no

Font
Theme

အိမ်အသစ်သို့ ပြောင်းရွှေ့ခြင်း

ယွဲ့ပေါင်လောသို့ ပြန်ရောက်ပြီးနောက် အကြီးအကဲ ယွီက လင်းကျင်းကို ဧည့်ဆေးဖော်စပ်ဆရာ အမှတ်အသားတံဆိပ် ရယူရန် အရင်ခေါ်သွားခဲ့သည်။

ထို့နောက် ယွဲ့ပေါင်လော၏ စီမံခန့်ခွဲရေးမှူးအချို့နှင့်လည်း မိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် အကြီးအကဲ ယွီသည် လင်းကျင်းကို အတွင်းပိုင်း ကျင့်ကြံသူစျေး၏ စီမံခန့်ခွဲရေးရုံးသို့ ခေါ်သွားကာ သူ၏ အပြင်ပိုင်းကျင့်ကြံသူစျေး အမှတ်အသားတံဆိပ်ကို အတွင်းပိုင်းကျင့်ကြံသူစျေး အမှတ်အသားတံဆိပ်ဖြင့် လဲလှယ်စေခဲ့သည်။

နေ့လယ်ပိုင်းတွင် အကြီးအကဲ ယွီ၏ ဦးဆောင်မှုဖြင့် သူတို့သည် ဟွမ်ချင်းလင်၏ နေအိမ်သို့ ရောက်လာခဲ့ကြသည်။

သူတို့သည် ဟွမ်ချင်းလင်ကို အရင် နှုတ်ဆက်လိုက်ပြီးနောက် သူမ ပြောခဲ့သော ခြံဝင်းသို့ အတူတကွ သွားရောက်ခဲ့ကြသည်။

ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သိပ်သည်းသော ဝိညာဉ်စွမ်းအင်များက သူတို့ကို လွှမ်းခြုံသွားခဲ့သည်။

ထိုဝိညာဥ်စွမ်းအင်သည် လင်းကျင်းအား အလွန် သက်သောင့်သက်သာ ဖြစ်စေပေသည်။

ဒီနေရာရှိ ဝိညာဉ်စွမ်းအင်သည် အကြီးအကဲ ပိုင်၏ နေရာလောက် မသန်မာသော်လည်း ချင်းယွမ်ဓားဂိုဏ်း၌ ရှိစဉ်က စီမံခန့်ခွဲသူ လီ နေထိုင်ခဲ့သော ခြံဝင်းနှင့် ယှဉ်နိုင်လောက်ပေသည်။

သူတို့သုံးယောက် ခြံဝင်းထဲသို့ ဆက်လျှောက်သွားကြရာ နှစ်ထပ်ခြံဝင်းတစ်ခုကို တွေ့လိုက်ရသည်။

ထို့အပြင် ခြံဝင်းအတွင်း၌ ဥယျာဉ်ငယ်တစ်ခုတောင် ရှိနေသေးသည်။ ဥယျာဉ်မှာ ကြီးမားလှသည်တော့ မဟုတ်ပေ။

သို့သော် ကျောက်တောင်တုများ၊ ငါးကန်များနှင့် လေထဲတွင် လွင့်ယိမ်းနေသော မိုးမခပင်အောက်ရှိ ဇရပ်တစ်ခုအထိ အစုံအလင် ရှိနေပေသည်။

ထိုဇရပ်သည် ကျောက်တောင်တုရှေ့တွင် တည်ရှိနေ၏။ ယခုမှာ နွေရာသီ ဖြစ်နေသဖြင့် နောင် ဆေးဖော်စပ်ရင်း ပင်ပန်းလာသည့်အခါ ထိုဇရပ်တွင် အနားယူလိုက်ရလျှင် အလွန် အေးချမ်းနေမည် ဖြစ်သည်။

ဒီခြံဝင်းသည် အပြင်ကျင့်ကြံသူစျေး၌ သူ ယခင် နေထိုင်ခဲ့သော ခြံဝင်းထက် များစွာ ပိုကောင်းနေသည်။

အကြီးအကဲ ယွီက ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

“ဘယ်လိုလဲ၊ မဆိုးဘူးမလား... ဒါက ဧည့်ဆေးဖော်စပ်ဆရာတွေအတွက် ပေးထားတဲ့ အကျိုးခံစားခွင့်ပဲ...”

“ယွဲ့ပေါင်လောရဲ့ ဧည့်ဆေးဖော်စပ်ဆရာ ဖြစ်လာရင် လူတိုင်း ဒီလို ခြံဝင်းတစ်ခုစီ ရကြတယ်...”

“ဟုတ်...”

လင်းကျင်းက ခေါင်းညိတ်လိုက်သည်။

“ဒီနေရာက တကယ် ကောင်းတယ်...”

အကြီးအကဲ ယွီက ဆက်ပြောသည်။

“ပြီးတော့ ဒီမှာ နေရတာအတွက် အခကြေးငွေ ပေးစရာ မလိုဘူး...”

“လစဉ် သတ်မှတ်ထားတဲ့ ဆေးဖော်စပ်ရမယ့် တာဝန်တွေကို အချိန်မီ ပြီးအောင် လုပ်ပေးဖို့ပဲ လိုတယ်...”

“ဒါပေါ့၊ သတ်မှတ်ထားတဲ့ ဆေးဖော်စပ်တာဝန်တွေကို အောင်မြင်စွာ ပြီးမြောက်နိုင် ဝိညာဉ်ကျောက်တုံးဆုကြေးကိုလည်း ထပ်ရဦးမှာ...”

“အဲဒီကိစ္စအတွက် လုံးဝ စိတ်ပူစရာ မလိုဘူး...”

ထိုစကားကို ကြားပြီးနောက် လင်းကျင်းက အကြီးအကဲ ယွီကို မေးလိုက်သည်။

“အကြီးအကဲ ယွီ၊ လစဉ် ဆေးဖော်စပ်တာဝန် ဘယ်လောက် ရှိလဲ...”

အကြီးအကဲ ယွီက ခဏ စဉ်းစားပြီးမှ ပြန်ဖြေသည်။

“မင်းအတွက်ဆိုရင် မမျှော်လင့်ထားတဲ့ အခြေအနေမျိုး မဖြစ်ဘူးဆိုရင် လစဉ် ဆေးလုံး 150 လောက် ဖြစ်မယ်...”

“ဒါပေါ့၊ အဲဒီပမာဏထက် ပိုဖော်စပ်နိုင်ရင်လည်း ယွဲ့ပေါင်လောကို ရောင်းလို့ရတယ်...”

“သူတို့က စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ပေးလိမ့်မယ်...”

‘ဆေးလုံး 150 လုံးလား... သိပ်တော့ မများဘူးပဲ...’ လင်းကျင်း စိတ်ထဲတွင် တွေးလိုက်၏။

‘အရင် ကျင့်ကြံသူစျေးက ချမှတ်ပေးတဲ့ တာဝန်လည်း ဆေးလုံး 150 လုံးပဲ ဖြစ်ခဲ့တာဘဲ။ ငါက အဲဒါကို လဝက်တည်းနဲ့ ပြီးအောင် လုပ်နိုင်ခဲ့တယ်။ အဲဒီ 150 လုံး ပြီးသွားရင် ဒုတိယအဆင့် ဆေးလုံးတွေကို ဆက်ဖော်စပ်နိုင်သေးတယ်။’

“ဒါပေမဲ့...”

အကြီးအကဲ ယွီက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဒီ ဆေးလုံး 150 လုံးမှာ သတ်မှတ်ချက်တော့ ရှိတယ်။ အနည်းဆုံး အလယ်အလတ်အဆင့် ဖြစ်ရမယ့်အပြင် အမြင့်ဆုံးအဆင့် ဆေးလုံးတွေလည်း လိုအပ်တယ်...”

“ပုံမှန်ဆိုရင် ဒီ 150 လုံးထဲမှာ အနည်းဆုံး အမြင့်ဆုံးအဆင့် ဆေးလုံး 10 လုံး ပါရမယ်...”

“ဒါပေမဲ့ မင်းကတော့ အထူးကိစ္စ ဖြစ်တော့ အကြီးအကဲ ပိုင်က မင်းရဲ့ တာဝန်တွေကို ကိုယ်တိုင် စီစဉ်ပေးမယ်လို့ ပြောထားတယ်...”

“ပြီးတော့ ဆေးဖော်စပ်တာဝန်တွေကို သုံးကြိမ်ဆက်တိုက် မပြီးမြောက်နိုင်ဘူးဆိုရင် မင်းရဲ့ ဧည့်ဆေးဖော်စပ်ဆရာ အဆင့်အတန်းကို ရုပ်သိမ်းခံရနိုင်တယ်...”

“ဒါကို သေချာ မှတ်ထားရမယ်...”

“နားလည်ပါပြီ၊ အကြီးအကဲ ယွီ…”

လင်းကျင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“လောလောဆယ်တော့ ဒီလောက်ပဲ၊ တခြား ဘာမှ မရှိတော့ဘူး။ နားမလည်တာ ရှိရင် ငါ့ကို တိုက်ရိုက် လာမေး…”

“ဟုတ်ကဲ့…”

လင်းကျင်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။

ထို့နောက် သူတို့သုံးယောက်သည် အိမ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး လင်းကျင်းက မြင်သမျှအရာအားလုံးအပေါ် အလွန် ကျေနပ်မိနေခဲ့သည်။

အိမ်ထဲမှ ထွက်လာပြီးနောက် အဆောက်အဦးဘေးရှိ ကျောက်စရစ်လမ်းအတိုင်း အနောက်ဘက်သို့ ပတ်သွားကြသည်။

ထိုအခါ လင်းကျင်း အံ့ဩသွားရသည်။

အိမ်၏ နောက်ဘက်တွင် ဆေးဖော်စပ်ခန်းတစ်ခု ရှိနေသောကြောင့်ပင်။

အကြီးအကဲ ယွီက ဆေးဖော်စပ်ခန်းကို ညွှန်ပြ၍ ပြောလိုက်သည်။

“ဒီဆေးဖော်စပ်ခန်းမှာ အသံလုံအစီအရင်နဲ့ ကာကွယ်ရေးအစီအရင် တပ်ဆင်ထားတယ်...”

“ဒါကြောင့် နောင်ကျရင် ဒီမှာပဲ စိတ်ချလက်ချ ဆေးဖော်စပ်နိုင်တယ်...”

“ဒါ့အပြင် ဒီမှာ သီးသန့် မီးဖိုချောင်တစ်ခုလည်း ရှိသေးတယ်...”

ထိုသို့ ပြောပြီးနောက် အကြီးအကဲ ယွီက ပြုံး၍ လင်းကျင်းကို ပြောလိုက်သည်။

“လော့လော့ဆီက ကြားထားတာ မင်းက ဟင်းချက်ကောင်းတယ်ဆို... ဒါကြောင့် အားတဲ့အချိန်ကျရင် ကိုယ့်အတွက်ကိုယ် ဟင်းချက်စားလို့ရတာပေါ့...”

အကြီးအကဲ ယွီ စကားဆုံးသည်နှင့် ဟွမ်ချင်းလင်၏ မျက်လုံးများ တောက်ပသွားသည်။

သူမက အကြီးအကဲ ယွီကို ကြည့်၍ မေးလိုက်သည်။

“တကယ်လား...”

ထို့နောက် ခေါင်းလှည့်ကာ လင်းကျင်းကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။

အကြီးအကဲ ယွီက အကူအညီမဲ့စွာ ပခုံးတွန့်လိုက်ပြီး ပြောသည်။

“ငါလည်း ကြားဖူးတာပဲ ရှိသေးတယ်။ ဒီအဘိုးကြီးလည်း မမြည်းဖူးသေးဘူး...”

ပြောပြီးနောက် သူက နှုတ်ခမ်းသပ်လိုက်သေးသည်။

လင်းကျင်းက ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

လော့လော့၏ ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားတစ်ခွန်းကို အကြီးအကဲ ယွီက ယခုထိ မှတ်မိနေမည်ဟု မထင်ထားခဲ့ပေ။

“အကြီးအကဲ ယွီ၊ ဒီလိုလုပ်ရအောင်။ ဒီနေ့တော့ အလျင်လိုနေလို့ ပြင်ဆင်ချိန် မရခဲ့ဘူး...”

“မနက်ဖြန် ဒီကို လာခဲ့ပါ... ကျွန်တော် ဟင်းတစ်ဝိုင်းလုံး ပြင်ဆင်ပြီး ဧည့်ခံမယ်...”

“ဘယ်လို သဘောရလဲ...”

ထိုသို့ ပြောပြီးနောက် လင်းကျင်းက အကြီးအကဲ ယွီအနား တိုးသွားကာ တိုးတိုးလေး ပြောလိုက်သည်။

“ပြီးတော့ အကြီးအကဲ ယွီ အကြိုက်ဆုံး ချင်းဟွာမူးယစ်အရက်ကိုလည်း အိုးနည်းနည်း ပြင်ထားပေးမယ်...”

အကြီးအကဲ ယွီ၏ မျက်နှာမှာ ချက်ချင်း ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။

“ကောင်းတယ်... ကောင်းတယ်...”

“ကျွန်မရော လာလို့ရလား...”

ဟွမ်ချင်းလင်က မျှော်လင့်ချက်အပြည့်ဖြင့် သူတို့နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

“ဒါပေါ့… တာအိုရောင်းရင်း ချင်းလင် စိတ်မရှိဘူးဆိုရင် မနက်ဖြန် အတူလာလို့ရပါတယ်...”

လင်းကျင်းက ဟွမ်ချင်းလင်ကို ကြည့်ရင်း ပြုံး၍ ပြောလိုက်သည်။

“ကောင်းတယ်၊ ဒါဆို အဲဒီအတိုင်း သဘောတူလိုက်ပြီနော်...”

ဟွမ်ချင်းလင်က အလွန် ပျော်ရွှင်သွားသည်။

ထို့နောက် တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွားသလို ခေါင်းလှည့်၍ သူတို့နှစ်ယောက်ကို ကြည့်ကာ မေးလိုက်သည်။

“ကျွန်မ လာတဲ့အခါ ပါဝင်ပစ္စည်းတွေ ယူလာဖို့ လိုသေးလား...”

လင်းကျင်းက အသာအယာ ပြုံးလိုက်သည်။

“ဘာမှ ယူလာစရာ မလိုပါဘူး။ ဗိုက်ဟောင်းလောင်းနဲ့သာ လာခဲ့ပါ...”

“အင်း… အင်း...”

ဟွမ်ချင်းလင်က ကြက်ကလေး အစာကောက်သလို ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။

ထို့နောက် သူတို့သည် ခြံဝင်းတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုခြင်း ပြီးဆုံးသွားခဲ့ကာ အကြီးအကဲ ယွီက ယွဲ့ပေါင်လောသို့ ပြန်သွားရန် ရှိသေးသောကြောင့် အရင် ထွက်ခွာသွားခဲ့သည်။

လင်းကျင်းကတော့ ခြံဝင်းကို အတည်တကျ ရွေးချယ်ပြီးသွားပြီ ဖြစ်သဖြင့် သူ၏ ကိုယ်ပိုင်ပစ္စည်းများကို ရွှေ့ပြောင်းလာရန် လိုအပ်နေပေသည်။

သူတို့နှစ်ယောက်သည် ဟွမ်ချင်းလင်ကို နှုတ်ဆက်ပြီးနောက် ထွက်လာခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးသည် ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြပြီး အကြီးအကဲ ယွီက ယွဲ့ပေါင်လောနှင့် ပတ်သက်သော အကြောင်းအရာများစွာကို လင်းကျင်းအား ပြောပြခဲ့သည်။

ယွဲ့ပေါင်လောရှေ့သို့ ရောက်မှသာ သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။

အကြီးအကဲ ယွီနှင့် လမ်းခွဲပြီးနောက် လင်းကျင်းသည် အပြင်ပိုင်းကျင့်ကြံသူစျေးရှိ သူ၏ ခြံဝင်းငယ်လေးသို့ တိုက်ရိုက် ပြန်သွားခဲ့သည်။

သူသည် ခဏကြာ အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးတွင် ကိုယ်ပိုင်ပစ္စည်းအားလုံးကို စနစ်တကျ သိမ်းဆည်းကာ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်နိုင်ခဲ့သည်။

ထို့နောက် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ထပ်ကြည့်လိုက်သည်။

ယခင်က အနည်းငယ် ကျပ်တည်းနေသော အခန်းသည် ယခုတော့ များစွာ ကျယ်ဝန်းသွားသလို ထင်ရသည်။

ဒီအချိန်မှာ သူ ဒီလောကသို့ ရောက်လာပြီးနောက် ဒုတိယအကြိမ် ပြောင်းရွှေ့ခြင်း ဖြစ်သည်။

သို့သော် ဒီတစ်ကြိမ် ပြောင်းရွှေ့မှုက ပထမအကြိမ်နှင့် မတူပေ။ ယခုတစ်ကြိမ်မှာ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လှမ်းတက်ခြင်း ဖြစ်သောကြောင့် လင်းကျင်း၏ စိတ်ကို များစွာ သက်သာစေခဲ့သည်။

အိမ်ထဲမှ ထွက်လာပြီးနောက် ဘေးနှစ်ဖက်ရှိ ခြံဝင်းများကို ကြည့်လိုက်ရာ လင်းကျင်း၏ စိတ်ဓာတ်မှာ ပြန်လည် ကျဆင်းသွားပြန်သည်။

ခြံဝင်းထဲရှိ သစ်ပင်အောက်မှ ကျောက်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်မိသည်။

ရင်းနှီးကျွမ်းဝင်နေသော မြင်ကွင်းများကို ကြည့်ရင်း လွမ်းဆွတ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ ဒီနေရာတွင် နေထိုင်ခဲ့သည့် အချိန်မှာ မရှည်လျားလှသော်လည်း အမှတ်တရများစွာဖြင့် ပြည့်နှက်နေခဲ့သည်။

ဒီနေရာတွင် သူ မိတ်ဆွေဖွဲ့ခဲ့သော လူများအားလုံး ထွက်ခွာသွားကြပြီ ဖြစ်ပြီး သူတို့၏ ခြံဝင်းများကိုလည်း ကျင့်ကြံသူစျေးထံ ပြန်အပ်လိုက်ကြပြီ ဖြစ်သည်။

'သူတို့ အခု ဘယ်လိုများ ရှိနေကြမလဲ...’

လင်းကျင်းသည် ဝေကျန့်ချင်း၊ နင်ယွဲ့၊ ယန်ရှုံနှင့် နောက်ဆုံးတွင် လော့လော့ကို တွေးမိလိုက်သည်...

သူတို့နှင့် နောက်တစ်ကြိမ် မည်သည့်အချိန်တွင် ပြန်တွေ့ရမည်ကို သူ မသိပေ။

အထူးသဖြင့် လော့လော့...

ဝိညာဉ်အမြစ် မရှိသော ထိုကောင်မလေးအတွက် သာမန်လူတစ်ယောက်လိုသာ ဘဝကို ဖြတ်သန်းနိုင်မည် ထင်သည်။

အိမ်ထောင်ပြုမည်...

သားသမီး မွေးဖွားမည်...

ထို့နောက် ထိုသို့ပင် တစ်ဘဝလုံး ကုန်ဆုံးသွားမည်...

ဖြစ်နိုင်သည်မှာ.. ထိုအရာက သူမအတွက် အကောင်းဆုံး အဆုံးသတ် ဖြစ်နေနိုင်သည်...

ထိုအချိန်တွင် နွေးထွေးသော အနီရောင်အလင်းတန်းတစ်ခုက လင်းကျင်း၏ မျက်နှာပေါ်သို့ ကျရောက်လာသည်။

လင်းကျင်း ခေါင်းမော့ကြည့်လိုက်ရာ နေဝင်ချိန် ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

နေဝင်ဆည်းဆာ၏ စောင်းတန်းအလင်းရောင်က ကမ္ဘာမြေတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်...

ကောင်းကင်တစ်ခွင်လုံးသည် ဆည်းဆာရောင်ခြည်ကြောင့် နီရဲနေပြီး အလွန် လှပနေခဲ့သည်...

ထိုမြင်ကွင်းမှာ လော့လော့ကို ပထမဆုံးအကြိမ် ဒီနေရာသို့ ခေါ်လာခဲ့စဉ်ကနှင့် တူညီလွန်းနေသည်...

ထို့နောက် လင်းကျင်းသည် မတ်တပ်ရပ်လိုက်ပြီး ခြံဝင်းအပြင်သို့ လျှောက်ထွက်သွားကာ တံခါးကို ပိတ်ရန် လက်ဆန့်လိုက်သည်။

တံခါး ပိတ်တော့မည့် အချိန်တွင် သူသည် အတွင်းဘက်သို့ နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်လိုက်သည်။

ထို့နောက်... “ဂျွမ်း...” တံခါးကြီးက ခိုင်ခိုင်မာမာ ပိတ်သွားခဲ့တော့သည်။

လင်းကျင်းသည် လှည့်ထွက်လိုက်ပြီး လမ်းကြားအပြင်ဘက်သို့ လျှောက်သွားခဲ့သည်။

နေဝင်ဆည်းဆာအောက်တွင် သူ၏ အရိပ်မှာ ရှည်လျားစွာ ဆန့်ထွက်နေသည်...

လူတစ်ယောက်... အရိပ်တစ်ခု...

တဖြည်းဖြည်း အဝေး၌ ပျောက်ကွယ်သွားတော့သည်...။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment