အခန်း (၁၁) - နွေဦးညကို အတူတကွ ဖြတ်သန်းကြမည်လား
လုံယိသည် အံ့အားတကြီး ဖြစ်သွားရ၏။ ဤသူတော်စင်မတွင် အသိတရား အနည်းငယ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
သို့သော်လည်း အခြေအနေအလိုက် လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းမှာ သူ့တွင် ရှိနေဆဲပင်။ လုံယိသည် ချက်ချင်းပင် ဦးနှောက်ကို လည်ပတ်စေပြီး အဓိပ္ပာယ်မရှိသော ပုံပြင်တစ်ပုဒ်ကို လျှောက်ပြောလိုက်လေသည်။
"ငါ ထန်လုံမြို့ကနေ အလင်းမြို့ကို ငါ့ရဲ့ စေ့စပ်ထားတဲ့သူ စီဘီနဲ့ တွေ့ဖို့ အပြေးအလွှား သွားနေတာပါ... သူမ နေမကောင်းဖြစ်နေတယ်လို့ သူမအဖေက စာရေးပြီး အကြောင်းကြားလို့ ငါ အရမ်းစိုးရိမ်သွားတာနဲ့ အချိန်ကုန်သက်သာအောင် ဒီတောလမ်းကနေ ဖြတ်လာခဲ့တာ...”
"ဒါပေမဲ့ ဒီနေ့မွန်းလွဲပိုင်းမှာပဲ အစိမ်းရောင်ရှိတဲ့ ငှက်ကြီးတစ်ကောင်က ငါ့ကို မြေပြင်ကနေ ဖမ်းခေါ်သွားပြီး ဒီနေရာကို ပျံသန်းလာကာ ပစ်ချလိုက်တာ ဘယ်သူက ထင်မှာလဲ... ကံကောင်းထောက်မစွာနဲ့ ငါ ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ထားလို့ သစ်ပင်ကြီးတချို့ရဲ့ သစ်ကိုင်းတွေက ငါ့ကို ပိတ်ဆို့ပေးခဲ့လို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့တာပါ..."
"အစိမ်းရောင် ငှက်ကြီးဆိုတာ လေကန်ဒေါရ် ဖြစ်နိုင်မလား... အဲဒါ ဖြစ်နိုင်ခြေရှိတယ်…"
စီဘီက ခေါင်းညိတ်လိုက်၏။ လေကန်ဒေါရ်ဆိုသည်မှာ အဆင့်မြင့် လေဓာတ်မှော်သားရဲများဖြစ်ပြီး အလွန်လျင်မြန်စွာ ပျံသန်းနိုင်ရုံသာမက ကျောက်ခဲများကိုပင် ကြေမွစေနိုင်သော သံလက်သည်းတစ်စုံ ရှိကြပြီး ပြင်းထန်လျင်မြန်သော လေဓားများကိုလည်း ပစ်လွှတ်နိုင်စွမ်း ရှိကြပေသည်။
လုံယိ၏ မျက်နှာအမူအရာမှာ အလွန်ပင် သဘာဝကျနေပြီး ပြောပြနေစဉ်အတွင်း အသံမှာလည်း ငိုမလို ဖြစ်နေလေသည်။ စီဘီသည် ရက်စက်သော ရန်သူများကို မုန်းတီးသော်လည်း သူမ၏ စိတ်နေစိတ်ထားမှာ အလွန်ဖြူစင်လှပေသည်။
လုံယိသည် လိမ်ညာနေသူတစ်ဦးနှင့် မတူသည်ကို မြင်ရသောအခါ သူမသည် သူ၏ မုသာဝါဒများကို မမျှော်လင့်ဘဲ ယုံကြည်သွားတော့သည်။
"နင့်ကို ငါမကြိုက်ပေမဲ့ နင်လည်း အလင်းနတ်ဘုရားကို ကိုးကွယ်သူတစ်ယောက် ဖြစ်နေပြီး ငါတို့သွားမယ့်လမ်းကလည်း ခဏတဖြုတ် တူနေတာကြောင့် ငါနဲ့အတူ လိုက်လာခွင့်ပြုမယ်... ဒီနေ့က အရမ်းနောက်ကျသွားပြီ၊ ဒီပြင်ပမှာပဲ အိပ်ကြရအောင်၊ ဂွတ်နိုက်…" စီဘီက ဆိုလိုက်၏။
လုံယိသည် သဘာဝကျကျပင် ကန့်ကွက်ခြင်း မရှိခဲ့ပေ။ မူလကပင် သူသည် တောရိုင်းမြေတွင် အိပ်စက်ရန် အစီအစဉ်ရှိပြီးသား ဖြစ်သည်။ ကွာခြားချက်မှာ သူတော်စင်မတစ်ဦးဖြစ်သော အမျိုးသမီးတစ်ဦးက သူ့အနားတွင် ရှိနေမည် ဖြစ်ခြင်းပင်။
အကယ်၍ သူမ၏ မျက်နှာပေါ်တွင် ထိုအနီရောင် မွေးရာပါ အမှတ်အသားကြီးသာ မရှိခဲ့လျှင် စီဘီသည် သူမြင်ဖူးသမျှထဲတွင် အလှဆုံး အမျိုးသမီးဟု ဆိုနိုင်လိမ့်ပေမည်။ လုံယိသည် သူမအတွက် စိတ်ထဲမှ သနားမိသွားလေသည်။
"အို... တန်ခိုးရှင် အလင်းနတ်ဘုရား၊ အရှင်၏ ကိုးကွယ်သူအား နတ်ဘုရားစွမ်းအားကို ပေးသနားတော်မူပါ၊ ဘေးအန္တရာယ် အပေါင်းကို ဖယ်ရှားပေးပါ... သန့်စင်သော အလင်းအတားအဆီး…"
စီဘီက တိုးတိုးညင်သာစွာ ရွတ်ဆိုလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ ဖြူစင်သော အလင်းတန်းများ ဖြာထွက်လာပြီးနောက် လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားလေသည်။
"ဒါက ဘာမှော်ပညာလဲ... ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ…" လုံယိသည် အံ့သြသွားပြီး မေးလိုက်လေသည်။
စီဘီသည် လုံယိကို ကြောင်တောင်တောင် ကြည့်နေပြီးနောက် ဆိုလိုက်လေသည်။
"နင်က ဘာသိလို့လဲ... အပေါ်ယံကြည့်ရင်တော့ ငါရဲ့ သန့်စင်သော အလင်းအတားအဆီးက ပွင့်လင်းမြင်သာနေတာပေါ့။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဘယ်အရာကိုမဆို တားဆီးပေးနိုင်တာ သိသာနေတာပဲမဟုတ်လား…"
ထို့နောက် စီဘီသည် သစ်ကိုင်းတစ်ခုကို ကောက်ယူကာ ပစ်ပေါက်လိုက်၏။ ထိုသစ်ကိုင်းသည် လေထဲတွင် ရှိနေစဉ်အတွင်း တစ်စုံတစ်ခုနှင့် ရိုက်မိသွားပြီး ပွင့်လင်းမြင်သာသော မှန်တစ်ချပ်ရှိနေသကဲ့သို့ ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
လုံယိသည် မှင်တက်သွားရသည်။ အကြောင်းပြချက်က မရှိသည်မဟုတ်၊ ယခုကဲ့သို့ သန့်စင်သော အလင်းအတားအဆီးကို အသုံးပြုနိုင်ပါလျက်နှင့် သူမ ရေချိုးနေစဉ်က အဘယ်ကြောင့် အသုံးမပြုခဲ့သနည်း...
သူ့ကို ရှားပါးသော မြင်ကွင်းတစ်ခုအား ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်းလော...
သေချာပြန်စဉ်းစားကြည့်ရာ ထိုအချိန်က တစ်ခုခု မှားယွင်းနေသည်ဟု လုံယိ ခံစားလိုက်ရ၏။ သူသည် ရေတံခွန်ဘက်သို့ ခုန်အုပ်သွားစဉ်က ခုခံမှုတစ်ခုရှိနေသည်ကို အမှန်တကယ် ခံစားခဲ့ရသည် မဟုတ်ပါလား...
သို့သော် ထိုစဉ်က သူ သိပ်ပြီး အာရုံမစိုက်မိခဲ့ပေ။ ဤသန့်စင်သော အလင်းအတားအဆီးသည် သူ့အပေါ်တွင် အလုပ်မလုပ်ခြင်း ဖြစ်နိုင်ပေသည်။
လုံယိ၏ မှင်တက်နေသော မျက်နှာကို မြင်သောအခါ စီဘီက သူသည် သူမ၏ မှော်ပညာကြောင့် အံ့အားသင့်သွားသည်ဟု အထင်မှားသွားလေသည်။
ဤသန့်စင်သော အလင်းအတားအဆီးနှင့် သန့်စင်သော အလင်းရောင်ခြည်သည် သူမ အလွန်ဂုဏ်ယူသော မှော်ပညာနှစ်ခု ဖြစ်ပေသည်။ အကြောင်းရင်းမှာ အဆင့်မြင့်မှော်ဆရာ များသာ ဤမှော်ပညာနှစ်ခုကို အသုံးပြုနိုင်သော်လည်း သူမကဲ့သို့ မှော်ဆရာတစ်ဦးသာ ဖြစ်သော်လည်း အလွယ်တကူ အသုံးပြုနိုင်သောကြောင့် ဖြစ်ပြီး ထို့ကြောင့်ပင် သူမသည် ယုံကြည်ချက်အပြည့်ဖြင့် ဂုဏ်ယူနေခြင်း ဖြစ်လေသည်။
"လန်းတာပဲ... ပညာရှင်တစ်ယောက်နဲ့ အတူရှိရတာ တကယ်ကောင်းတာပဲ၊ အခုဆိုရင်တော့ ငါ စိတ်ချလက်ချ အိပ်လို့ရပြီ…"
လုံယိသည် စိတ်လေနေပြီး တိုးတိုးလေး ရေရွတ်လိုက်၏။ သူသည် ဤသန့်စင်သော အလင်းအတားအဆီးကို တကယ်ပဲ ဖြတ်သန်းနိုင်မလားဆိုသည်ကို စမ်းသပ်ကြည့်ချင်သော်လည်း ယခုအချိန်သည် အချိန်အခါ မဟုတ်ပေ။
စီဘီအား သံသယဝင်စေမည့် အပြုအမူမျိုး မလုပ်နိုင်သည် မဟုတ်ပါလား...
"လုံယိ... ငါ နင့်ကို တစ်ခုလောက် မေးချင်တယ်၊ ဒီညနေ ဒီနားမှာ တခြားဘယ်သူ့ကိုမဆို တွေ့ခဲ့သေးလား…"
စီဘီသည် ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်လေသည်။ အမှန်တကယ်တွင်မူ သူမသည် ချောင်းကြည့်ခံရသည့် ကိစ္စကို စိတ်ထဲတွင် အခုထိ တွေးတောနေဆဲပင် ဖြစ်သည်။
အော်ယွဲ့အင်ပါယာ၏ အမျိုးသားနှင့် အမျိုးသမီးများအကြား ပေါင်းသင်းဆက်ဆံရေးသည် ကွမ်လုံအင်ပါယာနှင့် နှိုင်းယှဉ်ပါက ပို၍ ပွင့်လင်းသည်ဟု ဆိုနိုင်သော်လည်း ၎င်းမှာ အခြားတစ်ဖက်မှ ကြည့်ခြင်းသာ ဖြစ်၏။
ချန်းလန်တိုက်ရှိ မည်သည့်နိုင်ငံတွင်မဆို အမျိုးသမီးများ၏ အပျိုစင်ဘဝ သန့်စင်မှုကို အလွန်အလေးထားကြပြီး ကွမ်လုံအင်ပါယာတွင်မူ ပို၍ပင် တင်းကျပ်လှပေသည်။
"တခြားလူလား... မရှိပါဘူး၊ ဒီမှာ ငါ တွေ့ခဲ့တာဆိုလို့ မင်းတစ်ယောက်တည်းပဲ ရှိတာ၊ ဘာဖြစ်လို့လဲ... တခြားတစ်ယောက်ယောက်ကို ရှာနေတာလား…"
လုံယိသည် တည်ငြိမ်သောဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ အကယ်၍ သူမ ရေချိုးနေစဉ် ချောင်းကြည့်ခဲ့သူမှာ သူဖြစ်ကြောင်း သိသွားပါက မေးခွန်းထုတ်နေစရာမလိုဘဲ သူ အသတ်ခံရမည်မှာ အသေချာပင် ဖြစ်ပေသည်။
"အို... အချိန်လည်း တော်တော်နှောင်းနေပြီ၊ ငါ တရားမှတ်တော့မယ်၊ နင်လည်း အဆင်ပြေမယ့် နေရာတစ်ခုခုရှာပြီး အိပ်တော့…"
စီဘီ၏ မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်ဘဲ တစ်မျိုးဖြစ်သွားပြီးနောက် သစ်ပင်အောက်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်လိုက်လေသည်။
မကြာမီပင် သူမသည် တရားမှတ်ခြင်းအခြေအနေသို့ ရောက်ရှိသွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပသော အဖြူရောင်အလင်းတန်းတစ်ခု စတင်လည်ပတ်လာတော့၏။
မှော်ဆရာများ တရားမှတ်နေချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုမျိုး မရှိပါက သတိပြန်လည်လာရန် မဖြစ်နိုင်ကြောင်း လုံယိ သိထားပေသည်။
ထို့ကြောင့် လုံယိသည် ခြေဖျားထောက်ကာ အသာအယာ လျှောက်လာခဲ့ပြီး ခုနက ပစ်ချလိုက်သော သစ်ကိုင်းရှိရာသို့ ရောက်ရှိလာခဲ့သည်၊ ဤနေရာသည် သန့်စင်သော အလင်းအတားအဆီး၏ အစွန်းဖြစ်ရပေမည်။
လုံယိသည် စီဘီရှိရာဘက်သို့ လှည့်ကြည့်ပြီးနောက် ရှေ့သို့ လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ တစ်စုံတစ်ခုရှိနေသည်ကို အမှန်တကယ်ပင် ခံစားလိုက်ရလေသည်။
သို့သော် ထိုအရာသည် စက္ကူတစ်ချပ်ကဲ့သို့ ပါးလွှာနေပြီး လက်ဖြင့် အလွယ်တကူ ဖောက်ထွက်နိုင်မည်ဟု သူခံစားရသည်၊ သူ၏ ဆဌမအာရုံသည် အလွန်ထက်မြက်သောကြောင့်သာ ဤကဲ့သို့ခံစားမိခြင်းဖြစ်ပြီး သာမန်လူတစ်ယောက်အတွက်မူ မည်သို့မျှ သိနိုင်မည်မဟုတ်ပေ။
လုံယိသည် ဤအတားအဆီးကို အတော်ပင် စိတ်ဝင်စားသွားပြီး အကယ်၍ ဤအတားအဆီးသည် အရာအားလုံးကို ခုခံနိုင်သည်ဆိုလျှင် အလွန်ကောင်းမည်ဟု တွေးမိလေသည်။
သူသည် ထိုအတားအဆီးကို အကြိမ်ကြိမ် ထိတွေ့ကြည့်သော်လည်း နောက်ဆုံးတွင် အားလုံးသည် အောက်ထျန်းကျင့်စဥ်၏ လက်ချက်သာဖြစ်ကြောင်း သိရှိသွားပြီး လက်လျှော့လိုက်ရ၏။
လုံယိ၏လက်သည် အတားအဆီးနှင့် ထိတွေ့ချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်း အလိုအလျောက် လည်ပတ်နေသော အတွင်းအားများက အတားအဆီး၏ စွမ်းအင်များကို စုပ်ယူပြီး ပေါင်းစပ်ယူနေခြင်း ဖြစ်ပေသည်။
အကယ်၍ လုံယိသည် မိုးလင်းသည်အထိ ဤအတားအဆီးကို ထိတွေ့နေမည်ဆိုပါက အတားအဆီးတစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မည်ဟု သူခန့်မှန်းမိလေသည်။
လုံယိသည် ဤတွေ့ရှိချက်ကြောင့် စိတ်လှုပ်ရှားသွားသလို တစ်ဖက်တွင်လည်း အကြောင်းရင်းမရှိဘဲ စီဘီအတွက် စိုးရိမ်စိတ် ဖြစ်ပေါ်လာသည်။
ဤမိန်းကလေးသည် သူတစ်ပါးကို အလွန်ယုံကြည်လွန်းသည်၊ သူသည် အတားအဆီးကို ဖျက်ဆီးနိုင်စွမ်းမရှိလျှင်ပင် သူမသည် မည်သည့် ခုခံကာကွယ်မှုမျှ မပြုဘဲ သူ့ရှေ့တွင် တရားမှတ်နေသည် မဟုတ်ပါလား...
အကယ်၍ သူသာ မကောင်းသော ရည်ရွယ်ချက်ရှိခဲ့ပါက သူမသည် သူ၏လက်ချက်ဖြင့် သေဆုံးပြီးလောက်ပြီ ဖြစ်ပေသည်။
စိတ်ကူးမျိုးစုံ ယုံယုံယုံယုံ တွေးတောပြီးနောက် ပျင်းရိလာသောကြောင့် စီဘီ၏ ဘေးတွင် ဝင်ထိုင်ကာ သူမကို ငေးကြည့်နေမိလေသည်။ စီဘီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရနံ့သည် ဖြူစင်သော မိန်းကလေးတစ်ဦး၏ ရနံ့ကဲ့သို့ပင် စံပယ်ပန်းဖြူရနံ့နှင့် တူလှပေသည်။
ထိုအခါ လုံယိသည် ညနေခင်းတွင် ရေချိုးနေသော အလှနတ်သမီးလေး၏ ပုံရိပ်ကို ပြန်လည်သတိရသွားပြီး သူ၏ ဒန်ထျန်အတွင်းမှ မကောင်းသော မီးတောက်များ တစ်ဖန် ပြန်လည်တောက်လောင်လာတော့သည်။
မကောင်းသော အတွေးများကို ပယ်ဖျက်ရန် ခေါင်းကို အသာအယာရမ်းခါလိုက်ပြီးနောက် လုံယိသည် မိမိကိုယ်တိုင်လည်း တရားကျင့်ကြံသင့်သလားဟု ရုတ်တရက် တွေးတောမိလေသည်။
အောက်ထျန်းကျင့်စဥ်၏ ပထမအဆင့်သို့ ရောက်ရှိပြီးနောက် အောက်ထျန်းကျင့်စဥ်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများတစ်လျှောက် အလိုအလျောက် လည်ပတ်နေပေသည်။
အကြောင်းရင်းမှာ သူ၏ ယခင်ဘဝက ဝိညာဉ်သည် အောက်ထျန်းကျင့်စဥ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အောက်ထျန်းကျင့်စဥ်ကို ပထမအဆင့်မှ ပဉ္စမအဆင့်အထိ တစ်ဖန်ပြန်လည်ကျင့်ကြံရခြင်းမှာ အခက်အခဲရှိမည်မဟုတ်ဘဲ၊ လက်ရှိတွင် တိုက်ပွဲဝင်မှုများမှတစ်ဆင့် ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နားလည်သဘောပေါက်ရန်သာ လိုအပ်တော့သည်ဟု ယူဆနိုင်ပေသည်။
ထို့ကြောင့် မှော်ပညာကို ကျင့်ကြံခြင်းက အောက်ထျန်းကျင့်စဥ်၏ တိုးတက်မှုနှုန်းကို နှောင့်နှေးစေမည်ကို စိုးရိမ်စရာမရှိတော့ပေ။
တရားကျင့်ကြံနည်းစာအုပ်ပါအတိုင်း လုံယိသည် မျက်လုံးများကို မှိတ်ကာ လေထုထဲရှိ မှော်အခြေခံဒြပ်စင်များ၏ ဝိညာဉ်စွမ်းအားများကို အာရုံခံ၍ ရှာဖွေလိုက်လေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် မီးဓာတ်မှော်ခန္ဓာကိုယ်ရှိသူသည် အနီရောင်ရှိသော မီးဓာတ်မှော်စွမ်းအင်များကို အများဆုံး စုပ်ယူနိုင်မည်ဖြစ်ပြီး၊ မြေဓာတ်ရှိသူဖြစ်ပါက အဝါရောင်ရှိသော မြေဓာတ်မှော်စွမ်းအင်များကို သဘာဝအတိုင်း အများဆုံး စုပ်ယူနိုင်မည်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။