no

Font
Theme

တောင်အောက်ဆင်းခြင်း

ဆေးဖော်စပ်ပညာ စာအုပ်များကို လင်းကျင်းထံ ပေးအပ်ပြီးနောက် စီမံခန့်ခွဲသူ လီက ဟန်ကျင်းကို လက်ဟန်ပြု၍ နှုတ်ဆက်လိုက်သည်။

“စီနီယာအကို ဟန်၊ ကျွန်တော့်ကို သွားခွင့်ပြုပါဦး။”

စကားဆုံးသည်နှင့် သူက ယွမ်ပိုကို ခေါ်ကာ ထွက်သွားလေသည်။

ဒီတစ်ကြိမ်မှာတော့ ဟန်ကျင်းက သူတို့ကို ထပ်မတားတော့ပေ။

လူနှစ်ယောက် ထွက်သွားပြီးနောက် ဟန်ကျင်းက လင်းကျင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်နေသည်။

“မင်းအဖေက… မင်းဟာ အရမ်းရိုးသားတဲ့ ကလေးတစ်ယောက်လို့ အမြဲ ပြောခဲ့တယ်။ ဒါပေမဲ့ အခု ကြည့်ရတာတော့ သူ နည်းနည်း နားလည်မှု လွဲသွားပုံရတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ လင်းကျင်း ချက်ချင်း အရှက်ရသွားတော့သည်။

စောစောက သူ နည်းနည်း အလွန်အကျွံ လုပ်မိသွားလေသည်။ ဘယ်လိုပဲ ကြည့်ကြည့်… ရိုးသားတဲ့ လူတစ်ယောက်နဲ့တော့ မတူခဲ့ပေ။

ထို့ကြောင့် သူ အလျင်အမြန် ရှင်းပြလိုက်သည်။

“စီနီယာအကို ဟန်... ကျွန်တော့် အဖေ ဆုံးသွားပြီးနောက် အသက်မွေးဝမ်းကျောင်းရန်အတွက် ဒီလိုပဲ နေခဲ့ရတာပါ။”

ဟန်ကျင်းက ခေါင်းညိတ်လိုက်သည်။

သူ သံသယ မဝင်ခဲ့ပေ။

“အစတုန်းကတော့... မင်းဟာ အရမ်း ရိုးသားလွန်းလို့ တောင်အောက်ရောက်ရင် အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေခဲ့တာ။”

“အခုတော့... ငါ စိုးရိမ်နေစရာ မလိုအပ်တော့ဘူး ထင်တယ်။”

လင်းကျင်းက သည်အခွင့်အရေးကို ယူပြီး မေးလိုက်သည်။

“စီနီယာအကို ဟန်... ခင်ဗျားက ကျွန်တော့်အဖေကို သိတယ်ဆိုတော့ သူ ဘာလို့ ကျွန်တော့်ကို တစ်ခါမှ မပြောဖူးတာလဲ။”

ဟန်ကျင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာ၏။

“အဲဒါကတော့... မင်းကြောင့်ပဲ။”

လင်းကျင်း ကြောင်သွားသည်။

“ကျနော့်ကြောင့်။....”

သို့သော်… ဟန်ကျင်းက ဆက်မရှင်းပြတော့ပေ။

“ထားလိုက်တော့… ဒီနေ့က အရမ်း နောက်ကျနေပြီ။ စောစော အနားယူလိုက်တော့။ မနက်ဖြန် တောင်အောက်ဆင်းတဲ့အချိန်ကျရင် ငါ ပြောပြမယ်။”

ထိုသို့ ပြောပြီး စကားကို တစ်ဝက်တစ်ပျက်ဖြင့် ဖြတ်လိုက်တော့သည်။

လင်းကျင်းက ခဏတာ မတုံ့ပြန်နိုင် ဖြစ်သွားပြီး

“အာ... ကောင်းပါပြီ။”

ဟန်ကျင်းမှာ ဆက်ပြောလိုသည့် အရိပ်အယောင် မရှိသောကြောင့် လင်းကျင်းလည်း ထပ်မမေးတော့ပေ။

“စောစော အနားယူလိုက်။”

ဟန်ကျင်းက ထပ်ပြောလိုက်ပြီး မြက်တဲလေးထဲမှ ထွက်သွားသည်။

ထို့နောက် ဓားပျံကို ထုတ်ကာ ကောင်းကင်ထက်သို့ ပျံတက်သွားလေတော့သည်။

လင်းကျင်းကတော့ နေရာတွင် ရပ်နေကာ ဓားပျံဖြင့် ထွက်ခွာသွားသော ဟန်ကျင်းကို အားကျစွာ ကြည့်နေမိသည်။

“စောင့်ကြည့်နေ... ငါ ဓားပျံစီးပညာ တတ်သွားတဲ့တစ်နေ့ သုံးရက်သုံးည မနားတမ်း ပျံပြမယ်!”

......

နောက်တစ်နေ့ မနက်စောစော

လင်းကျင်းသည် စောစီးစွာ နိုးလာပြီး ကျင့်ကြံရေး လုပ်ပြီးနောက်ပိုင်း သူ၏ အိပ်စက်ချိန် လိုအပ်ချက်မှာ နည်းလာသည်။

မနေ့ညက ဖြစ်ရပ်များကြောင့် အတော်နောက်ကျမှ အိပ်ခဲ့ရသော်လည်း ယခုအချိန်တွင် စိတ်ရော ကိုယ်ပါ လန်းဆန်းနေဆဲ ဖြစ်သည်။

မျက်နှာသစ်ပြီးနောက် မနေ့က ထုပ်ပိုးထားသော အထုပ်ကို ကောက်ယူကာ မြက်တဲလေးထဲမှ ထွက်လာခဲ့သည်။

ထွက်ခွာတော့မည့် အချိန်ရောက်မှ လင်းကျင်း၏ စိတ်ထဲတွင် မခွဲခွါချင်သည့် ခံစားချက် အနည်းငယ် ပေါ်လာသည်။

၎င်းသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ကျန်ရှိနေသေးသော စိတ်ခံစားမှုလည်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် ဒီလောကသို့ ရောက်လာပြီးနောက် သူ့အတွက် ပထမဆုံး အိမ်ဖြစ်ခဲ့သောကြောင့်လည်း ဖြစ်နိုင်ပေသည်။

လင်းကျင်းက တဲအိမ်ထဲကို နောက်ဆုံးတစ်ကြိမ် ပြန်လှည့်ကြည့်လိုက်ပြီးနောက် တံခါးကို ပိတ်လိုက်ပြီး လှည့်ကာ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွါသွားတော့သည်။

“လူဆိုတာ... ရှေ့ကိုပဲ ကြည့်ရတယ်။”

ဤစကားသည် သူ့ကိုယ်သူ ပြောနေခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့မဟုတ် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကို ပြောနေခြင်းလည်း ဖြစ်နိုင်ပေသည်။

......

ရွာထဲသို့ ရောက်သည့်အချိန်တွင် ဟန်ကျင်းက သူ့ကို စောင့်နေပြီးသား ဖြစ်နေသည်။

“သွားကြစို့။”

ဟန်ကျင်းက ပြောလိုက်ပြီး ရှေ့သို့ တန်း၍ လျှောက်သွားလေသည်။ လင်းကျင်းလည်း အမြန် လိုက်သွား၏။

ချင်းယွမ်ဓားဂိုဏ်းသည် ချင်းယွမ်တောင်ပေါ်တွင် တည်ရှိသည်။ ပတ်ဝန်းကျင်ရှိ တောင်ထွတ်များစွာသည်လည်း ချင်းယွမ်ဓားဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။

လင်းကျင်း နေထိုင်ခဲ့သော နေရာမှာ ချင်းယွမ်၏ တောင်ဘက်ခြမ်းရှိ ချင်းထျန်းတောင်ထွတ် ဖြစ်သည်။

ချင်းထျန်းတောင်ထွတ်မှ ဆင်းပြီးနောက် တောင်ဘက်သို့ လီနှစ်ရာခန့် ဆက်သွားလျှင် လင်းကျင်းရဲ့ လက်ရှိ ဦးတည်ရာ ဖြစ်သော နန်ရှန်ဈေးမြို့ သို့ ရောက်နိုင်ပေသည်။

သို့သော်… တောင်တန်းတောအုပ်များကို ဖြတ်သန်းရခြင်းမှာ မလွယ်ကူပေ။ တောရိုင်းတိရစ္ဆာန် အမျိုးမျိုး ကျင်လည်နေကြသလို တစ်ခါတစ်ရံ နတ်ဆိုးသားရဲများလည်း ပေါ်ထွက်လာတတ်ကြသည်။

ချင်းယွမ်ဓားဂိုဏ်းကဲ့သို့ အင်အားကြီးမားသော အဖွဲ့အစည်းသာလျှင် ထိုနတ်ဆိုးသားရဲများကို မကြောက်ရွံ့ပေ။

လင်းကျင်းသည် ချင်းထျန်းတောင်ထွတ်ပေါ်တွင် အချိန်အတော်ကြာ နေခဲ့သော်လည်း တောရိုင်းတိရစ္ဆာန် သို့မဟုတ် နတ်ဆိုးသားရဲ တိုက်ခိုက်မှု တစ်ကြိမ်မျှ မကြားဖူးပေ။

အကြောင်းမှာ ချင်းယွမ်ဓားဂိုဏ်းက အစောကြီးကတည်းက ချင်းထျန်းတောင်ထွတ်ပေါ်တွင် အစီအရင်များ ချထားခဲ့ပြီး ထို့အပြင် ဂိုဏ်းသားများကိုလည်း အလှည့်ကျ ကင်းလှည့်စေခဲ့သောကြောင့် ဖြစ်သည်။

ဂိုဏ်းငယ်များနှင့် ကျင့်ကြံရေး မျိုးနွယ်စုများတွင်တော့ ထိုသို့သော အခြေအနေမျိုး မရှိပေ။

တောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်မှုကို ခံရခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပြီး တစ်ခါတစ်ရံ နတ်ဆိုးသားရဲများ၏ တိုက်ခိုက်မှုကိုပင် ခံရတတ်၏။

ထိုသို့ ဖြစ်ပွားတိုင်း ဆုံးရှုံးမှု ကြီးမားလေ့ ရှိတတ်ကြသည်။

......

ချင်းထျန်းတောင်ထွတ်မှ ထွက်ခွာပြီးနောက် လူနှစ်ယောက်သည် တောင်တန်းတောအုပ်ထဲသို့ ဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် ဟန်ကျင်းက လင်းကျင်းထံ အဆောင်တစ်ရွက် ပေးလာသည်။

“ဒါက လျင်မြန်ခြင်းအဆောင်။ ငါ့ရဲ့ ဓားပျံက လူနှစ်ယောက် တစ်ပြိုင်တည်း မစီးနိုင်ဘူး။ ပြီးတော့ ငါတို့က တောထဲကနေ ဖြတ်သွားရမှာ။ မင်းရဲ့ အမြန်နှုန်းက အရမ်းနှေးလွန်းတယ်။ ငါ့နောက် လိုက်နိုင်ချင်ရင် ဒီအဆောင်ကို သုံးလိုက်။”

“ကောင်းပါပြီ။”

လင်းကျင်းလည်း အပိုစကား မပြောတော့ဘဲ အဆောင်ကို ယူလိုက်သည်။

ထို့နောက် ဝိညာဉ်စွမ်းအား ထည့်သွင်းကာ အသက်သွင်းလိုက်ပြီး ခြေထောက်အောက်တွင် ကပ်လိုက်တော့သည်။

ထိုအချိန်မှာပင် ဟန်ကျင်းက အရှေ့သို့ အတော်လေး ရောက်နေပြီ ဖြစ်သည်။ လျင်မြန်ခြင်းအဆောင်၏ အကူအညီဖြင့် လင်းကျင်းက အမြန် လိုက်မီသွားတော့သည်။

ဟန်ကျင်း၏ အမြန်နှုန်းမှာ အမှန်တကယ် ကြောက်စရာကောင်းလှသည်။ လျင်မြန်ခြင်းအဆောင် ရှိနေလျက်ပင် လင်းကျင်းခမျာ မနည်း လိုက်နေရ၏။

ထိုအချိန်တွင် ဟန်ကျင်းက ရှေ့သို့ လျှောက်ရင်း စကားစတင်ပြောလာသည်။

“မင်းအဖေက တကယ်တော့ ချင်းယွမ်ဓားဂိုဏ်းထဲကို စောစောစီးစီး ဝင်ရောက်ခဲ့တာ။ အပြင်ဂိုဏ်းသားတွေကြားမှာလည်း နာမည်နည်းနည်း ရှိခဲ့တယ်။”

ဟန်ကျင်း လမ်းလျှောက်ရင်း တဖြည်းဖြည်း လင်ယု၏ အတိတ်ဇာတ်လမ်းကို ဖွင့်ဟလာတော့သည်။

လင်းကျင်းသည် ဟန်ကျင်း၏ နောက်မှ အနီးကပ် လိုက်သွားရင်း စကားများကို အာရုံစိုက် နားထောင်နေသည်။

“ဒါပေမဲ့ နောက်ပိုင်းမှာ ဂိုဏ်းတာဝန်တစ်ခု ထမ်းဆောင်ရင်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်။ အဲဒီနောက်ပိုင်း သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ကျဆင်းသွားတယ်။ အဲဒီတာဝန်အတွင်းမှာပဲ သူ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး တစ်လုံး ရခဲ့တာ။”

ဟန်ကျင်းက လင်းကျင်း တစ်ခုခု မေးမလာခင် ဆက်ပြောသွားသည်။

“သူက သူ့လက်ကျန်ဘဝမှာ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကို တက်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးဆိုတာ သိနေခဲ့တယ်။ အဲ့ဒါကြောင့် အဲဒီ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးကို ငါ့ကို ပေးခဲ့ပြီး မင်းကို စောင့်ရှောက်ပေးဖို့ ငါ့ကို အပ်နှံခဲ့တာပဲ။”

“ဒါကြောင့် မင်းက ငါ့အပေါ် မှာ ဘာအကြွေးမှ မရှိဘူး။”

လင်းကျင်း မျက်မှောင်ကြုတ်သွားသည်။ ဒီအကြောင်းကို သူ လုံးဝ မသိခဲ့ပေ။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်ထဲတွင် သူ့အဖေ လင်ယုသည် သာမန်ဝိညာဉ်စိုက်ပျိုးသမားတစ်ယောက်သာ ဖြစ်ပြီး အရင် စီမံခန့်ခွဲသူနှင့် ဆက်ဆံရေးကောင်းသူတစ်ယောက်ဟုသာ သိထားသည်။

“ဒါပေမဲ့... အဖေက ကျွန်တော့်ကို ဒီအကြောင်းတွေ ဘာလို့ မပြောခဲ့တာလဲ။...”

ထိုအချိန်တွင်...

ဟန်ကျင်းက လင်းကျင်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“အဲဒါက... မင်းမှာ ဓာတ်ကြီး ငါးပါး ရောနှောဝိညာဉ်အမြစ် ရှိနေလို့ပဲ။”

“ဓာတ်ကြီး ငါးပါးရောနှော ဝိညာဉ်အမြစ်နဲ့ဆိုရင် ကျင့်ကြံရေးလမ်းကြောင်းက အစကတည်းက အရမ်းခက်ခဲတယ်။”

“အပြင်ဂိုဏ်းသား ဖြစ်ဖို့တောင် မလုံလောက်ဘူး။”

“ကျင့်ကြံနိုင်ဖို့ မဖြစ်နိုင်မှတော့ အစကတည်းက မင်းကို မသိစေတာက ပိုကောင်းပါတယ်။”

“သာမန်ဝိညာဉ်စိုက်ပျိုးသမားအဖြစ် နေပြီး တည်ငြိမ်တဲ့ ဘဝလေး ဖြတ်သန်းစေတာက ပိုကောင်းတယ်လေ။”

“ပြီးတော့… မင်းအဖေ ငယ်ရွယ်စဉ်တုန်းက ရန်သူတွေလည်း မနည်းခဲ့ဘူး။ ဒီလို လုပ်ခဲ့တာက မင်းကို ကာကွယ်ပေးဖို့လည်း ပါတယ်။”

ထိုသို့ ပြောပြီးနောက် ဟန်ကျင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ကံမကောင်းတာက ဒီလို လုပ်ထားတာတောင် ရန်သူတွေက မင်းကို မလွှတ်ပေးချင်နေဘူး။”

“ဒီတစ်ခေါက် မင်း ဂိုဏ်းကနေ နှင်ထုတ်ခံရတာ မင်းအဖေရဲ့ ရန်သူဟောင်းတစ်ယောက်ကြောင့်ပဲ။”

“သူက လင်ယုမှာ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး ရှိတယ်ဆိုတဲ့ သတင်းကို စီမံခန့်ခွဲသူ လီဆီ လျှို့ဝှက်စွာ ပို့လိုက်တာ။”

“ဂိုဏ်းထဲမှာက ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်တာ တားမြစ်ထားတယ်။ ဒါကြောင့် စီမံခန့်ခွဲသူ လီက မင်းကို ဂိုဏ်းကနေ ထုတ်ပစ်ဖို့ နည်းလမ်းရှာခဲ့တာ။”

“ဂိုဏ်းထဲမှာ ရှိနေသရွေ့တော့ သူ မင်းကို ပေါ်ပေါ်ထင်ထင် မလုပ်ရဲဘူး။ ဒါပေမဲ့ မင်းအဖေရဲ့ ရန်သူကတော့ အငြိုးအတေး ကြီးလွန်းတယ်။”

“မင်းကို လုံးဝ မလွှတ်ပေးချင်ဘူး။”

ပြီးတော့ အဲဒီလူကလည်း အတွင်းစည်း တစ်ယောက်ပဲ။ ဒါကြောင့် ငါတောင် သူ့ကို တိုက်ရိုက် မတားနိုင်ဘူး။”

“အဲ့ဒါကြောင့်ပဲ ငါလည်း အခြေအနေအတိုင်း လိုက်သွားပြီး မင်းကို ချင်းယွင်ဓားဂိုဏ်းနဲ့ အဆက်အသွယ် ဖြတ်ခွင့်ပေးလိုက်တာ။”

“နောင်အနာဂတ်မှာ ဘဝက ခက်ခဲနိုင်တယ်။ ဒါပေမဲ့… အနည်းဆုံး အသက်တော့ ရှင်နိုင်မယ်လေ။”

လင်းကျင်းသည် နောက်ဆုံးတော့ အရာအားလုံးကို နားလည်သွားခဲ့သည်။

“ဒီလိုကိုး... ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာအကို ဟန်။”

ထိုအချိန်မှစ၍... ချင်းယွမ်ဓားဂိုဏ်းထဲတွင် သူ့အသက်ကို လိုချင်နေသေးသော လူများ ရှိနေကြောင်း လင်းကျင်း အပြည့်အဝ သဘောပေါက်သွားတော့သည်။

ဟန်ကျင်းသာ မကူညီခဲ့လျှင် ဒီတစ်ခေါက် လွတ်မြောက်သွားခဲ့ရင်တောင် နောက်တစ်ခေါက်တွင် လွတ်မြောက်နိုင်မည်ဆိုတာ မသေချာပေ။

ထို့အပြင်… ဟန်ကျင်း ပြောခဲ့သလို တစ်ဖက်လူက အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေသည်။

ဆိုလိုသည်မှာ အနည်းဆုံး အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံရခြင်းမှာ အလွန်ပင် ကြောက်စရာကောင်းလှပေသည်။

ထို့ကြောင့်…. ချင်းယွမ်ဓားဂိုဏ်းမှ ထွက်ခွာလာခြင်းကသာ လက်ရှိအချိန်မှာ အကောင်းဆုံးရွေးချယ်မှုသာ ဖြစ်လေပေသည်။

“ငါ ပြောခဲ့ပြီးသားပဲ... မင်းက ငါ့အပေါ် ဘာအကြွေးမှ မရှိဘူး။ ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။”

ဟန်ကျင်းက ခပ်တိုးတိုး ပြောလိုက်သည်။

“မင်းအဖေရဲ့ အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးသာ မရှိခဲ့ရင် ငါ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အတင်းအကျပ် တက်ဖို့ ကြိုးစားတဲ့အခါ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေသွားလောက်ပြီ။”

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် တက်ရန် ကြိုးစားခဲ့သည့် အချိန်ကို ပြန်တွေးမိတိုင်း ဟန်ကျင်း၏ စိတ်ထဲတွင် ယနေ့တိုင် ကြောက်ရွံ့မှု ကျန်ရှိနေသေးသည်။

ကံကောင်းစွာဖြင့် အုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး၏ အကူအညီကြောင့်သာ သူ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပေသည်။

ထို့နောက် ဟန်ကျင်းက ဆက်ပြောသည်။

“နောက်ပြီး စီမံခန့်ခွဲသူ လီက မင်းကို ပေးလိုက်တဲ့ ဆေးဖော်စပ်ပညာက မပြည့်စုံဘူး။”

“ပထမအဆင့် ဆေးလုံးတွေကိုတော့ ဖော်စပ်နိုင်ဖို့ ပြဿနာ မရှိလောက်ဘူး။ ဒါပေမဲ့ ဒုတိယအဆင့် ဆေးလုံးတွေကစပြီး ကျရှုံးမှုနှုန်း အရမ်း မြင့်သွားလိမ့်မယ်။”

“ဟုတ်လား… တကယ် မပြည့်စုံတာလား။...”

လင်းကျင်း မျက်လုံးပြူးသွားတော့သည်။

ဟန်ကျင်းက နှာခေါင်းရှုံ့လိုက်ပြီး

“မဟုတ်ရင် သူ ဘာလို့ မင်းကို ပေးမှာလဲ။”

“ဒါပေမဲ့ ဒါတွေက ငါ ကိုယ်တိုင် စမ်းကြည့်ထားတာတော့ မဟုတ်ဘူး။ တခြားလူတွေ ပြောတာကိုပဲ ကြားဖူးတာ။”

“တကယ် ဟုတ်မဟုတ်ကိုတော့ မင်းကိုယ်တိုင် စမ်းသပ်ကြည့်မှဘဲ ရလိမ့်မယ်။”

“တကယ် အလုပ်မဖြစ်ဘူးဆိုရင် လွှင့်သာ ပစ်လိုက်။ အဲဒါမှ မရသေးရင် ဂိုဏ်းသေးသေးတစ်ခုထဲ ဝင်လိုက်။ ဝိညာဉ်စိုက်ပျိုးသမား ပြန်လုပ်တာလည်း မဆိုးသေးပါဘူး။”

“နားလည်ပါပြီ စီနီယာအကို ဟန်။”

လင်းကျင်း ခေါင်းညိတ်လိုက်သည်။

အမှန်တော့ ဟန်ကျင်း မပြောလိုက်သည့် စကားများ ရှိသေးသည်။

သူ့အမြင်တွင် လင်းကျင်းက ဒုတိယအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်လာနိုင်မည်ဟုပင် မယုံကြည်ပေ။

ပထမအဆင့် ဆေးဖော်စပ်ဆရာ ဖြစ်ဖို့တောင် မလွယ်ကူဟု ထင်နေသည်။

တောင်အောက်သို့ ဆင်းသွားပြီးနောက် အတတ်ပညာတစ်ခုသာ မရှိလျှင် အသက်မွေးဝမ်းကြောင်းရန်မှာ အလွန်ခက်ခဲလွန်းလှသည်။

ထို့ကြောင့် လင်းကျင်းကို စမ်းကြည့်ခွင့်ပေးထားခြင်းသာ ဖြစ်သည်။

“ဒါပေမဲ့... “မီးထိန်းချုပ်နည်း” ကတော့ တကယ် ကောင်းတဲ့ နည်းလမ်းပဲ။ သေချာ လေ့ကျင့်ထား။”

“ဟုတ်ကဲ့၊ စီနီယာအကို ဟန်။ စိတ်ချပါ။”

ထို့နောက် လူနှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြီး တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် ကိုယ်ပိုင် အတွေးများ ရှိနေသကဲ့သို့ လမ်းတစ်လျှောက် စကားမပြောတော့ပေ။

......

နေ့လယ်ကျော်ပြီး ညနေပိုင်းသို့ ရောက်ခါနီးတွင် သူတို့နှစ်ယောက် တောအုပ်ထဲမှ ထွက်လာကာ လမ်းမကြီးသို့ ရောက်ရှိသွားကြ၏။

ထိုအချိန်တွင် ဟန်ကျင်းက ရပ်တန့်လိုက်ပြီး

“ကောင်းပြီ ဒီအထိပဲ ငါ လိုက်ပို့တော့မယ်။ ဒီလမ်းအတိုင်း တည့်တည့်သာ ဆက်သွားလိုက်။ မကြာခင် နန်ရှန်ဈေးမြို့ကို မြင်ရလိမ့်မယ်။”

ထို့နောက် သူက သိုလှောင်အိတ် တစ်လုံးကို ထုတ်ကာ လင်းကျင်းထံ ပေးလိုက်သည်။

“အထဲမှာ ဝိညာဉ်ကျောက်တုံးတချို့ ရှိတယ်။ အချိန်တစ်ခုအထိ အသုံးခံလောက်တယ်။ တကယ်လို့... အဲဒီ ဝိညာဉ်ကျောက်တုံးတွေ ကုန်သွားတဲ့အချိန်ထိ မင်း ပထမအဆင့် ဆေးဖော်စပ်ဆရာတောင် မဖြစ်သေးဘူးဆိုရင် အဲဒါ မင်းမှာ ဆေးဖော်စပ်တဲ့ ပါရမီ မရှိဘူးလို့ ဆိုလိုတာပဲ။”

“အဲဒီအချိန်ကျရင်တော့ မင်း လက်လျှော့သင့်ပြီ။”

ဟန်ကျင်းက လင်းကျင်းကို ကြည့်ကာ ပြောလိုက်သည်။

“ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။”

စကားဆုံးသည်နှင့် သူ၏ ဓားပျံသည် ခြေအောက်တွင် ပေါ်လာ၏။ ဟန်ကျင်းက ဓားပျံပေါ်သို့ တက်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ဦးတည်ရာမှာ ချင်းယွင်တောင် ဖြစ်ပေသည်။

လင်းကျင်းက သူ့နောက်ကျောကို ကြည့်ရင်း လက်နှစ်ဖက် ယှက်ကာ အော်ပြောလိုက်သည်။

“စီနီယာအကို ဟန်... ခရီးလမ်း သတိထားပါ။”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment