အခန်း (၃) ကျူးကဲ မိသားစု
လီကွေ့သိုင်သည် အိမ်သို့ အပြေးအလွှား ပြန်လာခဲ့ရရာ.. သူ၏ အရှိန်မှာ ရွာအဝင်ဝတွင် လမ်းဘေးခွေး တစ်ဒါဇင်မက လိုက်ကိုက်ခြင်း ခံနေရသည့် အာပေါင်စိ ထက်ပင် မနိမ့်လှပေ။
(ရွာထဲက ကလေးနာမည် အာပေါင်စိ)
"ဒုန်း..." သူသည် ဖင်ဖြင့် အိမ်တံခါးကို ဆောင့်တွန်းဖွင့်လိုက်ပြီး ခြေထောက်ဖြင့် ပြန်ရိုက်ပိတ်လိုက်ရာ လှုပ်ရှားမှုမှာ အလွန်ပင် ကျွမ်းကျင်ချောမွေ့လှသဖြင့် အရေးပေါ်အခြေအနေများကို ခဏခဏ ရင်ဆိုင်ဖူးကြောင်း သိသာလှသည်။
ဖခင်ဖြစ်သူ လီကျန်းထိုမှာ အိမ်တွင် မရှိပေ။
"မင်းကြက်က ငါ့ဟင်းသီးဟင်းရွက်တွေကို လာဆိတ်တယ်" ဆိုသည့် နိုင်ငံတကာ ပြဿနာမျိုးကို သွားရောက်ဖြေရှင်းပေးနေခြင်း ဖြစ်နိုင်သည်။
နောက်ဖေးရှိ ရေတွင်းဆီသို့ အပြေးအလွှား သွားလိုက်ပြီး ရေထဲတွင် သူ၏ ပုံရိပ်ကို ကြည့်လိုက်ရာ... ဆံပင်များမှာ ကပ်နေပြီး မျက်နှာတွင်လည်း "ရွှေအတိပြီးသော ချပ်ဝတ်တန်ဆာ" ဖုံးလွှမ်းနေကာ အဝတ်အစားများမှာလည်း စုတ်ပြတ်နေလျက် ဟင်းချိုများ စီးကျနေသဖြင့် သူ၏အသက်ပင် နောက်တစ်ကြိမ် ထွက်သွားတော့မလို ဖြစ်သွားရသည်။
"ငါ့နှယ် ဘဝဆိုးလှချည်ရဲ့..." သူသည် ရေပုံးကို ဆွဲယူ၍ ရေခတ်လိုက်ရင်း ရေရွတ်လိုက်သည်။
"ဗွမ်း..." ရေအေးအေး တစ်ပုံးကို ခေါင်းပေါ်သို့ လောင်းချလိုက်ရာ မျက်နှာချက်ချင်း ပျက်သွားပြီး သုံးပေခန့် မြင့်အောင် ခုန်တက်သွားရသည်။
"ရှူး... ကောင်းလိုက်တာ..." မကောင်းသော ကံကြမ္မာ ၂၅ နှစ်စာနှင့် ခုနက ရရှိခဲ့သော "အပိုဆောင်း အသားအရေ ထိန်းသိမ်းမှု" တို့ကို ဆေးကြောပစ်ချင်သကဲ့သို့ အသည်းအသန် ပွတ်သပ် ဆေးကြောလိုက်သည်။
【ချစ်ရပါသောပိုင်ရှင်ရေ.. သတိပေးလိုက်ပါရစေနော်... ရှေးဟောင်း ကျောက်ကပ်ခန္ဓာမှာ ကိုယ်တိုင် သန့်စင်စနစ် ပါဝင်ပေမဲ့ မင်းပြုတ်ကျခဲ့တဲ့ 'အာဟာရဓာတ်တွင်း' ကသိပ်ကို ပြင်းထန်လွန်းလို့ ကိုယ်တိုင် လက်နဲ့ ပွတ်တိုက်ပေးဖို့ လိုပါတယ်နော်】 စနစ်၏ အသံတွင် ရီသံရောနှောနေလေသည်။
"ပါးစပ်ပိတ်ထားစမ်း... နင့်ရဲ့ ရောက်ရှိလာတဲ့ အခြေအနေတွေက အဆင်မပြေလို့ အခုလို ဖြစ်ရတာ..." လီကွေ့သိုင်သည် စိတ်ထဲမှ ပြန်လည် တုံ့ပြန်လိုက်ရင်း သူ၏ လက်မောင်းပေါ်ရှိ "ဂျီးဟောင်း" များကို အားရပါးရ ပွတ်ထုတ်လိုက်သည်။
ခနကြာပြီးနောက်…
သူသည် သန့်ရှင်းသော မီးခိုးရောင် အဝတ်အစားကို လဲလှယ်လိုက်ရာ သာမန် ရွာသူရွာသားများ၏ ဝတ်စုံပင် ဖြစ်သော်လည်း ပြောမပြတတ်အောင်ပင်... ပိုမို တက်ကြွလန်းဆန်းလာသလို ထင်လိုက်ရသည်။
သူသည် ရေတွင်းဘေးတွင် မတ်တပ်ရပ်ရင်း ခန္ဓာကိုယ်အတွင်းရှိ တဟုန်ထိုး စီးဆင်းနေသော စွမ်းအင်များကို ခံစားလိုက်ရသည်။ အထူးသဖြင့် ခါးအောက်ပိုင်းတွင် မီးဖိုငယ်လေး နှစ်ခု ရှိနေသကဲ့သို့ ပူနွေးငြိမ်းအေးနေပြီး စွမ်းအင်များကို မနားတမ်း ထောက်ပံ့ပေးနေခဲ့သည်။
"ဟဲဟဲ.. ဒီကျောက်ကပ်ကတော့... တကယ့်ကို အလန်းစားပဲ..." သူသည် ခါးကို ဂုဏ်ယူစွာဖြင့် ပုတ်လိုက်သည်။
"နောက်ဆို ငါ့ကို... ကျီချိုက်ကျေးရွာရဲ့ ကျောက်ကပ် စစ်သူကြီးလို့ ခေါ်ကြစမ်း..."
သူသည် အထဲသို့ ပြန်ဝင်၍ အလွန်ပင် စွမ်းအားကြီးပုံရသော "ရှေးဟောင်း ကျောက်ကပ်ခန္ဓာ ကျင့်စဉ်" ကို သေချာ လေ့လာရန်နှင့် နောင်တစ်ချိန်တွင် တောင်ပိုင်း သက်ကြီးရွယ်အို ဂေဟာကို လက်သီးဖြင့်ထိုး.. မြောက်ပိုင်း စာသင်ကျောင်းကို ခြေထောက်ဖြင့်ကန်မည့် သာယာသော မြင်ကွင်းကို စိတ်ကူးယဉ်ရန် ပြင်လိုက်စဉ်မှာပင်...
"ဝူး...ဗလူး "
အပြင်းအထန် ဝမ်းချုပ်နေသူတစ်ဦး၏ အားစိုက်သံကဲ့သို့ နက်ရှိုင်း၍ အသံဗလံမရှိသော အသံကြီးတစ်ခုသည် မိုးကုတ်စက်ဝိုင်းဆီမှ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။
ထိုအသံသည် နားမှတစ်ဆင့် ကြားရခြင်းမဟုတ်ဘဲ ဝိညာဉ်ထံသို့ တိုက်ရိုက် သက်ရောက်လာခြင်းဖြစ်ရာ ဦးရေပြားများ စိမ့်ခနဲဖြစ်သွားပြီး နှလုံး.. အသည်း.. သရက်ရွက်.. အဆုတ်နှင့် ကျောက်ကပ်တို့ပါ တုန်လှုပ်သွားရသည်။
ကျီချိုက်ကျေးရွာမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သဘ်။
"ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ... မိုးကောင်းကင်ကြီး ပြိုကျလာတာလား..."
"ဘုရားသခင်... ဒါက မိုးကြိုးပစ်တာလား.. ဒါမှမဟုတ် နတ်ဘုရားက လေလည်လိုက်တာလား..."
ရွာသူရွာသားများသည် အိမ်များထဲမှ အော်ဟစ်ငိုယိုကာ ပြေးထွက်လာကြပြီး ခေါင်းကို မော့ကြည့်ရင်း မျက်နှာများတွင် ဇတေဇဝါဖြစ်မှုနှင့် ထိတ်လန့်မှုတို့ ရောနှောနေကြသည်။
လီကွေ့သိုင်သည်လည်း ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ... ပါးစပ်မှာ "O" ပုံသဏ္ဌာန် ပွင့်သွားမိတော့သည်။
ပြာလွင်နေသော ကောင်းကင်ကြီးသည်.. ဆိုးပေသော ကလေးတစ်ဦး ဆုတ်ဖြဲလိုက်သည့် အပြာရောင် အထည်စကဲ့သို့ ဖြစ်သွားခဲ့သည်။
တိမ်တိုက်များမှာ ကြမ်းတမ်းစွာ ပွင့်ထွက်သွားပြီး ဘဝကိုပင် သံသယဝင်သွားစေလောက်အောင် ကြီးမားလှသော ပျံသန်းရေး သင်္ဘောကြီးတစ်စင်းသည် ဖြည်းညှင်းစွာ တိမ်တိုက်များကို ထိုးဖောက်ကာ ကျီချိုက်ကျေးရွာဆီသို့ ဦးတည်ဆင်းလာခဲ့လေသည်။
ကြီးလိုက်တာ.. တကယ်ကို ကြီးလိုက်တာ..
ပျံသန်းရေး သင်္ဘောကြီးသာ ပြုတ်ကျလာပါက ဂန်လုမြို့ တစ်ခုလုံးကို ချိုင့်ဝှမ်းကြီးတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်သည်ဟု လီကွေ့သိုင် ခံစားလိုက်ရသည်။
သင်္ဘောကြီးမှာ တစ်ခုလုံး အနက်ရောင်ဖြစ်ပြီး အစွန်းများတွင် အေးစက်သော သတ္တုအလင်းရောင်များ လက်နေသည်။
ကျရောက်နေသော အရိပ်ကြီးမှာ အိုးဖုံးကြီးတစ်ချပ်ကဲ့သို့ ကျီချိုက်ကျေးရွာအပေါ်သို့ အုပ်မိုးသွားရာ ကောင်းကင်ကြီးမှာ ချက်ချင်းပင် မှောင်မိုက်သွားခဲရသည်။
ပျံသန်းရေး သင်္ဘော၏ အရှေ့ဘက်ဆုံးတွင် ချွန်ထက်သော သင်္ဘောဦး မဟုတ်ဘဲ ပြူးကျယ်နေသော ကြေးခေါင်းလောင်း ပုံသဏ္ဌာန် မျက်လုံးကြီးများပါရှိသည့် ကြောက်မက်ဖွယ်ရာ သားရဲခေါင်း ရုပ်တုကြီး ရှိနေသည်။
သားရဲခေါင်း၏ အထက်တွင် မည်သူမျှ မမြင်ဘဲ မနေနိုင်အောင် ပြုလုပ်ထားသကဲ့သို့ တောက်ပလှသော ရွှေရောင် စာလုံးကြီး နှစ်လုံးရှိတေလေသည်။
"ကျူးကဲ"
ထိုစာလုံး နှစ်လုံးကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် လီကွေ့သိုင်သည် သူ၏နှလုံးသားမှာ ဒစ္စကို ကလပ်ထဲသို့ ရောက်သွားသကဲ့သို့ အပြင်းအထန် တုန်လှုပ်သွားရတော့သည်။ ဖော်ပြ၍မရနိုင်သော ဖိအားကြီးကြောင့် သူ၏ ခြေထောက်များပင် တုန်ယင်လာခဲ့ရလေသည်။
"ရွှေအမြုတွေအဆင့် ကျင့်ကြံသူကြီး..." လီကွေ့သိုင် စကားထစ်သွားရသည်.. "ဒီ ရောက်ရှိလာတဲ့ အထူးပြုလုပ်ချက်ကတော့... ရေကုန်ရေခန်း သုံးထားတာပဲ..."
ရွာသူရွာသားများ၏ ထက်ဝက်မှာ ကြောက်လန့်လွန်း၍ မလှုပ်ရှားနိုင်အောင် ဖြစ်သွားကြပြီး ကျန်ထက်ဝက်မှာမူ ကြက်များ စပါးစေ့ ကောက်စားနေသကဲ့သို့ အသည်းအသန် ဦးတိုက်ရှိခိုးရင်း "နတ်ဘုရားကြီး.. ကျွန်တော်တို့ကို သနားပါဦး..." နှင့် "နတ်ဘုရားကြီး.. တန်ခိုးပြတော်မူပါဦး..." ဟု အော်ဟစ်နေကြလေသည်။
ပျံသန်းရေး သင်္ဘောကြီးသည် ရွာ၏အထက်တွင် စောင့်ကြည့်ရေး ဒရုန်းကြီးတစ်လုံးကဲ့သို့ ဝဲပျံနေခဲ့သည်။
ထို့နောက် အလင်းတန်းတစ်ခုသည် "ရှူး..." ဟုဆိုကာ စိုက်ဆင်းလာပြီး အပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်များကို သေချာ သပ်သပ်ရပ်ရပ် ဖြီးလိမ်းထားသည့် အဘိုးအိုတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ၏ မျက်နှာပေးမှာမူ တစ်စုံတစ်ယောက်က သူ့ထံမှ ဝိညာဉ်ကျောက်တုံး ရှစ်ရာခန့် အကြွေးတင်နေသကဲ့သို့ပင် ဖြစ်သည်။
သူသည် လေထဲတွင် လွင့်မျောနေပြီး အဝတ်အစားများပင် လှုပ်ရှားခြင်းမရှိဘဲ မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ကာ.. သူ၏ နောက်ကွယ်တွင်မူ ကော်ပီ ကူးထားသကဲ့သို့ တစ်ပုံစံတည်း တူညီနေကြသော မျက်နှာသေနှင့် တပည့်ငယ် နှစ်ဦး လိုက်ပါလာခဲ့သည်။
အဘိုးအို၏ မျက်လုံးများမှာ ရှာဖွေရေး မီးဆလိုက်များကဲ့သို့ အောက်ခြေရှိ တုန်ယင်နေသော ရွာသူရွာသားများအပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ သူ၏ အသံမှာ မကျယ်လောင်လှသော်လည်း လူတိုင်း၏ နားထဲတွင် တိုက်ရိုက် ပြောဆိုလိုက်သကဲ့သို့ ကြားရသည်...
"ငါကတော့ ကျူးကဲ မိသားစုရဲ့ နံပါတ် (၇) အကြီးအကဲ ကျူးကဲထိုက် ဖြစ်တယ်"
ကျူးကဲ မိသားစုတဲ့လား။
ရွာသူရွာသားများ၏ ထိတ်လန့်စွာ အသက်ရှူသွင်းလိုက်သည့် အသံကြောင့် ထိုနေရာတွင် အောက်ဆီဂျင် ပျောက်ဆုံးသွားသကဲ့သို့ပင် ဖြစ်သွားရသည်။
ကျူးကဲထိုက်သည် မိုးလေဝသ ခန့်မှန်းချက် ထုတ်ပြန်သည့် လေသံဖြင့် ဆက်လက်ပြောကြားသည်…
"မိသားစုရဲ့ အမိန့်အရ ငါတို့ဟာ ဒီနေရာက ပါရမီရှင်များကို ရွေးချယ်နေခြင်း ဖြစ်တယ် အသက်သုံးဆယ်အောက် ဖြစ်ပြီး လူသတ်မှုနဲ့ မီးရှို့မှု မကျူးလွန်ဖူးတဲ့ အဆင့် (၉) ဝိညာဉ်အမြစ် အဆင့်မြင့်.. အလယ်.. အဆင့်နိမ့်…မရွေးဘူး မည်သူမဆို ငါရဲ့ ကျူးကဲ မိသားစုသို့ ဝင်ရောက်နိုင်ပြီး... အင်း.. သမက် ဖြစ်လာနိုင်ပါတယ်"
"သမက်" ဆိုသည့် စကားလုံး ထွက်ပေါ်လာသည့် ခဏတွင် တိတ်ဆိတ်သွားခဲ့ပြီး ထို့နောက်တွင်မူ...
"ဝူး..."
လူအုပ်ကြီးမှာ အပြင်းအထန် စိတ်လှုပ်ရှားသွားကြတော့သည်။
ရွာအဝင်ဝမှ ဝမ်မုဆိုးမကြီး နောက်အိမ်ထောင်ပြုမည်ဟု သတင်းကြားစဉ်ကထက်ပင် ပိုမို စိတ်လှုပ်ရှားနေကြသည်။
သမက်ဟုတ်လား…
ကျူးကဲ မိသားစု၏ သမက် ဖြစ်လာရမှာလား..
ဒါဟာ ကြက်တစ်ကောင် အမြင့်သို့ ပျံတက်သွားပြီး... ဒဏ္ဍာရီလာ ငှက်မြတ် သမက်ကြီး ဖြစ်လာရတာနဲ့ တူတူပဲ…
"ရွေးချယ်ခံရသူရဲ့ မိသားစုဝင်များသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀နဲ့ ချီစုစည်းခြင်းဆေးပြား ၃ ပြား ရရှိမယ်" ကျူးကဲထိုက်က ဖြည်းဖြည်းချင်း ထပ်မံဖြည့်စွက်လိုက်သည်။
ဝုန်း...
ဒါကတော့ တကယ့်ကို ရူးသွပ်စရာပဲ..
"နတ်ဘုရားကြီး... ကျွန်တော့်သားကို ရွေးပေးပါ... သူက သန်မာတယ်... သူ စားနိုင်တယ်... မဟုတ်ဘူး.. သူ အလုပ်လုပ်နိုင်ပါတယ်..."
"နတ်ဘုရားကြီး.. ကျွန်မရဲ့ သမီးလေးကို ကြည့်ပါဦး... သူမရဲ့ ဝိညာဉ်အမြစ်က အကောင်းဆုံး မဟုတ်ပေမဲ့ သူမက အလွန် လိမ္မာပါတယ်..."
"ကျွန်တော်... ကျွန်တော်... ကျွန်တော့်အသက်က ၂၉ နှစ်နဲ့ ၁၁ လပါ... အသက် ၃၀ အောက်လို့ သတ်မှတ်လို့ ရပါသေးတယ်..."
မြင်ကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားရပြီး ရွာသူရွာသားများသည် တိုးဝှေ့တွန်းထိုးကြကာ သူတို့၏ ကလေးများကို (သို့မဟုတ် မိမိတို့ကိုယ်တိုင်) ထိုနေရာတွင်ပင် ပျံသန်းရေး သင်္ဘောပေါ်သို့ ထည့်ပေးလိုက်ချင်ကြသည့်အတိုင်း ဖြစ်နေကြတော့သည်။
လီကွေ့သိုင်သည် အိမ်တံခါးဝတွင် မတ်တပ်ရပ်နေရင်း သူ၏ နှလုံးသားမှာ နောက်တစ်ကြိမ် ထိန်းမရအောင် တုန်လှုပ်လာခဲ့ရသည်။
အိမ်ပါသမက်... ဘာလို့ နောက်တစ်ကြိမ် အိမ်ပါသမက် ဖြစ်ရတာလဲ... ဒါက တကယ့်ကို ဒုက္ခများတဲ့ ကိစ္စပဲ...
【ဒင်... လက်ခံသူသည် ဘဝ၏ အဓိက ဆုံးဖြတ်ချက်တစ်ခုကို ရင်ဆိုင်နေရကြောင်း စာရင်းသွင်းလိုက်ပါပြီ.. အချိန်ကန့်သတ် တာဝန် 'သမက်၏ ရည်မှန်းချက်' ကို ထုတ်ပြန်လိုက်ပါပြီ...】
【တာဝန် လိုအပ်ချက်များ - ဇနီးတစ်ဦးကို အောင်မြင်စွာ ရယူပါ (လူမျိုး မကန့်သတ်ပါ.. အမျိုးအစား- အမျိုးသမီး ဖြစ်ဖို့ အကြံပြုပါသည်)】
【တာဝန် ဆုလာဘ်များ - အခြေခံအုတ်မြစ် ဆေးပြား ၁ ပြား... အဆင့်မြင့် ချီစုစည်းခြင်းဆေးပြား ၁၀ ပြား...】
【မှတ်ချက် - လူငယ်လေး.. အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ကို မရည်မှန်းတဲ့ သမက် တစ်ယောက်ဟာ တကယ့် ကျောက်ကပ်စစ်သူကြီး မဟုတ်ပါဘူး...အဆင်မြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြားတစ်ပြားဟာ မင်းရဲ့ နှစ်တစ်ရာစာ အပင်ပန်းခံ ကျင့်ကြံမှုကို သက်သာစေနိုင်ပါတယ်... မင်းနဲ့ ထိုက်တန်ပါတယ်...】
လီကွေ့သိုင် "..."
အော်ဒါနဲ့…စကားမစပ်
ဒီကမ္ဘာရဲ့အဆင့်တွေက အောက်ပါအတိုင်းပင်…
ကျင့်ကြံရေး အဆင့်အတန်းများ
ချီစုစည်းခြင်းအဆင့် - ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ ခန္ဓာကိုယ်ကို သန့်စင်ပေးကာ စိတ်ပင်လယ်ကို ပွင့်စေပြီး အသက်တမ်း ၁၀၀ မှ ၁၂၀ နှစ်အထိ ရှိသည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် - စစ်မှန်သော အဆီအနှစ်များ အရည်ပျော်သွားပြီး အသက်တမ်း ၂၀၀ မှ ၃၀၀ နှစ်အထိ ရှည်လျားကာ အစားအစာများကို စွန့်လွှတ်နိုင်ပြီး ဓားပျံစီး၍ ဆန်းကြယ်သော မန္တန်များကို အသုံးပြုနိုင်သည်။
ရွှေအမြုတွေအဆင့် - စစ်မှန်သော အဆီအနှစ်များ အမြုတေအဖြစ် ‘အခဲဘူတ’ ဖြစ်သွားပြီး အသက်တမ်း ၅၀၀ မှ ၇၀၀ နှစ်အထိ ရောက်ရှိကာ မှော်ပစ္စည်းများကို သန့်စင်နိုင်ပြီး အစွမ်းထက်သူ ဖြစ်လာသည်။
မူလဝိညာဉ်အဆင့် - မူလဝိညာဉ် ဖြစ်ပေါ်လာပြီး ခန္ဓာကိုယ်ကို ပြန်လည်မွေးဖွားနိုင်ကာ အသက်တမ်း ၁၀၀၀ မှ ၁၃၀၀ နှစ်အထိ ရှိပြီး ကျယ်ပြန့်သော တန်ခိုးစွမ်းအားများကို ထုတ်လွှတ်နိုင်သည်။
ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့် - စိတ်ပင်လယ်၏အသိမှာ(နတ်ဘုရားအာရုံ) မိုင်ပေါင်းထောင်ချီ ကျယ်ပြန့်သွားပြီး ကောင်းကင်နှင့် မြေကြီး၏ နိယာမများနှင့် ထိတွေ့လာရသည်။ သက်တမ်း ၁၅၀၀ မှ ၂၅၀၀ နှစ်အထိ ရှိပြီး ဖောက်ထွက်ရန်အတွက် ဝိညာဉ်ဘုံသို့ တက်လှမ်းရန် လိုအပ်သည်။
ဟင်းလင်းပြင်သန့်စင်အဆင့် - မူလဝိညာဉ်မှာ ဟင်းလင်းပြင်အဖြစ်သို့ ပြောင်းလဲသွားပြီး ကျင့်ကြံနိုင်ကာ အသက်တမ်း နှစ်ပေါင်းသောင်းချီ ရှိပြီး နိယာမ အပိုင်းအစများကို စတင် ထိန်းချုပ်နိုင်သည်။
ပေါင်းစည်းခြင်းအဆင့် - ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တို့ ပေါင်းစည်းသွားပြီး အသက်တမ်း နှစ်ပေါင်းသောင်းချီ ရှိသည်။ နိယာမ စွမ်းအားများကို စတင် အသုံးပြုလာနိုင်ပြီး ထိပ်တန်း အဖွဲ့အစည်း၏ အဓိက အကြီးအကဲ ဖြစ်လာသည်။
မဟာယာနအဆင့် - ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်လိုက်ပြီး အသက်တမ်း နှစ် ၂၀,၀၀၀ အထိ ရောက်ရှိနိုင်ကာ ပြည့်စုံသော နိယာမများကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီး ဝိညာဉ်ဘုံ၏ ထိပ်တန်း တည်ရှိမှု ဖြစ်လာသည်။
ဘေးဒဏ်ကျော်လွှားအဆင့် - ကောင်းကင် ဘေးဒဏ် စမ်းသပ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ပြီး နတ်ဘုရားဘုံသို့ တက်လှမ်းကာ အမတနတ်ဘုရား ဖြစ်လာသည်။