no

Font
Theme

အခန်း (၆) ကျူးကဲမင်ယွဲ့... ကျူးကဲရှောင်းယွဲ့...

​ပျံသန်းရေး သင်္ဘောကြီးသည် ဝိညာဉ်မြူခိုး အထပ်ထပ်ကို ထိုးဖောက်သွားပြီးနောက် မိုးကောင်းကင်တွင် ဝဲပျံနေသော အမတ တောင်ထိပ်ပေါ်ရှိ ဧရာမ ကျောက်စိမ်း ရင်ပြင်ကျယ်ကြီးပေါ်သို့ ငြိမ့်ညောင်းစွာ ဆင်းသက်သွားခဲ့သည်။

​ရင်ပြင်ကို နွေးထွေးဖြူစင်သော ကျောက်စိမ်းပြားများ ခင်းကျင်းထားပြီး အရောင်ပြန်ဟပ်နေသည်အထိ ပြောင်လက်နေကာ…အနားသတ်များတွင် တိမ်တိုက်ပုံသဏ္ဌာန် လက်ရာများကို အသေးစိတ် ထုဆစ်ထားပြီ…အလွန် ထူထပ်လှသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် မြူခိုးအဖြစ်သို့ပင် ပြောင်းလဲနေခဲ့သည်။

ထိုစွမ်းအင်များကို အသက်တစ်ချက် ရှူသွင်းလိုက်ရုံဖြင့် စိတ်ဓာတ်များ တက်ကြွသွားပြီး ကျင့်ကြံရေးအဆင့်ပင် အနည်းငယ် တိုးတက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​ရင်ပြင်ရှေ့တွင် လူစုတစ်စုက စောင့်ဆိုင်းနေကြပြီးဖြစ်သည်။

​ခေါင်းဆောင်မှာ အပြာရင့်ရောင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

​သူသည် ခန့်ညားသော မေးရိုး.. ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးများနှင့် တောက်ပသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး မေးစေ့တွင် မုတ်ဆိတ်မွေး အနည်းငယ်ရှိကာ လေးနက်၍ ခန့်ညားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

​ထိုနေရာတွင် မတ်တပ်ရပ်နေရုံမျှဖြင့် သူသည် တစ်ကမ္ဘာလုံး၏ ဗဟိုချက်ဖြစ်နေသကဲ့သို့ရှိပြီး သူထုတ်လွှတ်နေသော ဝိညာဉ်ဖိအားမှာ နံပါတ်(၇) အကြီးအကဲ ကျူးကဲထိုက်ထက်ပင် ပိုမို နက်ရှိုင်းလှပေသည်။

​သူသည်ကား အခြားသူမဟုတ်.. ကျူးကဲ မိသားစု၏ လက်ရှိ မိသားစုခေါင်းဆောင် ကျူးကဲဝမ် ဖြစ်ပေသည်... ရွှေအမြုတွေအဆင့် နောက်ဆုံးအဆင့် ကျင့်ကြံသူကြီးပင်...

​သို့သော်လည်း ထိုခဏမှာ ကုန်းပတ်ပေါ်ရှိ လူငယ်များ၏ အကြည့်အားလုံးနီးပါးသည် မိသားစုခေါင်းဆောင်၏ အရှိန်အဝါကိုပင် ခေတ္တ မေ့လျော့သွားကြပြီး သူ၏ ဘေးနားရှိ လှပသော အမျိုးသမီးပုံရိပ် နှစ်ခုထံသို့ သံလိုက်ဓာတ်ဆွဲဆောင်လိုက်သကဲ့သို့ ကျရောက်သွားကြတော့သည်။

​ဘယ်ဘက်မှ အမျိုးသမီးမှာ လရောင်ကဲ့သို့ ဖြူစင်သော ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မားသွယ်လျသော ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ကာ..သူ၏ မည်းနက်သော ဆံနွယ်များကို ကျောက်စိမ်း ကလစ်တစ်ခုဖြင့် သပ်ရပ်စွာ ထုံးဖွဲ့ထားသည်။

​သူမ၏ မျက်နှာမှာ အလွန်တရာ လှပလွန်းလှသော်လည်း နှစ်ပေါင်းထောင်ချီ၍ အရည်မပျော်ဖူးသော ရေခဲလွှာတစ်ခု ဖုံးလွှမ်းထားသကဲ့သို့ ရှိနေပြီး.. မျက်ခုံးနှင့် မျက်လုံးများမှာ အေးစက်၍ စေတနာမဲ့နေပြီး နှာတံမှာ စူးရှကာ နှုတ်ခမ်းပါးလေးကို တင်းတင်းစေ့ထားသည်။

သူမ၏ ဖန်ချောင်းကဲ့သို့ တောက်ပသော မျက်လုံးများသည် ပျံသန်းရေး သင်္ဘောပေါ်မှ လူများကို ခံစားချက်မရှိဘဲ အေးစက်စွာ ဝေ့ဝဲကြည့်ရှုလိုက်ရာ ကျောက်ခဲပုံတစ်ပုံကို ကြည့်နေသကဲ့သို့ပင်။

​ဒါဟာ နှင်းဖုံးတောင်ထိပ်ပေါ်မှ တစ်ပွင့်တည်းသော ပန်းကဲ့သို့ အေးစက်လှပသော အရှိန်အဝါမျိုး ဖြစ်ပြီး လူများကို အကွာအဝေးတစ်ခုမှသာ ကြည့်ရှုစေချင်သည့် ပုံစံရှိပေသည်။

သူမသည်ကား ကျူးကဲဝမ်၏ သမီးကြီး ကျူးကဲမင်ယွဲ့ ဖြစ်သည်။

​ညာဘက်မှ အမျိုးသမီးမှာမူ လုံးဝ ခြားနားသော ပုံစံကို ပိုင်ဆိုင်ထားသည်။ သူမသည် အဝါနုရောင် ရှေးဟောင်း ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်အနည်းငယ် ပုသဖြင့် သေးငယ်ချစ်စဖွယ် ဖြစ်နေသည်။

​သူမ၏ ဝိုင်းစက်သော မျက်နှာပေါ်တွင် ကလေးဆန်သော ပါးဖောင်းဖောင်းလေးများ ရှိနေဆဲဖြစ်ပြီး အသားအရေမှာ ချောမွတ်ဖြူစင်ကာ မျက်လုံးကြီးများမှာ တောက်ပနေသည့် နက်မှောင်သော စိမ်းပြာကျောက်များကဲ့သို့ သက်ဝင်လှုပ်ရှားနေခဲ့သည်။

​သူမ၏ နှုတ်ခမ်းများမှာ မူလအတိုင်း အထက်သို့ ကွေးညွှတ်နေသဖြင့် အမြဲတမ်း ချိုမြိန်သော အပြုံးတစ်ခုကို ဆောင်ယူထားသကဲ့သို့ ရှိနေ‌သည်။

​သူမသည် ပျံသန်းရေး သင်္ဘောပေါ်မှ အနာဂတ် "ခဲအို" လောင်းများကို စိတ်ဝင်တစား စစ်ဆေးနေခဲ့သည်။

သူမ၏ အကြည့်များ ဝေ့ဝဲသွားစဉ် အဆင်ပြေပုံရသော လူငယ်အချို့ကို (ရှေ့ဆုံးတန်းတွင် မတ်တပ်ရပ်နေပြီး ရှေးဟောင်း ကျောက်ကပ်ခန္ဓာကြောင့် အထူး တက်ကြွနေပုံရသော လီကွေ့သိုင်ကဲ့သို့) သက်ဝင်လှုပ်ရှားသော အပြုံးဖြင့် မျက်စိတစ်ဖက်ပင် မှိတ်ပြလိုက်သေးသည်။

သူမသည်ကား ကျူးကဲဝမ်၏ ဒုတိယသမီး ကျူးကဲရှောင်းယွဲ့ ဖြစ်ပေသည်။

​လီကွေ့သိုင်၏ အကြည့်သည် အမျိုးသမီးနှစ်ဦးထံသို့ ကျရောက်သွားသည့် ခဏ၌ သူ၏ ဦးနှောက်မှာ "ဝုန်း" ခနဲ ဖြစ်သွားပြီး ဟိန်းထွက်သွားခဲ့သည်။

သူသည် မသိစိတ်မှ ပါးစပ်ထောင့်မှ တံတွေးပင် ယိုကျမတတ် ဖြစ်သွားခဲ့ပြီး လျှင်မြန်စွာ ပြန်လည် ထိန်းချုပ်လိုက်ရသည်။

​"အမလေး ဘုရားရေ..." သူသည် ရင်ထဲမှ အော်ဟစ်လိုက်သည်...

"ရေခဲမင်းသမီးတစ်ယောက်နဲ့ ချစ်စရာ လိုလီလေးတစ်ယောက်... ကျူးကဲ မိသားစုကတော့... တကယ့်ကို ကောင်းလွန်းတယ်... ဒါဟာ သမက်ရွေးတာ မဟုတ်ဘူး.. မိန်းမတွေကို အလကား ပေးနေတာပဲ... အဆင့်မြင့်မိန်းကလေးတွေ ပေးနေတာ..."

​သူသည် ထိုနေရာတွင်ပင် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်ကာ အသက်ရှူဖို့ပင် မေ့လျော့သွားခဲ့ရသည်။

​လီကွေ့သိုင် တစ်ယောက်တည်း မဟုတ်ဘဲ ပျံသန်းရေး သင်္ဘော၏ ကုန်းပတ်တစ်ခုလုံးသည် ဆန်းကြယ်သော တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားခဲ့သည်။

​လူငယ်များ အားလုံးသည် တစ်ချိန်တည်းမှာပင် ကျောက်ရုပ်များကဲ့သို့ တောင့်တင်းသွားကြပြီး ကွဲပြားသော စတိုင်လ်များ ပိုင်ဆိုင်ထားသော်လည်း အတူတူ ဆွဲဆောင်မှုရှိသော ပုံရိပ်နှစ်ခုကို မှင်သက်စွာ စိုက်ကြည့်နေကြတော့သည်။

​လေထုထဲတွင် တံတွေးမျိုချသံများနှင့် ရင်ဘတ်ထဲမှ ထွက်ခွာမတတ် ခုန်ပေါက်နေသော နှလုံးခုန်သံများသာ ကျန်ရှိတော့သည်။

​နံပါတ် (၇) အကြီးအကဲ ကျူးကဲထိုက်သည် မြင်ကွင်းတစ်ခုလုံးကို စောင့်ကြည့်နေခဲ့သည်။

အထူးသဖြင့် လီကွေ့သိုင်၏ ပွင့်လင်းလှသော အမူအရာကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာတွင် ဒေါသအရိပ်အယောင် မရှိဘဲ နားလည်သဘောပေါက်သည့်.. ဂုဏ်ယူသည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဒါဟာ သူလိုချင်တဲ့ အကျိုးသက်ရောက်မှုအတိုင်းပင်...

​သူသည် လည်ချောင်းကို ရှင်းလိုက်ရာ သူ၏ အသံကြီးမှာ ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်သွားပြီး လူငယ်များကို လက်တွေ့ဘဝဆီသို့ အတင်းအကြပ် ပြန်လည် ဆွဲခေါ်လိုက်ပြီး...

"မင်းတို့ အားလုံး မြင်ကြရရဲ့လား... မင်းတို့သာ ကြိုးစားရင်.. ကျူးကဲ မိသားစုရဲ့ သွေးမျိုးဆက်ကို ဆက်ခံရင်.. ဒါမှမဟုတ် မိမိရဲ့ ကျင့်ကြံရေးမှာ အောင်မြင်မှုတွေ ရရှိခဲ့ရင်... နောင်တစ်ချိန်မှာ မင်းတို့ဟာ သူတို့ရဲ့ အမျိုးသားတွေ ဖြစ်လာနိုင်မယ့် အခွင့်အရေး ရှိတယ်..."

ထိုစကားများသည် ဆူပွက်နေသော ဆီပူထဲသို့ ရေအေးတစ်ခွက် လောင်းထည့်လိုက်သကဲ့သို့ပင် လူငယ်များ၏ ရင်ထဲရှိ တောမီးကို ချက်ချင်းပင် ပိုမိုတောက်လောင်သွားစေခဲ့သည်။

သူတို့၏ အကြည့်များမှာ ပိုမို ပြင်းထန်လာခဲ့ပြီး ထက်မြက်သော ဆုံးဖြတ်ချက်များပင် ပါဝင်လာခဲ့သည်။

​ကျူးကဲထိုက်သည် ဆက်လက် စကားမပြောတော့ဘဲ ကုန်းပတ်ပေါ်သို့ ပျံသန်းဆင်းသက်ကာ မိသားစုခေါင်းဆောင် ကျူးကဲဝမ်နှင့် စကားအနည်းငယ် ပြောဆိုပြီး သမက်သစ်များကို လွှဲပြောင်းပေးလိုက်ပုံရသည်။

ထို့နောက် ရိုသေစွာ ဦးညွှတ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျံသန်းရေး သင်္ဘောကြီးကို စီးနင်း၍ ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားတော့သည်။

​ရင်ပြင်ပေါ်တွင် ကျူးကဲဝမ်.. သမီးပျို နှစ်ဦးနှင့် စိုးရိမ်မှုများ.. ရည်မှန်းချက်များ ရောနှောနေသော သမက်သစ် အယောက်လေးဆယ်.. ငါးဆယ်ခန့်သာ ကျန်ရှိတော့သည်။

​ကျူးကဲဝမ်၏ အကြည့်သည် မမြင်နိုင်သော ဓားနှစ်ချောင်းကဲ့သို့ လူအုပ်အပေါ်သို့ ဖြည်းဖြည်းချင်း ဝေ့ဝဲသွားခဲ့သည်။

သူ၏ အကြည့်မှာ ထက်မြက်လှသည် မဟုတ်သော်လည်း လူများ၏ နှလုံးသားကို ထွင်းဖောက်မြင်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေခဲ့ကာ.. သူ၏ အကြည့်နှင့် ဆုံတွေ့သွားသော လူငယ်တိုင်းသည် မသိစိတ်မှ ခေါင်းကို ငုံ့လိုက်ကြရပြီး သူ၏ မျက်လုံးများကို မစိုက်ကြည့်ဝံ့ကြပေ။

​"ခေါင်းထောင်ကြစမ်း" ကျူးကဲဝမ်၏ အသံမှာ တည်ငြိမ်နေသော်လည်း ငြင်းဆန်၍မရသော သြဇာအာဏာ ပါဝင်နေခဲ့သည်။

​ဒါကို ကြားလိုက်ရသောအခါမှ အိမ်ပါသမက်များသည် သတိထား၍ ခေါင်းကို မော့ကြည့်ဝံ့ကြသော်လည်း သူတို့၏ အကြည့်များမှာ ရှောင်လွှဲနေကြဆဲဖြစ်ပေသည်။

​"ဒီနေ့ကစပြီး မင်းတို့ဟာ ကျူးကဲ မိသားစုရဲ့ အဖွဲ့ဝင်တွေ ဖြစ်လာကြပြီ" ကျူးကဲဝမ်သည် သာမန် အချက်အလက်တစ်ခုကို ကြေညာနေသကဲ့သို့ တည်ငြိမ်သော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောကြားလိုက်သည်။

"မင်းတို့ ဘာစဉ်းစားနေလဲဆိုတာ ငါသိပါတယ်..မင်းတို့က 'အိမ်ပါသမက်' ဆိုတဲ့ စကားလုံးကို ကြားလို့မကောင်းဘူး.. အခြားသူရဲ့ ခေါင်မိုးအောက်မှာ နေထိုင်ရလို့ နိမ့်ကျတယ်လို့ ထင်နေကြတာပဲ"

​လူငယ်အများစုသည် သူတို့၏ အတွေးများ ပေါ်လွင်သွားသကဲ့သို့ အကူအညီမဲ့သော အမူအရာများ ဖြစ်သွားကြရသည်။

​"ဒါပေမဲ့ ငါ မင်းတို့ကို ပြောချင်တာက..." ကျူးကဲဝမ်၏ လေသံမှာ ပြောင်းလဲသွားပြီး အသံအတိုင်းအတာ ပိုမို မြင့်မားလာခဲ့သည်... "ငါ၏ ကျူးကဲ မိသားစုသို့ ဝင်ရောက်နိုင်တာဟာ မင်းတို့ ဘဝရဲ့ အကြီးမားဆုံး အခွင့်အရေးပဲ..."

​သူ၏ အကြည့်သည် လျှပ်စီးလက်သကဲ့သို့ လူတိုင်းအပေါ်သို့ ဝေ့ဝဲသွားကာ…

"မင်းတို့ သင်္ဘောပေါ် တက်တုန်းက မင်းတို့ရဲ့ ဝိညာဉ်အမြစ် အဆင့်တွေကို မှတ်တမ်းတင်ထားပြီးပြီ..အဲဒါတွေကို ငါ အကုန်သိတယ်"

​"အဆင့် (၉).. အဆင့် (၈).. အမြင့်ဆုံးက အဆင့် (၅) ပဲ ရှိတယ်" ကျူးကဲဝမ်၏ လေသံမှာ အလွန် တည်ငြိမ်နေပြီး ဒီနေ့ ရာသီဥတု ကောင်းမွန်ကြောင်း သို့မဟုတ် ညစာ ဘာစားခဲ့ကြောင်း စကားစမြည် ပြောဆိုနေသကဲ့သို့ပင်။

​သို့သော်လည်း လူငယ်များအတွက်မူ ဒါဟာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး မျက်နှာများ နီရဲကာ ရှက်ရွံ့စွာဖြင့် ခေါင်းကို ငုံ့လိုက်ကြရတော့သည်။

​သူတို့အထဲတွင် အနည်းငယ် ကြီးမားသော မြို့ငယ်မှ လာသူ.. အဆင့် (၅) ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး ချီစုစည်းခြင်းအဆင့် (၆) သို့ ကျင့်ကြံထားသူ လူငယ်တစ်ဦးသည် မူလက လူတိုင်း လေးစားအားကျရသူ ဖြစ်ခဲ့သည်။

သို့သော် အခုတော့ ကျူးကဲ မိသားစု မိသားစုခေါင်းဆောင်၏ သာမန် စကားလုံးများကြားတွင် သူသည် "ဘာမှမဆန်းသော" နှင့် "သာမန်မျှသာ" ဖြစ်သွားခဲ့ရသည်။ ထိုလူငယ်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်နှာမှာ ဖြူရော်သွားရာမှ နီရဲသွားခဲ့လေသည်။

​ကျူးကဲဝမ်၏ အကြည့်သည် လီကွေ့သိုင်ထံသို့ ခဏမျှ မသိမသာ ရောက်ရှိသွားပြီးနောက် ဆက်လက်ပြောကြားလိုက်သည်... "မင်းတို့ထဲက အချို့ဟာ မကျေမနပ်ဖြစ်ပြီး ဝိညာဉ်အမြစ်ဆိုတာ အကြွင်းမဲ့ မဟုတ်ဘူးလို့ ခံစားနေရတာကို ငါသိတယ်"

​သူသည် သူ၏ ဘေးနားရှိ သမီးနှစ်ဦးကို လက်ညှိုးထိုးပြလိုက်ပြီး သူ၏ အသံတွင် ဂုဏ်ယူသည့် အရိပ်အယောင် အနည်းငယ် ပါဝင်လာခဲ့၏... "ငါ့ရဲ့ သမီးနှစ်ယောက်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပြီး ချီစုစည်းခြင်းအဆင့် (၉) သို့ ရောက်ရှိထားကြပြီ.. အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်ဆီ တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"

​"မင်းတို့ကရော..." သူ၏ အကြည့်သည် လူအုပ်အပေါ်သို့ နောက်တစ်ကြိမ် ဝေ့ဝဲသွားပြီး... "မင်းတို့ထဲက အတော်ဆုံးဆိုတဲ့သူက အသက် ၂၂ နှစ်.. ချီစုစည်းခြင်းအဆင့် (၆)" သူ၏ အကြည့်သည် နောက်ဆုံးတွင် လီကွေ့သိုင်ထံသို့ စိုက်ကျသွားခဲ့ပြီး လေသံမှာ အနည်းငယ် စနောက်သည့် ပုံစံဖြစ်သွားသည်။

"အဲဒီနောက်... အသက် ၂၅ နှစ်.. ချီစုစည်းခြင်းအဆင့် (၁)..အဆင့် (၉) ဝိညာဉ်အမြစ်..ဒီအုပ်စုထဲမှာ မင်းကို အတည်ငြိမ်ဆုံးလို့ သတ်မှတ်ရမှာပေါ့.. ဟုတ်တယ်မလား..."

​"အတည်ငြိမ်ဆုံး" ဆိုသည့် စကားလုံးကြောင့် လီကွေ့သိုင်၏ မျက်နှာမှာ နီရဲသွားခဲ့ရသည်။

လူအုပ်ထဲမှ မထိန်းနိုင်သော ရယ်မောသံ အနည်းငယ် ထွက်ပေါ်သွားခဲ့သည်။

အတည်ငြိမ်ဆုံး ဟုတ်လား... မိသားစုခေါင်းဆောင်…

ခင်ဗျား တကယ် စကားပြောကောင်းတာပဲ..

အနိမ့်ဆုံးလို့ တိုက်ရိုက် မပြောဘဲနဲ့...

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment