အခန်း (၁၅)
“ဒါနဲ့ ဂျက်စ်မင်း၊ နင် ဘယ်လိုလွတ်လာတာလဲ”နန်းမို၏မျက်လုံးများ ဘေးသို့ လွှဲသွားသည်။“ငါ... မြွေဆိုးဂိုဏ်းတစ်ဂိုဏ်းလုံးက နင့်ကို ရင်ဆိုင်ဖို့ သွားကြတာ။ ငါ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ ငါ အိမ်သာသွားချင် ဟန်ဆောင်ပြီး နင့်ကို သတိပေးဖို့ ဒီကို ထွက်လာခဲ့တာ။”“ကျေးဇူးအများကြီးတင်တယ်။”ရန်တုန်ချင်းသည် နန်းမို၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ပဉ္စမထပ်၏ အတွင်းပိုင်းသို့ တစ်လှမ်းချင်း ဆက်လျှောက်သွားခဲ့သည်။မကြာမီပင် အနက်ရောင်နှင့် ရွှေရောင်စပ်ထားသော အဆင်အပြင်များဖြင့် ထုလုပ်ထားသည့် ကြီးမားသော နံရံကြီးတစ်ခုကို မြင်တွေ့လိုက်ရ၏။နံရံ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သပ်ရပ်ခန့်ညားသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူများ တန်းစီ ရပ်နေကြသည်။ သူတို့အားလုံး သေနတ်များကိုင်ဆောင်ထားကြပြီး လည်ပင်းတွင် မြွေနက်ပုံ တက်တူးများ ရှိနေသည်။ ထို့အပြင် အားလုံးက အနက်ရောင် အဆိပ်ဓာတ်ငွေ့မျက်နှာဖုံးများကို တပ်ဆင်ထားကြသည်။ရန်တုန်ချင်းသည် နန်းမိုကို သူ့နောက်တွင် ကွယ်ထားလိုက်ပြီး လူအုပ်ကို သတ်ဖြတ်လိုစိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
ရုတ်တရက် အနက်ရောင်ဝတ်ထားသူများသည် နောက်တစ်လှမ်းဆုတ်လိုက်ကြပြီး အလယ်တွင် လမ်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။ ထို့နောက် သူတို့၏ခေါင်းများကို အနည်းငယ်ငုံ့ကာ နံရံကြီးကို စူးစိုက်ကြည့်နေကြသည်။ သူတို့၏မျက်နှာများတွင် ရူးသွပ်သည့်အထိ ကြည်ညိုလေးစားနေသည့် အမူအရာများ ရှိနေပြီး အရေးပါသည့် ပုဂ္ဂိုလ်တစ်ဦး ရောက်ရှိလာခြင်းကို ကြိုဆိုနေကြသကဲ့သို့ ဖြစ်နေသည်။ရန်တုန်ချင်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။ အားလုံး၏နောက်ကွယ်မှ ကြိုးကိုင်သူ ရောက်လာပြီဆိုတာ သူသိလိုက်သည်။သူ၏မျက်စိရှေ့တွင် ခေါင်းပြောင်ပြောင်၊ ကိုယ်ထည်တောင့်တင်းသည့် အနက်ရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ဦးသည် နံရံနောက်မှ ဘီးတပ်ကုလားထိုင်တစ်စီးကို ဖြည်းညင်းစွာ တွန်းထွက်လာခဲ့သည်။ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသူသည် သပ်ရပ်ခန့်ညားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မြွေအရေခွံဖြင့် ပြုလုပ်ထားသော တုတ်ကောက်တစ်ချောင်းကို ကိုင်ထားသည်။ အညိုရောင်မှန်တပ်မျက်မှန်ကွယ်နောက်တွင်ပင် ဖုံးကွယ်မထားနိုင်သည့် ချောမောသောမျက်နှာတစ်ခု ပေါ်လွင်နေပြီး ထိုမျက်နှာမှာတော့ ဖျော့တော့နွမ်းနယ်နေခဲ့သည်။“ခေါင်းဆောင်ကြီး…”အနက်ရောင်ဝတ်ထားသူ တစ်ဒါဇင်ခန့်က ရူးသွပ်စွာ အော်ဟစ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဦးညွှတ်ကာ သူ့ရောက်ရှိလာမှုကို ကြိုဆိုလိုက်ကြသည်။“စုမူ”ရန်တုန်ချင်း၏ မျက်နှာအမူအရာ ပိုမို အေးစက်သွားခဲ့သည်။
“တကယ်ပဲ မင်း ဖြစ်နေတာပဲ”ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် စုမူက ပြုံးလိုက်ပြီး ပြောလိုက်၏။“ဒီနေရာမှာ တွေ့ရတာ ဝမ်းသာပါတယ်၊ ရန်တုန်ချင်း...”“ဟမ့်။ မင်း သိပ်ကြာကြာ ပျော်နိုင်မှာ မဟုတ်ဘူး။”ရန်တုန်ချင်းက အေးစက်စွာ ရယ်မောလိုက်ပြီး စုမူကို စိုက်ကြည့်နေသည့် အကြည့်များထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။“အိုး… ခုနကပဲ ဂျက်စ်မင်း နဲ့ တွေ့အောင် စီစဉ်ပေးခဲ့တဲ့အတွက် ငါ့ကို အရမ်းကျေးဇူးတင်တယ်လို့ မင်းပြောခဲ့သေးတာ မဟုတ်ဘူးလား”ရန်တုန်ချင်း၏ မျက်လုံးများ အေးစက်သွားသည်။“အပိုတွေ မပြောနဲ့တော့။ အရင်ဆုံး ဂျက်စ်မင်း ကို ခြိမ်းခြောက်တယ်။ ပြီးတော့ ငါ့ကို လူလွှတ်ပြီး တိုက်ခိုက်တယ်။ ပြောစမ်း၊ မင်း ဘယ်လိုသေချင်လဲ…”စုမူသည် ထူးခြားစွမ်းအားရှင်၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့သည့်အရိပ်အယောင်ပင် မရှိ။ သူ့လက်ထဲရှိ မြွေအရေခွံ တုတ်ကောက်ကိုပင် အေးအေးဆေးဆေး လှည့်ကစားနေခဲ့သေးသည်။ရန်တုန်ချင်း၏အကြည့်သည် မသိမသာ ရွေ့လျားသွားပြီး မြွေအရေခွံ တုတ်ကောက်၏ ထိပ်ပိုင်းရှိ အနက်ရောင်နှင့် ရွှေရောင်စပ်ထားသော အဆင်အပြင်ကို လှမ်းကြည့်မိသည်။“မင်း မလှုပ်ရှားခင်မှာ ငါ့အခြေအနေတွေကို အရင်နားထောင်ကြည့်ပါလား။ မင်းက တကယ်ကို အရမ်းတော်တယ်။ ဒါပေမယ့် မင်းနောက်မှာရှိတဲ့ ဂျက်စ်မင်း ကိုရော စဉ်းစားဖူးလား”“ကျည်ဆန်တွေက မျက်စိမရှိဘူး။ မတော်တဆ ဒီလှပတဲ့ခန္ဓာကိုယ်မှာ အပေါက်တစ်ပေါက် ဖြစ်သွားရင် သိပ်လှတော့မှာ မဟုတ်ဘူးနော်။”ထိုစကားကို ကြားလိုက်ရသည်နှင့် ရန်တုန်ချင်း၏မျက်နှာသည် ချက်ချင်းပင် ရုပ်ဆိုးသွားသည်။“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား”နန်းမို၏မျက်နှာလည်း ဖြူဖျော့သွားသည်။ စုမူက သူမကို ဘာကြောင့် လွှတ်ပေးခဲ့သည်ကို ယခုမှ သူမသဘောပေါက်လိုက်သည်။စုမူသည် အစကတည်းက စတုတ္ထထပ်ရှိ အဆိပ်ဓာတ်ငွေ့သည် အသုံးမဝင်ကြောင်း သိထားခဲ့ပုံရသည်။ ထို့ကြောင့် သူမကို ထိုနေရာသို့ လွှတ်လိုက်ခြင်းမှာ ရန်တုန်ချင်း၏ အားနည်းချက်ဖြစ်လာစေရန် ဖြစ်သည်။ ထိုသို့ဖြင့် ရန်တုန်ချင်းသည် လွတ်လပ်စွာ လှုပ်ရှားနိုင်တော့မည် မဟုတ်ပေ။သို့သော် ပြန်စဉ်းစားကြည့်လိုက်သောအခါ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမ သတိပြုမိလိုက်သည်။ ရန်တုန်ချင်းကို ချုပ်ကိုင်ထားလိုလျှင် သူမကို ဓါးစာခံအဖြစ် ဖမ်းဆီးထားရုံဖြင့် လုံလောက်ပေသည်။
စုမူက ခေါင်းခါလိုက်သည်။
“ဒီလောက်ထိလည်း ပြင်းပြင်းထန်ထန် မပြောပါနဲ့၊ ဒါက မိတ်ဆွေတစ်ယောက်လို သတိပေးတာပါ၊ ဂျက်စ်မင်း တစ်ခုခုဖြစ်သွားတာ ကို မင်းလည်း မလိုချင်ဘူးမဟုတ်လား”ထိုစကားကို ကြားလိုက်ရသည့်အခါ နန်းမို၏ နူးညံ့သွယ်လျသော ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး မသိမသာ ရန်တုန်ချင်း၏နောက်တွင် ပုန်းကွယ်လိုက်မိ၏။
ရန်တုန်ချင်းသည် ထိုမိန်းကလေး၏ ကြောက်ရွံ့နေမှုကို ခံစားမိသဖြင့် အလျင်စလို မလှုပ်ရှားရဲအောင် ဖြစ်သွားရသည်။ထိုအချိန်တွင် စုမူက ဆက်ပြောလိုက်သည်။“ဒီတော့ ငါ့လိုချင်တာတွေကို ပြောလို့ရပြီထင်တယ်။ တကယ်တော့ ငါတို့နှစ်ယောက်ကြားမှာ ရန်ငြိုးရန်စ မရှိပါဘူး။ ဒီနေ့ မင်းကို ဒီကိုခေါ်ရတာလည်း မေးခွန်းနည်းနည်း မေးချင်ရုံပါပဲ။”“ဘာမေးခွန်းလဲ”စုမူက အသာအယာ ပြုံးလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။“ဥပမာ... ထူးခြားစွမ်းအားကို ဘယ်လိုရယူနိုင်လဲဆိုတာမျိုးပေါ့။”ရန်တုန်ချင်းက ချက်ချင်းပင် အထင်အမြင်သေးစွာ ရယ်လိုက်သည်။“ထူးခြားစွမ်းအားကို လောဘတက်ဖို့ မင်းက ထိုက်တန်တယ်လို့ ထင်နေတာလား…”စုမူက စိတ်မဆိုးဘဲ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့ ပေါ်လာသည်။“အဲဒီလောက် တစ်ဖက်သတ် မပြောပါနဲ့။ မင်း ရနိုင်တယ်ဆိုရင် ငါက ဘာကြောင့် မရနိုင်ရမှာလဲ”ရန်တုန်ချင်း၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့သည်။
ဟမ့်၊ အိမ်မက် မက်မနေနဲ့”“အရင်ဆုံး ငါပြောတာ ကို နားထောင်ပါဦး။ အထူးစွမ်းအားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တစ်ခုအတွက် ဒေါ်လာ တစ်သန်းပေးမယ်။”ခရိုင် ၁၃ အတွင်းမှာတော့ ဒီငွေပမာဏဟာ မိုးပေါ်ကကျသလို ကြီးမားတဲ့ပမာဏဖြစ်သည်။ အကြောင်းကတော့ ချမ်းသာကြွယ်ဝမှုအများစုဟာ အထက်ပိုင်းမြို့တော်မှာ စုစည်းနေခြင်းကြောင့် ဖြစ်သည်။“မလောက်ဘူး။”စုမူသည် ထိုအဖြေကို ကြိုတင်မျှော်လင့်ထားသကဲ့သို့ ချက်ချင်းပင် ဈေးနှုန်းကို မြှင့်လိုက်သည်။“ဒေါ်လာ ဆယ်သန်း”ရန်တုန်းချင်းက အေးစက်စွာ ရယ်မောလိုက်သည်။“စုမူ၊ မင်းကို ငါက ဉာဏ်ကောင်းတဲ့လူလို့ ထင်ထားတာ၊ မင်း ဒီလောက် တုံးအလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ မင်းကို သတ်လိုက်ရင်လည်း ငါ ဒီပိုက်ဆံတွေကို ရမှာပဲ”စုမူက ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။“သဘောတူညီချက် မရနိုင်ရင် ဆက်ဆွေးနွေးနေဖို့ မလိုတော့ဘူးပေါ့”
ကလစ်၊ ကလစ်...ပစ္စတိုသေနတ် တစ်ဒါဇင်ကျော်၏ ကျည်ထိုးသံများ တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး စုမူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေသော မြွေဆိုးဂိုဏ်းအဖွဲ့ဝင်များက သေနတ်များကို မြှောက်လိုက်ကြသည်။ရန်တုန်ချင်း၏ မျက်နှာအမူအရာ လေးနက်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ခဏအတွင်းမှာပင် နှစ်ဖက်စလုံးသည် တိုက်ပွဲစတင်ရန် အသင့်ဖြစ်သွားကြသည်။“ဂျက်စ်မင်း၊ မစိုးရိမ်နဲ့။ ငါ့နောက်မှာပဲ နေ။ သူတို့ကျည်ဆန်တွေ အားလုံးကို ငါ ခံပေးမယ်။ သူတို့မှာ ကျည်ဆန်တွေ အကန့်အသတ်နဲ့ပဲ ရှိတာ။ ကျည်ကပ်တွေ ကုန်သွားတာနဲ့ စုမူသေပြီပဲ။”သူက နန်းမိုကို တိုးတိုးလေး ပြောကာ နှစ်သိမ့်လိုက်သည်။စုမူသည် သူတို့နှစ်ဦးကို စိတ်ဝင်စားစွာ ကြည့်ပြီးနောက် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။ထိုခဏတွင် သေနတ်သံများ ဆူညံစွာ ပေါက်ကွဲထွက်လာသည်။ဒိုင်း….. ဒိုင်း….. ဒိုင်း…..သေနတ်များမှ ကျည်ဆန်များ တစ်ရစပ် ထွက်လာပြီး မှောင်မိုက်နေသော ခန်းမအတွင်း မီးကွန်ယက်တစ်ခုသဖွယ် ပျံ့နှံ့သွားသည်။တစ်ချိန်တည်းမှာပင် ရန်တုန်ချင်း၏ခန္ဓာကိုယ်ပေါ်တွင် ကျည်ဆန်များ ထိမှန်ပေါက်ကွဲမှုကြောင့် မီးစငယ်များ တဖျတ်ဖျတ် လွင့်စင်ထွက်လာသည်။သူ၏သန်မာသော ခန္ဓာကိုယ်မှာ နောက်သို့ မသိမသာ ဆုတ်ခွာသွားခဲ့ရသည်။သူ၏ခန္ဓာကိုယ်က ကျည်ဆန်များကို ခံနိုင်ရည်ရှိသော်လည်း ထိမှန်သည့် အရှိန်ကိုမူ ရှောင်လွှဲ၍ မရနိုင်ပေ။
ပစ်ခတ်မှုသည် မိနစ်ဝက်တိတိ ကြာမြင့်ခဲ့သည်။ ကျည်ခွံများ တစ်ခုပြီးတစ်ခု မြေပြင်ပေါ်သို့ ကျလာပြီးနောက် ခေါင်းကိုငုံ့ကာ ခုခံနေခဲ့သော ရန်တုန်ချင်းသည် နောက်ဆုံးတွင် ခေါင်းမော့လာတော့သည်။သူက အသက်ပြင်းပြင်းရှူနေပြီး ကျည်ဆန်များ ကုန်သွားသည့် လူအုပ်ကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။“နောက်တစ်ဆင့်က ငါ့အလှည့်ပဲ”သူ လှုပ်ရှားရန် ပြင်လိုက်စဉ် စုမူက သူ့အဝတ်အတွင်း လက်နှိုက်လိုက်သည်ကို မြင်လိုက်ရသည်။ ရန်တုန်ချင်း၏ မျက်နှာအမူအရာ ချက်ချင်း တင်းမာသွားပြီး ခြေလှမ်းကို အလျင်အမြန် ရပ်တန့်လိုက်သည်။စုမူ သေနတ် မပစ်ရသေးသည်ကို သူ မေ့မလို ဖြစ်သွားခဲ့၏။နောက်တစ်စက္ကန့်တွင် ရန်တုန်ချင်းအံ့အားသင့်သွားသည်။ စုမူ၏အိတ်ကပ်ထဲမှ ထွက်လာသည်မှာ ပစ္စတိုသေနတ်မဟုတ်ဘဲ ရှေးခေတ်ပုံစံ အနက်ရောင်နှင့် ရွှေရောင်စပ်ထားသော အဖုံးဖွင့် အိတ်ဆောင် နာရီတစ်လုံး ဖြစ်နေခြင်းကြောင့်ပင်။အိတ်ဆောင်နာရီကို ဖွင့်လိုက်သည့်အခါ ကြည်လင်ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာသည်။ရန်တုန်ချင်းသည်လည်း ထိုနာရီပေါ်ရှိ အနုစိတ်လှပသော အဆင်အပြင်များကို မြင်လိုက်ရသည်။ အနက်ရောင်နှင့် ရွှေရောင်စပ်ထားသော ရုပ်ပုံလွှာများသည် ထူထပ်စွာ ပေါင်းစပ်ယှက်နွယ်နေပြီး နောက်ဆုံးတွင် အမြီးကို ကိုက်ထားသော မြွေပုံစံတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။“အချိန် ရောက်ပြီပဲ”
စုမူက တည်ငြိမ်စွာ ပြောလိုက်သည်။
ထို့နောက် သူသည် ဘီးတပ်ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး လက်တစ်ဖက်တွင် မြွေပုံစံသစ်သားတုတ်ကောက်ကို အားပြုကာ ရန်တုန်ချင်းဆီသို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ထိုထူးဆန်းသော မြင်ကွင်းကြောင့် ရန်တုန်ချင်းသည် သတိအပြည့်ထားလိုက်သည်။“မင်း ဘာလုပ်ချင်တာလဲ။ ကိုယ့်သေတွင်းကိုယ် တူးနေတာလား…”စုမူက အသာအယာ ပြုံးလိုက်သည်။“ရန်တုန်ချင်း၊ မင်း သတိမထားမိသေးဘူးလား”
“ဘာကို သတိထားရမှာလဲ”“မင်း ခေါင်းနည်းနည်းမူးနေသလို မခံစားရဘူးလား”ခေါင်းမူးတာ ဟုတ်လား။ရန်တုန်ချင်း၏မျက်နှာ အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ ပဉ္စမထပ်သို့ ရောက်လာကတည်းက ခေါင်းအနည်းငယ်မူးနေခဲ့သော်လည်း အလေးအနက်မထားခဲ့ပေ။ အစောပိုင်းက ရရှိထားသော ဒဏ်ရာများကြောင့်ဟုသာ ထင်ထားခဲ့သည်။ သို့သော်...“လက်တွေခြေတွေ ပင်ပန်းနွမ်းနယ်နေသလို ခံစားရလား။ ဒါမှမဟုတ် မင်းရဲ့ အမြင်အာရုံတွေ ဝေဝါးလာပြီလား”စုမူပြောလိုက်ပြီးနောက်တွင်တော့ ရန်တုန်ချင်းကိုယ်တိုင်လည်း ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ်ပင်ပန်းလာပြီး အမြင်များ ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။ ထိုခံစားချက်ကို ဖယ်ရှားပစ်ရန် သူက ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်၏။
“ရန်တုန်ချင်း” နန်းမိုက စိုးရိမ်တကြီး မေးလိုက်သည်။ “နင် အဆင်ပြေရဲ့လား”“ဒါ အမှန်တကယ် ဘာတွေ ဖြစ်နေတာလဲ”ရန်တုန်ချင်းစတင်ထိတ်လန့်လာပြီဖြစ်သည်။ထိုအချိန်တွင် စုမူသည် ရုပ်ရှင်ထဲမှ အောင်ပွဲရနေသော ဗီလိန် တစ်ယောက်ကဲ့သို့ တည်ငြိမ်လှပသောဟန်ဖြင့် လမ်းလျှောက်လာရင်း သူ၏ အနိုင်ရရှိမှုကို စတင် ကြေညာလိုက်တော့သည်။