no

Font
Theme

အခန်း(၈)

မြောက်ပိုင်းစစ်ဘုရင်၏ ကျော်ကြားမှုမှာ ယန်ကျိုးမြို့တွင် နေထိုင်သူများသာမက တာယဲ့အင်ပါယာ တစ်ခုလုံးကပါ သိရှိကြပေသည်။ ထို့ကြောင့် ယွီသခင်မသည်လည်း သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဒေါသအကြောင်းကို ကြားဖူးနားဝ ရှိထားပေသည်။

မြောက်ပိုင်းစစ်ဘုရင်သည် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သော်လည်း မည်သူ၏ ချစ်ခြင်းကိုမျှ မရရှိခဲ့ချေ။ သူ မွေးဖွားသောနေ့တွင် ကောင်းကင်ယံ၌ ဘေးအန္တရာယ်ကြီးများ ဆိုက်ရောက်မည့် နိမိတ်များ ပေါ်ထွန်းခဲ့သဖြင့် ဧကရာဇ်က သူ့အား သတ်ပစ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုကြ၏။ သူ၏မိခင် လီသခင်မက သူမ၏ အသက်နှင့်လဲ၍ သနားခံခဲ့သောကြောင့်သာ ဧကရာဇ်က ရှောင်းကျစ်ကဲအား ချမ်းသာပေးခဲ့ခြင်း ဖြစ်သော်လည်း ထိုအချိန်မှစ၍ သားအမိနှစ်ဦးစလုံးမှာ ပစ်ပယ်ခြင်း ခံခဲ့ရပေသည်။ ဧကရာဇ်၏ မျက်နှာသာပေးမှု ကင်းမဲ့သွားသဖြင့် သူတို့သည် ခက်ခဲသော ဘဝကို ဖြတ်သန်းခဲ့ရပြီး နှစ်အနည်းငယ်အကြာတွင် လီသခင်မသည် ထိုဆင်းရဲဒုက္ခများကြောင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့လေသည်။

မိခင်ကွယ်လွန်ပြီးနောက် ရှောင်းကျစ်ကဲ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့၏။ မည်သည့် မောင်းမမိဿံကမျှ သူ့အား မွေးစားရန် မလိုလားကြသဖြင့် နောက်ဆုံးတွင် ဧကရီ၏ စောင့်ရှောက်မှုအောက်သို့ ရောက်ရှိသွားခဲ့ပေသည်။ သို့သော် သူ၏ ကံကြမ္မာမှာ ခါးသီးရန်သာ ဖန်လာသည်လားမသိ၊ ဧကရီနှင့် အိမ်ရှေ့မင်းသားတို့နှင့်လည်း အဆင်မပြေဖြစ်ခဲ့ရပြန်သည်။ ထိုအချိန်မှစ၍ သူသည် ထီးနန်းဆက်ခံခွင့် ဆုံးရှုံးသွားပြီဟူသော ကောလာဟလများ ပေါ်ထွက်လာခြင်း ဖြစ်ပေသည်။

ထို့ပြင် ကောလာဟလများအရ မြောက်ပိုင်းစစ်ဘုရင်သည် သူ ပစ်ပယ်ခံထားရသည်ကို သိရှိသွားပြီးနောက် ပိုမိုရဲတင်းလာကာ အစေခံများကို စိတ်အလိုကျ သတ်ဖြတ်တတ်သူ ဖြစ်လာသည်ဟု ဆိုကြ၏။ ယန်ကျိုးနယ်တွင် သူ၏လက်ချက်ဖြင့် သေဆုံးရသူများ၏ အလောင်းမှာ သူ၏ အိမ်တော်တံတိုင်းလောက်ပင် မြင့်မားသည်ဟု ဆိုကြသည့်အပြင် သူ၏ အိမ်တော်ရှိ မီးအိမ်များကိုပင် လူသားအရေခွံဖြင့် ပြုလုပ်ထားသည်ဟု ဆိုကြပြန်ပေသည်။

ဤသတင်းအချက်အလက်အားလုံးကို ယွီသခင်မသည် လျူသခင်မ၏ အစေခံမလေးထံမှ ကြားသိခဲ့ရခြင်း ဖြစ်၏။ သူမသည် မျက်နှာသာမပေးခံရသည်မှာ ကြာပြီဖြစ်သော်လည်း လျူသခင်မမှာမူ သူမအား စိတ်မချမ်းသာဖြစ်စေရန် နည်းလမ်းမျိုးစုံ ရှာဖွေလေ့ရှိပေသည်။

ယခု သူမ၏ တစ်ဦးတည်းသောသားမှာ နာမည်ဆိုးဖြင့် ကျော်ကြားသော မြောက်ပိုင်းစစ်ဘုရင်နှင့် အတင်းအကျပ် လက်ထပ်လိုက်ရပြီဖြစ်ရာ လျူသခင်မသည် သူမ၏ အစေခံမလေးအား ယွီသခင်မ၏ ခြံဝင်းရှေ့၌ပင် ရှောင်းကျစ်ကဲအကြောင်းကို တမင်တကာ ပြောဆိုခိုင်းခဲ့ခြင်း ဖြစ်၏။

ယွီသခင်မမှာ စာမတတ်ပေမတတ် အသိဉာဏ်မဲ့သော အမျိုးသမီးတစ်ဦး မဟုတ်ပေ။ ကောလာဟလများကို လုံးဝမယုံကြည်သင့်ကြောင်း သူမ သိပေသည်။ သို့သော်လည်း အန်းချန်းချင်း၏ ကြောက်တတ်သော စရိုက်နှင့် မြောက်ပိုင်းစစ်ဘုရင်၏ ရက်စက်သော ဒေါသတို့ကို နှိုင်းယှဉ်ကာ သူတို့နှစ်ဦး အဆင်ပြေနိုင်လိမ့်မည်ဟု သူမ မမျှော်လင့်ရဲခဲ့ချေ။ အန်းချန်းချင်းအား မင်္ဂလာဝေါယာဉ်ပေါ်သို့ အတင်းအကျပ် တင်လိုက်သောနေ့က သူမသည် သားဖြစ်သူ၏ မျက်နှာကို နောက်ဆုံးအကြိမ်ပင် မြင်တွေ့ခွင့်မရခဲ့ချေ။ ထိုဝမ်းနည်းမှုကြောင့် သူမ၏ ရောဂါမှာ ပိုမိုဆိုးရွားလာခဲ့ရပြီး သားဖြစ်သူ၏ အိမ်ပြန်လာမည့်နေ့ကိုသာ မျှော်လင့်ချက်ထားကာ စောင့်စားနေခဲ့ရပေသည်။

ယခုအခါ အန်းချန်းချင်းသည် အရပ်ရှည်ရှည်နှင့် လူတစ်ဦးအား ဦးဆောင်ကာ မျက်နှာတွင် အသားအရောင် စိုပြေလျက် မည်သည့်ဒဏ်ရာမျှမပါဘဲ ရောက်ရှိလာသည်ကို မြင်သောအခါ ယွီသခင်မမှာ အံ့အားသင့်ရုံသာမက စိုးရိမ်စိတ်လည်း ဝင်သွားရ၏။ သူမသည် ရှောင်းကျစ်ကဲအား အလျင်အမြန်ပင် အလေးပြုရန် ထရပ်လိုက်ပြီး အန်းချန်းချင်းအား "မင်းသားကို ဒီလိုနေရာမျိုးဆီ ဘယ်လိုဖြစ်ပြီး ခေါ်လာရတာလဲ၊ ဒါက ထုံးတမ်းစဉ်လာနဲ့ မကိုက်ညီဘူးလေ"ငေါက်လိုက်မိသည်။

"ချန်းချင်းရဲ့ အမေဟာ ကျွန်တော့်ရဲ့ အမေပါပဲ" ရှောင်းကျစ်ကဲသည် သူမအား အလျင်အမြန်ပင် ထိန်းမပေးလိုက်၏။ လူသားအရေခွံဖြင့် မီးအိမ်လုပ်သည်ဟု ဆိုကြသော ရက်စက်လှသည့် စစ်ဘုရင်သည် သူမအား နူးညံ့စွာ ပြုံးပြရန် ကြိုးစားနေပေသည်။ သူ၏ ရုပ်ရည်မှာ ခက်ထန်နေသေးသော်လည်း ချဉ်းကပ်ရန် ခက်ခဲသောသူတစ်ဦးဟု မခံစားရချေ။ "ကျွန်တော်တို့က မိသားစုဝင်တွေပဲလေ၊ ဒီလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး"

အခန်းထဲသို့ တွဲကူခေါ်ဆောင်သွားပြီးနောက် ထိုင်လိုက်သောအခါမှ ယွီသခင်မသည် ရှောင်းကျစ်ကဲအား အနီးကပ် မြင်တွေ့ခွင့်ရတော့သည်။

ကောလာဟလများမှာ သူမ ထင်ထားသည်ထက် များစွာ ပိုမိုချဲ့ကားထားကြောင်း သူမ သိလိုက်ရ၏။ ရှောင်းကျစ်ကဲ၏ မျက်နှာထားမှာ လူအများအား ကြောက်ရွံ့စေနိုင်သော အရှိန်အဝါရှိသော်လည်း အန်းချန်းချင်းအား သူ ကြည့်လိုက်သော အကြည့်များမှာမူ ကြင်နာမှုနှင့် နူးညံ့မှုများ ပြည့်နှက်နေပေသည်။ သူမသည် ပြည့်တန်ဆာနန်းတော်တွင် ကြီးပြင်းခဲ့သူဖြစ်ရာ လူတစ်ဦး၏ အကြည့်ကို ကြည့်ရုံဖြင့် အကဲခတ်တတ်ပေသည်။ ရှောင်းကျစ်ကဲအား ခဏမျှ သေချာစွာ စောင့်ကြည့်ပြီးနောက် သူမ၏ နှလုံးသားမှာ များစွာ စိတ်အေးသွားရပေတော့သည်။

သို့သော် သူမ၏ နွမ်းနယ်နေသော ပုံစံနှင့် မကြာခဏ ချောင်းဆိုးနေသည်ကို မြင်သောအခါ အန်းချန်းချင်းမှာ အလွန်ပင် စိုးရိမ်သွားရ၏။ "သမားတော်နဲ့ ပြပြီးပြီလား။ ဆေးရော သောက်ရဲ့လား"

ယခင်ဘဝက သူ လက်ထပ်ပြီးပြီးချင်းမှာပင် သူ၏မိခင်မှာ ရောဂါပိုမိုဆိုးရွားကာ ကွယ်လွန်သွားခဲ့သည်ကို သူ သတိရနေမိသည်။ ထိုသတင်းကို သူ ကြားလိုက်ရချိန်တွင် အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီဖြစ်ပြီး မိခင်၏ နောက်ဆုံးအချိန်ကိုပင် သူ မမီလိုက်ခဲ့ချေ။

အန်းချန်းချင်းသည် ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်၏။ "အမေ က ဒီဆေးတွေကိုပဲ နှစ်ပေါင်းများစွာ သောက်လာပေမဲ့ မသက်သာခဲ့ဘူးလေ၊ တခြား သမားတော်တစ်ယောက်နဲ့ ထပ်ပြကြည့်ရင် မကောင်းဘူးလား"

"ဒါက ရောဂါဟောင်းပါပဲကွယ်၊ သမားတော် ပြောင်းလိုက်လည်း ဘာမှ ထူးလာမှာ မဟုတ်ပါဘူး" ယွီသခင်မက ပြုံးကာ "သားနဲ့ သမီးလေးသာ အဆင်ပြေနေမယ်ဆိုရင် အမေနေကောင်းသွားမှာပါ။ အမေက သမီးလေး အိမ်ထောင်ပြုတာကို မြင်ချင်သေးတယ်လေ"ဆို၏။

"အမေ!" သူမဘေးတွင် ထိုင်နေသော အန်းရှန်းယွီက ရှက်ရွံ့စွာဖြင့် လှမ်းခေါ်လိုက်သည်။ သူမသည် သူမ၏ မိသားစုဝင်များရှေ့တွင်သာ ဤသို့ ပွင့်လင်းစွာ ပြုမူတတ်ပေသည်။

"ရက်သတ်မှတ်ပြီးပြီလား။ နည်းနည်း မစောလွန်းဘူးလား" အန်းချန်းချင်းသည် အန်းရှန်းယွီအား ကြည့်ကာ လက်ချောင်းများကို တင်းတင်းဆုပ်ထားမိ၏။ သူမသည် ကြောက်တတ်သော်လည်း ဖူးပွင့်စပြုနေသော ပန်းလေးတစ်ပွင့်ကဲ့သို့ နုနယ်လှပေသည်။ ယခင်ဘဝက သူ နောက်ဆုံးမြင်တွေ့ခဲ့ရသော ညှိုးနွမ်းခြောက်ကပ်နေသည့် အန်းရှန်းယွီနှင့် လုံးဝမတူချေ။

"မတ်လ ၅ ရက်နေ့ကို သတ်မှတ်လိုက်ပြီ" ယွီသခင်မသည် သမီးဖြစ်သူ၏ ခေါင်းကို မြတ်နိုးစွာ ပွတ်သပ်ပေးရင်း မလိုလားဟန်ဖြင့် "သမီးလေးက နှစ်သစ်ကူးပြီးမှ ၁၅ နှစ်ပြည့်မှာလေ၊ အမေကတော့ နောက်ကျမှ လုပ်စေချင်တာ။ ဒါပေမဲ့ ဝူမိသားစုက အလျင်လိုနေကြတယ်၊ နောက်ထပ် ခြောက်လလောက်အထိ မင်္ဂလာရက်ကောင်း မရှိတော့ဘူးလို့ ပြောကြတယ်။ သားရဲ့ အဖေနဲ့ သခင်မကြီးကလည်း သဘောတူလိုက်ကြပြီလေ"

အန်းရှန်းယွီ၏ စေ့စပ်ထားသူမှာ နယ်စားမင်းဝူ၏ တတိယသား 'ဝူကျွမ်းရှူး' ဖြစ်ပြီး လက်ရှိတွင် တတိယအဆင့် အရာရှိတစ်ဦး ဖြစ်ပေသည်။ သူ၏ ရာထူးမှာ မမြင့်မားလှသော်လည်း သူသည် လူချစ်လူခင်ပေါများကာ လူကြီးလူကောင်းတစ်ဦးအဖြစ် နာမည်ကောင်းရှိသူ ဖြစ်၏။ သူတို့နှစ်ဦးမှာ အလွန်ပင် လိုက်ဖက်လှပေသည်။ ထို့ပြင် ဝူမိသားစုနှင့် အန်းမိသားစုမှာ အဆင့်အတန်းတူညီကြသဖြင့် အမျိုးအချင်းချင်း လက်ထပ်ခြင်းမှာ လျှို့ဝှက်ချက်များ မပေါက်ကြားစေရန် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။ ထို့ကြောင့် မိသားစုနှစ်ခုမှာ ဤလက်ထပ်ပွဲကို ကြိုတင်စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး အန်းရှန်းယွီ အရွယ်ရောက်လာမည့် အချိန်ကိုသာ စောင့်နေခဲ့ကြခြင်း ဖြစ်ပေသည်။

ယခင်ဘဝကလည်း အန်းချန်းချင်းသည် အန်းရှန်းယွီမှာ ခင်ပွန်းကောင်းတစ်ဦး ရရှိသွားပြီဟု ထင်မှတ်ခဲ့သော်လည်း သူမ လက်ထပ်ပြီး နှစ်နှစ်မပြည့်မီမှာပင် ကိုယ်ဝန်ပျက်ကျကာ သေဆုံးသွားခဲ့ရသဖြင့် သူ အလွန်ပင် နောင်တရခဲ့ရ၏။ ထိုစဉ်ကလည်း အန်းချန်းချင်းမှာ နောက်ကျသွားခဲ့ရပြီး သူမ မကွယ်လွန်မီ နောက်ဆုံးအချိန်လေးကိုသာ မီလိုက်ခဲ့ပေသည်။ နယ်စားမင်းအိမ်တော်ရှိ လူများ၏ ပြောကြားချက်အရ မသိနားမလည်သော အစေခံတစ်ဦးကြောင့် အန်းရှန်းယွီမှာ ဆောင်းရာသီ ရေခဲပြင်လမ်းပေါ်တွင် ချော်လဲကာ ကိုယ်ဝန်ပျက်ကျခဲ့ရခြင်း ဖြစ်သည်ဟု ဆို၏။

သို့သော် အန်းချန်းချင်းကမူ ထိုစကားများကို လုံးဝမယုံကြည်ခဲ့ချေ။ သူ၏ ညီမလေးမှာ ကိုယ်ဝန် ခြောက်လရှိနေသော်လည်း ပိန်လှီဖြူဖတ်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုအိမ်တော်တွင် သူမ၏ ဘဝမှာ မည်မျှ ခက်ခဲမည်ကို သူ ကောင်းကောင်း သိမြင်နိုင်ပေသည်။

ထို့နောက် အန်းချန်းချင်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဝူကျွမ်းရှူးတွင် သူ အလွန်မြတ်နိုးသော မောင်းမငယ်တစ်ဦး ရှိနေကြောင်း သိရှိခဲ့ရ၏။ သူမမှာ သာမန်အရပ်သား ဖြစ်သောကြောင့် အိမ်တော်၏ တရားဝင်ဇနီးအဖြစ် ထားရှိခွင့် မရခဲ့ခြင်း ဖြစ်ပေသည်။ အန်းရှန်းယွီနှင့် လက်ထပ်ပြီး မကြာမီမှာပင် သူသည် ထိုချစ်သူအား အိမ်တော်သို့ ခေါ်ဆောင်လာခဲ့ပြီး သူမအား အစွမ်းကုန် အလိုလိုက်ကာ ဇနီးသည်ကိုမူ လျစ်လျူရှုထားခဲ့ပေသည်။ ထိုမောင်းမငယ်မှာ နောက်ပိုင်းတွင် ရဲတင်းလာပြီး အန်းရှန်းယွီအား မရိုမသေ ပြုမူခဲ့သကဲ့သို့ သူမ၏ ကိုယ်ဝန်ပျက်ကျမှုမှာလည်း ထိုမောင်းမငယ်၏ အကွက်ဆင်မှုသာ ဖြစ်ပေသည်။

အန်းရှန်းယွီမှာ အမြဲတမ်း ရိုးသားဖြောင့်မတ်သူ ဖြစ်ပေရာ ခင်ပွန်းသည်၏ အာရုံစိုက်မှုကို ရရှိရန် မည်သို့မြှောက်ပင့်ရမည် သို့မဟုတ် မည်သို့ ပြိုင်ဆိုင်ရမည်ကို သူမ မသိခဲ့ချေ။ ထိုကဲ့သို့သော ခါးသီးသည့် ပတ်ဝန်းကျင်တွင် နေထိုင်ရသော်လည်း သူမသည် မိခင်နှင့် အစ်ကိုဖြစ်သူကို တစ်ခါမျှ တိုင်တန်းခြင်း မပြုခဲ့ပေ။ သူမ သေဆုံးပြီးမှသာ အန်းချန်းချင်းသည် သူမ၏ ဆင်းရဲဒုက္ခများကို သိရှိခဲ့ရခြင်း ဖြစ်ပေသည်။

သို့သော် ထိုစဉ်က အန်းချန်းချင်းမှာ ဘာမျှ မတတ်နိုင်ခဲ့ချေ။ ဝူကျွမ်းရှူး၏ မောင်းမငယ်က သူ၏ ညီမနေရာတွင် တရားဝင်ဇနီးအဖြစ် အစားဝင်လာသည်ကို သူ စောင့်ကြည့်နေခဲ့ရုံသာ ရှိခဲ့၏။ ရှောင်းကျစ်ကဲ ထီးနန်းတက်ပြီးနောက်မှသာ သူသည် နယ်စားမင်းအိမ်တော်အား တော်ဝင်မိသားစုကို မရိုသေမှုဖြင့် အပြစ်ပေးကာ တစ်မိသားစုလုံးကို ခေါင်းဖြတ်သတ်စေခဲ့ခြင်း ဖြစ်ပေသည်။

သူတို့အား ကွပ်မျက်လိုက်ပြီဟု ကြားသိရသောအခါ အန်းချန်းချင်းသည် အချိန်အတော်ကြာအောင် ဝမ်းမြောက်နေခဲ့၏။

သူ၏ အမြင်တွင် နယ်စားမင်းဝူနှင့် အန်းမိသားစုမှာ အတူတူပင် ဖြစ်ကြပေသည်။ အပြင်ပန်းတွင် ကြည်ညိုဖွယ်ရှိသော်လည်း ထိုမျက်နှာဖုံးများအောက်တွင်မူ သူတို့မှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်သော အဆိပ်ရှိမြွေများသာ ဖြစ်ကြ၏။

ယခင်ဘဝက သူတို့သည် အန်းရှန်းယွီအား သေဆုံးစေခဲ့ပြီး အစေခံမလေးတစ်ဦးအား အပြစ်ပုံချကာ လူသတ်သမားကို ကာကွယ်ခဲ့ကြပေသည်။ ဤဘဝတွင်မူ အန်းချန်းချင်းသည် အန်းရှန်းယွီအား ဤမီးပုံထဲသို့ လုံးဝ အသက်မသွင်းတော့ချေ။ ထို့ပြင် သူတို့ ပြုလုပ်ခဲ့သမျှအတွက်လည်း သူ လက်စားချေလိုသေးပေသည်။

ခဏမျှ စဉ်းစားပြီးနောက် သူ အကြံတစ်ခု ရရှိသွား၏။ အန်းရှန်းယွီ ရှက်ရွံ့နေသည်ကို မြင်သောအခါ သူသည် ဤအစီအစဉ်ကို ချက်ချင်းပင် အကောင်အထည်ဖော်ရမည်ဟု ဆုံးဖြတ်လိုက်သည်။ မဟုတ်လျှင် သူမသည် ထိုလူယုတ်မာအပေါ် သံယောဇဉ် ဝင်သွားနိုင်ပေသည်။

အန်းချန်းချင်းသည် သတိထား၍ စကားစလိုက်၏။ "ဒီလက်ထပ်ပွဲကို ခဏစောင့်ဆိုင်းသင့်တယ် ထင်တယ်။ ကျွန်တော်... ဝူကျွမ်းရှူးနဲ့ ပတ်သက်ပြီး မကောင်းတဲ့ သတင်းတစ်ခု ကြားထားလို့ပါ"

ယွီသခင်မက သံသယဖြင့် "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ အမေက အန်းဖူကို အရင်က စုံစမ်းခိုင်းဖူးပါတယ်။ ဝူကျွမ်းရှူးမှာ မောင်းမတွေ မရှိသလို ပြည့်တန်ဆာဆောင်တွေကိုလည်း မသွားဘူး၊ သူက သူ့အလုပ်မှာပဲ အမြဲတမ်း အလုပ်ရှုပ်နေတာလေ။ ပြီးတော့ နယ်စားမင်းဝူရဲ့ မိသားစုမှာလည်း ဒီလိုမျိုး နာမည်ပျက်တွေ မရှိခဲ့ဖူးဘူး"ဆို၏။

"ကျွန်တော်လည်း မသေချာလို့ မင်းသားကို စုံစမ်းခိုင်းလိုက်တာပါ" အန်းချန်းချင်းသည် ရှောင်းကျစ်ကဲအား အားနာသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူသည် စိတ်ကိုတင်းကာ သူ၏ ဇာတ်လမ်းကို ဆက်ပြောသည်မှာ "ဝူကျွမ်းရှူးမှာ လျှို့ဝှက်ထားတဲ့ ချစ်သူတစ်ယောက် ရှိနေတာကို တွေ့လိုက်ရတယ်။ သူတို့နှစ်ယောက်က ခဏခဏ တွေ့ကြသလို အရမ်းလည်း ရင်းနှီးကြတာ။ ယွီအာသာ လက်ထပ်လိုက်ရင် နှိပ်စက်ခံရမှာကို ကျွန်တော် စိုးရိမ်မိတယ်" ဟူ၍ပင် ဖြစ်၏။

သူသည် ရှောင်းကျစ်ကဲ၏ နာမည်ကို အသုံးချချင်၍ မဟုတ်သော်လည်း ဝူကျွမ်းရှူးမှာ ဟန်ဆောင်ကောင်းသူဖြစ်ရာ သူ၏ ခြေရာလက်ရာများကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ပေသည်။ ကိုယ်တိုင်မမြင်တွေ့ရလျှင် ဂုဏ်သရေရှိသော နယ်စားမင်းအိမ်တော်သည် ဤမျှအထိ ယုတ်ညံ့သော နေရာတစ်ခုဖြစ်ကြောင်း မည်သူမျှ ယုံကြည်မည်မဟုတ်ချေ။ ဝူကျွမ်းရှူးသည်လည်း ဖြောင့်မတ်သော ပညာရှင်တစ်ဦးဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မောင်းမကို အစွမ်းကုန်အလိုလိုက်ကာ ဇနီးသည်ကို နှိပ်စက်မည့်သူ ဖြစ်ပေသည်။

အကယ်၍ အန်းချန်းချင်းက သူ၏ မိခင်အား ဤအတိုင်း ပြောပြလျှင် သူမ လုံးဝယုံကြည်မည်မဟုတ်သော်လည်း ရှောင်းကျစ်ကဲ၏ အမည်ကို သုံးလိုက်သောအခါတွင်မူ ကိစ္စမှာ ပြောင်းလဲသွားချေပြီ။

မှန်ပေသည်၊ ယွီသခင်မ၏ မျက်နှာမှာ ပျက်သွားပြီး "တကယ်လား။ ဒါပေမဲ့ အားလုံးက ဆုံးဖြတ်ပြီးသားဖြစ်နေပြီ၊ သားရဲ့ အဖေကလည်း ဒီစေ့စပ်မှုကို ဖျက်သိမ်းဖို့ သဘောတူမှာ မဟုတ်ဘူး"ဆို၏။

အန်းရှန်းယွီ၏ မျက်နှာမှာ ဖြူဖတ်သွားရပေသည်။ သူမသည် စကားတစ်လုံးမျှ မဆိုဘဲ လက်ကိုင်ပုဝါကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။

"ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်" အန်းချန်းချင်းက အန်းရှန်းယွီအား စိတ်ချစေရန် ပြောလိုက်၏။ "ကျွန်တော် ယွီအာကို ဝူမိသားစုဆီ ဘယ်တော့မှ အရောက်မခံပါဘူး"

ယွီသခင်မသည် တစ်စုံတစ်ခုကို ပြောရန် ကြံရွယ်သော်လည်း သားဖြစ်သူ၏ ပြတ်သားသော အမူအရာကို မြင်သောအခါ သူမ၏ ခေါင်းကိုသာ ညင်သာစွာ ပွတ်သပ်ပေးရင်း "နော်နော်က အခုတော့ ကြီးပြင်းလာပြီး ညီမလေးကိုပါ ကာကွယ်ပေးနိုင်ပြီပေါ့လေ"ဆိုလေသည်။

အန်းချန်းချင်းသည် သူမအား ဖက်လိုက်ပြီး တိုးတိုးလေး "အမေ... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အမေနဲ့ ယွီအာကို ဘယ်သူမှ ထပ်ပြီး မနှိပ်စက်စေရပါဘူး"ဆို၏။

ယွီသခင်မက သူ၏ ကျောကို ပုတ်ပေးကာ ပြုံးလိုက်ပေသည်။ သူတို့ ခွဲခွာသောအခါ နှစ်ဦးစလုံး၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းနေခဲ့၏။ အန်းချန်းချင်းသည် သူ၏ မိခင်အား ပြောစရာများစွာ ရှိသေးသော်လည်း အန်းရှန်းယွီ၏ စေ့စပ်မှုကို ဖျက်သိမ်းရန်မှာ ပိုမိုအရေးကြီးလှပေသည်။ ထို့ကြောင့် အခြားအရာများကို ဘေးဖယ်ထားလိုက်ရ၏။

မထွက်ခွာမီတွင် အန်းချန်းချင်းသည် ကျောက်ရှီးအား ထိုနေရာတွင် ထားရစ်ခဲ့ပေသည်။

ယွီသခင်မ၏ သံသယဖြစ်နေသော အကြည့်ကို မြင်သောအခါ အန်းချန်းချင်းသည် အန်းချန်းချီနှင့် ပတ်သက်သည့် အဖြစ်အပျက်ကို အနည်းငယ် ပြောပြလိုက်၏။ ယခုအခါ အန်းချန်းချီသည် လက်တစ်ဖက် ဆုံးရှုံးသွားရုံသာမက မျိုးဆက်ပြန့်ပွားနိုင်စွမ်းပါ ဆုံးရှုံးသွားရပြီဖြစ်ရာ အန်းကျစ်ကျိုးနှင့် သူ၏ဇနီးတို့သည် ဤကိစ္စကို လုံးဝလက်လျှော့မည်မဟုတ်ချေ။ သူတို့သည် ရှောင်းကျစ်ကဲနှင့် အန်းချန်းချင်းအား မထိရဲသဖြင့် အကူအညီမဲ့နေသော ယွီသခင်မနှင့် အန်းရှန်းယွီတို့အပေါ်တွင်သာ လက်စားချေရန် ကြိုးစားကြပေလိမ့်မည်။

ကျောက်ရှီး ရှိနေသဖြင့် သူတို့၏ လုံခြုံရေးမှာ စိတ်ချရပေတော့မည်။

သူ၏ မိခင်အား နှုတ်ဆက်ပြီးနောက် အန်းချန်းချင်းသည် ရှောင်းကျစ်ကဲနှင့်အတူ ရှေ့ခြံဝင်းသို့ ထွက်လာခဲ့၏။ သူတို့နှစ်ဦးသည် စကားတစ်လုံးမျှ မဆိုဘဲ ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလာခဲ့ကြပေသည်။ ရှောင်းကျစ်ကဲမှာ အမြဲတမ်းအတိုင်း တိတ်ဆိတ်နေသော်လည်း အန်းချန်းချင်းမှာမူ စိတ်မသက်မသာဖြင့် သူ့အား မကြာခဏ လှမ်းကြည့်နေမိ၏။ အချိန်အတော်ကြာသောအခါ သူသည် ခြေလှမ်းများကို ရပ်လိုက်ပြီး "ခင်ဗျား ကျွန်တော့်ကို ဘာမှ မမေးတော့ဘူးလား"သူ၏ စိုးရိမ်မှုများကို ထုတ်ဖော်လိုက်သည်။

ရှောင်းကျစ်ကဲက မျက်ခုံးပင့်ကာ သူ့အား ကြည့်လိုက်ပြီး "ဘာအကြောင်းလဲ"မေး၏။

"ဝူကျွမ်းရှူးကို စုံစမ်းခိုင်းတဲ့ ကိစ္စရယ်၊ နောက်ပြီး ကျောက်ရှီးရဲ့ ကိစ္စရယ်လေ"

အန်းချန်းချင်းသည် ရှောင်းကျစ်ကဲအား ဝူကျွမ်းရှူးကို စုံစမ်းရန် တစ်ခါမျှ မခိုင်းခဲ့ဖူးချေ။ ထို့ပြင် သူတို့သည် မနေ့ညကမှ ပြန်လည်အဆင်ပြေခဲ့ကြခြင်း ဖြစ်ရာ ရှောင်းကျစ်ကဲက ကူညီချင်ခဲ့လျှင်ပင် အချိန်မှာ နောက်ကျနေပြီ ဖြစ်ပေသည်။

"မင်းအတွက် သုံးနိုင်ဖို့ နောက်ထပ် လူအနည်းငယ် ထပ်လွှတ်ပေးမယ်။ ဝူအိမ်တော်ရဲ့ လျှို့ဝှက်ချက်တွေက မင်း ထင်ထားတာထက် ပိုပြီး မှောင်မိုက်တယ်" ရှောင်းကျစ်ကဲသည် လက်လှမ်းကာ အန်းချန်းချင်း၏ ခေါင်းကို ပွတ်သပ်ပေးရင်း "တိုက်ခိုက်မယ်ဆိုရင် တကယ်နာကျင်မယ့် နေရာကိုပဲ တိုက်ခိုက်ရမယ်။ ဝူကျွမ်းရှူးရဲ့ နောက်ကွယ်မှာ နယ်စားမင်းဝူ ရှိနေတယ်၊ နယ်စားမင်းသာ မလဲကျသရွေ့တော့ မင်း သူ့ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"အကြံပေးလိုက်၏။

အန်းချန်းချင်းသည် သူ့အား အံ့အားသင့်စွာ ကြည့်နေမိပေသည်။

ရှောင်းကျစ်ကဲသည် သူ၏ လက်ကို ဆွဲကိုင်ကာ ဆက်လက် လျှောက်လှမ်းခဲ့၏။ သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသော ထိုသူ၏ လက်မှာ ကြမ်းတမ်းသော်လည်း အားအင်များ ပြည့်နှက်နေပေသည်။ ရှောင်းကျစ်ကဲက ဆက်လက်၍ "ကျောက်ရှီးနဲ့ ပတ်သက်ပြီးတော့လည်း ငါက သူ့ကို မင်းဆီမှာ အပ်ထားပြီးသားပဲ၊ ငါ့ရဲ့ သဘောတူညီချက်ကို ထပ်တောင်းနေစရာ မလိုပါဘူး"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment