အခန်း (၈) ယဲ့ဖန်...
မျက်နှာက မြင်းမျက်နှာထက် ပိုရှည်သော်လည်း နာမည်ကမူ သာမန် ဆန်းပြားခြင်းမရှိသော အကြီးအကဲ ကျူးကဲချုံး၏ နောက်သို့ လိုက်ပါရင်း…
အိမ်ပါသမက် အယောက်လေးဆယ်.. ငါးဆယ်ခန့်သည် ဝဲပျံနေသော အမတ တောင်ပေါ်ရှိ အပြာရောင် ကျောက်လမ်းအတိုင်း လျှောက်လှမ်းလာလျက်ရှိသည်။
လမ်းတစ်လျှောက်တွင် ကြိုးကြာငှက်များ ပျံသန်းနေကြပြီး ဆန်းကြယ်သော ပန်းများနှင့် သစ်ပင်များထံမှ လန်းဆန်းသော ရနံ့များ သင်းပျံ့နေခဲ့သည်။
ရံဖန်ရံခါတွင် ကျူးကဲ မိသားစု ဝတ်ရုံကို ဝတ်ဆင်ထားသော တပည့်များသည် မှော်ပစ္စည်းများကို စီးနင်း၍ အလင်းတန်းများအဖြစ် ဖြတ်သန်းပျံသန်းသွားကြရာ လူငယ်များထံမှ အံ့ဩမှင်သက်သည့် အသံများကို မကြာခဏ ကြားရလေ့ရှိသည်။
သို့သော် နတ်ဘုရား စံအိမ်ကဲ့သို့သော မြင်ကွင်းမှာ ကြာရှည်မခံခဲ့ပေ။
ကျူးကဲချုံးသည် သူတို့ကို ကောက်ကွေ့လှသော လမ်းကြိုလမ်းကြားများမှတစ်ဆင့် ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအင်များ လျော့နည်းပါးလျက်ရှိသော ဝေးလံခေါင်ဖျားသည့် နေရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
နောက်ဆုံးတွင် သူတို့သည်... ဧရာမ ကျောက်ဆောင် ကမ်းပါးကြီးတစ်ခု၏ ရှေ့၌ ရပ်တန့်လိုက်ကြသည်။
ကမ်းပါးမှာ မတ်စောက်ပြီး ထုတ်ချင်းပေါက် အပေါက်ပေါင်း မြောက်မြားစွာ စီရီစွာ တည်ရှိနေခဲ့သည်။
အဝေးမှ ကြည့်လိုက်လျှင် တကယ့်ကို ဧရာမ ပုရွက်ဆိတ်အိမ်ကြီး သို့မဟုတ် ဆန်းကြယ်သော စွမ်းအားတစ်ခုကြောင့် ဖြစ်ပေါ်လာသည့် ပျားအိမ်ကြီးနှင့်ပင် တူနေသည်။
ထိုအပေါက်များသည် အရွယ်အစား တူညီကြပြီး သပ်ရပ်စွာ စီရီထားသော်လည်း စုပေါင်းကြည့်လိုက်လျှင်မူ.. သို့မဟုတ် အလွန်ပင် ကြမ်းတမ်းလှသည့် အသွင်ကို ဆောင်နေပေသည်။
အကြီးအကဲ ကျူးကဲချုံးသည် လှည့်ကြည့်လိုက်ရာ သူ၏ ခက်ထန်သော မျက်နှာမှာ ကမ်းပါးကြီးကို နောက်ခံထားလိုက်သောအခါ ပိုမို ခန့်ညားထည်ဝါသွားသလိုပင်။
သူသည် ထူထပ်လှသော ဂူပေါက်များကို ညွှန်ပြလိုက်ပြီး စကားသံမှာ လုံးဝ ပြန့်ပြူးနေခဲ့သည်...
"ဒီနေ့ကစပြီး မင်းတို့ ဒီမှာ နေကြရမယ်"
လူငယ်များသည် မြင့်မားလှသော ကမ်းပါးကြီးနှင့် ရေတွက်မရနိုင်သော ဂူပေါက်များကို ကြည့်ရင်း ရင်ထဲတွင် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်သွားကြလေသည်။
’ဒါက ငါ စိတ်ကူးယဉ်ခဲ့တဲ့ အမတ နတ်ဘုရားတွေ နေထိုင်တဲ့ နေရာနဲ့တော့ တော်တော်လေး ကွာခြားနေတယ်…’
"မင်းတို့ရဲ့ လှောင်အိတ်ပေါ်မှာ ပါတဲ့ နံပါတ်တွေဟာ မင်းတို့ နေထိုင်ရမယ့် ဂူနံပါတ်တွေပဲ ဖြစ်တယ်" ကျူးကဲချုံးက ထပ်မံ ဖြည့်စွက်ပြောကြားလိုက်သည်။
ဒါကို ကြားလိုက်ရသောအခါ လီကွေ့သိုင်သည် ပြန်လည်ရရှိထားသော လှောင်အိတ်ငယ်ကို လျှင်မြန်စွာ ထုတ်ယူလိုက်သည်။
သူသည် ထိုအိတ်ကို ထပ်ခါထပ်ခါ ရှာဖွေကြည့်ရာ အိတ်၏ ထောင့်စွန်းတွင် ဝိညာဉ်စွမ်းအားဖြင့် ခပ်နှိပ်ထားသော စာလုံးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
၂၅၀…
"နှစ်ရာ့ငါးဆယ်..." လီကွေ့သိုင်မှာ မှင်သက်သွားပြီးနောက် မဲ့ပြုံး ပြုံးလိုက်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟေ့.. ဒီနံပါတ်က... ငါနဲ့ တော်တော်လေး လိုက်တာပဲ..ငါကတကယ်ပဲ ငတုံးများလား”
(၂၅၀က အရူးလေး /ငတုံးလေးရည်ညွန်းတဲ့ ဗန်းစကား။ 666/888တို့လို)
ဘေးနားမှ လူတစ်ယောက်သည် ဒါကို ကြားလိုက်ရသဖြင့် မထိန်းနိုင်ဘဲ ရယ်မောမိသွားသော်လည်း အကြီးအကဲ ကျူးကဲချုံး၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ ပါးစပ်ကို ချက်ချင်း တင်းတင်းပိတ်လိုက်ရပြီး ရယ်ချင်စိတ်ကို အတင်းအကြပ် ထိန်းချုပ်လိုက်ရသဖြင့် မျက်နှာမှာ နီရဲသွားခဲ့သည်။
ကျူးကဲချုံးမှာမူ ထိုသေးငယ်သော ဖြစ်ရပ်ကို ဂရုမစိုက်ဘဲ သူ၏ သြဇာသံကြီးဖြင့် ထိုနေရာအကြောင်း ဆက်လက် မိတ်ဆက်ပေးခဲ့သည်...
"ဒီနေရာကို ချင်းလင်ဂိတ်လို့ ခေါ်တယ်..သူ၏ သာမန် ပုံစံကို ကြည့်ပြီး အထင်မသေးလိုက်ပါနဲ့.. ဒီကမ်းပါး အောက်ခြေမှာ ရေတွက်မရနိုင်တဲ့ ဝိညာဉ်စုဆောင်းရေး အစီအရင်ငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြီးမားရှုပ်ထွေးတဲ့ ဝိညာဉ်စုဆောင်းရေး အစီအရင်ကြီးတစ်ခု ရှိနေတယ်.. နီးကပ်လေလေ ဝိညာဉ်စွမ်းအင် ပိုမို ထူထပ်လေလေပဲ"
သူသည် လူတိုင်း အချက်အလက်များကို နားလည်စေရန် စကားကို ခဏရပ်လိုက်ပြီး ပိုမို တုန်လှုပ်ဖွယ်ရာ ဗုံးတစ်လုံးကို ထပ်မံ ထုတ်လွှတ်လိုက်တော့သည်။
"ငါတို့ ကျူးကဲ မိသားစုမှာ ဒီလို ကမ်းပါး ဂူအဆောက်အအုံ ရာချီ ရှိသေးတယ်..."
ရာချီ ရှိသေးတယ်ဟုတ်လား... လူတိုင်း အသက်ပင် မရှူဝံ့ကြတော့ပေ...
ကျူးကဲ မိသားစု၏ အထောက်အပံ့များမှာ တကယ့်ကို ရေတွက်၍ မရနိုင်အောင်ပင်...
ဒီ "အရန်" အိမ်ပါသမက်များကို ထားရှိသည့် နေရာပင်လျှင် ဒီလောက် ကြီးမားလှသော စံချိန်ရှိနေသည်မဟုတ်ပါလော။
"ကျူးကဲ မိသားစု၏ အိမ်ပါသမက်များအနေနဲ့ မင်းတို့ စည်းကမ်းအချို့ကို လိုက်နာကြရမယ်" ကျူးကဲချုံး၏ အသံမှာ ရုတ်တရက် အေးစက်သွားပြီး ငြင်းဆန်ခွင့်မရှိသော သြဇာအာဏာ ပါဝင်လာခဲ့သည်။
"ပထမအချက်.. မည်သူမျှ ခွင့်ပြုချက်မရှိဘဲ ချင်းလင်ဂိတ် ဧရိယာမှ ထွက်ခွာခွင့်မရှိသလို.. ကျူးကဲ မိသားစု၏ အတွင်းဘက် အဆောင်သို့လည်း ကျူးကျော်ဝင်ရောက်ခွင့် မရှိဘူး" သူ၏ အကြည့်မှာ သိန်းငှက်ကဲ့သို့ပင်…
"စည်းကမ်းဖောက်ဖျက်သူတွေကို ပြင်းထန်စွာ ပြစ်ဒဏ်ပေးမယ်... အပေါ့ဆုံးကတော့ နံရံမှာ သုံးသပ်ခိုင်းပြီး အထောက်အပံ့တွေကို နှုတ်ယူပစ်မယ်.. အဆိုးဆုံးကတော့... ဟင်း.. ပြစ်ဒဏ်ဆောင်ကို ကိုယ်တိုင် ကိုယ်ကျ ခံစားကြရလိမ့်မယ်..."
လူငယ်များသည် ပြစ်ဒဏ်ဆောင်အတွင်းရှိ တောက်ပနေသော ပြစ်ဒဏ်ပေး ကိရိယာများကို မြင်ယောင်နေကြသကဲ့သို့ နောက်သို့ ဆုတ်လိုက်ကြသည်။
"ဒုတိယအချက်.. မင်းတို့အချင်းချင်း သီးသန့် စိန်ခေါ်တာကို တားမြစ်တယ်..."
ကျူးကဲချုံးက အလေးပေးပြောဆိုလိုက်ပြန်သည်။
"မည်သည့် ပဋိပက္ခမဆို မိသားစုရဲ့ စညကမ်းထိန်းသိမ်းရေး အဖွဲ့ထံ သတင်းပို့ပြီး ဆုံးဖြတ်ခိုင်းရမယ်"
“တိတ်တဆိတ် လှုပ်ရှားရဲသူ မှန်သမျှကို တွေ့ရှိပါက ပြင်းထန်စွာ ပြစ်ဒဏ်ပေးမယ်”
“သူတို့၏ ကျင့်ကြံရေးကို ဖျက်ဆီးပြီး ကျူးကဲ မိသားစုမှ နှင်ထုတ်ပစ်မယ်”
ကျင့်ကြံရေးကို ဖျက်ဆီးပစ်မည်... မိသားစုမှ နှင်ထုတ်ပစ်မည်... ထိုပြစ်ဒဏ်မှာ ငြင်းဆန်၍မရအောင် ပြင်းထန်လှပေသည်...
လူတိုင်း အေးစက်သွားကြပြီး
"မိသားစုခေါင်းဆောင်၏ သမီးတော်၏ အမျိုးသား" နေရာအတွက် ယှဉ်ပြိုင်လိုစိတ်ကြောင့် ဖြစ်ပေါ်ခဲ့သော သေးငယ်သည့် ပဋိပက္ခများမှာ ချက်ချင်းပင် ချုပ်ငြိမ်းသွားခဲ့ရသည်။
"တတိယအချက်နဲ့ အရေးကြီးဆုံးအချက်ကတော့..."
ကျူးကဲချုံး၏ အကြည့်သည် လူအုပ်အပေါ်သို့ ဝေ့ဝဲသွားပြီး လူအချို့၏ အောက်ပိုင်းထံသို့ ခဏမျှ စိုက်ကျသွားခဲ့သည်...
"မင်းတို့ရဲ့ တာဝန်က ကျူးကဲ မိသားစုအတွက် သွေးမျိုးဆက် မွေးဖွားပေးဖို့ပဲ ဖြစ်တယ်.. မိသားစုက မင်းတို့အတွက် ဇနီးမယားများ စီစဉ်ပေးမှာဖြစ်ပြီး မင်းတို့ရဲ့ တာဝန်ကတော့ ကြိုးစားပြီး ကလေးမွေးဖွားပေးဖို့ပဲ..."
"ကောင်းမွန်သော ဝိညာဉ်အမြစ် ပါဝင်တဲ့ ကလေးရရှိသူများကို ရက်ရောစွာ ဆုလာဘ် ပေးအပ်မယ်..."
စကားများမှာ လွန်စွာ ပွင့်လင်းလှသဖြင့် ရှက်ရွံ့တတ်သော လူငယ်များစွာမှာ ချက်ချင်းပင် မျက်နှာများ နီရဲသွားကြတော့သည်။
လီကွေ့သိုင်သည် စိတ်ဝင်တစား နားထောင်နေပြီး သူ၏ ရှေးဟောင်း ကျောက်ကပ်ခန္ဓာမှာ စမ်းသပ်ကြည့်ချင်စိတ်များ ပေါက်ကွဲနေပြီဟု ခံစားရသဖြင့် မသိစိတ်မှ ကျောကိုပင် မတ်လိုက်မိသည်။
ထိုစဉ်မှာပင် အဝေးမှ အမှီလိုက်ပြေးလာသော ပုံရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူသည်ကား ပျံသန်းရေး သင်္ဘောပေါ်တွင် စာရင်းသွင်းရန် တာဝန်ယူခဲ့ပြီး လီကွေ့သိုင်၏ "တံစိုးလက်ဆောင်" ပေးခြင်းကို ခံခဲ့ရသော တပည့်ငယ် ဖြစ်ပေသည်။
သူသည် ကျူးကဲချုံး၏ ဘေးနားသို့ ပြေးဝင်လာပြီး ရိုသေစွာ ဦးညွှတ်ကာ သူ၏ နားထဲသို့ စကားအနည်းငယ် တိုးတိုးလေး ပြောလိုက်သည်။
နားထောင်ပြီးနောက် ကျူးကဲချုံး၏ အကြည့်သည် လီကွေ့သိုင်ထံသို့ နောက်တစ်ကြိမ် ကျရောက်သွားခဲ့ရာ..
သူ၏ မျက်လုံးများတွင်... စစ်ဆေးမေးမြန်းချင်သည့် အရိပ်အယောင်တစ်ခု... နှင့် မသိသာသော အကူအညီမဲ့မှု အရိပ်အယောင်တစ်ခု ပါဝင်နေသကဲ့သို့... သူသည် လည်ချောင်းကို ရှင်းလိုက်ပြီး လူတိုင်းကို ပြောလိုက်သည်။
"သူကတော့ ကျူးကဲမင် ပဲ ဖြစ်ပြီး နောက်ဆိုရင် ချင်းလင်ဂိတ်မှာ မင်းတို့ရဲ့ တိုက်ရိုက် စီမံခန့်ခွဲသူ ဖြစ်လာလိမ့်မယ်"
”သူက ဒီနေရာတွင် နေထိုင်မည်ဖြစ်ပြီး မင်းတို့၏ နေ့စဉ် လိုအပ်ချက်များ.. အထောက်အပံ့ ခွဲဝေမှုများ.. တာဝန် ပေးအပ်မှုများနှင့် အခြားသော သာမန် ကိစ္စရပ်များ အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးလိမ့်မယ်”
ကျူးကဲမင်သည် လူတိုင်းကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်သည်။
သူသည် အသက် ၂၀ ကျော် အရွယ်ရှိပုံရပြီး သာမန် မျက်နှာရှိသော်လည်း မျက်လုံးများမှာ ရှင်းလင်း၍ ကျွမ်းကျင်မှုကို ပြသနေခဲ့သည်။
"မင်းတို့မှာ မေးခွန်းတွေ ဒါမှမဟုတ် နေ့စဉ် ဘဝမှာ လိုအပ်ချက်တွေ ရှိရင် သူ့ကို မေးမြန်းနိုင်ပါတယ်"
ထိုသို့ ပြောပြီးနောက် ကျူးကဲချုံးသည် ကျူးကဲမင်အား စကားအနည်းငယ် ထပ်မံ တိုးတိုးလေး ပြောကြားလိုက်ပြီး သူ၏ လက်အင်္ကျီကို ခါလိုက်ကာ အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ လျှင်မြန်စွာ ထွက်ခွာသွားတော့၏..
တစ်စက္ကန့်မျှ ထပ်မံနေထိုင်ပါက အလွန် ဒုက္ခရောက်မည်ကဲ့သို့ပင်။
နံပါတ်၁၆ အကြီးအကဲကို နှုတ်ဆက်ပြီးနောက် လေထုမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။
ကျူးကဲမင်သည် လက်ခုပ်တီးလိုက်ပြီး လူတိုင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
"ကဲပါ.. တပည့်တို့.. အခု တန်းစီပြီး ဒီမှာ တစ်ယောက်ပြီး တစ်ယောက် စာရင်းသွင်းကြပါ"
"မင်းတို့ရဲ့ နာမည်.. အသက်.. မွေးရပ်မြေနဲ့ ဝိညာဉ်အမြစ် အဆင့်တွေကို စာရင်းသွင်းဖို့ လိုအပ်ပါတယ်"
”နောက်ပိုင်းမှာ မင်းတို့ တစ်ယောက်စီကို အထောက်အထား တိုကင်တစ်ခုစီ ထုတ်ပေးမယ်”
“မိမိ၏ တိုကင်ဖြင့်သာ သက်ဆိုင်ရာ ဂူအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး မဟုတ်ပါက ဂူ၏ တားမြစ်ချက်များကြောင့် တားဆီးခံရခြင်း သို့မဟုတ် တိုက်ခိုက်ခံရခြင်းပင် ဖြစ်ပေါ်နိုင်ပါတယ်”
“အားလုံးပဲ နားလည်ကြမယ်ထင်ပါတယ်”
ဒါကို ကြားလိုက်ရသောအခါ လူတိုင်း လျှင်မြန်စွာ တန်းစီလိုက်ကြသည်။
ဂူ၏ ပတ်ဝန်းကျင်ကြောင့် စိတ်ပျက်နေကြသော်လည်း အထောက်အထား တိုကင်များနှင့် အနာဂတ် "တာဝန်များ" ကို တွေးတောရင်း စိတ်ဓာတ်များ တက်ကြွလာကြတော့သည်။
တန်းစီဇယားမှာ ဖြည်းဖြည်းချင်း ရှေ့သို့ ရောက်ရှိသွားပြီး တစ်ယောက်ပြီး တစ်ယောက်.. လူခြောက်ယောက်.. ခုနစ်ယောက်ခန့် စာရင်းသွင်းခြင်း ပြီးစီးကာ သူတို့၏ တိုကင်များကို ယူဆောင်သွားလေသည်။
ထို့နောက် တောင်ပိုင်း ကျေးရွာမှ လာသူ.. အဆင့် (၅) အဆင့်မြင့် သစ်သား ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားပြီး ချီစုစည်းခြင်းအဆင့် (၆) သို့ ရောက်ရှိထားသည့် လူငယ်၏ အလှည့်သို့ ရောက်ရှိသွားခဲ့သည်။
သူသည် ကျူးကဲမင်ဆီသို့ လျှောက်လှမ်းသွားပြီး ခေါင်းကို အနည်းငယ် မော့ကာ ဖုံးကွယ်ထားခြင်း မရှိသော မာနစိတ်ဖြင့် ရှင်းလင်းစွာ ပြောလိုက်သည်။
"ငါ့နာမည်က ယဲ့ဖန် ပါ.. အသက် ၂၂ နှစ်.. တောင်ပိုင်း ကျေးရွာက လာတာဖြစ်ပြီး ငါ့ရဲ့ ဝိညာဉ်အမြစ်က အဆင့် (၅) အဆင့်မြင့် သစ်သား ဝိညာဉ်အမြစ် ဖြစ်ပါတယ်"
သူ ပြောပြီးသည်နှင့် လူအုပ်ထဲမှ မနာလိုမှုနှင့် လေးစားအားကျမှု တိုးတိုးပြောသံများ ထွက်ပေါ်လာလေသည်… အဆင့် (၅) အဆင့်မြင့်... သူသည် အုပ်စု၏ အခြားသူများထက် ထင်းရှင်းစွာ ပေါ်လွင်နေခဲ့ပေသည်။
သို့သော်လည်း တန်းစီဇယား၏ အနောက်ဘက်တွင် မတ်တပ်ရပ်နေသော လီကွေ့သိုင်သည် "ယဲ့ဖန်" ဆိုသည့် နာမည်ကို ကြားလိုက်ရသည့် ခဏ၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ... သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး မျက်လုံးများ ပြူးကျယ်ကာ ရင်ထဲမှ အော်ဟစ်လိုက်တော့သည်...
"ဟေ... ဘာရယ်... ယဲ့ဖန် ဟုတ်လား..."