အခန်း (၄) အဆင့် (၉) အဆင့်နိမ့် မီးဝိညာဉ်အမြစ်
‘စနစ်.. သောက်တလွဲစနစ်... ဒီလိုအချိန်မှာ ဒီလို တာဝန်မျိုး ပေးရတယ်လို့... ‘
‘ဘာတဲ့ လူမျိုး မကန့်သတ်ပါ... အမျိုးသမီး ဖြစ်ဖို့ အကြံပြုပါသည်.. တဲ့လား…’
‘အကျိုးရှိလှပေတယ်…’
ဒါပေမဲ့... အဆင့်မြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြား...
ဒါဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ဆီ အောင်မြင်စွာ တက်လှမ်းနိုင်ရေး အခွင့်အလမ်းကို အကြီးအကျယ် တိုးတက်စေရုံမက.. အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အရည်အသွေးကိုပါ မြှင့်တင်ပေးနိုင်တဲ့ ရတနာပဲပင်…
အပြင်မှာဆိုရင် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူပေါင်း များစွာ အသက်လုပွဲ ကျင်းပကြရမယ့် ပစ္စည်းမျိုး...
ဒါသာ ရှိရင် သူလီကွေ့သိုင်ဟာ ချီစုစည်းခြင်းအဆင့်ရဲ့ အောက်ခြေဘဝကနေ ရုန်းထွက်ပြီး ကျင့်ကြံရေး လမ်းကြောင်းပေါ် အမှန်တကယ် တက်လှမ်းနိုင်တော့မဟုတ်ပါလား...
သူက မူလက အဆင့် (၁၀) အဆင့်နိမ့် ဝိညာဉ်အမြစ်ပဲ ရှိတဲ့ လုံးဝ အသုံးမကျသူ ဖြစ်ပေမဲ့.. အခုတော့… ခါးအောက်ပိုင်းက နွေးထွေးနေတဲ့ "မီးဖိုငယ်" နှစ်ခုကို ခံစားနေရပြီ…
【ဒင်... သတင်းကောင်း သတိပေးချက် - စနစ်ရဲ့ အသေးစိတ် စစ်ဆေးမှုအရ ရှေးဟောင်း ကျောက်ကပ်ခန္ဓာရဲ့ မနားတမ်း ကြိုးစားမှုကြောင့် လက်ခံသူရဲ့ လက်ရှိ ဝိညာဉ်အမြစ် အရည်အသွေးဟာ "အဆင့် (၉) အဆင့်နိမ့် မီးဝိညာဉ်အမြစ်" အဖြစ် တိုးတက်သွားပါပြီ... (လက်ခုပ်တီးပါ...) ဟိုဘက်က မျက်နှာသေ အဘိုးကြီးရဲ့ သမက်ရွေးချယ်ရေး အနိမ့်ဆုံး စံချိန်ကို သီသီလေး မီသွားပါပြီ...】
အဆင့် (၉) အဆင့်နိမ့်... တန်းစီဇယားကို ထိုးဖောက်ကျော်တက်သူတို့၏ ဘုရင်...
လီကွေ့သိုင်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်... စွန့်စားရမှာလား... အိမ်ပါသမက် တစ်ယောက်ရဲ့ ဂုဏ်သိက္ခာလား... အဆင့်မြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြားရှေ့မှာ အဲ့ဒါတွေ အားလုံးက ဘာမှမဟုတ်ဘူး...
အတိတ်ဘဝတုန်းက ဆီလီကွန်အရုပ်ကြောင့် သေခဲ့ရတာ.. ဒီဘဝမှာတော့ အိမ်ပါသမက်ဝင်လုပ်ပြီး အခွင့်အရေး ယူမယ်... ဒါကို ဘာခေါ်လဲ... ဒါကို ချိန်ခွင်လျှာ ညီမျှခြင်းလို့ ခေါ်တယ်...
ဒါကို အနုပညာလို့ ခေါ်တယ်...
သူသည် လေထဲရှိ အကြီးအကဲ ကျူးကဲထိုက်ကို တစ်ချက်ကြည့်ပြီး... အောက်ခြေမှ နေရာလုရန် ပြင်နေကြသော ရွာသူရွာသားများကို တစ်ချက်ကြည့်လိုက်ရာ.. သူ၏ ရင်ထဲတွင် ထူးဆန်းသော ဂုဏ်ယူဝင့်ကြွားမှု (အဓိကကတော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြားကို လိုချင်သည့် တပ်မက်မှု) ပေါ်ပေါက်လာခဲ့သည်။
"လောင်းကြေးထပ်လိုက်မယ်.. ဒီအိမ်သာကျင်းဟာ ငါ့အတွက် ဂူသင်္ချိုင်းမဟုတ်ဘဲ နန်းတော် ဖြစ်လာရမယ်..." သူသည် သွားကို တင်းတင်းကြိတ်.. ခြေကို ဆောင့်လိုက်ပြီး ရှုပ်ထွေးနေသော လူအုပ်ကို တိုးဝှေ့ကာ ကျူးကဲထိုက်ဆီသို့ ရှေ့ရှုလျှောက်လှမ်းသွားတော့သည်။
သူသည် ဖြည်းဖြည်းချင်း လျှောက်သွားသော်လည်း ခြေလှမ်းတိုင်းတွင် "ငါက အေးဆေးတည်ငြိမ်တယ်.. အပြင်က ဟန်ဆောင်ပန်ဆောင်တွေနဲ့မတူဘူး" ဆိုသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
ကျူးကဲထိုက်၏ အေးစက်သော အကြည့်သည် ထိုတစ်ယောက်တည်း လျှောက်လာသော လူငယ်ထံသို့ အမှန်တကယ် ကျရောက်လာခဲ့သည်။
ချီစုစည်းခြင်းအဆင့် (၁) ဟုတ်လား...
သူ၏ ကျင့်ကြံရေးက နိမ့်ကျလွန်းလှသည်။
သို့သော် သူ၏ တည်ငြိမ်သောအမူအရာက… စိတ်ဝင်စားစရာ ကောင်းပေသည်။
လီကွေ့သိုင်သည် သင့်တော်သော အကွာအဝေးသို့ ရောက်သောအခါ တီဗီတွင် မြင်ဖူးသကဲ့သို့ လက်အုပ်ချီ မဲဆွယ်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ပြောလိုက်သည်။
"ကျီချိုက်ကျေးရွာမှ လီကွေ့သိုင်ပါ.. အသက် ၂၅ နှစ်.. အိမ်ထောင်မရှိသေးပါ...အမတ နတ်ဘုရားကြီးအနေနဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်အမြစ်ကို စစ်ဆေးပေးပါရန် ရိုသေစွာ တောင်းဆိုအပ်ပါတယ်"
သူ၏ အသံသည် ရှုပ်ထွေးဆူညံနေသောအသံများကြားမှ ရှင်းလင်းစွာ ထွက်ပေါ်သွားခဲ့သည်။
ချက်ချင်းပင် ရေတွက်မရသော အကြည့်များသည် သံသယများ.. စက်ဆုပ်မှုများနှင့် "မင်း ငါ့ကို နောက်နေတာလား" ဆိုသည့် အမူအရာများဖြင့် သူတို့ထံသို့ စိုက်ကြည့်လာကြတော့၏။
"လီကွေ့သိုင်လား... သူ ခုနတင် အိမ်သာကျင်းထဲ ပြုတ်ကျသွားတာ မဟုတ်ဘူးလား..."
"အဆင့် (၁၀) အသုံးမကျတဲ့ ဝိညာဉ်အမြစ်နဲ့များ... သူ ဘယ်က သတ္တိတွေ ရလာတာလဲ..."
"ဂျင်းငါးဟင်းရည် သောက်ထားလို့များလား... (ဂျင်းငါးဟင်းရည်က ဘာလဲဆိုတာ သူတို့ မသိကြသော်လည်း)"
"မစင်တွေ ခေါင်းထဲ ဝင်သွားတာများလား..."
လှောင်ပြောင်သံများမှာ အထက်အောက် ပဲ့တင်ထပ်သွားခဲ့သည်။
လီကွေ့သိုင်သည် မျက်နှာသေအတိုင်းပင် စိတ်ထဲမှ "အဆင့်မြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြား... အဆင့်မြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြား..." ဟု တိတ်တဆိတ် ရေရွတ်နေခဲ့သည်။
ကျူးကဲထိုက်သည် မျက်ခုံးကို အနည်းငယ် တွန့်လိုက်ပြီး လက်ညှိုးကို ရွှန်းခနဲ ပစ်လွှတ်လိုက်ရာ မှိန်ဖျော့သော ဝိညာဉ်အလင်းတန်းတစ်ခုသည် လီကွေ့သိုင်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
လီကွေ့သိုင်သည် ပူနွေးသော စွမ်းအင်စီးကြောင်းတစ်ခု ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်ကို ခံစားလိုက်ရပြီး အထူးသဖြင့် ဒန်တျန်နှင့် ခါးဝန်းကျင်တွင် ဝဲလှည့်သွားခဲ့သည်။
ခဏအကြာတွင် ကျူးကဲထိုက်၏ မျက်လုံးထဲ၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့ရာ.. ဆင်းရဲနုံချာသော ခေါင်ပါးသည့် အရပ်၌ ဒီလို လူမျိုး အမှန်တကယ် ရှိနေမည်ဟု မထင်မှတ်ထားခဲ့သကဲ့သို့ပင်။
သူသည် ဖြည်းဖြည်းချင်း ပါးစပ်ဖွင့်လိုက်ရာ သူ၏ အသံသည် ဧရိယာတစ်ခုလုံးသို့ ပံ့ပိုးပျံ့နှံ့သွာလေသည်။
"ဝိညာဉ်အမြစ်.. အဆင့် (၉).. အဆင့်နိမ့်။ လိုအပ်ချက်နဲ့ ကိုက်ညီပါတယ်"
သူသည် စကားကို ခဏရပ်လိုက်ပြီး လီကွေ့သိုင်ကို တစ်ချက်ကြည့်ကာ ထပ်မံဖြည့်စွက်လိုက်သည်။
"ရွေးချယ်မှုကို အတည်ပြုတယ်.. သင်္ဘောပေါ် တက်ပါ"
တိတ်ဆိတ်သွား၏...
လုံးဝ တိတ်ဆိတ်သွားခြင်းပင်...
လူတိုင်း မှင်သက်သွားကြတော့သည်။
အိမ်သာကျင်းထဲ ပြုတ်ကျသွားတာက... အဆင့် (၉) ဝိညာဉ်အမြစ်ကို အမှန်တကယ် ရရှိသွားတာလား...
ဒါက ဘယ်လိုတောင် ကံကြမ္မာကို ပြောင်းလဲပစ်တဲ့ မယုံနိုင်စရာ ဆန်းကြယ်တဲ့ ကံမျိုးလဲ...
လီကွေ့သိုင်သည် ဝမ်းသာအားရ ဖြစ်သွားခဲ့သော်လည်း တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ကာ ကျူးကဲထိုက်အား နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး "ကျေးဇူးတင်ပါတယ်.. နတ်ဘုရားကြီး..." ဟု ပြောလိုက်လေသည်။
သူသည် ထိုဝိုင်းစက်၍ ဆွဲဆောင်မှုရှိသော အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြားကြီး သူ့ကို လက်ယက်ခေါ်နေသည်ကို မျက်စိထဲ မြင်ယောင်နေရသလိုပင်…
အိမ်ပါ သမက်ဖြစ်ဖို့အတွက်ကတော့...
ဟဲဟဲ.. အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးပြားရဖို့ဆိုရင် အိမ်ပါ သမက်ဖြစ်ရရုံမကလို့..
ကျူးကဲ မိသားစုမှာ အိမ်သာ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင်ပင်...
သူက ပိုက်ဆံအပို ထပ်ပေးပြီးတော့ကို လုပ်ဦးမှာ...
အကြီးအကဲ ကျူးကဲထိုက်၏ ခံစားချက်မဲ့သော အကြည့်သည် မြေကြီးထဲမှ တူးဖော်ရရှိခါစ မထင်မရှား ရှေးဟောင်းပစ္စည်းတစ်ခုကို စစ်ဆေးနေသကဲ့သို့ လီကွေ့သိုင်ထံသို့ ကျရောက်လာခဲ့သည်။
သူသည် အေးစက်သော ကျောက်စိမ်းများ ရိုက်ခတ်သကဲ့သို့ သြဇာသံဖြင့် ဖြည်းဖြည်းချင်း ပြောကြားလိုက်လေသည်။
"လီကွေ့သိုင်.. မင်းဟာ ငါတို့ရဲ့ ကျူးကဲ မိသားစုသို့ ဝင်ရောက်ပြီး ကျူးကဲ မိသားစုရဲ့ သမက် ဖြစ်လာဖို့ လိုလိုလားလား ရှိရဲ့လား..."
လာချေပြီ... အဓိက မေးခွန်း ရောက်လာခဲ့ပြီ... လီကွေ့သိုင်၏ နှလုံးသားမှာ တင်းကျပ်သွားခဲ့သော်လည်း သူသည် အမှန်ကန်ဆုံးနှင့် အန္တရာယ်ကင်းဆုံးဟု ထင်မှတ်ထားသည့် အပြုံးကို အတင်းဖျစ်ညှစ်ပြလိုက်သည်။
ကျူးကဲထိုက်သည် "ဒီညမှာ မိုးအနည်းငယ် အုပ်ဆိုင်းပြီးနောက် သာယာပါမည်" ဟု သတင်းကြေညာသူ၏ လေသံအတိုင်း ဆက်လက်ပြောကြားသည်... "မင်းသာ ငါ၏ ကျူးကဲ မိသားစုသို့ ဝင်ရောက်ပါက.. ငါတို့ဟာ မင်းအတွက် ကျူးကဲ မိသားစုမှ ငယ်ရွယ်လှပသော အမျိုးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုပေးဖို့ စီစဉ်ပေးပါမယ်"
လီကွေ့သိုင်၏ နားများမှာ ချက်ချင်းပင် ထောင်သွားခဲ့၏... ငယ်ရွယ်တယ်... လှပတယ်... အဓိက စကားလုံးများကို သူဖမ်းဆုပ်လိုက်ပြီ...
"စားဝတ်နေရေးနဲ့ သွားလာရေး အားလုံးကို ကျူးကဲ မိသားစုက တာဝန်ယူပေးပါမယ်" (ဝါး... ရေရှည် ထမင်းစားလက်မှတ်ကြီးပဲ...)
"ကျင့်ကြံရေး အထောက်အပံ့တွေကိုလည်း ပေးအပ်ပါမယ်" (ဝါး…ကျင့်ကြံရေး အရှိန်မြှင့်စက်ကြီးပဲ...)
"မင်း စွန့်လွှတ်ရမှာကတော့..."
ကျူးကဲထိုက်သည် အဓိကအချက်ကို အလေးပေးပြောဆိုသကဲ့သို့ စကားကို ခဏရပ်လိုက်ပြီး "ကျူးကဲ မိသားစုအတွက် သွေးမျိုးဆက် ပေးအပ်ဖို့ပဲ ဖြစ်ပြီး.. မွေးဖွားလာတဲ့ ကလေးတွေဟာ မျိုးရိုးအမည် ကျူးကဲ ကိုပဲ ယူရပါမယ်"
"ဝိညာဉ်အမြစ် ပါဝင်တဲ့ ကလေး မွေးဖွားလာပါက ကျူးကဲ မိသားစုက ရက်ရောစွာ ဆုလာဘ် ပေးအပ်ပါမယ်"
ဒါကို ကြားပြီးနောက် လီကွေ့သိုင်၏ ဦးနှောက်အတွင်း တွက်ချက်မှုများ အရှိန်အဟုန်ဖြင့် လည်ပတ်သွားတော့သည်။
"အိမ်ပါသမက် ဟုတ်လား... အဲဒါ မိန်းမအိမ်ကို လိုက်နေရတဲ့ သမက်မျိုး မဟုတ်ဘူးလား ဘာထူးဆန်းလို့လဲ... ငါ့အဖေ လီကျန်းထိုတုန်းကလည်း ငါ့အမေဖြစ်တဲ့ သခင်မဆီကို 'အိမ်ထောင်ကျ' ခဲ့တာပဲ မဟုတ်ဘူးလား... သူက အိမ်ပါ သမက်ဟောင်းကြီးပဲ... သူလည်း ဒါကို လက်ခံနိုင်ခဲ့တာ ကြာလှပြီ..သူ၏ မြေးက လီ မျိုးရိုးယူယူ.. မယူယူ ဘာဆန်းသလဲ... လီ မိသားစု ရိုးရာမပျက်သရွေ့.. အမတ ကျင့်ကြံတဲ့သူတွေဟာ အမြင်ကျယ်ဖို့ လိုတယ်..."
ပို၍ "ကြီးမြတ်သော" အတွေးတစ်ခုသည် သူ၏ ခေါင်းထဲသို့ လျှပ်စီးလက်သကဲ့သို့ တိုးဝင်လာခဲ့ပြီး ရယ်မောချင်စိတ်ပင် ပေါက်သွားစေခဲ့သည်။
‘ဟဲဟဲဟဲ... ကျူးကဲ မိသားစု ဟုတ်လား... မင်းတို့က ငါ့ကို သမက်အဖြစ် သိမ်းသွင်းချင်တာပေါ့... ပြီးတော့ ငါ့ လီကွေ့သိုင် ရဲ့ ကလေးကို မင်းတို့ မျိုးရိုးအမည် ပေးချင်တာပေါ့လေ…’
အိမ်မက် မက်နေလိုက်...
‘ငါ မင်းတို့အိမ်ထဲ ရောက်သွားတာနဲ့ ငါ့ရဲ့ ရှေးဟောင်းကျောက်ကပ်ခန္ဓာနဲ့ စနစ်သာ ရှိရင်... ဟဲဟဲ.. မင်းတို့ ကျူးကဲ မိသားစုထဲက ငယ်ရွယ်လှပတဲ့ ကောင်မလေးတွေ အားလုံးနဲ့ စကားကောင်းကောင်း ပြောရတာပေါ့…’
‘အဲဒီနောက် သူတို့က မွေးဖွားပေးလာတဲ့ ကလေးတွေ မြောက်မြားစွာဟာ... လီ မျိုးရိုးတွေ ဖြစ်မသွားပေဘူးလား... ဒါကို ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု.. ပြောင်းပြန် သိမ်းပိုက်မှုလို့ ခေါ်တယ်... ရှယ်ပဲ…’
သူသည် ရင်ထဲတွင် အလွန် ဝမ်းသာအားရ ဖြစ်နေခဲ့သော်လည်း သူ၏ မျက်နှာတွင်မူ "မိသားစု ရိုးရာအမွေအနှစ်အတွက် ငါ့တာဝန်ပဲ" ဆိုသည့် လေးနက်သော အမူအရာကို လုပ်ယူလိုက်ပြီး ခေါင်းကို လေးလေးနက်နက် ငြိမ့်ပြကာ "ငါ မလုပ်ရင် ဘယ်သူလုပ်မလဲ" ဆိုသည့် ခံစားချက်ဖြင့် ကျယ်လောင်စွာ ပြောလိုက်တော့သည်။
"ကျွန်တော် လိုလိုလားလား ရှိပါတယ်..ဒီတပည့် လိုလိုလားလား ရှိပါတယ်..ကျူးကဲ မိသားစုရဲ့ သွေးမျိုးဆက်ကို ဆက်ခံခွင့်ရတာ ဒီတပည့်အတွက် ဂုဏ်ယူစရာပါပဲ..."
သူ၏ ပြုမူပုံမှာ အိမ်ပါသမက်အဖြစ် ဝင်ရောက်တော့မည့်သူ မဟုတ်ဘဲ ကမ္ဘာကြီးကို ကယ်တင်မည့် ကြီးမြတ်သော တာဝန်ကို ထမ်းဆောင်တော့မည့်သူအတိုင်း ဖြစ်နေတော့ သည်။
ခံစားချက် မရှိလှသော ကျူးကဲထိုက်၏ မျက်နှာပေါ်တွင် ပျော်ရွှင်သည့် အရိပ်အယောင် အနည်းငယ် လက်ခနဲ ဖြစ်သွားခဲ့သည်။
သူသည် ခေါင်းကို အနည်းငယ် ငြိမ့်လိုက်ပြီး...
"ဒါဆိုရင်လည်း တက်ခဲ့တော့"
နူးညံ့သော ဝိညာဉ်စွမ်းအားတစ်ခုသည် လီကွေ့သိုင်ကို မြှောက်တင်လိုက်ပြီး ပျံသန်းရေး သင်္ဘော၏ ကုန်းပတ်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်သည်။
ဆန်းကြယ်သော သင်္ကေတများ ထုဆစ်ထားသည့် ပြောင်လက်နေသော ကုန်းပတ်ပေါ်သို့ ခြေချလိုက်စဉ် လီကွေ့သိုင်သည် တိမ်တိုက်များပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ပေါ့ပါးမှုကို ခံစားလိုက်ရသည်။
စာရင်းသွင်းရန် တာဝန်ယူထားသော ကျူးကဲ မိသားစု တပည့်တစ်ဦးသည် မျက်နှာသေဖြင့် ဖုန်ပေနေသော အထည်အိတ်ငယ်လေးတစ်ခုကို သူ့ထံသို့ လွှဲပြောင်းပေးလိုက်သည်။
"ဒါက မင်းရဲ့ မိသားစုအတွက် ဆုလာဘ်ပဲ အထဲမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၁၀၀ နဲ့ ချီစုစည်းခြင်းဆေးပြား ၃ ပြား ပါဝင်တဲ့ သိုလှောင်အိတ်ငယ်လေးပဲ ဖြစ်တယ်"
လီကွေ့သိုင်သည် အိတ်ကို လှမ်းယူလိုက်ရာ အနည်းငယ် လေးလံနေသည်ကို ခံစားလိုက်ရသည်။ သူသည် ပြုံးလိုက်ပြီး အိတ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ကာ စိတ်အာရုံဖြင့် အထဲသို့ ချောင်းကြည့်လိုက်ရာ...
တကယ်ပင် တောက်ပနေသော ဝိညာဉ်ကျောက်တုံးပုံများနှင့် တိုက်မောင်းသီး(သိလား မသိရင် ကြယ်သီးအရွယ်လို့မှတ်)အရွယ်အစားရှိ ဆေးပြား သုံးပြားကို တွေ့လိုက်ရသည်။
သူ၏ မျက်လုံးများ ဝေ့ဝဲသွားပြီး အကြံတစ်ခု ရရှိသွားခဲ့သည်။
သူသည် သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးအချို့နှင့် ဆေးပြားများကို လျှင်မြန်စွာ ထုတ်ယူလိုက်ပြီး သူ၏ သန့်ရှင်းသော အဝတ်အစား အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ (ကံကောင်းစွာဖြင့် အဝတ်အစားမှာ ပွပွယောင်းယောင်း ဖြစ်နေသည်)။ ထို့နောက် သိုလှောင်အိတ်ကို စာရင်းသွင်းသည့် တပည့်၏ လက်ထဲသို့ ပြန်လည် ထည့်ပေးလိုက်တော့သည်။
ထိုတပည့်မှာ မှင်သက်သွားခဲ့ပြီး တုံ့ပြန်ရန် ပြင်လိုက်စဉ်မှာပင် လီကွေ့သိုင်သည် သူ၏နားသို့ အနီးကပ် တိုးကပ်သွားပြီး အသံကို လျှော့ကာ ယောကျာ်းတိုင်း နားလည်နိုင်သော အပြုံးကို ပြုံးပြရင်း တိုးတိုးလေး ပြောလိုက်သည်။
"စီနီယာအစ်ကို.. ဟဲဟဲ... အင်း... ကျွန်တော်က ဒီကို အသစ်ရောက်တာဆိုတော့ နောက်ဆို စောင့်ရှောက်ပေးပါဦး" သူသည် လက်၀ါးနှစ်ဖက်ကို ပွတ်တိုက်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်…
"အင်း... မိန်းမ စီစဉ်ပေးတဲ့အခါကျရင် စီနီယာအစ်ကိုအနေနဲ့... အထက်လူကြီးတွေကို စကားကောင်းကောင်းလေး ပြောပေးလို့ ရမလားခင်ဗျာ... ကျွန်တော့်အတွက်... အင်း... အလှဆုံးတစ်ယောက်ကို စီစဉ်ပေးပါဦးလား... ခါးသေးသေး.. ခြေတံရှည်ရှည်နဲ့ သဘောကောင်းတဲ့သူဆို ပိုကောင်းတာပေါ့..."
ပြောရင်းဖြင့် သူသည် လက်ညှိုးဖြင့် "နည်းနည်းလေး" ဆိုသည့် အမူအရာကို တိုးတိုးတိတ်တိတ် လုပ်ပြကာ မျက်စိမှိတ်ပြ၍ အရိပ်အမြွက် ပြောလိုက်သည်။
စာရင်းသွင်းနေသည့် တပည့်၏ ပါးစပ်ထောင့်မှာ သိသိသာသာ တုန်ယင်သွားခဲ့ပြီး.. သူ့လို... "ရိုးသားသော" စေတနာရှင်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့မှန်း သိသာလှပေသည်။
သူသည် လှောင်အိတ်ကို တင်းကျပ်စွာ လက်ခံလိုက်ရပြီး မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိဘဲ ခေတ္တမျှ ကြောင်သွားရတော့သည်။