no

Font
Theme

အခန်း (၆၀) - ဆိုးကျိုးရှိသော အမှောင်ကျောက်စိမ်း

တခဏမျှ ကြည့်နေပြီးနောက် လုံယိ၏ မျက်လုံးများ ရုတ်တရက် ဝေဝါးသွားကာ တဖြည်းဖြည်းနှင့် အနက်ရောင်များ ဖုံးလွှမ်းသွားလေသည်။ ထိုသို့သော အနက်ရောင် အမှောင်ထုထဲတွင် သူ အလွန်ဂုဏ်ယူရသော ညဘက်အမြင်အာရုံ စွမ်းရည်သည်ပင် အသုံးမဝင်တော့ပေ။

လုံယိသည် လှုပ်ရှားရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝလှုပ်ရှား၍မရကြောင်း သိလိုက်ရပြီး အော်ဟစ်ရန် ကြိုးစားသော်လည်း အသံတစ်ချက်မျှ ထွက်မလာခဲ့ပေ။

လုံယိ ကြောက်ရွံ့လာချိန်တွင်ပင် ထိုအမှောင်ထုအတွင်း၌ ကမ္ဘာပျက်မတတ် ပြင်းထန်သော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာလေသည်။

အဝေးတစ်နေရာမှ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားကာ အနီရောင်နှင့် အဝါရောင်များ တစ်လှည့်စီ ပေါက်ကွဲမှုဒဏ်ရာများ ဖြစ်ပေါ်လာခဲ့၏။

ထိုတုန်ခါမှုလှိုင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးနောက် အမှောင်ထုထဲတွင် သေးငယ်သော အလင်းစက်ကလေးများ စတင်ပေါ်ပေါက်လာကာ တစ်စတစ်စ များပြားလာပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ကျယ်ပြောလှသော ကြယ်စင်ကမ္ဘာကြီး ဖြစ်တည်လာလေသည်။

"ဒါ… ဒါက စကြဝဠာကြီး ဖြစ်တည်လာတာမျိုးလား…"

လုံယိ စိတ်ထဲမှ တွေးလိုက်မိ၏။ သူရှိခဲ့သော ယခင်ကမ္ဘာမှ သိပ္ပံပညာရှင် အများစုသည် စကြဝဠာကြီးသည် မဟာပေါက်ကွဲမှု တစ်ခုကြောင့် ဖြစ်ပေါ်လာသည်ဟူသော သီအိုရီကို ယုံကြည်ကြသည်။

မဟာပေါက်ကွဲမှု မတိုင်မီတွင် ဒြပ်ဝတ္ထုများနှင့် စွမ်းအင်များသည် စကြဝဠာအတွင်း၌ စုစည်းနေပြီး အလွန်သေးငယ်သော ထုထည်၊ အလွန်မြင့်မားသော အပူချိန်နှင့် အမြင့်ဆုံး သိပ်သည်းဆရှိသော အခြေအနေတွင် ရှိနေခဲ့သည်ဟု ယူဆကြပေသည်။

ထို့နောက် မဟာပေါက်ကွဲမှု ဖြစ်ပေါ်လာသောအခါ ဒြပ်ဝတ္ထုအားလုံးသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး စကြဝဠာ ဟင်းလင်းပြင်သည် အဆက်မပြတ် ကျယ်ပြန့်လာခဲ့သည်။

ထိုသို့ အပူချိန်များ ပြန်လည် အေးခဲသွားသောအခါ ပျံ့နှံ့သွားသော ဒြပ်ဝတ္ထုများသည် ဂလက်ဆီများ၊ ဂြိုဟ်များ၊ ကြယ်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြခြင်း ဖြစ်လေသည်။

လုံယိသည် နားမလည်နိုင်အောင် ဖြစ်နေ၏။ သူသည် အခြေအနေကောင်းမွန်သော နက်ရှိုင်းသည့် ရေကန်အောက်ခြေရှိ ခန်းမကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေခြင်းဖြစ်ရာ ဤကဲ့သို့သော စိတ်အာရုံမှားမှုမျိုး မည်သို့ဖြစ်ပေါ်လာနိုင်ပါသနည်း...

ထိုသို့ဖြင့် ကျယ်ပြောလှသော ကြယ်စင်ကမ္ဘာကြီးကို ငေးမောကြည့်နေရင်း လုံယိသည် အချိန်မည်မျှ ကုန်လွန်သွားသည်ကို မသိတော့ပေ။ စက္ကန့်အနည်းငယ်မျှ ဖြစ်နိုင်သကဲ့သို့ နှစ်ပေါင်း သန်းပေါင်းများစွာလည်း ကြာမြင့်သွားနိုင်ပေသည်။

ရုတ်တရက် ကောင်းကင်အနှံ့ရှိ ကြယ်များအားလုံးသည် ဥက္ကာခဲမိုးများကဲ့သို့ မြေပြင်သို့ စတင်ကျဆင်းလာလေသည်။

လုံယိသည် ထိုလှပသော မြင်ကွင်းတွင် နစ်မျောနေစဉ် ကြယ်များ ကျဆင်းလာသည့် အရှိန်သည် ပို၍ပို၍ မြန်လာပြီး တစ်လုံးပြီးတစ်လုံး တိုက်မိကာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာခဲ့၏။ ထိုပေါက်ကွဲမှု ဧရိယာသည် ပို၍ပို၍ ကြီးမားလာပြီး စကြဝဠာတစ်ခုလုံးသို့ တဖြည်းဖြည်း ပြန့်နှံ့သွားလေသည်။ ထို့နောက် ကမ္ဘာပျက်မတတ် ပြောင်းလဲမှုတစ်ခု ထပ်မံဖြစ်ပေါ်လာပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးသည် အမှောင်ထုအတွင်းသို့ ပြန်လည် နစ်မြုပ်သွားခဲ့တော့သည်။

"အမှောင်ထုတစ်ခုတည်းသာ ထာဝရတည်မြဲတာမျိုးတော့ မဖြစ်နိုင်ဘူး…"

လုံယိ တစ်ယောက် ငေးမောနေမိလေသည်။ အကြောင်းပြချက်မရှိဘဲ ဤကဲ့သို့သော အတွေးမျိုးက လုံယိ၏ စိတ်အာရုံထဲတွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။

ယခုအခါ သူ၏ မျက်လုံးများက တစ်ဖန် ပြန်လည်ဝေဝါးလာပြန်ရာ လုံယိသည် မျက်လုံးများကို ပွတ်သပ်ပြီး ကြည့်လိုက်လေသည်။ သို့သော် သူသည် ထိုလျှို့ဝှက်ဂူ၏ ခန်းမထဲတွင်သာ လဲလျောင်းနေဆဲဖြစ်ပြီး အမိုးချွန်ကိုသာ ကြည့်နေရဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။ မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိပေ။

ကြမ်းတမ်းသော လျှပ်စီးသားရဲသည်လည်း သူ့ဘေးတွင် ပတ်ချာလည် ပြေးလွှားနေဆဲဖြစ်ရာ အရာအားလုံးက ပုံမှန်အတိုင်းပင် ရှိနေလေသည်။ စကြဝဠာ ပေါက်ကွဲမှုကြီးက ဘယ်နားမှာ ရှိနေတာလဲ…

"ငါ ခုနက အိပ်ပျော်သွားပြီး စကြဝဠာ ပေါက်ကွဲမှုအကြောင်း အိပ်မက်မက်ခဲ့တာများလား…"

လုံယိသည် ရုတ်တရက်ခုန်ထကာ မတ်တပ်ရပ်လိုက်လေသည်။ ထိုအကြောင်းပြချက်ကသာ ယုတ္တိအရှိဆုံး ဖြစ်နေပေသည်။

"အယ်… ဒါက ဘာလဲ…" လုံယိသည် သူ ခုနက လဲလျောင်းခဲ့သော နေရာကို စိုက်ကြည့်လိုက်၏။ ထိုနေရာတွင် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အချိုင့်ရှည်တစ်ခု ပေါ်လာသည်ကို တွေ့ရလေသည်။

သူ လဲလျောင်းစဉ်က ထိုကဲ့သို့ အရာမျိုး မရှိခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသည် မဟုတ်ပါလား...

လုံယိသည် ဆောင့်ကြောင့်ထိုင်ကာ လက်ကိုဆန့်ထုတ်၍ ထိုအချိုင့်အတွင်းပိုင်းကို စမ်းသပ်ကြည့်သော်လည်း မည်သည့်စက်ကိရိယာမျိုးကိုမျှ ရှာမတွေ့ခဲ့ပေ။ သို့သော် ဤအချိုင့်၏ ပုံသဏ္ဌာန်မှာ အလွန်ရင်းနှီးနေသည်ဟု သူခံစားရ၏။

ရုတ်တရက် သူ၏ ဦးနှောက်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာပြီး သိုလှောင်လက်စွပ်အတွင်း၌ အလျင်အမြန် ရှာဖွေကာ သွေးရောင်ခြယ် ဦးခေါင်းခွံနှင့်အတူ ရရှိခဲ့သော ရုပ်ဆိုးလှသည့် အနက်ရောင် မှော်တုတ်တံကို ထုတ်ယူလိုက်လေသည်။

၎င်း၏ ပုံသဏ္ဌာန်မှာ ဤအချိုင့်နှင့် အတိအကျ တူညီနေပေသည်။ အမှောင်နတ်ဘုရား၏ စွမ်းအားများ ပိတ်လှောင်ထားသည်ဟု ဆိုကြသော ဤမှော်တုတ်တံသည် ဤနယ်ပယ်၏ သော့ချက် ဖြစ်နေသည်လား…

လုံယိသည် တွန့်ဆုတ်မနေဘဲ မှော်တုတ်တံကို ထိုအချိုင့်ထဲသို့ အံကျစွာ ထည့်လိုက်လေသည်။ ထိုအခါ အနက်ရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး အတွင်းဘက် နံရံမှ ဂီယာများ လည်ပတ်နေသော အသံများ ထွက်ပေါ်လာကာ မကြာမီတွင် ထိုနံရံသည် တစ်ဖက်သို့ လန်ကျသွားခဲ့၏။

ယခုအခါ လုံယိ၏ မျက်စိရှေ့တွင် အနက်ရောင် အဝတ်အစားများဖြင့် ပတ်တုပ်ထားသော၊ ကြည့်ရုံနှင့်တင် ခန့်ညားထည်ဝါလှသည့် လူသားရုပ်တုတစ်ခု ပေါ်လာလေသည်။ နက်မှောင်နေသော မျက်လုံးနှစ်လုံးနှင့် လက်မောင်းများကိုသာ ဖော်ပြထားခြင်း မဟုတ်ပါက ဤရုပ်တုသည် လူသားရုပ်တုနှင့်ပင် မတူပေ။

ဤရုပ်တုကို မြင်လိုက်ရချိန်တွင် လုံယိသည် အတော်ပင် သတိထားမိသွား၏။ ၎င်းသည်လည်း အလားတူ ပြန်လည်ရှင်သန်လာပြီး သူ့ကို တိုက်ခိုက်မည်ကို အလွန်စိုးရိမ်မိပေသည်။

သို့သော် ရုပ်တု၏ ညာဘက်လက်တွင် ကိုင်ထားသောအရာကို မြင်လိုက်ရသောအခါတွင်မူ အနားသို့ ချဉ်းကပ်ရန် စိတ်ကူးကို ဖျောက်ပစ်လိုက်လေသည်။

ရုပ်တု၏ ညာဘက်လက်သည် အနက်ရောင် အရှိန်အဝါများ ပြင်းထန်စွာ ထွက်ပေါ်နေသော အနက်ရောင် ကျောက်စိမ်းတုံးလေးတစ်ခုကို ညှပ်ထားလေသည်။

အရောင်နှင့် အရှိန်အဝါ ကွဲပြားသည်မှအပ ထိုကျောက်စိမ်းတုံး၏ ပုံသဏ္ဌာန်မှာ မြေဝက်ဝံ၏ ဝမ်းဗိုက်ထဲမှ သူထုတ်ယူခဲ့သော အဖြူရောင် ကျောက်စိမ်းတုံးနှင့် အတိအကျ တူညီနေပေသည်။

လုံယိသည် လူအဖြစ်နေပါစေ၊ ဤကျောက်စိမ်းတုံး နှစ်ခုကြားတွင် တစ်စုံတစ်ရာ ဆက်နွှယ်မှုရှိနေမည်ကို သိနိုင်ပေသည်…

လုံယိသည် မြေပြင်ပေါ်သို့ ခြေတစ်ချက် အသာအယာ ရှင်းလိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားကာ ရုပ်တု၏လက်ထဲရှိ အနက်ရောင် ကျောက်စိမ်းတုံးလေးဆီသို့ လက်လှမ်းယူလိုက်လေသည်။

ထူးဆန်းသည်မှာ ထိုအနက်ရောင် ကျောက်စိမ်းတုံးလေးသည် ရုပ်တု၏လက်ထဲမှ ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် ခေါင်မိုးပေါ်တွင် အပေါက်ငယ်လေးများစွာ ပေါ်လာပြီး အပေါက်တိုင်းမှ အပြာရောင်အလင်းတန်းများ အောက်သို့ ဖြာကျလာခဲ့၏။

ထိုအလင်းတန်းများသည် မြေပြင်ပေါ်တွင် အလင်းပုံရိပ်တစ်ခုကို ဖန်တီးလိုက်ပြီး အစက်အပြောက်များ တစ်ခုပြီးတစ်ခု ဆက်သွယ်သွားသောအခါတွင်မူ ကြီးမားသော မှော်အစီအရင်တစ်ခု ဖြစ်တည်လာတော့သည်။

လုံယိသည် အတိုင်းမသိ ဝမ်းသာသွားပြီး ဤမှော်အစီအရင်သည် ဤဟင်းလင်းပြင်မှ ထွက်ပေါက်ဖြစ်မည်ဟု တွေးတောလိုက်၏။

သူသည် အနက်ရောင် ကျောက်စိမ်းတုံးကို သိုလှောင်လက်စွပ်ထဲသို့ ပစ်ထည့်ကာ ခရမ်းငွေရောင် ပီကင်းခွေးသားရဲကို ပိုက်၍ ထွက်ပေါက်ဆီသို့ ပြေးသွားလေသည်။

ထိုထွက်ပေါက်ဝတွင် အသက်ရှင်ကျန်ရစ်သူ ငါးဦး ရပ်နေသည်ကို မြင်လိုက်ရသောအခါ လုံယိ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

သူသည် ခရမ်းငွေရောင် ပီကင်းခွေးသားရဲကို ထိုသူများကို သတ်ခွင့်မပြုခဲ့ခြင်းမှာ သူတို့၏ စွမ်းအားများကို သဘောကျနေသောကြောင့်ပင် ဖြစ်ပေသည်။ အားလုံးသည် မဟာဓားသခင်နှင့် အထွတ်အထိပ် မဟာမှော်ဆရာ အဆင့်များသို့ ရောက်ရှိနေကြသူများ ဖြစ်ကြ၏။

လုံယိသည် ဘီတေးရှီဂူ ချန်ထားခဲ့သော မသေမျိုးမှော်ပညာ စွယ်စုံကျမ်းထဲမှ ‘ခုနစ်မျိုးတိုက်ခိုက်ရေး ရုပ်သေးဖန်တီးနည်း’ ကို သတိရသွားလေသည်။

ဤနည်းလမ်းဖြင့် ရုပ်သေးဖန်တီးရန် ပထမဆုံး လိုအပ်ချက်မှာ ဝိညာဉ်ကို ဖျက်ဆီးပစ်ရန်ဖြစ်ရာ လုံယိက အလွန်ရက်စက်သည်ဟု ထင်ခဲ့သော်လည်း ယခုမူ ထိုသူများ၏ ဝိညာဉ်များမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး စွမ်းအားများလည်း မြင့်မားနေသောကြောင့် ခုနစ်မျိုးတိုက်ခိုက်ရေး ရုပ်သေးများအဖြစ် ဖန်တီးရန် အလွန်ကောင်းမွန်သော ပစ္စည်းများ ဖြစ်နေပေသည်။

နောင်တွင် တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်လာပါက ခရမ်းငွေရောင် ပီကင်းခွေးသားရဲကိုသာ အမြဲအားကိုးနေလျှင် ၎င်း၏မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သဖြင့် ဤရုပ်သေးများက ပို၍ အသုံးဝင်လိမ့်ပေမည်။

သူတို့သည် အနာဂတ်တွင် ဝတ်ရုံများခြုံ၍ သူ၏အမိန့်ကို နာခံနိုင်မည်ဖြစ်ပြီး အလုပ်ပြီးမြောက်သည်နှင့် သူ၏ အမှောင်နေရာလွတ်ထဲသို့ ပြန်လည်ခေါ်ယူနိုင်မည်ဖြစ်ရာ နတ်ဘုရားများပင် သိနိုင်မည်မဟုတ်ပေ။

ဤကဲ့သို့တွေးတောရင်း လုံယိသည် ထူးဆန်းစွာ ရယ်မောလိုက်လေသည်။ ထို့နောက် ခရမ်းငွေရောင် ပီကင်းခွေးသားရဲအား လျှပ်စီးများဖြင့် ထိုသူအားလုံးကို ချုပ်နှောင်ရန် အမိန့်ပေးကာ သူ၏ အမှောင်နေရာလွတ်ထဲသို့ ပစ်ထည့်လိုက်၏။

နက်ရှိုင်းသော ရေကန်အောက်ခြေရှိ ဂူဆီသို့ ပြေးသွားစဉ်တွင် ထူးဆန်းသော ငါးများက ယခင်အတိုင်း ကူးခတ်နေကြသည်ကို တွေ့ရပြန်သည်။ လာတုန်းက အတွေ့အကြုံရှိပြီးသားဖြစ်သဖြင့် လုံယိသည် ရင်းနှီးသောလမ်းပေါ်တွင် မောင်းနှင်နေသကဲ့သို့ပင် ဝိညာဉ်လမ်းကြောင်းတစ်ခု ဖန်တီးကာ အပေါ်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။

ရေအောက်မှ အပေါ်သို့ ပြန်တက်ခြင်းသည် အောက်သို့ ငုပ်လျှိုးဆင်းသက်ခြင်းထက် အဆပေါင်းများစွာ ပို၍ ခက်ခဲလှပေသည်။ ရေဖိအား၏ ပြောင်းပြန်သက်ရောက်မှုကြောင့် လုံယိသည် အောက်သို့ဆင်းစဉ်ကထက် အတွင်းအား နှစ်ဆပို၍ အသုံးပြုခဲ့ရ၏။

အတွင်းအားများ ပိုမိုကုန်ခမ်းသွားသည်နှင့်အမျှ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသော အကာအကွယ်များ လျော့နည်းသွားရာ အလွန်အမင်း အေးစိမ့်လာပြီး လုံယိ တစ်ကိုယ်လုံး တုန်ရီနေတော့လေသည်။

နောက်ဆုံးတွင် လုံယိသည် ရေမျက်နှာပြင်ကို အရှိန်ဖြင့် ဖောက်ထွက်လာပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

ရေကန်ဘေးတွင် ရပ်နေသော အရိုးစု ၁၇ ခုကိုသာ မြင်တွေ့ရပြီး လင်ယိုယိုမှာမူ အရိပ်အယောင်ပင် မရှိဘဲ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်သည်။ လုံယိ အံ့အားသင့်သွားရ၏။ သူမအား ဟိုဒီလျှောက်မသွားရန် သူ အတိအလင်း ပြောထားခဲ့သည် မဟုတ်ပါလား...

ဤအရိုးစု ၁၇ ခုသည် သူမ၏ အမိန့်ကို နားထောင်မည်မဟုတ်ဘဲ ဤအေးစက်သော ရေကန်ဘေးတွင်သာ တည်ရှိနေမည်ဖြစ်ပြီး၊ မှော်သားရဲများက ၎င်းတို့၏ နယ်မြေစည်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှသာ သတ်ဖြတ်မည် ဖြစ်ပေသည်။

အအေးဒဏ်ကိုပင် မဖြေဖျောက်နိုင်သေးမီ လုံယိသည် လင်ယိုယို၏ အမည်ကို အော်ဟစ်ခေါ်ပြီး နေရာအနှံ့သို့ အလျင်အမြန် ရှာဖွေတော့လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment