no

Font
Theme

အကဲဖြတ်စစ်ဆေးမှု အောင်မြင်ခြင်း

အကြီးအကဲ ပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဟုတ်တယ်၊ အဲဒီသားရဲပဲ...”

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျင့်ကြံသူစျေးကို ကျူးကျော်ဝင်ရောက်လာတဲ့ နတ်ဆိုးသားရဲတွေကို ရှင်းလင်းနေတုန်း ဒီအနက်ရောင်စွန်ငှက်ကို တွေ့ခဲ့တာ...”

“သူ့ရဲ့ ဉာဏ်ရည်ကို မြင်တော့ သာမန်သားရဲဆိုးတွေနဲ့ လုံးဝ မတူဘူး။ ဒါကြောင့် မသတ်ရက်ခဲ့တာနဲ့ ယဉ်ပါးအောင် လေ့ကျင့်တဲ့ နည်းလမ်းကို သုံးပြီး ငါ့တူမလေးအတွက် အိမ်မွေးတိရိစ္ဆာန်အဖြစ် ပေးလိုက်တာ....”

“ဒါကြောင့် ဒီလိုကိုး…” လင်းကျင်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

အကြီးအကဲ ပိုင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာလဲ၊ မင်း ဒီအနက်ရောင်စွန်ငှက်ကို သိလို့လား....”

“အကြီးအကဲ ပိုင်၊ ဒီလိုပါ။ အပြင်ကျင့်ကြံသူစျေးမှာ ဒီအနက်ရောင်စွန်ငှက်က ကျွန်တော့်ကို တစ်ခါ တိုက်ခိုက်ဖူးတယ်....”

“ဒါပေမဲ့ အကြီးအကဲ ယွီ ငှားပေးထားတဲ့ အစီအရင်ရဲ့ တားဆီးမှုကို ခံလိုက်ရတယ်။ ကျွန်တော့်လက်ထဲမှာ အရှုံးပေါ်သွားတဲ့အတွက် စိတ်မကျေမနပ် ဖြစ်နေတာလို့ ထင်ပါတယ်...”

“ဒီလိုဖြစ်ခဲ့တာကိုး...”

ထိုစကားကို ကြားပြီးနောက် လူတိုင်း ချက်ချင်း နားလည်သွားကြသည်။

“အနက်ရောင်စွန်ငှက်တွေက ရန်ငြိုးမှတ်ထားတတ်တဲ့ စိတ်ဓာတ် ပြင်းတယ်။ ဒီလို ပြုမူတာတော့ မထူးဆန်းဘူး...”

ထိုသို့ ပြောပြီးနောက် အကြီးအကဲ ပိုင်က ချင်းလင်ကို ဆုံးမလိုက်သည်။

“ချင်းလင်၊ နောက်ဆို ဒီအနက်ရောင်စွန်ငှက်ကို သေချာ ထိန်းကျောင်းရမယ်။ တခြားလူတွေကို ထပ်မတိုက်ခိုက်စေနဲ့...”

“သိပါပြီ လောင်ပိုင်...”

ချင်းလင်က နှုတ်ခမ်းစူကာ ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် လင်းကျင်းသည်လည်း အံ့ဩစွာဖြင့် မိန်းကလေးကို ကြည့်နေခဲ့သည်။

သူမက အကြီးအကဲ ပိုင်ကို “လောင်ပိုင်” ဟု တိုက်ရိုက် ခေါ်ဆိုနေခဲ့သည်။

‘ဟုတ်သားပဲ... အကြီးအကဲ ပိုင်က သူမကို တူမလေးလို့ ပြောခဲ့တာပဲ...’

ထိုသို့ တွေးမိလိုက်သောအခါ လင်းကျင်း နားလည်သွားသည်။

အကြီးအကဲ ယွီက လင်းကျင်း၏ အမူအရာကို သတိထားမိသွားပြီး ရှင်းပြလိုက်သည်။

“ဒါက အကြီးအကဲ ပိုင်ရဲ့ တူမလေး ဟွမ်ချင်းလင်ပဲ...”

“တာအိုရောင်းရင်း ချင်းလင်ကို နှုတ်ဆက်ပါတယ်....”

လင်းကျင်းက ဟွမ်ချင်းလင်ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်သည်။

“ရှင့်နာမည်က ဘာလဲ...”

ဟွမ်ချင်းလင်က တောက်ပသော မျက်ဝန်းများဖြင့် လင်းကျင်းကို ကြည့်ရင်း မေးလိုက်သည်။

“လင်းကျင်း…” လင်းကျင်းက ပြန်ဖြေလိုက်သည်။

“လင်းကျင်း...ကောင်းပြီ၊ ကျွန်မ မှတ်ထားလိုက်မယ်...”

“နောက်ကျရင် တစ်ယောက်ယောက်က ရှင့်ကို အနိုင်ကျင့်ရင် ကျွန်မဆီ လာရှာလိုက်...”

ဟွမ်ချင်းလင်က လင်းကျင်းကို ကြည့်ရင်း ပြောလိုက်သည်။

လင်းကျင်း : “......”

လင်းကျင်းမှာ စကားပင် မပြောနိုင်တော့ဘဲ ဘာပြန်ဖြေရမည်ကိုပင် မသိတော့ပေ။

အကြီးအကဲ ပိုင်နှင့် အကြီးအကဲ ယွီတို့ကတော့ ထိုအရာကို ရိုးနေပြီ ဖြစ်ပုံရသည်။

ခဏကြာပြီးနောက် အကြီးအကဲ ပိုင်က ထပ်မံ ပြောလိုက်သည်။

“ကောင်လေး လင်း၊ အခု ဘယ်လို ခံစားရသေးလဲ....”

“အကဲဖြတ်စစ်ဆေးမှုကို ဆက်လုပ်ချင်သေးလား...”

“အဆင်မပြေဘူးလို့ ခံစားရရင် စစ်ဆေးမှုကို ဒီမှာတင် ရပ်လို့ရတယ်။ ဒါပေမဲ့ စစ်ဆေးမှုကို ရပ်လိုက်ရင်တောင် မင်း အောင်မြင်တယ်လို့ ငါ သတ်မှတ်ပေးမယ်။ ဒီမတော်တဆ ဖြစ်ရပ်အတွက် ငါ့မှာလည်း တာဝန် ရှိနေလို့ပဲ...”

လင်းကျင်းက ခေါင်းခါပြီး ပြောလိုက်သည်။

“အကြီးအကဲ ပိုင်၊ မလိုပါဘူး။ ကျွန်တော် ဘာမှ မဖြစ်ပါဘူး။ အကဲဖြတ်စစ်ဆေးမှုကို ဆက်လုပ်နိုင်ပါတယ....။”

“မင်း သေချာရဲ့လား...”

အကြီးအကဲ ပိုင်က သံသယဖြင့် မေးလိုက်သည်။

“စစ်ဆေးမှု မလုပ်ဘဲနဲ့ မင်း အောင်မြင်နိုင်တယ်ဆိုပေမဲ့ ဆက်လုပ်ရင်တော့ အောင်မြင်မယ်လို့ မသေချာဘူးနော်...”

“ဒီကိစ္စကို သေချာ စဉ်းစားရမယ်...”

အကြီးအကဲ ပိုင်သည် မြေခွေးအိုကြီးတကောင်ကဲ့သို့ တဖြည်းဖြည်း ချော့မော့ပြောဆိုနေခဲ့၏။

လင်းကျင်းအား အကဲဖြတ်စစ်ဆေးမှု ဆက်မလုပ်တော့ဘဲ လက်လျှော့လိုက်စေချင်သည့် ပုံစံမျိုးပင်။

သို့သော် လင်းကျင်းကတော့ ဤသည်ကား စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ကောင်းကောင်း နားလည်ထားသည်။

လူတိုင်း သိနေကြသည့်အတိုင်း သူ၏ ဒဏ်ရာမှာ မပြင်းထန်ဘဲ အသေးစားသာ ဖြစ်ပေသည်။

အကယ်၍ သူက အကဲဖြတ်စစ်ဆေးမှုကို အမှန်တကယ် လက်လျှော့လိုက်မည်ဆိုပါက အတွင်းပိုင်း ကျင့်ကြံသူစျေးသို့ ဝင်ရောက်ခွင့် အခွင့်အရေးကို အမှန်တကယ် ဆုံးရှုံးသွားနိုင်သည်။

ထို့အပြင် သူ့ကိုယ်သူအတွက် မဟုတ်သည့်တိုင် အကြီးအကဲ ယွီ၏ မျှော်လင့်ချက်များကို စိတ်ပျက်စေ၍ မရပေ။

ထို့ကြောင့်လည်း ဤကဲ့သို့ အလွယ်တကူ လက်မလျှော့နိုင်ပေ။

ထိုသို့ တွေးတောပြီးနောက် လင်းကျင်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဟုတ်ပါတယ်၊ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ....”

“ကောင်းတယ်...” အကြီးအကဲ ပိုင်က ရင်ဘတ်ရှေ့တွင် တွဲလောင်းကျနေသော မုတ်ဆိတ်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

“ဒါဆို အကဲဖြတ်စစ်ဆေးမှုကို ဆက်လုပ်ကြတာပေါ့...”

“ငါတို့လည်း နောက်ကို နည်းနည်း ဆုတ်ပေးလိုက်ရအောင်။ သူ့ကို အနှောင့်အယှက် မဖြစ်စေအောင်ပေါ့...”

ထိုသို့ ပြောပြီးနောက် သုံးယောက်သား နောက်သို့ ဆုတ်သွားကြပြီး တံခါးနားသို့ ရောက်မှသာ ရပ်လိုက်ကြသည်။

လင်းကျင်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်သည်။

ထို့နောက် ဆေးဖော်စပ်ကျရှုံးမှုမှ အကြွင်းအကျန်များကို အရင် သွန်ထုတ်လိုက်ပြီး အသစ်ပြင်ဆင်ထားသော ဆေးဖက်ဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။

ယခင်အတိုင်းပင် ဆေးဖက်ဝင်ပစ္စည်းများကို ပြင်ဆင်ခြင်းမှ စတင်၍ နောက်ဆုံး ဆေးမီးဖိုကို ပိတ်လိုက်သည့် အချိန်အထိ လုပ်ငန်းစဉ်တစ်လျှောက်လုံး သူသည် အလွန်တည်ငြိမ်နေခဲ့သည်။

ဒီတစ်ကြိမ်တွင် လူများ၏ စောင့်ကြည့်မှုအောက်၌ ဆေးဖော်စပ်ဖူးသည့် အတွေ့အကြုံ ရှိထားပြီးဖြစ်သောကြောင့် ပထမအကြိမ်ကလို ကပျာကယာ မဖြစ်တော့ပေ။

သူသည် မီးအားကို ဂရုတစိုက် ထိန်းချုပ်နေသလို နတ်အာရုံဖြင့်လည်း ဆေးမီးဖိုအတွင်းရှိ အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။

10 မိနစ်...

နာရီဝက်...

45 မိနစ်...

အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့လေသည်။ ဆေးမီးဖိုအတွင်းရှိ ဆေးရည်များသည် တဖြည်းဖြည်း စုစည်းလာပြီး ဆေးလုံးအဖြစ် အခဲတည်လာခဲ့သည်။

ဒီအဆင့်တွင် အာရုံလွင့်သွား၍ လုံးဝ မဖြစ်ပေ။

လင်းကျင်းက မီးအားကို ဂရုတစိုက် မြှင့်တင်လိုက်ရာ ဆေးရည်များ၏ အခဲတည်နှုန်းမှာ ပိုမို မြန်ဆန်လာခဲ့သည်။

မကြာမီမှာပင် ဆေးမီးဖိုအတွင်းမှ မွှေးရနံ့တစ်ခု လွင့်ပျံလာခဲ့သည်။ ဒီအချိန်တွင် ဆေးလုံး ဖော်စပ်ပြီးစီးသွားပြီ ဖြစ်သည်။

“ဒီရနံ့ကို ငါ ရနေပြီ။ ဒီတစ်ကြိမ် ဆေးဖော်စပ်မှုမှာ အမြင့်ဆုံးအဆင့် ဆေးလုံး ထွက်လာမှာ သေချာတယ်...”

တတိယအဆင့် ဆေးဖော်စပ်ဆရာဖြစ်တဲ့ အကြီးအကဲ ယွီသည် အတွေ့အကြုံ ကြွယ်ဝလှသည်။

ဆေးလုံးပင် မီးဖိုထဲမှ မထွက်လာသေးခင် သူက ယုံကြည်ချက်အပြည့်ဖြင့် ပထမဆုံး ပြောလိုက်ခြင်း ဖြစ်သည်။

ယခုအချိန်တွင် လင်းကျင်း၏ နဖူးပေါ်၌ ချွေးစက်များ စိုစွတ်နေပြီ ဖြစ်၏။

သို့သော် ထိုအရာသည် ပင်ပန်းမှုကြောင့်သာ မဟုတ်ပေ။ စိတ်လှုပ်ရှားမှုလည်း ပါဝင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အကဲဖြတ်စစ်ဆေးမှုတစ်ခု ဖြစ်နေသောကြောင့်ပင်။

လင်းကျင်းကတော့ ဒီဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးသွားကြောင်း ကောင်းကောင်း သိနေသည်။

ထို့အပြင် အကြီးအကဲ ယွီ ပြောခဲ့သလိုပင် ဤသည်မှာ အမြင့်ဆုံးအဆင့် ဆေးလုံး ဖြစ်သည်။

ဆေးမီးဖို အေးသွားစေရန် ခဏစောင့်ပြီးနောက် လင်းကျင်းလည်း မီးဖိုအဖုံးကို ဖွင့်လိုက်ကာ စွမ်းအင်စုဆောင်းဆေး ငါးလုံးကို ထုတ်ယူလိုက်သည်။

ဒီတစ်သုတ်တွင် အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး၊ အဆင့်မြင့်အဆင့် ဆေးလုံးတစ်လုံး၊ အလယ်အလတ်အဆင့် ဆေးလုံးနှစ်လုံးနှင့် အဆင့်နိမ့် ဆေးလုံးတစ်လုံး ပါဝင်နေသည်။

ဆေးလုံးများကို ထုတ်ယူပြီးနောက် လင်းကျင်းသည် လူသုံးယောက်ရှေ့သို့ တိုက်ရိုက် လျှောက်သွားကာ ဆေးလုံးများကို အကြီးအကဲ ပိုင်နှင့် အကြီးအကဲ ယွီထံ ပေးအပ်လိုက်သည်။

“အကြီးအကဲ ပိုင်၊ အကြီးအကဲ ယွီ၊ စစ်ဆေးပေးပါဦး...”

သူတို့နှစ်ဦးက ဆေးလုံးများကို လက်ခံယူလိုက်ကြသည်။ ထိုအချိန်တွင် အကြီးအကဲ ယွီသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သည်။

သူကိုယ်တိုင် အမြင့်ဆုံးအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်လိုက်ရသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေသေးသည်။

ထိုအရာကို ထုတ်မပြောသော်လည်း သူ့စိတ်ထဲတွင် အလွန် ဂုဏ်ယူနေခဲ့သည်။ အထူးသဖြင့် အကြီးအကဲ ပိုင်ရှေ့တွင် ဖြစ်သည်။

အကြီးအကဲ ပိုင်က အမြင့်ဆုံးအဆင့် ဆေးလုံးကို ခဏကြာ စစ်ဆေးကြည့်ရှုပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထိုအချိန်တွင် မျက်လုံးများ အပြုံးကြောင့် မှေးကျဉ်းနေသော အကြီးအကဲ ယွီက မေးလိုက်သည်။

“အကြီးအကဲ ပိုင်၊ ဘယ်လိုထင်လဲ။ နောက်ထပ် အကဲဖြတ်စစ်ဆေးစရာ လိုသေးလား...”

အကြီးအကဲ ပိုင်က အကြီးအကဲ ယွီကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူ၏ နှုတ်ခမ်းထောင့် အနည်းငယ် တုန်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“အင်း... မလိုတော့ဘူး။ ဒီဆေးလုံးတစ်လုံးတည်းနဲ့ လုံလောက်ပြီ...”

“ပြီးရင် ခင်ဗျား သူ့ကို ခေါ်သွားပြီး လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေ အားလုံး ဆောင်ရွက်ပေးလိုက်။ နောက်ပြီး သူ့အတွက် ခြံဝင်းတစ်ခု ရှာပေးလိုက်ဦး...”

“ဒီနေ့ကစပြီး သူက ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာဖြစ်သွားပြီ....”

“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ ပိုင်….”

လင်းကျင်းက ပြောလိုက်သည်။

အကြီးအကဲ ပိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ မင်းရဲ့ အရည်အချင်းနဲ့ မင်း အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်ခဲ့တာ...”

ထိုအချိန်တွင် ဟွမ်ချင်းလင်က ရုတ်တရက် ပြောလိုက်သည်။

“လောင်ပိုင်၊ ကျွန်မ နေတဲ့နေရာ ဘေးမှာ ခြံဝင်းလွတ်တစ်ခု ရှိသေးတယ်လေ။ ဘာလို့ သူ့ကို ကျွန်မဘေးမှာ မနေခိုင်းတာလဲ...”

အကြီးအကဲ ပိုင်က ခေါင်းညိတ်လိုက်သည်။

“ရတယ်။ ဒါပေမဲ့ မင်း သူ့ကို မကြာခဏ သွားမနှောင့်ယှက်နဲ့....”

“သူက ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်နေပြီ။ နောင်ကျရင် ဆေးဖော်စပ်ရမယ့် တာဝန်တွေလည်း ရှိလာဦးမယ်...”

“စိတ်ချပါ လောင်ပိုင်...”

ဟွမ်ချင်းလင်က ပြန်ဖြေလိုက်သည်။

ထို့နောက် အကြီးအကဲ ပိုင်လည်း ထွက်ခွာသွားခဲ့သည်။

အကြီးအကဲ ယွီက ဟွမ်ချင်းလင်ကို ပြောလိုက်သည်။

“ချင်းလင်၊ ငါ ဒီကောင်လေး လင်းကို ဧည့်အကြီးအကဲ အသိအမှတ်ပြု လုပ်ထုံးလုပ်နည်းတွေ သွားဆောင်ရွက်ပေးရဦးမယ်...”

“ငါတို့ အရင် သွားလိုက်ဦးမယ်...”

ဟွမ်ချင်းလင်က ခေါင်းညိတ်လိုက်သည်။

“အကြီးအကဲ ယွီ၊ ဒါဆို ကျွန်မလည်း သွားတော့မယ်။ နေ့လယ်ကျရင် သူ့ကို ကျွန်မဆီ ခေါ်လာခဲ့နော်။ ခြံဝင်းကို အတူ သွားကြည့်ကြတာပေါ့...”

ထိုသို့ ပြောပြီးနောက် ဟွမ်ချင်းလင်လည်း ထွက်ခွာသွားခဲ့သည်။

ဟွမ်ချင်းလင် ထွက်သွားပြီးနောက် အကြီးအကဲ ယွီက ပြောလိုက်သည်။

“ကောင်လေး လင်း၊ ငါတို့လည်း သွားကြရအောင်။ လုပ်စရာတွေ အများကြီး ကျန်သေးတယ်..”

“ဟုတ်ကဲ့…” လင်းကျင်းက ပြန်ဖြေလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ယွဲ့ပေါင်လောသို့ ပြန်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် အကြီးအကဲ ယွီက ဟွမ်ချင်းလင်အကြောင်း အချက်အလက်အချို့ကို လင်းကျင်းအား ပြောပြခဲ့ပေသည်။

ဟွမ်ချင်းလင်သည် လေနှင့် မီး ဟူသော ဂုဏ်သတ္တိနှစ်မျိုးကို ပိုင်ဆိုင်ထားသည့် ဓာတ်ကြီး နှစ်ပါး ဝိညာဉ်အမြစ် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဓာတ်ကြီး နှစ်ပါး ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားသည့်အပြင် ထိုအမြစ်နှစ်ခုထဲမှ တစ်ခုမှာ ထူးခြားဝိညာဉ်အမြစ် ဖြစ်နေသဖြင့် သူမ၏ ကျင့်ကြံခြင်း ပါရမီမှာ အလွန် ထူးချွန်လှပေသည်။

အကြီးအကဲ ပိုင်က သူမကို အလွန် အလိုလိုက်နေခြင်းမှာ မထူးဆန်းတော့ပေ။

“ဒါပေမဲ့ ဒီလို ပါရမီရှင်မျိုးတွေကို ထိပ်တန်းဂိုဏ်းကြီးတွေက ခေါ်ယူပြီး လေ့ကျင့်ပေးကြတာ မဟုတ်ဘူးလား...”

“ဘာလို့ သူမက ဒီမှာ ရှိနေတာလဲ...”

လင်းကျင်းက အကြီးအကဲ ယွီကို မေးလိုက်သည်။

သို့သော် အကြီးအကဲ ယွီလည်း ထိုကိစ္စကို မသိပေ။

သူ သိထားသည်မှာ ဟွမ်ချင်းလင်သည် လွန်ခဲ့သော သုံးနှစ်က ဒီနေရာသို့ ရောက်လာခဲ့ပြီး ထိုအချိန်မှစ၍ ဒီမှာပဲ နေထိုင်လာခဲ့ခြင်း ဖြစ်သည်။

ထိုသုံးနှစ်တာအတွင်း သူမ၏ မိသားစုအကြောင်းကို မည်သူမျှ ပြောဆိုခဲ့ခြင်း မရှိပေ။

“လူတိုင်းမှာ ကိုယ်တိုင် မပြောပြနိုင်တဲ့ အခက်အခဲတွေ ရှိကြတာပေါ့...”

နောက်ဆုံးတွင် အကြီးအကဲ ယွီက မှတ်ချက်ချလိုက်သည်။

“ဟုတ်၊ ဖြစ်နိုင်ပါတယ်...”

လင်းကျင်းက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး နောက်ထပ် မမေးတော့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment