no

Font
Theme

မှောင်ခိုစျေးကွက်သို့ ပြန်လည်ရောက်ရှိခြင်း

ထို့အပြင် လင်းကျင်းအနေဖြင့် ဘာမှမလုပ်ဘဲ မနေနိုင်ပေ။

သူသည် ကျင့်ကြံရန် လိုအပ်သေးသလို အဆင့်တက်ရန်အတွက် လိုအပ်သော စွမ်းအင်စုဆောင်းဆေးလုံးကိုလည်း ဖော်စပ်ရဦးမည် ဖြစ်သည်။

ထိုအရာများအားလုံးမှာလည်း အချိန်အတော်များများ ကုန်ဆုံးသွားမည် ဖြစ်သည်။

မဟုတ်ပါက သူ၏ ဝိညာဉ်အမြစ် အရည်အချင်းဖြင့် အဆင့်ချိုးဖောက်နိုင်ရန် မည်မျှကြာဦးမည်ကိုပင် မသိနိုင်ပေ။

‘ကြည့်ရတာ တခြားလူတွေကို မေးကြည့်ရဦးမှာဘဲ...’

နောက်တစ်နေ့တွင် လင်းကျင်း နင်းယွဲ့ကို ထပ်မံ သွားရှာခဲ့ပြီး သူမထံမှ သူလိုချင်နေသော အချက်အလက်များကို ရရှိခဲ့သည်။

အမှန်တကယ်ပင် ဆေးဖော်စပ်ရာတွင် အချိန်ကြာလွန်းပြီး စိတ်ဝိညာဉ်စွမ်းအား အလွန်အကျွံ ကုန်ဆုံးသည့် ပြဿနာကို ဖြေရှင်းနိုင်သည့် နည်းလမ်း ရှိနေပေသည်။

ဆေးဖော်စပ်ခြင်းလမ်းစဉ် မိသားစုကြီးများသည် နှစ်ပေါင်းမရေမတွက်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုများကို ဖြတ်သန်းလာခဲ့ကြပြီး မိမိတို့၏ အမွေအနှစ်များ အသီးသီး ရှိတတ်ကြသည်။

ထိုအမွေအနှစ်များထဲတွင် သူတို့၏ သီးသန့်ဆေးဖော်စပ်နည်းကျမ်းများလည်း ပါဝင်သည်။

ဆေးဖော်စပ်နည်းကျမ်းများသည် ဆေးဖော်စပ်သူများ၏ ဖော်စပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို ဆေးဖော်စပ်သည့်အချိန်တွင် ကုန်ဆုံးမည့် စိတ်ဝိညာဉ်စွမ်းအားကိုလည်း လျှော့ချပေးနိုင်သေးသည်။

ထို့အပြင် ရှေးဟောင်း ဆေးဖော်စပ်ခြင်းလမ်းစဉ် မိသားစုကြီးများသည် မျိုးဆက်ပေါင်းများစွာအတွင်း ၎င်းတို့၏ ဆေးဖော်စပ်နည်းကျမ်းများကို အဆက်မပြတ် ပြုပြင်တိုးတက်စေခဲ့ကြသဖြင့် ထိုကျမ်းများမှာ ပိုမိုအားကောင်းလာခဲ့စေသည်။

ထိုကျမ်းတို့သည် ဆေးဖော်စပ်မှုစွမ်းရည်ကိုသာ မြှင့်တင်ပေးနိုင်ရုံ မဟုတ်ဘဲ အောင်မြင်နှုန်းကိုလည်း တိုးမြှင့်ပေးနိုင်သေးသည်။ သူတို့ဖော်စပ်ထားသည့် ဆေးလုံးများ၏ အရည်အသွေးမှာလည်း တခြားဆေးဖော်စပ်ဆရာများ ဖော်စပ်သည့် ဆေးလုံးများထက် များစွာပိုကောင်းမွန်၏။

အလွန်ဝေးကွာသော ရှေးဟောင်းခေတ်များတွင်ပင် သန့်စင်အဆင့် ဆေးလုံးများ ဖော်စပ်ရာ၌ အောင်မြင်နှုန်းကို မြှင့်တင်ပေးနိုင်သည့် ဆေးဖော်စပ်နည်းကျမ်းများ ရှိခဲ့သည်ဟု ဆိုကြသည်။

သို့သော် ထိုဆေးဖော်စပ်နည်းကျမ်းများမှာ ပျောက်ကွယ်သွားခဲ့ပြီးဖြစ်ပြီး ရှေးဟောင်းမှတ်တမ်းအချို့ထဲတွင် အစအနများအဖြစ်သာ ကျန်ရှိတော့သည်ဟု ဆိုကြသည်။

ထို့ကြောင့် ဤအရာသည် ဆေးဖော်စပ်ခြင်းလမ်းစဉ် မိသားစုများမှ တပည့်များနှင့် သာမန်ဆေးဖော်စပ်သူများကြား အကြီးမားဆုံး ကွာခြားချက်ပင် ဖြစ်သည်။

သို့သော် ဆေးဖော်စပ်နည်းကျမ်းများသည် ဆေးဖော်စပ်ခြင်းလမ်းစဉ် မိသားစုတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် အလွယ်တကူ အပြင်သို့ ပျံ့နှံ့မသွားနိုင်ပေ။

အကယ်၍ ထိုမိသားစုအမွေအနှစ်မှ ဆေးဖော်စပ်နည်းကျမ်းတစ်ခုသာ ကျင့်ကြံသူစျေးတွင် ပေါ်လာခဲ့မည်ဆိုလျှင် စျေးတစ်ခုလုံး ချက်ချင်း ပွက်ပွက်ဆူညံသွားကြမည်ပေ။

အထူးသဖြင့် စျေးထဲရှိ ဆေးဖော်စပ်သူများက မည်သည့်နည်းနှင့်မဆို ထိုဆေးဖော်စပ်နည်းကျမ်းကို ရယူရန် ကြိုးစားကြမည်မှာ အသေအချာပင်။

အကြောင်းမှာ စျေးထဲရှိ ဒုတိယအဆင့် ဆေးဖော်စပ်ဆရာများသာမက တတိယအဆင့် ဆေးဖော်စပ်ဆရာ အများစုတွင်ပင် ထိုဆေးဖော်စပ်နည်းကျမ်းများ မရှိကြသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် အကြီးအကဲယွီကို ကြည့်နိုင်သည်။

သူသည် မည်သည့်နောက်ခံမရှိသော လွတ်လပ်တဲ့ ဆေးဖော်စပ်သူတစ်ဦးဖြစ်ပြီး မိမိ၏ ကြိုးစားအားထုတ်မှုနှင့် ဆေးဖော်စပ်ခြင်းလမ်းစဉ်အပေါ် မွေးရာပါ ပါရမီအချို့ကို အားကိုးကာ တတိယအဆင့် ဆေးဖော်စပ်ဆရာအဆင့်သို့ တက်လှမ်းခဲ့သူ ဖြစ်သည်။

အကြီးအကဲ ယွီကဲ့သို့သော လူမျိုးများ စျေးထဲတွင် နောက်ထပ် နှစ်ယောက် ရှိသေးသည်။ ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ အမြောက်အမြားကိုတော့ ထည့်တွက်စရာပင် မလိုပေ။

ဆေးဖော်စပ်နည်းကျမ်းများမှာ အလွန်ရှားပါးလွန်းသောကြောင့် နင်ယွဲ့ ပြောပြသည့်အရာများကို ကြားပြီးနောက် လင်းကျင်းလည်း အကူအညီမဲ့စွာ သက်ပြင်းချနိုင်ရုံသာ ရှိတော့သည်။

နောက်ထပ် တစ်လတာအတွင်း။ လင်းကျင်းသည် နေ့စဉ် ဆေးလုံးများကို ဖော်စပ်နေခဲ့သည်။

တစ်ခါတစ်ရံ တစ်နေ့လျှင် ဆေးအိုးတစ်ဖိုစာသာ ဖော်စပ်ပြီး တစ်ခါတစ်ရံ နှစ်ဖိုစာ ဖော်စပ်သည်။ ကျန်သောအချိန်များအားလုံးကို ကျင့်ကြံခြင်းတွင်သာ မြှုပ်နှံထားခဲ့ပြီး အပြင်သို့ ထွက်ခဲလှသည်။

စီမံခန့်ခွဲသူ ဂျန်း ပြောခဲ့သည့်အတိုင်းပင်၊ ယခုလအတွင်း ကုန်ဈေးနှုန်းများ အမှန်တကယ် မြင့်တက်သွားခဲ့လေသည်။

ဆေးလုံးဖော်စပ်ရန် လိုအပ်သော ဆေးပစ္စည်းများသာမက ဝိညာဉ်ဆန်များနှင့် အဆောင်ပြုလုပ်ရာတွင် အသုံးပြုသော ကြယ်ခုနစ်ပွင့်မြက်များ၏ ဈေးနှုန်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။

ကျန်းမိသားစု ညီအစ်ကိုနှစ်ဦးကို လင်းကျင်း သတ်ဖြတ်ပြီးနောက် ၎င်းတို့၏ခြံဝင်းမှာ ငှားရမ်းခ ပေးဆောင်မည့်သူ မရှိတော့သဖြင့် ကျင့်ကြံသူစျေးက ပြန်လည် သိမ်းယူသွားခဲ့သည်။

ထိုနေရာသို့ ပြောင်းရွှေ့လာသူမှာ လူလတ်ပိုင်းအရွယ် အဆောင်ဆရာတစ်ဦး ဖြစ်သည်။

လင်းကျင်းလည်း ထိုလူနှင့် အကြိမ်အနည်းငယ် တွေ့ဆုံဖူးပြီး ဖြစ်သည်။ သူသည် စကားအလွန်များသူဖြစ်ကာ လင်းကျင်းနှင့် တွေ့တိုင်း စကားလာပြောတတ်သည်။

ထိုမျှသာမကသေး ရက်အနည်းငယ်ခန့်က လင်းကျင်းသည် ထိုလူနှင့် ထပ်မံဆုံခဲ့သေးသည်။

ထိုအချိန်တွင် သူက ကြယ်ခုနစ်ပွင့်မြက်၏ ဈေးနှုန်းများ ဆက်တိုက် မြင့်တက်နေကြောင်း၊ ထို့အပြင် ကျင့်ကြံသူစျေး၏ ငှားရမ်းခနှင့် ပေါင်းလိုက်လျှင် သူ၏ဘဝမှာ ပို၍ပင် ခက်ခဲလာကြောင်း လင်းကျင်းအား ညည်းညူပြောဆိုခဲ့သည်။

ထို့အပြင် လင်းကျင်းကဲ့သို့ ဆေးဖော်စပ်ဆရာတစ်ဦး ဖြစ်နေခြင်းကို မည်မျှအားကျကြောင်းလည်း ထုတ်ဖော်ပြောဆိုခဲ့သေးသည်။

လင်းကျင်းကတော့ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမှ မပြောခဲ့ပေ။ သို့သော် ထိုစကားများက လင်းကျင်းကို အရာတစ်ခု သတိရသွားစေခဲ့သည်။

သူ့ထံတွင် မရောင်းရသေးသော ကြယ်ခုနစ်ပွင့်မြက်တစ်သုတ် ရှိနေသေးသည်။ ယခုအချိန်တွင် ထိုပစ္စည်းများကို ထုတ်ရောင်းသင့်ပြီ ဖြစ်သည်။

ထို့ကြောင့် လင်းကျင်းလည်း ယနေ့ည မှောင်ခိုစျေးကွက်သို့ သွားကာ ထိုကြယ်ခုနစ်ပွင့်မြက်များနှင့် လွန်ခဲ့သော တစ်လအတွင်း မိမိဖော်စပ်ထားသော ဆေးလုံးများကိုပါ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

ညအချိန်။… လင်းကျင်းသည် အိမ်မှ ထွက်လာပြီး ကျင့်ကြံသူစျေး၏ အစွန်အဖျားဘက်သို့ လျှောက်သွားခဲ့သည်။

မှောင်ခိုစျေးကွက်သို့ သွားရောက်နိုင်သော ပို့ဆောင်ရေး(တလ်လီပို့) အစီအရင်များစွာ ရှိပြီး ထိုအစီအရင်အများစုမှာ အလွန်လျှို့ဝှက်ထားကြသည်။

လင်းကျင်း သွားမည့် နေရာသည် ကျင့်ကြံသူစျေး အစွန်အဖျားအနီးတွင် ရှိလေသည်။

ကျင့်ကြံသူစျေး၏ အစွန်အဖျားသို့ ရောက်ပြီးနောက် လင်းကျင်းသည် အမည်မရှိသော လမ်းကြားတစ်ခုထဲသို့ ဝင်သွားသည်။

ညအတော်နက်နေပြီ ဖြစ်သဖြင့် လမ်းကြားတစ်ခုလုံးမှာ အလွန်တိတ်ဆိတ်နေပြီး လူသူတစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။

လင်းကျင်းက လမ်းအဆုံးရှိ ဆိုင်တစ်ဆိုင်ရှေ့သို့ ရောက်လာပြီး တံခါးကို သုံးချက်ခေါက်လိုက်သည်။ ခဏအကြာတွင် ဆိုင်တံခါး ပွင့်လာပြီး လူတစ်ယောက်က လင်းကျင်းကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။

အထဲသို့ ဝင်ရောက်ပြီးနောက် ဆိုင်နေရာမှာ မမျှော်လင့်ထားလောက်အောင် ကျယ်ဝန်းနေကြောင်း တွေ့လိုက်ရသည်။

မီးများလည်း ထိန်ထိန်လင်းနေပြီး ကျင့်ကြံသူ အများအပြား စုဝေးနေကြသည်။ ရယ်မောသံများ၊ ဆဲဆိုသံများ ရောယှက်နေကာ အလွန်စည်ကားနေသည်။

ဤနေရာမှာ လောင်းကစားရုံတစ်ခု ဖြစ်နေသည်။

လင်းကျင်းလည်း လောင်းကစားရုံထဲတွင် အချိန်မဖြုန်းဘဲ နောက်ဖေးခြံဘက်သို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

လောင်းကစားရုံ၏ နောက်ဖေးခြံတွင် သုံးထပ်အဆောက်အဦးကြီးတစ်လုံး ရှိနေသည်။ အဆောက်အဦးမှာ ခမ်းနားထည်ဝါလှပြီး ရှေ့မျက်နှာစာတွင် အနီရောင် မီးပုံးကြီးနှစ်လုံး ချိတ်ဆွဲထားသည်။

အပြင်ဘက်မှ ကြည့်လိုက်ရုံဖြင့်ပင် ကျင့်ကြံသူအချို့၏ ရင်ခွင်ထဲတွင် အသားအရေဖြူဖွေးသော အမျိုးသမီးငယ်များ ရှိနေသည်ကို မြင်နိုင်သည်။

ကြည့်ရသည်မှာ ဤလောင်းကစားရုံ၏ နောက်ကွယ်တွင် ပြည့်တန်ဆာအိမ်တစ်ခု ရှိနေဟန်တူသည်။

သို့သော် လင်းကျင်းသည် ထိုပြည့်တန်ဆာအိမ်ထဲသို့ မဝင်ဘဲ လူသူကင်းမဲ့သော ဘေးလမ်းငယ်တစ်ခုထဲသို့ ချိုးဝင်သွားခဲ့သည်။

တစ်နာရီ၏ လေးပုံတစ်ပုံခန့် အချိန်ကြာပြီးနောက် လင်းကျင်း လမ်းအဆုံးသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ကျောက်တောင်အတုတစ်ခုနှင့် ဝါးတောတစ်ခုမှအပ အခြားဘာမျှ မရှိပေ။

ကျောက်တောင်တု၏ နောက်ဘက်ရှိ ဝါးတောအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီးနောက် လင်းကျင်း ရပ်တန့်လိုက်သည်။

ထို့နောက် မြေပြင်ပေါ်ရှိ ပေါင်းပင်များနှင့် သစ်ရွက်ခြောက်များကို အသာအယာ ဖယ်ရှားလိုက်ရာ အစီအရင်တစ်ခု၏ ထောင့်စွန်းတစ်နေရာ ပေါ်လာသည်။

လင်းကျင်းသည် သိုလှောင်အိတ်ထဲမှ မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်တစ်ခုကို ထုတ်ယူကာ ပေါ်လာသော အစီအရင်ပေါ်သို့ တိုက်ရိုက် တင်လိုက်သည်။

ထို့နောက် အလင်းရောင်တစ်ခု တောက်ပလာပြီး အစီအရင်သည် စတင်အသက်ဝင်လာသည်။

လင်းကျင်းက မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်ကို ပြန်သိမ်းလိုက်ပြီး ပေါ်နေသော အစီအရင်ကို သစ်ရွက်ခြောက်များဖြင့် ပြန်လည် ဖုံးအုပ်လိုက်ကာ ပို့ဆောင်မှုပြီးဆုံးမည့်အချိန်ကို စောင့်နေလိုက်သည်။

မကြာမီ အစီအရင်၏ အလင်းရောင် ပျောက်ကွယ်သွားပြီး လင်းကျင်း၏ ခန္ဓာကိုယ်လည်း ထိုနေရာမှ ပျောက်ကွယ်သွားသည်။

ဝါးတောအတွင်းသို့ အမှောင်ထုက ထပ်မံ လွှမ်းမိုးသွားပြန်သည်။

မျက်လုံးပြန်ဖွင့်လိုက်သောအခါ လင်းကျင်းသည် မှောင်မည်းနေသော တောနက်တစ်ခုအတွင်း ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ သည်နေရာတွင်တော့ သူသည် မှတ်ဉာဏ်ကိုသာ အားကိုး၍ လမ်းရှာရသည်။

နာရီဝက်ပင် မကြာသေးခင် အချိန်အတွင်း လင်းကျင်းသည် ရှေ့ဘက်တွင် အလင်းရောင်များကို မြင်လိုက်ရသည်။

သူ မှောင်ခိုစျေးကွက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ မှောင်ခိုစျေးကွက်၏ တည်နေရာအတိအကျကို မည်သူမျှ မသိကြပေ။

ဒီမျှ ကျယ်ဝန်းသော နေရာတစ်ခုလုံးကို အစီအရင်ကြီးတစ်ခုဖြင့် ဖုံးလွှမ်းထားပြီး သားရဲလှိုင်းများ၏ သက်ရောက်မှုကိုပင် မခံရဘဲ ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်သည်။

ဒီအချက်က မှောင်ခိုစျေးကွက်၏ နောက်ကွယ်ရှိ အင်အားစုများမှာ သာမန်မဟုတ်ကြောင်း ပြသနေသည်။

လင်းကျင်းသည် သိုလှောင်အိတ်ထဲမှ ဝါးခမောက်ကို ထုတ်ယူကာ ခေါင်းပေါ် ဆောင်းလိုက်ပြီး မှောင်ခိုစျေးကွက်ဘက်သို့ လျှောက်သွားခဲ့သည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ် ပေးဆောင်ပြီးနောက် လင်းကျင်းသည် မှောင်ခိုစျေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

အမှန်ပင် မှောင်ခိုစျေးကွက်၏ ဝင်ကြေးမှာလည်း မြင့်တက်သွားခဲ့သည်။

သို့သော် မှောင်ခိုစျေးကွက်သို့ ဝင်ရောက်နိုင်သူများအတွက် ဝိညာဉ်ကျောက်တုံး အလုံးနှစ်ဆယ်ဆိုသည်မှာ များလှသော ပမာဏ မဟုတ်ပေ။

မှောင်ခိုစျေးကွက်တွင်လည်း ၎င်း၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိပေသည်။

ရောင်းချသူများသည် ဆိုင်ခန်းငှားရမ်းရမည်ဖြစ်ပြီး ကိုယ်ပိုင်အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပေ။

စည်းကမ်းဖောက်ဖျက်ပါက ၎င်းတို့၏ မှောင်ခိုစျေးကွက် ဝင်ခွင့်တံဆိပ်များကို သိမ်းယူခံရမည်ဖြစ်ပြီး စျေးထဲမှလည်း နှင်ထုတ်ခံရမည် ဖြစ်သည်။

လင်းကျင်းသည် ဆေးလုံးများနှင့် ကြယ်ခုနစ်ပွင့်မြက်များကို ရောင်းချရန် လာခြင်းဖြစ်သဖြင့် ပထမဦးစွာ ဆိုင်ခန်းတစ်ခု ငှားရမ်းရမည် ဖြစ်သည်။

ထို့နောက် လင်းကျင်းသည် ဝိညာဉ်ကျောက်တုံး အလုံးငါးဆယ် သုံးစွဲကာ အလွန်သေးငယ်သော ဆိုင်ခန်းတစ်ခုကို ငှားရမ်းလိုက်သည်။

ဆိုင်ခန်းရှေ့ရှိ ဆိုင်းဘုတ်ပေါ်တွင်လည်း ရေးသားလိုက်သည်။

“ဆေးလုံးများနှင့် ကြယ်ခုနစ်ပွင့်မြက်များ ရောင်းမည်။ (မှတ်ချက် - သန့်စင်အဆင့် ဆေးလုံးများ ရှိသည်။)”

ထို့နောက် သိုလှောင်အိတ်ထဲမှ သန့်စင်ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။

သေတ္တာအတွင်းတွင် သန့်စင်အဆင့် စွမ်းအင်းစုဆောင်းဆေးလုံး တစ်လုံး ရှိနေ၏။

လင်းကျင်းသည် ထိုဆေးလုံးကို ဆိုင်ခန်းပေါ်တွင် ပြသပစ္စည်းအဖြစ် တင်ထားလိုက်သည်။ ထို့နောက် ထိုင်ချလိုက်ပြီး ဝယ်ယူသူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

မှောင်ခိုစျေးကွက်အတွင်း လူဝင်လူထွက် များပြားသော်လည်း လင်းကျင်း၏ ဆိုင်ခန်းမှာ သေးငယ်ပြီး တည်နေရာကလည်း အတော်ဝေးကွာနေသောကြောင့် လာရောက် မေးမြန်းသူ သိပ်မများပေ။

သို့သော် လင်းကျင်းကတော့ မစိုးရိမ်ပါ။ အချိန်စောနေသေးသည် မဟုတ်ပါလား။

တစ်နာရီခန့် ကြာပြီးနောက် လင်းကျင်းသည် အရောင်းတစ်ခု ပြုလုပ်နိုင်ခဲ့သည်။

အဆင့်မြင့်အဆင့် ယွမ်ချီစုဆောင်းဆေးလုံး သုံးလုံးကို တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး 70 နှုန်းဖြင့် ရောင်းချခဲ့ပြီး ဆေးလုံးသုံးလုံးတည်းဖြင့် ဝိညာဉ်ကျောက်တုံး 210 ရရှိခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ဒုတိယအဆင့် ဆေးလုံးများသည် ပထမအဆင့် ဆေးလုံးများနှင့် လုံးဝ မနှိုင်းယှဉ်နိုင်ပေ။

ဆေးလုံးသုံးလုံးတည်းဖြင့်ပင် ဒီလောက် ဝိညာဉ်ကျောက်တုံးများ ရရှိခဲ့သည်။

အကယ်၍ အရည်အသွေး ပိုမိုကောင်းမွန်သော ဆေးလုံးများ သို့မဟုတ် သန့်စင်အဆင့် ဆေးလုံးများကိုသာ ရောင်းချနိုင်မည်ဆိုလျှင်

‘သူသည် သေချာပေါက် ချမ်းသာကြွယ်ဝလာမည် ဖြစ်ပေသည်။’

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment