အခန်း ၅၈
Translator - D
“သန်ဘက်ခါဆို တရားရုံး သွားရတော့မှာပါ။”
“ဟုတ်ကဲ့၊ ကြားပါတယ်။”
တက္ကစီပေါ်မှာတင် သန်းခေါင်ကျော်သွားပြီဆိုတော့ အတိအကျပြောရရင် အခုက ‘မနက်ဖြန်’ ဖြစ်နေပါပြီ။
အမျိုးသားက ခန်းမအထဲက လှေကားဆီ အရင်ဦးဆောင်ဝင်သွားရင်း ဝတ်ကျေတမ်းကျေ ပြန်ဖြေခဲ့တယ်။ အဲ့ဒါက မြေအောက်ခန်းမနဲ့ ဆက်ထားတဲ့ လှေကားပါ။
“ဒါနဲ့ ကျွန်မကို ဘာလို့...”
“ဟိုကောင်က ဟီဂျူကို အရမ်းရှာနေလို့ပါ။”
“…….”
“ကြည့်နေရတာကလည်း မျက်စိထဲမြင်မကောင်း၊ သနားလည်း သနားဖို့ကောင်းလို့... အဲ့ဒါကြောင့်။”
တစ်ဖက်တည်းရှိတဲ့ လှေကားလက်ရန်းရဲ့တစ်ဖက်မှာ စားပွဲပေါ် မှောက်လျက်သားလဲနေတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဖရိုဖရဲနဲ့ပါ။ အဲ့ဒီလူက ကျွန်မ မျက်နှာထားကို ရိပ်မိသွားသလားမသိ၊ ကျွန်မဘက်ကို တစ်ချက်လှမ်းကြည့်လာတယ်။
“……ဂျင်ဟာလား။”
“ကျွန်တော် တိုက်လိုက်တာမဟုတ်လို့ အဲ့ဒီလိုမျက်လုံးမျိုးနဲ့တော့ မကြည့်ပါနဲ့။”
“...ဒဏ်ရာရသွားတာရော အဟုတ်ပဲလား။”
“ဟုတ်ပါတယ်။”
“ဘယ်လိုဖြစ်ပြီးတော့လဲ။”
“အရူးလို သူများဆိုင်က ပစ္စည်းတွေ အကုန်လိုက်ရိုက်ခွဲနေရင်းနဲ့လေ။”
“…….”
ဝူဂျင်ဟာကလား။ ရှုပ်ပွနေတဲ့ ပတ်ဝန်းကျင်ကို ကြည့်နေရင်းနဲ့တောင် အခုအထိ မယုံနိုင်သေးပါဘူး။ ကျွန်မ တစ်ချက်တော့ ပြန်လှည့်ထွက်သွားရမလား စဉ်းစားလိုက်မိပေမဲ့ ဝူဂျင်ဟာ ဘယ်လောက်တောင် ဒဏ်ရာရသွားသလဲဆိုတာကို ကိုယ်တိုင်မမြင်ရရင် တရားရုံးမှာ သူ့ကို ပြန်မတွေ့ရမချင်း ဒီအကြောင်းပဲ တွေးနေမိတော့မှာကို သိနေတဲ့အတွက် သက်ပြင်းတစ်ချက် ချလိုက်မိတယ်။
နှစ်ရက်ပဲ လိုတော့တာပါ။ အဲ့ဒီနှစ်ရက်ရဲ့ တစ်ဝက်လောက်ကတောင် ကုန်နေပြီလေ။ အဲ့ဒီလောက်လေးတောင် မအောင့်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ရတာက ဘယ်လောက်တောင် အလဟဿနိုင်လိုက်သလဲဆိုတာ သိပေမဲ့လည်း...
“သွေးတွေ တတောက်တောက်စီးကျနေရင်းနဲ့တောင် တစ်ခါလောက်ပဲဖြစ်ဖြစ် ခေါ်ပေးပါလို့ တောင်းပန်နေတာလေ။ စောစောက ကျွန်တော် ပြောသားပဲမဟုတ်လား၊ အဲ့ဒီကောင်က ကြည့်ရတာ မျက်စိထဲမြင်မကောင်းဘဲ သနားဖို့ကောင်းတယ်လို့။”
“…….”
“ဒါပေမဲ့ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင် နည်းနည်းတော့ ကြောက်ဖို့ကောင်းသားဗျ။ အရူးကောင်က ရုတ်တရက်ကြီး ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ပြီး ငိုနေတာမဟုတ်လား...”
“…….”
“ဟီဂျူကို ခေါ်ပေးမယ်လို့ ပြောတဲ့အထိ အဲ့ဒီအတိုင်း ဆက်လုပ်နေမဲ့ပုံမို့လို့ မတတ်သာလိုက်ဘူးဗျာ။ အားနာပါတယ်။ တကယ်ပဲ... အကူအညီလိုနေလို့ပါ။ အဲ့ဒီကောင် ငိုတာကို ကျွန်တော်လည်း ပထမဆုံး မြင်ဖူးတာ၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်တာရော၊ အရက်တွေ ဒီလောက်သောက်ပြီး သတိလွတ်နေတာရော အကုန်လုံး ပထမဆုံး မြင်ဖူးတာပါ။”
“ဒီအတိုင်း ပစ်ထားလိုက်ရင်လည်း သူ့ဘာသာသူ...”
“ပစ်ထားရင် သေတဲ့အထိ အဲ့ဒီအတိုင်း နေနေမှာဗျ။ သိပ်ပြီး အထွေအထူးကိစ္စလည်း မဟုတ်ပါဘူး။ အမှန်အတိုင်းပြောရရင် ပြန်ပေါင်းထုတ်ကြစို့လို့ ပြောနေတာလည်း မဟုတ်ဘူးလေ။”
“…….”
“ဒီအတိုင်း တစ်ခါလောက်ပဲ ထပ်တွေ့ချင်တယ်လို့ ပြောတာပါ။”
“ဘယ်လိုပဲဖြစ်ဖြစ် တရားရုံးမှာ နောက်ထပ် နှစ်ခါတော့ တွေ့ရဦးမှာပဲကို။”
ကျွန်မ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး ဝတ်ကျေတမ်းကျေ ပြောလိုက်တယ်။ လှေကားအောက်ကနေ ကျွန်မကို မော့ကြည့်နေတဲ့ အဲ့ဒီလူရဲ့မျက်နှာက ပျက်ယွင်းသွားတော့တယ်။
“...နောက်နေတာမဟုတ်ဘူးပဲ။ ခင်ဗျားကတော့ ဟိုအဝေးကြီးအထိ ရောက်နေပြီကိုး။”
“လက်တွေ့မှာ သဘောတူညီချက်တွေက အရင်ကတည်းက ပြီးသွားတဲ့အခြေအနေပါ။ ကျွန်မက ဘယ်နေရာကိုရောက်နေမယ်များ ထင်လို့လဲရှင့်။”
“ဒီအတိုင်း... ခံစားချက်ချင်း ကွာခြားချက်ကြီးနေတာကို အံ့သြသွားလို့ပါ။”
‘ခံစားချက်ချင်း ကွာခြားချက်’ ဆိုတဲ့ စကားလုံးကို ဒီလိုနေရာမျိုးမှာ သုံးရမဲ့နေ့ ရောက်လာလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။ သူက အတိုင်းအဆမရှိ အေးစက်ခဲ့ပြီး ကျွန်မကတော့ ပျက်စီးသွားတဲ့ စက်တစ်ခုလို တောက်လောင်နေခဲ့တဲ့ အခြေအနေရဲ့ အတိအကျ ပြောင်းပြန်ပေါ့။ ခပ်ရေးရေး ခနဲ့ပြုံးပြုံးလိုက်မိတယ်။ ကျွန်မ တစ်ချိန်လုံး အိမ်မှာပဲရှိနေမယ်ဆိုတာ သိနေရက်နဲ့ တွေ့ချင်တယ်ဆိုရင် အချိန်မရွေး လာတွေ့လို့ရနေတာပဲမဟုတ်လား... ဒါကြောင့် ဒါက ရိုးရိုးရှင်းရှင်း တွေ့ချင်ရုံသက်သက်တော့ မဟုတ်လောက်ပါဘူး။
မူးတာကို အကြောင်းပြပြီး ကျွန်မကို ခေါ်နိုင်တဲ့အထိဆိုရင်၊ မူးတာကို အကြောင်းပြပြီး ကျွန်မဆီကိုလည်း လာနိုင်ခဲ့မှာပေါ့။ ကိုယ့်လက်နဲ့ ကိုယ့်အိမ်တံခါးကိုတောင် မဖွင့်နိုင်လောက်အောင် ကြောက်လန့်နေတာမျိုး မဟုတ်ခဲ့ရင်ပြောပါတယ်။
“ကြည့်ရတာ သတိရှိနေတဲ့ပုံပဲ၊ အဲ့ဒီလူကို ကားပေါ်တင်ပေးပါ။”
ကျွန်မ ဝူဂျင်ဟာကို သွားကြည့်ဖို့ အထဲအထိ ဆက်မသွားတော့ဘဲ လှေကားထစ်ကနေ ကိုယ်ကိုလှည့်လိုက်တယ်။
“ပြန်စဉ်းစားကြည့်ဖို့က တကယ်ပဲ မဖြစ်နိုင်တော့ဘူးလား။”
နောက်ကျောဘက်ကနေ ပျံ့လွင့်လာတဲ့ အဲ့ဒီလူရဲ့မေးခွန်းက အဓိပ္ပာယ်နက်နဲတယ်လေ။ ကျွန်မ အနည်းငယ် အဓိပ္ပာယ်မရှိသလို၊ စိတ်ပျက်သွားတဲ့အတွက် သူ့ကို လှည့်ကြည့်လိုက်မိတယ်။
“...‘ရှင်က ဘာမို့လို့လဲ’ ကွက်တိ အဲ့ဒီလို မျက်နှာမျိုးပါလား။”
ကျွန်မက သူ့စကားကို မငြင်းဘဲ စိုက်ကြည့်နေတော့ အဲ့ဒီလူက အနည်းငယ် ရှက်ကိုးရှက်ကန်းနဲ့ ပြုံးခဲ့တယ်။
“ကြည့်ရတာ ဟိုကောင်ပဲ အကုန်မှားထားတာထင်ပါရဲ့။”
“အဲ့ဒီလိုမျိုးတော့ မဟုတ်ပါဘူး။”
“သူက အကျင့်မကောင်းတဲ့ကောင်မို့လို့ သူငယ်ချင်းလည်း သိပ်မရှိဘူးဗျ။ အဲ့ဒီရုပ်ရည်၊ အဲ့ဒီစည်းစိမ်နဲ့ သူ့နောက်ကို တကောက်ကောက်လိုက်ခဲ့တဲ့ မိန်းမတွေတောင် တစ်ယောက်မကျန် သူ့ကိုဆို ချဉ်သွားကြတာ။ အဲ့ဒီကောင် စကားကို ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်တာ ယောက်ျား မိန်းမ မရွေးဘူး။ သူ့ဘေးနားမှာ လူတစ်ယောက်မှ မကျန်အောင် လုပ်တတ်တဲ့ကောင်မျိုးလေ။ ကျွန်တော်ကတော့ ဘယ်လိုက ဘယ်လို မှားယွင်းပါသွားပြီး ကျန်နေခဲ့တာလဲ မသိပါဘူးဗျာ။”
“…….”
“ဇနီးဖြစ်သူအပေါ်မှာရော ထူးပြီးကောင်းပါ့မလား။ ဘယ်လိုများ ကံကောင်းပြီး လက်ထပ်ဖြစ်သွားမှန်းတောင် မသိတာကို... အဲ့ဒါကလည်း သူ့ထက် အဆပေါင်းများစွာ သဘောကောင်းမဲ့ပုံစံနဲ့ မိန်းမလေ။ သူ့အကြောင်းသိတဲ့လူတွေဆို မင်္ဂလာဆောင်တုန်းက ဟီဂျူ့ကိုပဲ သနားနေခဲ့ကြတာ။ အသိတရားမရှိတဲ့ကောင်ဆိုပြီးတော့။”
“…….”
“အခုလည်း အတူတူပါပဲ။ ဘယ်လောက်တောင် ပင်ပန်းခဲ့မလဲလို့ တွေးမိပြီး... အဲ့ဒါကြောင့် ရှင်းဟီဂျူ အခုလို ဖြစ်နေတာကလည်း မလွန်ပါဘူး။”
“ကျွန်မအပေါ်မှာတော့ သူက ကွဲပြားပါတယ်။”
“…….”
“အဲ့ဒီလောက်အထိ မကောင်းတဲ့ကောင်လည်း မဟုတ်ခဲ့ပါဘူး။”
သူပြောခဲ့တဲ့စကားကိုပဲ ကျွန်မက ပြန်သုံးလိုက်တာဆိုပေမဲ့ အဲ့ဒီလူကတော့ နည်းနည်း အံ့ဩမှင်တက်သွားတဲ့ပုံပါပဲ။ ကျွန်မနားထဲမှာတောင် ကိုယ့်အသံကိုယ် တအား ယဉ်ကျေးလွန်းနေတယ်လို့ ခံစားမိတယ်လေ။ မကောင်းတဲ့ကောင်ဆိုတဲ့ စကားလုံးက ကျွန်မပါးစပ်ထဲမှာ သိမ်မွေ့နေခဲ့တာမို့လို့။
“ဝူဂျင်ဟာနဲ့ ကျွန်မ၊ ဒီအတိုင်း လမ်းခွဲကြတာပါ။”
“…….”
“အဲ့ဒါကြောင့် သနားမယ်ဆိုရင် ဟိုဘက်က လူကိုပဲ သနားလိုက်ပါ။ ရှင့်သူငယ်ချင်းကိုလေ။”
ငိုခဲ့တာက ဝူဂျင်ဟာပါ။ နောက်ဆုံးမှာ အဆုံးသတ်ကိုမြင်ပြီး တုန်ယင်နေခဲ့တာကလည်း ဝူဂျင်ဟာ၊ အဲ့ဒီလောက်တောင် အကျိုးမရှိတဲ့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မှုမျိုးကို တစ်ယောက်တည်း လုပ်နေခဲ့တာကလည်း ဝူဂျင်ဟာ၊ အလွမ်းတွေနဲ့ နစ်မွန်းနေခဲ့တာကလည်း ဝူဂျင်ဟာ တစ်ယောက်တည်းပါ။ ကျွန်မမှာ သနားခံရမဲ့ အကြောင်းရင်း တစ်ခုမှမရှိပါဘူး။ ကျွန်မက သူ့ကို အဲ့ဒီလိုဖြစ်အောင်လုပ်ပြီး ပိုင်ဆိုင်မှုတွေကိုပဲ ယူခဲ့တာမို့လို့။
ကျွန်မ လှေကားတွေကို ဆက်တက်လိုက်တယ်။ အဲ့ဒီလူက အနည်းငယ် အက်ရှရှအသံနဲ့ ကျွန်မကို ထပ်ခေါ်ခဲ့ပြန်တယ်။
“...ဒီအတိုင်း တစ်ခါလောက်ပဲဖြစ်ဖြစ် ပြန်စဉ်းစားပေးပါလို့ ပြောချင်ရုံပါ။”
“ဘာကိုလဲရှင့်။”
“ဂျင်ဟာက ခင်ဗျားကို တကယ် အများကြီး သဘောကျတာပါ။”
“…….”
“ဧကန္တ ခင်ဗျားလည်း... အခုအထိ ဂျင်ဟာကို....”
“ကျွန်မလည်း ဂျင်ဟာကို တကယ် အများကြီး သဘောကျခဲ့ပါတယ်။”
“…….”
“အဲ့ဒီလိုဆိုလို့ အဲ့ဒါက ဘာများအဓိပ္ပာယ်ရှိတော့မှာလဲ။”
ကျွန်မ ခန်းမကို ဖြတ်ပြီး ဘားထဲကနေ ထွက်လာလိုက်တယ်။ ဝူဂျင်ဟာရဲ့ ကားအနားမှာ ရပ်နေတော့ သိပ်မကြာခင်မှာပဲ ဝူဂျင်ဟာကို တွဲကူလာတဲ့ အဲ့ဒီလူ ထွက်လာခဲ့တယ်။ ကျွန်မ သူတို့ကို မကြည့်ဘဲ ရပ်နေခဲ့ပြီး၊ ဝူဂျင်ဟာ သူ့ကားနား ရောက်လာတဲ့အခါ ကူညီပေးဖို့နေနေသာ မောင်းသူထိုင်ခုံတံခါးကိုပဲ အရင်ဆုံး ဖွင့်လိုက်တယ်။
တစ်ချက်လေး ကူညီပေးတဲ့ အမူအရာတောင် မပြခဲ့တာက မခံချင်စိတ်ကြောင့်လို့ပဲ ဆိုရမှာပါပဲ။ အဲ့ဒီလူကလည်း ကိုယ်လုံးကိုယ်ထည် တော်တော်ကြီးပေမဲ့ ဝူဂျင်ဟာက သူ့ထက်တောင် ပိုထွားတာမို့ ကျွန်မ ကားမောင်းသူနေရာမှာထိုင်ပြီး မိနစ်ပိုင်းလောက် ကြာတော့မှပဲ သူက ဝူဂျင်ဟာကို ကားထဲ အကုန်တွန်းထည့်နိုင်ခဲ့တယ်။
သူက ခါးပတ်ကိုဆွဲပြီး ကျွန်မဘက်ကို ကမ်းပေးလာတာကြောင့် ကျွန်မလည်း အဲ့ဒါကိုယူပြီး တပ်ရုံတပ်ပေးလိုက်တာပေါ့။ ပြီးတော့ အဲ့ဒီလူကို ဝတ်ကျေတမ်းကျေ နှုတ်ဆက်လိုက်တယ်။
“ကျေးဇူးပါပဲ။”
“ဟီဂျူခင်ဗျ။”
“ဟုတ်ကဲ့။”
“……ဘာမှမဟုတ်တော့ပါဘူး။”
“ပြန်လိုက်ပါဦး။”
အဲ့ဒီလူက ကားတံခါးကို ပိတ်လိုက်တယ်။ ကျွန်မ ဝူဂျင်ဟာကို အခုအထိ မကြည့်ဘဲ ကားကို စတင်မောင်းထွက်ခဲ့တယ်။ သတိလစ်သွားတာလား၊ ဒါမှမဟုတ် အိပ်ပျော်နေတာလား မသိရတဲ့ ပုံမှန်အသက်ရှူသံက နားစည်ကို လာပြီး ကျီစယ်နေတယ်လေ။ တစ်ယောက်ယောက်ကို လှောင်နေတာလည်းမဟုတ်ဘဲနဲ့….
စိတ်ထဲမှာ တစ်ချက် ကသိကအောက်ဖြစ်သွားပြီးမှ ချက်ချင်း ပြန်အေးစက်သွားတော့တယ်။ သူ့ဆီကနေ သွေးနံ့ မသိမသာလေး ရနေတာပါ။ အဝေးကနေ သူများ တွဲခေါ်လာတာကို ကြည့်ကတည်းက အခြေအနေ ကောင်းလှတာတော့မဟုတ်ပါဘူး။ မီးပွိုင့်မိနေတုန်းမှာပဲ စိတ်ထဲမှာ ဝေခွဲမရဖြစ်မှုတွေ အကြီးအကျယ် ပေါ်လာတော့တယ်။
အိပ်ပျော်နေတာပဲဆိုတော့ အခြေအနေလေး တစ်ချက်လောက်ကြည့်လည်း ကိစ္စမရှိပါဘူးဆိုပြီး ချိုမြိန်လှတဲ့ ဆင်ခြေနဲ့အတူ၊ တကယ်တမ်း သူ အရှေ့မှာရှိနေတော့ လိုအပ်တာထက်ပိုပြီး အေးစက်တင်းမာနေမိတဲ့ ကိုယ့်ရဲ့သဘောထားက နှစ်မျိုးနှစ်ခွနဲ့ ကျွန်မကို နှိပ်စက်နေခဲ့တယ်။
ဘာမှ လုပ်မရတဲ့အတူတူ ကားမောင်းနေတာကမှ ပိုကောင်းပါဦးမယ်။ အိမ်နဲ့လည်း သိပ်မဝေးတော့တာကြောင့် ကျွန်မလည်း နောက်တစ်ကြိမ် ပြန်မြင်ရဦးမဲ့ သူ့ကို မကြည့်မိအောင် အစွမ်းကုန် ကြိုးစားနေလိုက်တယ်။
တိတ်ဆိတ်မှုထဲမှာ မိနစ်နှစ်ဆယ်လောက် မောင်းပြီးတဲ့နောက် သူ့အိမ်ကို မြင်ရပါပြီ။ ကျွန်မလည်း အကျင့်ပါနေတဲ့အတိုင်း သူ့ကားကို ပါကင်ထဲ မောင်းဝင်လိုက်တာပေါ့။
အဲ့ဒီလိုနဲ့ နောက်ဆုံးဝင်ပေါက်ကို ဖြတ်ကျော်နေတဲ့ အချိန်မှာ။
“……တစ်ချက်တောင် လှည့်မကြည့်ဘူးပဲ။”
“…….”
“ငါ ဒဏ်ရာရထားတာကို။ ဟီဂျူရယ်။”
ရေထဲမှာ နစ်နေသလို အက်ရှရှ အသံက ကျွန်မနာမည်ကို ခေါ်ခဲ့တယ်။
ဘယ်တုန်းက အိပ်ပျော်ခဲ့လို့လဲ မေးရလောက်အောင်…. အလှည့်စားခံလိုက်ရသလို ခံစားချက်ကြောင့် နည်းနည်း ဟာတာတာဖြစ်သွားပြီး အံ့ဩမိပေမဲ့ ဘာခံစားချက်မှတော့ ထပ်ပေါ်မလာပါဘူး။ ကျွန်မ တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
“အိပ်နေတယ် ထင်လို့ပါ။”
“ငါက ကြောက်စရာကောင်းတယ်ဆို။”
“…….”
“အတူတူရှိရင် သေတော့မလို ခံစားရတယ်ဆို။”
ကျွန်မ သူ့ကို လှည့်မကြည့်သေးဘဲ ဒီ ဆယ်ဒန်ကားကြီးကို သက်သောင့်သက်သာရပ်နိုင်မဲ့ နေရာရှာဖို့အတွက် အဝေးကိုပဲ ကြည့်နေမိတယ်။
“အဲ့ဒါကို ဘာလို့ လာကြိုရတာလဲ။”
“ဂျင်ဟာကရော ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။”
“တခြားနည်းလမ်း မရှိတော့လို့။”
“ဒီလောက်တောင် လူကို စိတ်အနှောင့်အယှက်ပေးချင်နေရင် အိမ်ပဲ ပြန်လာလိုက်ရောပေါ့။”
“မင်းပဲ တောင်းဆိုခဲ့တာလေ။”
“……"
“ငါ့မျက်နှာကို ထပ်မမြင်ရအောင် လုပ်ပေးပါဆို။”
ကျွန်မ တစ်ခါပြန်ပြီး အံ့ဩမိရပြန်တယ်။ စက်ရုပ်တစ်ရုပ်လို သူ့ကားကို ပါကင်ထိုးပေးလိုက်ပြီး စက်သတ်ထားတဲ့ ကားထဲမှာ ခဏလောက် အရှေ့ကိုပဲ စိုက်ကြည့်နေမိတယ်။
“…ကျွန်မ တောင်းဆိုတာကို လိုက်လျောပေးခဲ့တဲ့ ရလဒ်က ဒါလား။”
“ဒီလိုဆိုရင်... အနည်းဆုံးတော့ မင်းခြေထောက်နဲ့မင်း ငါ့ဆီ ရောက်လာတာမို့လို့...”
“……”
စိုးရိမ်ခဲ့တဲ့အတိုင်းပဲ ကလေးဆန်ပြီး မိုက်မဲလွန်းတဲ့ အဖြေတစ်ခု ပြန်လာခဲ့တယ်။ တဒင်္ဂတော့ အံ့ဩသွားမိပေမဲ့ ချက်ချင်းဆိုသလို အဲ့ဒီခံစားချက်က ပျောက်ကွယ်သွားတော့တယ်။
သူ့ရဲ့ အက်ရှရှ ခပ်နိမ့်နိမ့်အသံထဲမှာ အရက်ရှိန် ဝေ့သီနေတာကို ကျွန်မ သိနေတာကြောင့်ပါ။ နောက်ဆုံးတော့ သူလည်း သတိကောင်းကောင်းနဲ့ စဉ်းစားခဲ့တာမဟုတ်ပါဘူး။
ကျွန်မ သက်ပြင်းတစ်ချက်ချပြီး တံခါးကို ဖွင့်လိုက်တယ်။ သူ့ရဲ့ အကြည့်တွေက ကျွန်မရဲ့ ကုပ်သားဆီမှာ ကပ်ပါလာတာကို ခံစားမိပေမဲ့ ပြတ်ပြတ်သားသားပဲ တံခါးကို ပြန်ပိတ်ပြီးတော့ ကားကို ပတ်လျှောက်ပြီး သူထိုင်နေတဲ့ ဘေးခုံဆီကို သွားလိုက်တာပေါ့။
ကားတံခါးကိုဖွင့်ပြီး အပြင်ကနေ ကြည့်လိုက်ရတဲ့ ဝူဂျင်ဟာရဲ့ အခြေအနေက ကျွန်မ ထင်ထားတာထက် ပိုဆိုးဝါးလွန်းနေခဲ့တယ်။ သူ့ဒူးပေါ်မှာ တင်ထားတဲ့ ကုတ်အင်္ကျီကို အရင် ကောက်ယူလိုက်တော့ ရှပ်အင်္ကျီလက်ပေါ်က သွေးစွန်းကွက်တွေကို မြင်လိုက်ရပြီး တစ်ချက်တောင့်ခဲသွားရတယ်။ အဲ့ဒီတော့မှပဲ လက်ကောက်ဝတ်ကနေ လက်ဖမိုးအထိ အလျားလိုက် ပွတ်ဆွဲသွားတဲ့ ဒဏ်ရာကို မြင်လိုက်ရတာပါ။
အကြောင်းမဲ့ ဒေါသက တလိပ်လိပ် တက်လာတော့တယ်။ သူက ကျွန်မအကြည့် ရောက်နေတဲ့နေရာကို သတိထားမိသွားပုံနဲ့ ဘေးခုံမှာ မှီထားတဲ့ ကိုယ်ကို ဖြည်းဖြည်းချင်း ထူမတ်ရင်း ပြန်ဖြေခဲ့တယ်။
“ဘာမှမဟုတ်ဘူး။”
ကားထဲကနေ ထွက်လာတဲ့ သူ့ရဲ့ကိုယ်ကြီးက ယိုင်တိယိုင်တိုင်နဲ့ပါ။ သူ ကျွန်မဘေးမှာတင် ဝုန်းခနဲ လဲကျသွားပါစေလို့ မျှော်လင့်နေရာက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ကုတ်အင်္ကျီကိုင်မထားတဲ့ လက်နဲ့ သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်တယ်။ အဝတ်စက စိုထိုင်းနေတယ်လေ။
အရက်ဖြစ်ပါစေလို့ မျှော်လင့်ရင်း လက်ချောင်းတွေကို အသာလေး ခွာလိုက်တော့ သွေးတွေ စိမ့်ထွက်လာတယ်။ ဒီနေရာမှာရော ဘာတွေ ထပ်လုပ်ထားပြန်တာလဲ။
စောစောက လန့်သွားမိတာက ဘာမှမဟုတ်တော့သလို ခနဲ့ရယ်သံလေး လွှတ်ခနဲ ထွက်လာခဲ့တယ်။
“…ဒါက ဆေးရုံသွားဖို့မလိုတဲ့ အခြေအနေမျိုးလား။”
“အိမ်မှာ ပိုးသတ်လိုက်ရင် ရတယ်။”
“ကျွန်မတော့ လုပ်ပေးမှာမဟုတ်ဘူးနော်။”
“ငါ့ဘာသာ ကြည့်ကြပ်လုပ်မှာ။ အဆင်ပြေတယ်။”
နှေးကွေးလေးလံပေမဲ့ တည်ငြိမ်တဲ့ အသံနဲ့ သူက ပြန်ဖြေခဲ့တယ်။ အဲ့ဒီလို တည်ငြိမ်လှတဲ့ သဘောထားနဲ့ ဆန့်ကျင်ဘက်၊ လင်းထိန်နေတဲ့ မီးရောင်အောက်ကို ရောက်လေလေ ဝူဂျင်ဟာရဲ့ပုံစံက ပိုပြီးတော့ သနားစရာကောင်းလာလေပါပဲ။
ညာဘက်လက်ဖမိုးက ဒဏ်ရာက သူပြောသလို ဘာမှမဟုတ်ဘူးဆိုရင်တောင်...
သူ ဒူးပေါ်မှာ တောက်လျှောက် မှောက်တင်ထားခဲ့တဲ့ ဘယ်ဘက်လက်ဖဝါးက ဖန်ကွဲစတွေထဲ ထိုးထည့်ထားသလို ဖြစ်နေတာကို အပေါ်ထပ် ဓာတ်လှေကားရှေ့ရောက်မှပဲ ကျွန်မ တွေ့လိုက်ရတယ်။ လာလမ်းတစ်လျှောက်လုံး လက်ကနေ စီးကျလာတဲ့ သွေးတွေကြောင့် ဘယ်ဘက်ပေါင်က ပိုပြီး မည်းနက်စိုရွှဲနေတာကိုရောပေါ့။
ဘယ်လိုဖြစ်လို့ အဲ့ဒီလူက ဝူဂျင်ဟာကို ဒီလိုပုံစံမျိုးဖြစ်အောင် ထားနိုင်ရတာလဲ။ ဝူဂျင်ဟာက ကျွန်မမျက်နှာကို တစ်ခါလောက် မြင်ရဖို့ဆိုရင်တောင်၊ ဒီလိုအခြေအနေမျိုးကို တစ်ချက်လေးတောင် လှည့်မကြည့်တဲ့ မိန်းမက ခေါ်သွားတာကို ဘယ်လိုများ လွှတ်ထားနိုင်ရတာလဲ...။ ကျွန်မကိုရော... ဆေးရုံ အရင်သွားလိုက်ပါလို့ ဘာကြောင့် တစ်ခွန်းမှ မပြောပေးရတာလဲ......
တက်လာတဲ့ ဒေါသတွေက ဝူဂျင်ဟာရဲ့ တာဝန်မဲ့တဲ့ သူငယ်ချင်းဆီကို ဦးတည်သွားခဲ့ရာကနေ၊ နောက်ဆုံးမှာတော့ တရားခံဖြစ်တဲ့ ဝူဂျင်ဟာဆီကိုပဲ ပြန်ရောက်လာတော့တယ်။
ဒါတွေအားလုံးက ဝူဂျင်ဟာ ဖန်တီးထားတဲ့ အခြေအနေတွေကိုး။ ကျွန်မ သွားချင်းကြိတ်လိုက်မိတယ်။
“ဆေးရုံသွားရအောင်။”
“မသွားဘူး။”
“ဒါကို ရှင့်ဘာသာ ဘယ်လိုနည်းနဲ့ ကုမှာလဲ။ လက်နှစ်ဖက်လုံး သုံးမရအောင် လုပ်ထားပြီးတော့။”
“ထားခဲ့မှာမဟုတ်လား။ ဆေးရုံသွားရင်။”
“……”
“ငါ့ကို ဆေးရုံမှာ ထားခဲ့ပြီး မင်းက ထွက်သွားမှာမို့လို့။”
ချက်ချင်းဆိုသလို ဝူဂျင်ဟာက အသက် ၃၂ နှစ်အရွယ် ယောက်ျားတစ်ယောက်မဟုတ်ဘဲ ၁၂ နှစ်သား ကောင်လေးတစ်ယောက်လို ဖြစ်သွားခဲ့တယ်။ သိတဲ့သူ တစ်ယောက်မှမရှိတဲ့နေရာမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့မှာကို ကြောက်နေတဲ့ ကလေးငယ်တစ်ယောက်လိုမျိုး။
ကျွန်မ မယုံနိုင်သလို သူ့မျက်နှာကို ကြည့်လိုက်မိတယ်။ သူက ကျွန်မကို ငြိမ်ပြီး စိုက်ကြည့်နေရာကနေ အကြည့်ကို အောက်ချလိုက်ရင်း ပြောခဲ့တယ်။
“ခက်ခက်ခဲခဲနဲ့ မင်းက... လာခေါ်ပေးခဲ့တာကို။”
“……”
“ငါက ဒီအချိန်လေးကို ဘယ်လိုများ ဆေးရုံမှာ အလဟဿ ဖြုန်းပစ်ရမှာလဲ…”
နံရံမှာ ကိုယ်ကိုမှီပြီး ယိုင်နဲ့နဲ့ ရပ်နေတဲ့ သူက ကောင်းနေသေးတဲ့ ညာဘက်လက်နဲ့ ကျွန်မရဲ့ ကုတ်အင်္ကျီ လက်စကို ဆွဲကိုင်ခဲ့တယ်။
“အဲ့ဒါကြောင့် ဒီအတိုင်းပဲ အပေါ်တက်ရအောင်။”
“…မတက်ပါဘူး။ အတူတူ ရှိပေးမှာမို့လို့ ဆေးရုံသွားရအောင်ပါ။”
“ဘာမှမဖြစ်ဘူး။”
“အိမ်မှာဆို ဖန်စတွေ အကုန်ထုတ်လို့ရမှာမဟုတ်ပါဘူး။ ပါမောက္ခဟန်ကို ခေါ်ပြီး ထုတ်ခိုင်းရင်တောင် ကျန်နေတာ ရှိ၊ မရှိ သိရအောင် ဓာတ်မှန်ရိုက်ရဦးမယ်၊ မေးခိုင်ပိုးသတ်ဆေးလည်း ထိုးရဦးမယ်၊ ပြီးတော့ ချုပ်ဖို့လိုတဲ့နေရာ ရှိ၊ မရှိလည်း…”
“ရပါတယ်ဆို။”
အဆင်ပြေပါတယ်ဆိုတဲ့ စကားနဲ့ လုံးဝမသက်ဆိုင်တဲ့ သူ့ရဲ့ စုတ်ပြတ်သတ်နေတဲ့ အသွင်အပြင်က နံရံတစ်ခုလို ပိတ်ဆို့နေတာကြောင့် ကျွန်မ ရင်ထဲမှာ အသက်ရှူရကျပ်လာတော့တယ်။ နောက်ဆုံးတော့ ပါမောက္ခဟန်ဆီ ဖုန်းဆက်ဖို့ စိတ်ကူးနဲ့ပဲ ဓာတ်လှေကားခလုတ်ကို တစ်ခါပြန်နှိပ်လိုက်မိတယ်။
ဒေါသထွက်လွန်းလို့ စကားလုံးတွေ ပျောက်ဆုံးသွားတာလား၊ ဒါမှမဟုတ် အဓိပ္ပာယ်မရှိလွန်းလို့ စိတ်ကုန်သွားတာလားတောင် မသဲကွဲတော့ပါဘူး။
ကျွန်မ ဝူဂျင်ဟာကို သိလာတာ ငါးနှစ်တိတိ ရှိခဲ့ပါပြီ။ အဲ့ဒီထဲက တစ်နှစ်တောင်မပြည့်တဲ့ အိမ်ထောင်သက်တစ်လျှောက်မှာ ဝူဂျင်ဟာရဲ့ စိမ်းသက်တဲ့ မျက်နှာထား အမျိုးမျိုးကို မြင်ဖူးခဲ့ပေမဲ့ ဒီလောက်အထိ လက်ခံရခက်တဲ့ ဝူဂျင်ဟာကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာပါ။ ဒီလောက် ထက်မြက်တဲ့ ယောက်ျားက ဒီလောက်အထိ မိုက်မဲနိုင်တယ်ဆိုတာကိုလည်း အခုမှပဲ သိလိုက်ရတာလေ။
သူ့ရဲ့ အောက်ခြေအထိ အကုန်မြင်ခဲ့ပြီးပြီလို့ ထင်ထားခဲ့ပေမဲ့ အခုမှ နောက်ကျောဖြတ်ရိုက်ခံရသလို ခံစားချက်ပါပဲ။
ဓာတ်လှေကားထဲမှာ တစ်လျှောက်လုံး မျက်ရည်တွေ ရစ်ဝဲနေခဲ့တယ်။ သူ့လက်ဖဝါးထဲမှာ စိုက်ဝင်နေတဲ့ ဖန်စတွေက ကျွန်မလက်ဖဝါးထဲမှာ စိုက်ဝင်နေသလို နာကျင်နေတာပါ။
“ဟီဂျူ။”
“…….”
“ဟီဂျူ။”
“…….”
“အခု ပြန်တောင်မထူးတော့ဘူးလား။”
“အဲ့ဒီလို မခေါ်ပါနဲ့။”
“ဟီဂျူရယ်။”
“…မကြိုက်ဘူး။ ရှင် အခုလို လုပ်နေတာကို တကယ် မုန်းတယ်။”
“အင်း။”
“……ရှင် မျှော်လင့်တာက ဘာပဲဖြစ်ဖြစ် အကုန်လုံးကို မုန်းတယ်။”
“…သိတယ်။”
ကျွန်မ သူ့သွေးတွေနဲ့ ပေကျံနေတဲ့ ကိုယ့်လက်ကိုယ် ဂနာမငြိမ်စွာ ငုံ့ကြည့်ရင်း နှုတ်ခမ်းတွေကို ခပ်ပြင်းပြင်း ကိုက်ထားမိတယ်။ ဝူဂျင်ဟာက ကျွန်မကို နည်းနည်းလေးမှ အမှီမပြုဘဲ ဓာတ်လှေကားနံရံကို မှီရပ်နေရာက အရင်ဆင်းသွားတဲ့ ကျွန်မနောက်ကို ဖြည်းဖြည်းချင်း လိုက်လာခဲ့တယ်။ အင်မတန်မှ သတိထားပြီးတော့ပေါ့။ ခြေလှမ်းတစ်လှမ်းချင်းစီကို သေချာရွေးပြီး လှမ်းနေသလိုမျိုး….ဟန်ချက်မပျက်ဘဲ ပြိုလဲမသွားအောင် အစွမ်းကုန် ထိန်းထားတဲ့ပုံပါ။
သူ့ကို လှည့်မကြည့်ဖြစ်တဲ့ တစ်လျှောက်လုံးမှာ မကျေနပ်ချက်တွေက ဆူနာမီလို လည်ချောင်းဝအထိ တက်လာခဲ့တယ်။ ကျွန်မကို လှည့်တောင်မကြည့်ခဲ့တဲ့ လူက။ ကျွန်မလိုလူမျိုးကို ဘာမှမလိုအပ်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြုမူခဲ့တဲ့လူက….။ ကြည့်ရင်း ကြည့်ရင်း၊ အခု လူကို ဒီလိုနည်းနဲ့ နှိပ်စက်နေတာပဲ။ အခုမှလာပြီးတော့။ အခုမှ……
“ဟီဂျူရယ်၊ တောင်းပန်ပါတယ်။”
“…….”
“တောင်းပန်ပါတယ်။ ငါ အကုန် မှားခဲ့တာပါ……”
“…….”
“မင်းကို မမြင်သလိုနေခဲ့မိလို့ တောင်းပန်ပါတယ်။ အများကြီး နှိပ်စက်ခဲ့မိလို့ တောင်းပန်ပါတယ်။ အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်စေခဲ့မိလို့ တောင်းပန်ပါတယ်…”
အတောမသတ်နိုင်တဲ့ တောင်းပန်စကားတွေက ကုပ်သားပေါ်ကို စီးကျလာခဲ့တယ်။ ကောင်းသေးတဲ့ ညာဘက်လက်နဲ့ အနောက်ကနေ ကျွန်မခါးကို အသာလေး ဆွဲဖက်ထားပြီး၊ ဖန်စတွေ အပြည့်စိုက်နေတဲ့ လက်ကိုတော့ ကျွန်မနဲ့ ဝေးရာကို ဖယ်ထားရင်းပေါ့။
ကိုယ့်ဒဏ်ရာ ဘာဖြစ်သွားမလဲဆိုတာကို လုံးဝဂရုမစိုက်တဲ့လူလို ကျွန်မ မမြင်အောင် ဖုံးကွယ်ထားပြီး၊ အဲ့ဒီလက်နဲ့ပဲ လေးလံတဲ့ ကားတံခါးကို ဖြစ်သလို ဆွဲပိတ်ခဲ့တဲ့ လူက။
အဲ့ဒီလက်က ကျွန်မကို မတော်တဆ ထိမိသွားမှာစိုးလို့၊ သဘာဝမကျအောင် အဝေးကို ဖယ်ထုတ်ထားတဲ့ပုံစံက ကြည့်ရတာ တကယ်ပဲ အဓိပ္ပာယ်မရှိလွန်းပါဘူး။
“…အဲ့ဒီကလေးကို တစ်ယောက်တည်း ပို့ရအောင် လုပ်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။”
****
Miel’s Translations