no

Font
Theme

ကျားရဲ့ ဩဇာကို မြေခွေးက ငှါးရမ်းအားပြုခြင်း

စီမံခန့်ခွဲသူ လီမှာ ခဏတာ မှင်သက်သွားပြီး သူ ဘယ်တုန်းက လင်းကျင်းကို လမ်းစရိတ် ပေးမယ်လို့ ပြောဖူးလို့လဲ။ သို့သော် ယခုအခြေအနေတွင်တော့ သူ့အတွက် ရွေးချယ်စရာ မရှိပေ။

ဝိညာဉ်ကျောက်တုံး အနည်းငယ် ဆုံးရှုံးရခြင်းက ပြဿနာကြီး တစ်ခု ဖိတ်ခေါ်မိခြင်းထက် ပိုကောင်းနေသေးသည်။

ဒီတစ်ကြိမ်တွင် သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ အမှားတစ်ခု ကျူးလွန်မိခဲ့ခြင်းကြောင့် ဟန်ကျင်း၏ သံသယဝင်ခြင်းကိုပါ ခံလိုက်ရသည်။

သို့သော် သူက အတော်လေး လိမ္မာစွာ ဖုံးကွယ်နိုင်ခဲ့ပြီး အခြေအနေကို ယာယီ ထိန်းထားနိုင်ခဲ့သည်။

ဒါပေမဲ့ ဟန်ကျင်းရဲ့ အမူအရာကို ကြည့်ရသလောက်တော့ သူ့ပြောမယ့် စကားများကို လုံးဝ မယုံကြည်နေကြောင်း သိသာလွန်းနေသည်။

“အဟမ်း...”

စီမံခန့်ခွဲသူ လီက ချောင်းတစ်ချက် ဟန့်ကာ တင်းမာနေတဲ့ လေထုကို ဖြေလျှော့လိုက်သည်။

“လင်းကျင်း မင်းရဲ့ ပေါ့ဆမှုကြောင့် ဂိုဏ်းအတွက် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုပေမယ့် မင်းကို ဂိုဏ်းကနေ နှင်ထုတ်ရတာဟာ ငါ့ဆန္ဒ မဟုတ်ဘူးနော်။ ဒီအချက်ကို နားလည်ရဲ့လား။….”

စကားပြောနေစဉ် စီမံခန့်ခွဲသူ လီရဲ့ မျက်နှာပေါ်တွင် ဝမ်းနည်းကြေကွဲဟန် အပြည့် ရှိနေသည်။

ထိုမြင်ကွင်းကို မြင်ရသောအခါ လင်းကျင်း၏ လက်သီးများပင် ယားယံလာပြီး တစ်ဖက်လူကို တစ်ချက်လောက် ထိုးပစ်ချင်စိတ် ဖြစ်လာ၏။

ဒီလူ သရုပ်ဆောင်တာ အရမ်းတော်လွန်းသည်။

သို့သော် လင်းကျင်းသည် ဘာမှ မသိသလို ဟန်ဆောင်ကာ လက်ဟန်ပြု၍ ပြောလိုက်သည်။

“စီမံခန့်ခွဲသူ လီ ဒီကိစ္စက ကျနော့်ရဲ့ ပေါ့ဆမှုကြောင့် ဖြစ်ခဲ့တာပါ။ တခြားသူတွေကို အပြစ်တင်လို့ မရပါဘူး။ ကျနော် ဘယ်သူ့ကိုမှလဲ အငြိုးထားမှာ မဟုတ်ပါဘူး။”

စီမံခန့်ခွဲသူ လီက ခေါင်းညိတ်လိုက်သည်။

“အင်း… နားလည်တယ်ဆိုရင် ကောင်းတာပေါ့။ မင်း ဂိုဏ်းကနေ နှင်ထုတ်ခံရပေမဲ့ ဂိုဏ်းညီအစ်ကိုဟောင်းတွေအနေနဲ့ လုပ်ပေးသင့်တာတွေကတော့ ရှိနေသေးတယ်။”

“အခု တောင်ခြေဒေသက အခြေအနေ မငြိမ်မသက် ဖြစ်နေပြီး နတ်ဆိုးသားရဲတွေကလဲ သောင်းကျန်းနေတယ်။...”

“တောင်အောက်က နန်ရှန်ဈေးမြို့ပဲ လုံခြုံတယ်လို့ သတ်မှတ်လို့ရတယ်။ အခု ငါ့ဆီမှာ ဝိညာဉ်ကျောက်တုံး နည်းနည်း ရှိတယ်။ ယူထားလိုက်။ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ဆို တောင်အောက်ရောက်ပြီးနောက် ဈေးမြို့ထဲမှာ အချိန်တစ်ခုအထိ ရပ်တည်နိုင်လိမ့်မယ်။”

ပြောပြီးသည်နှင့်... စီမံခန့်ခွဲသူ လီက အထုပ်ငယ်တစ်ထုပ်ကို ထုတ်ကာ လင်းကျင်းထံ လှမ်းပေးလိုက်သည်။

“ဒီလို ဘယ်ဖြစ်ပါ့မလဲ။ စီမံခန့်ခွဲသူ လီကို အကုန်အကျ မခံစေသင့်ပါဘူး...”

လင်းကျင်းက ပါးစပ်မှ ယဉ်ကျေးစွာ ငြင်းဆိုနေသော်လည်း လက်ကတော့ အထုပ်ကို ချက်ချင်း လှမ်းယူလိုက်လေသည်။

“......”

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စီမံခန့်ခွဲသူ လီမှာ ကြောင်အသွားတော့သည်။

"ဟေ… ဒီကောင်... နည်းနည်းတောင် ဟန်မဆောင်ဘူးလား။...”

သူ့စိတ်ထဲတွင် မနေနိုင်ဘဲ ရေရွတ်မိလိုက်သည်။

"လင်းကျင်းက အရင်တုန်းကဆို အရမ်း ရိုးသားတဲ့ကောင် မဟုတ်ဘူးလား။ ဒီနေ့ကျမှ ဘာလို့ ရုတ်တရက် စရိုက်ပြောင်းသွားရတာလဲ။…”

အကယ်၍ လင်းကျင်းသာ စီမံခန့်ခွဲသူ လီ၏ အတွေးကို သိခဲ့မည်ဆိုလျှင် သေချာပေါက် ကျယ်လောင်စွာ ရယ်မောနေမိမှာ အမှန်ပေ။

"အရင် လင်းကျင်းက ရိုးသားတာ မှန်တယ်... ဒါပေမဲ့... အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ။…”

ထို့အပြင် စီမံခန့်ခွဲသူ လီသည် သူ့အသက်ကိုပင် လိုချင်ခဲ့သေးသည်။ ဒီလိုလူမျိုးကို သူ ဘာကြောင့် ယဉ်ကျေးနေရဦးမည်နည်း။

ယခုအချိန်တွင်တော့ လင်းကျင်း၏ အာရုံတစ်ခုလုံးမှာ ဝိညာဉ်ကျောက်တုံး အထုပ်ပေါ်တွင်သာ ရောက်ရှိနေပြီး စီမံခန့်ခွဲသူ လီ၏ မျက်နှာပေါ်မှ အမူအရာကိုပင် သတိမထားမိတော့ပေ။

အထုပ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဝိညာဉ်ကျောက်တုံး ဆယ်တုံးထက် မနည်း ရှိနေသည်။

လင်းကျင်း အံ့ဩသွားလေသည်။ ချင်းယွမ်ဓားဂိုဏ်း၏ ဝိညာဉ်စိုက်ပျိုးသမားအဖြစ် တစ်နှစ်လုံး ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့သော်လည်း ဆုကြေးအဖြစ် ရရှိသည့် ဝိညာဉ်ကျောက်တုံးမှာ နှစ်လုံးသာ ဖြစ်သည်။

ယခု စီမံခန့်ခွဲသူ လီ ပေးလိုက်သော ဝိညာဉ်ကျောက်တုံး ဆယ်လုံးမှာ သူ၏ ငါးနှစ်စာ ဝင်ငွေနှင့် ညီမျှနေပေသည်။

သို့သော် လင်းကျင်း စိတ်လှုပ်ရှားနေစဉ်မှာပင် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဟန်ကျင်းက ရုတ်တရက် စကားပြောလာသည်။

“ဂျူနီယာညီလေး လီ၊ မင်း တောင်အောက်ကို မဆင်းတာ ဘယ်လောက်ကြာပြီလဲ။ မကြာသေးခင်က နတ်ဆိုးသားရဲတွေ သောင်းကျန်းလာတဲ့အတွက် နန်ရှန်ဈေးမြို့က ကုန်ဈေးနှုန်းတွေ အရမ်း မြင့်တက်သွားတာကို မင်း မသိလောက်သေးဘူး ထင်တယ်။”

“ဒီဝိညာဉ်ကျောက်တုံး နည်းနည်းလေးနဲ့တော့ လုံလောက်မှာ မဟုတ်ဘူး။”

ဟန်ကျင်း၏ အသံမှာ တည်ငြိမ်နေသော်လည်း စီမံခန့်ခွဲသူ လီကို ကြည့်နေသော မျက်လုံးများထဲတွင် စူးရှမှုတစ်ခု ပေါ်လွင်နေသည်။

ခြိမ်းခြောက်သည့် အဓိပ္ပာယ်မှာလည်း အလွန် သိသာလှသည်။

စီမံခန့်ခွဲသူ လီ၏ နှလုံးသား တုန်ခါသွားလေတော့သည်။

"ဒီကောင်... ငါ့ကို သွေးထွက်စေချင်နေတာပဲ။”

သို့သော် အခြေအနေကို စဉ်းစားပြီးနောက် သူ သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။

"ထားလိုက်တော့ ဒီနေ့ ဟန်ကျင်းက ငါ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်နေဘူး..."

သွားကြိတ်လိုက်ပြီး စီမံခန့်ခွဲသူ လီက ဆုံးဖြတ်ချက် ချလိုက်သည်။

“ယူထားလိုက်…”

“အို… တကယ်လည်း ငါ တောင်အောက် မဆင်းတာ ကြာနေပြီပဲ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအကို ဟန်။”

ပြောပြီးသည်နှင့် သူက သိုလှောင်အိတ်တစ်လုံးကို ထုတ်လိုက်သည်။

ထို့နောက် ဝိညာဉ်ကျောက်တုံး အလုံးလေးဆယ်ကို ထပ်မံ ထုတ်ယူကာ လင်းကျင်းထံ ပေးလိုက်သည်။

“ဒါတွေက ငါ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ စုဆောင်းငွေတွေ။ ဒီထက် ပိုပြီးတော့ မရှိတော့ဘူး။ ဒီလောက်ဆို နန်ရှန်ဈေးမြို့မှာ အချိန်တစ်ခုအထိ နေလို့ရမယ် ထင်တယ်။

“စီနီယာအကို ဟန်… ခင်ဗျားရော ဘယ်လို ထင်ပါလဲ။”

နောက်ဆုံး ပြောလိုက်သော “စီနီယာအကို ဟန်” ဆိုသည့် စကားတွင် အသံမှာ သိသိသာသာ မြင့်တက်နေသည်။ ဒါက သူ၏ နောက်ဆုံး လက်ခံနိုင်သည့် အကန့်အသတ်ဖြစ်ကြောင်း ထင်ရှားနေ၏။

ဟန်ကျင်းက ခေါင်းညိတ်လိုက်သည်။

“အင်း... ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်။ ကျေးဇူးတင်ပါတယ် စီမံခန့်ခွဲသူ လီ။”

“ဒီကျေးဇူးကို ကျနော် တစ်သက်လုံး မှတ်ထားပါ့မယ်။ ဘယ်တော့မှ မမေ့ပါဘူး။..”

လင်းကျင်းက လုံးဝ ရှက်ရွံ့ခြင်း မရှိဘဲ ဝိညာဉ်ကျောက်တုံးများကို တန်း၍ သိမ်းဆည်းလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စီမံခန့်ခွဲသူ လီ၏ နှလုံးသား နာကျင်သွားတော့သည်။ ဒီဝိညာဉ်ကျောက်တုံးများကို စုဆောင်းနိုင်ရန် သူ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။

ယခုတော့ တစ်ခါတည်း အကုန် ပေးလိုက်ရပြီ။

စိတ်ထဲ သွေးထွက်နေသော်လည်း မျက်နှာပေါ်တွင်တော့ ဘာမှ မဖြစ်သလို ဟန်ဆောင်ထားဆဲပင်။

“အင်း... တောင်အောက်ရောက်သွားရင် ကောင်းကောင်းမွန်မွန် နေထိုင်ရမယ်။ အကောင်းဆုံးကတော့ ပညာရပ်တစ်ခုခု သင်ယူထား။ ဒါမှ ငါ့ရဲ့ မျှော်လင့်ချက်တွေကို မဖျက်ဆီးမိမှာ။”

စီမံခန့်ခွဲသူ လီက အကြီးအကဲတစ်ယောက်လို ဟန်ဆောင်ပြီး ဆုံးမစကား ပြောလိုက်သည်။

လင်းကျင်းကလည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။

“စီမံခန့်ခွဲသူ လီ စိတ်ချပါ။ ကျွန်တော် သေချာပေါက် ကောင်းကောင်းမွန်မွန် နေထိုင်မှာပါ။ ခင်ဗျားရဲ့ မျှော်လင့်ချက်ကိုလည်း ဘယ်တော့မှ ဖျက်ဆီးမှာ မဟုတ်ပါဘူး။”

ဒါက ဟာသတစ်ခုပဲ ဖြစ်သည်။ စနစ်ကြီး ရှိနေမှတော့ သူ ဘယ်လိုလုပ် ကောင်းကောင်း မနေထိုင်နိုင်ဘဲ ရှိမလဲလို့။

ထို့နောက် လင်းကျင်း၏ အကြည့်က...

စီမံခန့်ခွဲသူ လီ၏ နောက်တွင် ပုန်းကွယ်နေသော ယွမ်ပိုထံ ရောက်သွားသည်။

“အစ်ကိုယွမ်… ကျွန်တော့်ကို လာနှုတ်ဆက်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ် စိတ်ထဲ ထိမိပါတယ်။”

“အစ်ကိုယွမ်က ဒီလောက် သစ္စာရှိပြီး မိတ်ဆွေသံယောဇဉ်ကို တန်ဖိုးထားတဲ့သူ ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး။”

“အရင်တုန်းက ကျွန်တော် မသိနားမလည်ခဲ့ဘဲ အစ်ကိုယွမ်ကို အမြဲ ဆန့်ကျင်နေခဲ့မိတာ၊ အခု ပြန်တွေးကြည့်တော့ တကယ် ရှက်မိပါတယ်။”

ယွမ်ပိုက ဟန်ကျင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဟန်ကျင်း၏ အကြည့်က သူတို့ဘက်ကို ရောက်နေသဖြင့် သူ အလျင်အမြန် ပြောလိုက်သည်။

“ဟုတ်... ဟုတ်ပါတယ်... ငါလည်း မင်းကို လာနှုတ်ဆက်တာ။ အရင်က ကိစ္စတွေကို မပြောနဲ့တော့ အားလုံး ပြီးသွားပြီပဲ။”

ပြောပြီးနောက် သူက ကိုယ်ပေါ်မှ ဝိညာဉ်ကျောက်တုံး ငါးလုံးကို ထုတ်ယူကာ လင်းကျင်းထံ ကမ်းပေးလိုက်သည်။

“ဒါက ငါ့မှာ ရှိသမျှ စုဆောင်းငွေ။ အခု ညီလေးလင်းအတွက် လမ်းစရိတ်အဖြစ် ပေးလိုက်မယ်။ နည်းတယ်လို့တော့ မထင်ပါနဲ့။”

စကားဆုံးသည်နှင့် ယွမ်ပိုက ဟန်ကျင်း၏ မျက်နှာကို ခိုးကြည့်လိုက်သည်။ မည်သည့် တုံ့ပြန်မှုမှ မရှိကြောင်း သေချာသွားမှသာ သူ တိတ်တဆိတ် သက်ပြင်းချနိုင်တော့သည်။

လင်းကျင်းက ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း ပြုံးလိုက်သည်။

“အစ်ကိုယွမ်ရဲ့ စေတနာကို ကျွန်တော် ငြင်းလိုက်ရင် ခင်ဗျားရဲ့ စိတ်ကို နာကျင်စေမိလိမ့်မယ်။ ဒီတော့ ကျွန်တော် အားနာစွာနဲ့ပဲ လက်ခံလိုက်ပါ့မယ်။”

စကားပြောပြီးသည်နှင့် ဝိညာဉ်ကျောက်တုံး ငါးလုံးကိုလည်း အိတ်ထဲသို့ တန်းထည့်လိုက်တော့သည်။

ယွမ်ပိုကတော့ ရင်နာနာဖြင့် ကြည့်နေရုံသာ။ မပေးချင်သော်လည်း ဟန်ကျင်း ရှိနေသောကြောင့် ဘာမှ မတတ်နိုင်ပေ။

ထိုအချိန်တွင် စီမံခန့်ခွဲသူ လီက လင်းကျင်းကို ကြည့်ပြီး ပြောလိုက်သည်။

“လင်းကျင်း...”

“မင်း အခု ချီစုဆောင်းခြင်းအဆင့် ဒုတိယအလွှာကို ဖောက်ထွက်နိုင်သွားပြီ။ ကြည့်ရတာ ပုံမှန်အချိန်တွေမှာ ကျင့်ကြံရေးကို အတော် အားထုတ်ခဲ့ပုံရတယ်။”

“တောင်အောက်ရောက်ရင်လည်း ပျင်းရိမနေဘဲ ဆက်ကြိုးစားရမယ်၊ နားလည်လား။”

“စီမံခန့်ခွဲသူ လီ စိတ်ချပါ။”

“တောင်အောက်ရောက်ရင်လည်း ကျနော် သေချာပေါက် ကြိုးစား ကျင့်ကြံမှာပါ။”

“ကောင်းတယ်… အရမ်းကောင်းတယ်...”

စီမံခန့်ခွဲသူ လီက ခေါင်းညိတ်လိုက်သည်။

“မနက်ဖြန် ငါ့မှာ လုပ်စရာ ကိစ္စတချို့ ရှိသေးတယ်။ ဒါကြောင့် မင်းကို လာမပို့နိုင်တော့ဘူး။ လမ်းတစ်လျှောက်လုံး စီနီယာအကို ဟန်ကို ဒုက္ခမပေးနဲ့နော်။”

ထို့နောက် သူက ယွမ်ပိုကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

“ယွမ်ပို… သွားကြစို့။”

စီမံခန့်ခွဲသူ လီက စကားဆုံးသည်နှင့် ယွမ်ပိုကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။ ဒီနေရာမှာ သူ တစ်ခဏလေးတောင် ဆက်မနေချင်တော့ပေ။

“စီမံခန့်ခွဲသူ လီ... ခဏစောင့်ပါဦး။”

လူနှစ်ယောက် တံခါးပေါက်သို့ ရောက်ခါနီးတွင် ဟန်ကျင်းက ရုတ်တရက် စကားပြောလိုက်ပြီး သူတို့ကို ရပ်တန့်လိုက်သည်။

“ဘာများ ထပ်ဖြစ်ပြန်ပြီလဲ။”

ယခုအချိန်တွင် စီမံခန့်ခွဲသူ လီက စိတ်မရှည်တော့ပေ။ ဒီနေ့ သူ သွေးထွက်လောက်အောင် ဆုံးရှုံးခဲ့ပြီးပြီ။

ဟန်ကျင်းက သူ့ကို လွှတ်ပေးဖို့ မရည်ရွယ်သေးဘူးလား။

ဟန်ကျင်းက ပြုံးသလို မပြုံးသလိုဖြင့် ပြောလိုက်သည်။

“အလျင်မလိုပါနဲ့ စီမံခန့်ခွဲသူ လီ။ ဒီလိုပါ... ခင်ဗျားက မျိုးရိုးစဉ်ဆက် ဆေးဖော်စပ်တဲ့ပညာကို ကူးယူပြီး ရောင်းဖူးတယ်လို့ ငါ ကြားဖူးတယ်။”

“အခု လင်းကျင်းက တောင်အောက် ဆင်းတော့မှာဆိုတော့... အသက်မွေးဝမ်းကျောင်း ပညာတစ်ခုတော့ လိုအပ်မှာပေါ့။ ဘာလို့များ သူ့ကို မိတ္တူတစ်စုံလောက် မပေးလိုက်တာလဲ။”

“ဒါဆိုရင် တောင်အောက်ရောက်ရင် အားကိုးစရာတစ်ခုတော့ ရှိသွားမယ် မဟုတ်ဘူးလား။”

ဟန်ကျင်း၏ စကားကို ကြားပြီးနောက် စီမံခန့်ခွဲသူ လီ၏ စိတ်အခြေအနေ အနည်းငယ် တည်ငြိမ်သွားသည်။ ဒီကိစ္စက သူ့အတွက် အကြီးအကျယ် ဆုံးရှုံးမှုတော့ မဟုတ်ပေ။

သို့သော်… စိတ်ထဲမှာတော့ အလွန် စိတ်အနှောင့်အယှက် ဖြစ်နေဆဲပေ။ မျက်ခုံးများကို ကြုံ့ကာ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ဆေးဖော်စပ်တဲ့ပညာကို သင်ယူဖို့က အရမ်း ခက်ခဲတယ်။ အစပိုင်းမှာ ကုန်ကျစရိတ်လည်း မနည်းဘူး။”

“အများစုက ဝင်ငွေထက် ထွက်ငွေ ပိုများကြတယ်။ သူနဲ့ သင့်တော်မယ် မထင်ဘူး။”

ဟန်ကျင်းက ခေါင်းခါလိုက်သည်။

“သင်ယူနိုင်မနိုင် ဆိုတာက သူ့အရည်အချင်းပေါ် မူတည်တယ်။ အဲဒါကို ငါတို့ စိုးရိမ်နေစရာ မလိုဘူး။ မဟုတ်ဘူးလား စီမံခန့်ခွဲသူ လီ။”

ဟန်ကျင်းက မရမက တောင်းဆိုနေသည်ကို မြင်သည့်အခါ...

စီမံခန့်ခွဲသူ လီလည်း ဆက်မငြင်းတော့ပေ။ ချက်ချင်းပင် ကူးယူထားသော အခြေခံစာအုပ်များကို ထုတ်ယူပြီး လင်းကျင်းထံ ပေးလိုက်သည်။

“ဒီစာအုပ်က [ ဆေးဖော်စပ်ပညာ အခြေခံနိဒါန်း ] “

“ဒါက [ ဝိညာဉ်ဆေးပင် ခွဲခြားသတ်မှတ်နည်း ] ဒီတစ်အုပ်မှာတော့ အမျိုးမျိုးသော ဆေးလုံးတွေအကြောင်း မိတ်ဆက်ထားတယ်။”

ထို့နောက် စာအုပ်တစ်အုပ်ကို မြှောက်ပြလိုက်ပြီး ပြောသည်။

“အရေးအကြီးဆုံးကတော့ ဒီစာအုပ်ပဲ။”

လင်ကျင်းက လှမ်းကြည့်လိုက်သည်။ စာအုပ်အဖုံးမှာ နီညိုရောင် ဖြစ်နေပြီး အနက်ရောင် စာလုံးကြီး သုံးလုံးကို မြင်လိုက်ရသည်။

《မီးထိန်းချုပ်နည်း》

“ဆေးဖော်စပ်ဖို့ ပထမဆုံး လိုအပ်တာက မီးကို ထိန်းချုပ်နိုင်ဖို့ပဲ။ ဒါကြောင့် 《မီးထိန်းချုပ်နည်း》 စာအုပ်က အရမ်း ပိုအရေးကြီးတယ်။ နားလည်လား။...”

“နားလည်ပါတယ်။”

လင်းကျင်းက ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။

စီမံခန့်ခွဲသူ လီက ဆက်ပြောသည်။

“ဒါပေမဲ့... ဒီထဲမှာ ဆေးညွှန်းတွေတော့ မပါဘူး။”

“ဆေးညွှန်းတွေ လိုချင်ရင်တော့ မင်းကိုယ်တိုင် ရှာဖွေရလိမ့်မယ်။”

“ဒီစာအုပ်တစ်စုံကို ပုံမှန်ဆို ဝိညာဉ်ကျောက်တုံး တစ်ရာနဲ့ ရောင်းတာ။ ဒီနေ့တော့ မင်း အမြတ်ကြီး ရသွားပြီ။”

ဟန်ကျင်းက ဘေးမှ ပြုံးကာ ပြောလိုက်သည်။

“လင်းကျင်း... စီမံခန့်ခွဲသူ လီကို အမြန် ကျေးဇူးမတင်သေးဘူးလား။”

လင်းကျင်းက ချက်ချင်း လက်ဟန်ပြု၍ ဦးညွှတ်လိုက်သည်။

“စီမံခန့်ခွဲသူ လီ... ကျေးဇူးအများကြီး တင်ပါတယ်။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment