲမှ ထွက်လာခဲ့သည်။

နေရာလွတ်စနစ်မှ ထွက်လာသည်နှင့် တပြိုင်နက် လင်းကျင်း တင်ပျဉ်ခွေထိုင်ကာ မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် စတင်လိုက်သည်။

အချိန်မည်မျှ ကုန်လွန်သွားသည် မသိရဘဲ နောက်ဆုံးတွင် လင်းကျင်း နိုးထလာခဲ့သည်။

ထိုအချိန်တွင် သူ၏အခြေအနေမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး ဆေးဖော်စပ်မှုကို ထပ်မံ ပြုလုပ်နိုင်ပြီဟု ခံစားရသည်။

လင်းကျင်းက မျက်လုံးဖွင့်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြင်ဘက်တွင် နေ့ခင်းကြောင်တောင် ဖြစ်နေပြီလေ။

လင်းကျင်းက မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။

“ဒီလောက်တောင် အချိန်ကုန်သွားပြီလား...”

ထို့နောက် တွက်ချက်ကြည့်လိုက်ရာ ရလဒ်မှာ အတော်လေး အံ့ဩဖွယ်ကောင်းနေသည်။

မိမိ၏ အခြေအနေကို ပြန်လည်ကောင်းမွန်စေရန် လင်းကျင်း ခြောက်နာရီတာ ကာလ သုံးကြိမ်စာ အချိန်ယူခဲ့ရသည်။

တစ်နည်းအားဖြင့် ဆေးလုံးတစ်သုတ် ဖော်စပ်ပြီးနောက် ဒုတိယသုတ် ဆက်လက်ဖော်စပ်လိုပါက နောက်ထပ် ခြောက်နာရီ အနားယူရဦးမည် ဖြစ်သည်။

လင်းကျင်းသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။

‘ဒုတိယအဆင့် ဆေးလုံးတစ်သုတ် ဖော်စပ်ဖို့ ပုံမှန်အားဖြင့် ခြောက်နာရီတာကာလ တစ်ကြိမ် လိုတယ်။ ဆိုလိုတာက နှစ်နာရီကြာတယ်....’

‘ပြီးတော့ အခု နေရာလွတ်စနစ်ထဲ ဝင်နိုင်တဲ့ အချိန်က တစ်ရက်ကို လေးနာရီပဲ ရှိသေးတယ်...’

‘အချိန်စီးဆင်းနှုန်း ကွာခြားမှုကြောင့် အဲဒါက ရှစ်နာရီနဲ့ ညီမျှတယ်...’

ဆေးလုံးတစ်သုတ် ဖော်စပ်ပြီးနောက် အနားယူဖို့ ခြောက်နာရီ လိုသေးသည်။

ထိုသို့ တွက်ချက်ကြည့်လိုက်လျှင် သူသည် နေ့တိုင်း ဘာမှမလုပ်ဘဲ ဆေးဖော်စပ်မှုတစ်ခုတည်းကိုသာ အာရုံစိုက်နေမည်ဆိုလျှင်ပင် ဒုတိယအဆင့် ဆေးလုံးကို တစ်နေ့လျှင် အများဆုံး သုံးသုတ်သာ ဖော်စပ်နိုင်မည် ဖြစ်သည်။

“ဒီလိုဆို မဖြစ်သေးဘူး… တကယ်ပဲ ဖြေရှင်းလို့ရမယ့် နည်းလမ်း မရှိတော့ဘူးလား...”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment