အခန်း (၂၆)
“အား...”
လီလီက အရင်ဆုံး စူးရှကျယ်လောင်စွာ အော်လိုက်မိသည်။ အကြောင်းမှာ... ထိုမျက်နှာသည် သူတို့အဖွဲ့ထဲမှ မည်သူ့မျက်နှာနှင့်မျှ မတူသောကြောင့်ပင်။လီချန်၏စိတ်ထဲတွင် ကြောက်ရွံ့မှုက ချက်ချင်းပင် ဖုံးလွှမ်းသွားပြီး ခေါင်းထဲတွင်လည်း အတွေးများ ရှုပ်ထွေးကုန်သည်။ ဘာကြောင့်လဲ။ အစ်ကိုယဲ့ က လူသဏ္ဌာန်မွန်းစတား တွေက နေ့ဘက်မှာပဲ ပေါ်လာတတ်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။သူ တုံ့ပြန်ချိန် မရလိုက်မီမှာပင် နူးညံ့သော လက်တစ်စုံက သူ့ကို အားကုန်တွန်းထုတ်လိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရ သည်။ သတိလက်လွတ် ဖြစ်နေသော လီချန်သည် မြေပြင်ပေါ်သို့ ပက်လက်လန် လဲကျသွားခဲ့သည်။ထိုလက်ပိုင်ရှင်ကတော့ ရူးသွပ်သွားသည့်အလား အလျင်အမြန် ထွက်ပြေးသွားလေသည်။လီလီ အလွန်ကောင်းစွာ သိထားသည်မှာ၊ သူမသည် လူသဏ္ဌာန် မွန်းစတားကိုရော၊ ဘေးနားရှိ လီချန်ကိုပါ ကျော်၍ ပြေးနိုင်မည် မဟုတ်ပေ။ သူမ အသက်ရှင်ပြီး အစားမခံရစေရန်အတွက် တစ်ခုတည်းသော နည်းလမ်းမှာ လီချန်ကို အသုံးချကာ အချိန်ဆွဲထားရန်သာ ဖြစ်သည်။
ဘုတ်...
လီချန်၏ လက်ထဲမှ စက္ကူဖြူ မီးအိမ်မှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။ ထိုမီးအိမ် မြေပြင်ပေါ်တွင် လိမ့်သွားပြီး ဖြူလျော့နေသော မျက်နှာပိုင်ရှင်၏ ခြေထောက်နားသို့ ရောက်သွားသည့်အခိုက်တွင် လီချန်မှာ ထိတ်လန့်လွန်း၍ သတိလစ်မတတ် ဖြစ်သွားသည်။ အကြောင်းမှာ မီးအိမ်အလင်းက သူ့နောက်ဘက်ရှိ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးလိုက်သောကြောင့်ပင်။လူတွေ... နေရာတိုင်းမှာ လူတွေချည်းပဲ။ဖြူလျော့နေသော မျက်နှာပိုင်ရှင်၏ နောက်ကွယ်တွင် ဇွန်ဘီများကဲ့သို့ မတုန်မလှုပ် ရပ်နေကြသည့် အနက်ရောင်ဝတ် အမျိုးသားများ အတန်းလိုက် ရှိနေပြီး မှောင်မိုက်နေသော လမ်းကြားတစ်ခုလုံး အပြည့်အနှက် ဖြစ်နေ၏။
“အား... အား... မွန်းစတားတွေ... ငါ့ကို မစားကြပါနဲ့”လီချန်သည် ကြောက်လန့်တကြား ထရပ်ရန် ကြိုးစားရင်း လဲကျသွားလိုက်၊ ပြန်ထလိုက်ဖြင့် နောက်ဆုံးတွင် လေးဖက်ထောက်ကာ အဝေးသို့ ထွက်ပြေးသွားလိုက်သည်။စုမူက အညိုရောင်မျက်မှန်ကို မတတ်နိုင်သည့်ဟန်ဖြင့် အပေါ်သို့ ပင့်တင်လိုက်သည်။ အိပ်မက်ဆိုး ကမ္ဘာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာပြီး အိပ်မက်ဆိုးမွန်းစတား တစ်ကောင်ကိုမျှ မမြင်ရသေးမီမှာပင် အခြားသူများက သူ့ကို မွန်းစတား တစ်ကောင်အဖြစ် အထင်လွဲခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အိပ်မက်ထဲတွင် သွေးပင်လယ်ကြီးက သူ့ကို လုံးဝဝါးမျိုသွားပြီးနောက် ဤရွာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဤပျက်စီးဟောင်းနွမ်းနေသော ရွာလေးတွင် မီးရောင်များပင် မရှိပေ။ အရေးအကြီးဆုံးမှာ သူ ယူဆောင်လာခဲ့သော အလင်းပေးကိရိယာများအားလုံးက အလုပ်မလုပ်ကြပေ။ တိတိကျကျပြောရလျှင် အလုပ်မလုပ်တာ မဟုတ်ဘဲ အလုပ်လုပ်နေသော်လည်း ထွက်လာသောအလင်းက ဤကမ္ဘာ၏ အမှောင်ထုကို လုံးဝမဖယ်ရှားနိုင်ခြင်းသာ ဖြစ်သည်။စုမူက လှည့်ကာ သူ့နောက်ရှိ လက်အောက်ငယ်သားများကို မေးလိုက်သည်။“ငါက မကောင်းဆိုးဝါး နဲ့တူနေလို့လား”ကျောက်ချောင်ယောင်သည် ထွက်ပြေးသွားသော လီချန်၏ ကျောပြင်ကို ရန်လိုစွာ စိုက်ကြည့်လိုက်သည်။“ခေါင်းဆောင်ကြီးကို စော်ကားရဲတယ်၊ သူ့ကို သွားသတ်ပစ်မယ်”ရန်တုန်ချင်းက တွေးတောဟန်ဖြင့် ပြောလိုက်သည်။“ဒီလူကလည်း အိပ်မက်ဆိုး တမန်တော် တစ်ယောက်ဖြစ်မယ် ထင်တယ်။ သူက ငါတို့ထက်စောပြီး ဝင်ရောက်လာတာ ဖြစ်ရမယ်၊ ဒါကြောင့် ဒီအိပ်မက်ဆိုးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တချို့ကို သူ သိထားနိုင်တယ်”စုမူက လက်ကို ဝေ့ယမ်းလိုက်၏။
“သူ့ကို ဖမ်းလာခဲ့”“ဟုတ်ကဲ့ပါ… ခေါင်းဆောင်ကြီး”အနက်ရောင်ဝတ်ထားသော ကိုယ်ထည်ကြီးမားသည့် လူနှစ်ယောက်က ကျားသစ်များကဲ့သို့ ခုန်ထွက်ကာ လီချန်ရှိရာသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။စက္ကန့်အနည်းငယ်အကြာတွင် ထိတ်လန့်တကြား ပြေးနေသော လီချန်ကို အနက်ရောင်ဝတ်ထားသည့် ကိုယ်ထည်ကြီးမားသော လူနှစ်ယောက်က ခွေးသေတစ်ကောင်ပမာ တရွတ်တိုက် ပြန်ဆွဲခေါ်လာကြသည်။“မလုပ်ပါနဲ့…ကျွန်တော့်ကို မစားပါနဲ့။ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို မစားကြပါနဲ့”လီချန်က မျက်လုံးပင် မဖွင့်ရဲဘဲ အသည်းအသန် ရုန်းကန်ကာ ရူးသွပ်စွာ အော်ဟစ်နေခဲ့သည်။
အချိန်အနည်းငယ်ကြာ ရုန်းကန်ပြီးနောက်၊ သူ့ကို မည်သူကမျှ တိုက်ခိုက်နေခြင်း မရှိကြောင်း သတိပြုမိသွားသည်။ သူ ကြောင်အသွားပြီး မျက်လုံးများကို သတိကြီးစွာဖြင့် ဖွင့်ကြည့်လိုက်ရာ အစောပိုင်းက တွေ့ခဲ့ရသည့် ဖြူလျော့ပြီး ချောမောသောမျက်နှာကိုပင် ထပ်မံ မြင်တွေ့လိုက်ရသည်။ထိုမျက်နှာပိုင်ရှင်က ပြုံးနေခဲ့သည်။ အလွန်နူးညံ့သော အပြုံးဖြစ်ပြီး ရန်လိုသည့်အရိပ်အယောင် လုံးဝမရှိပေ။“လူကြီးမင်းက အိပ်မက်ဆိုး တမန်တော် တစ်ယောက်ပဲလား”စုမူက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။လီချန်က အလိုအလျောက် ခေါင်းညိတ်လိုက်ပြီးမှ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။“မင်းတို့လည်း အတူတူ ပဲလား”“ဟုတ်တယ်။ ကျွန်တော်တို့လည်း ခင်ဗျားလိုပဲ အိပ်မက်ဆိုး ကမ္ဘာ ထဲကို မတော်တဆ ရောက်လာကြတဲ့သူတွေပါ။ မွန်းစတားတွေ မဟုတ်ပါဘူး”“တကယ်လား”လီချန်က သူ့ရှေ့ရှိ အနက်ရောင်ဝတ် လူအုပ်ကြီးကို သံသယဖြင့် ကြည့်လိုက်သည်။“ဒါပေမဲ့ ဘာလို့ ဒီလောက်အများကြီး ဖြစ်နေတာလဲ။ ပြီးတော့ ဘာလို့ အားလုံးက အဝတ်အစားတူတူ ဝတ်ထားကြတာလဲ။ ဖြစ်နိုင်တာက... မင်းတို့က အဖွဲ့လိုက် ရောက်လာကြတာလား”
ကျောက်ချောင်ယောင်၏ မျက်နှာထက်တွင် သွေးကြောများ ထောင်ထလာပြီး လီချန်၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ ဒေါသတကြီး ပြောလိုက်သည်။“ဒါက အဖွဲ့လိုက် အပျော်ခရီးထွက်လာတယ်လို့ မင်း ထင်နေတာလား၊ ငါတို့က ဒီမှာ အပန်းဖြေဖို့ ရောက်လာတယ်လို့ ထင်နေတာလား။ ငါတို့ ခေါင်းဆောင်ကြီးရဲ့ မေးခွန်းတွေကို ရိုးရိုးသားသား ဖြေစမ်း၊ ကြားလား”
“ဟေး... မင်းကို ငါ ဘယ်နှစ်ကြိမ်လောက် ပြောရမလဲ၊ ဒီလောက် ကြမ်းကြမ်းတမ်းတမ်း မလုပ်ပါနဲ့၊ ယဉ်ကျေးပါလို့”“ဟုတ်ကဲ့ပါ.. ခေါင်းဆောင်ကြီး”ကျောက်ချောင်ယောင်က လီချန်၏ ကော်လာကို လွှတ်ပေးလိုက်ပြီး စုမူ၏နောက်သို့ ပြန်ဆုတ်သွားလိုက်သည်။စုမူက ထိတ်လန့်နေသော လီချန်ကို ပြုံးပြပြီး သူ၏ တွန့်ကျေနေသော ကော်လာကိုပင် သေချာစွာ ပြင်ဆင်ပေးလိုက်သေးသည်။“မစိုးရိမ်ပါနဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က လူဆိုးတွေ မဟုတ်ပါဘူး။ ဒါနဲ့... ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ”
“လီ... လီချန်ပါ”လီချန်က တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ့စိတ်ထဲတွင် ပို၍ပင် ကြောက်ရွံ့လာမိသည်။“ကောင်းပြီ၊ လူကြီးမင်းလီချန်…ကျွန်တော်တို့အားလုံးက အိပ်မက်ဆိုး တမန်တော်တွေဖြစ်ပြီး ဒီကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီးထဲမှာ ပိတ်မိနေကြတာပဲ မဟုတ်လား။ အချင်းချင်း ကူညီသင့်တယ် မဟုတ်ဘူးလား။ တစ်ယောက်တည်းရဲ့ အင်အားက အကန့်အသတ်ရှိတယ်။ အားလုံးစည်းလုံးပြီး တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မှသာ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာ။ ခင်ဗျားလည်း သဘောတူတယ်မဟုတ်လား”အညိုရောင်မှန်ဘီလူးနောက်က မျက်လုံးများထံမှ မှိန်ဖျော့ပြီး ကြက်သီးထဖွယ် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမျက်လုံးများ၏ စူးစိုက်ကြည့်မှုအောက်တွင် လီချန်၏ ကြောက်ရွံ့မှုများ တဖြည်းဖြည်း လွင့်ပါးသွားခဲ့တော့သည်။
“မင်း ပြောတာ မှန်ပါတယ်၊ ငါတို့ အချင်းချင်း ကူညီသင့်တယ်”လီချန်က ရိုးသားစွာ ပြောလိုက်သည်။“လူကြီးမင်းလီချန်က ကယ့်ကို သဘောကောင်းတဲ့သူ တစ်ယောက်ပဲ။ ခင်ဗျားဆီမှာ ရှိတဲ့ သတင်းအချက်အလက်တွေကို ကျေးဇူးပြုပြီး ပြောပြပေးပါ”
သူတို့နှစ်ဦး ရင်းရင်းနှီးနှီး စကားပြောနေကြစဉ် ဘေးတွင် ရပ်နေသော ရန်တုန်ချင်းက ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။ လူတွေရဲ့စိတ်ကို ထိန်းချုပ်နိုင်သည့် ဒီနည်းလမ်းကို သူ ဘယ်နှစ်ကြိမ်ပဲ မြင်တွေ့ရပါစေ၊ မြင်တိုင်း နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို ခံစားရမြဲပင် ဖြစ်သည်။လီချန်က သူတွေ့ကြုံခဲ့သမျှကို ချန်လှပ်ထားခြင်း မရှိဘဲ ပြောပြပြီးနောက် စုမူသည် သူရောက်နေသော အိပ်မက်ဆိုးကမ္ဘာ အကြောင်းကို နောက်ဆုံးတွင် ရှင်းလင်းစွာ နားလည်သွားခဲ့သည်။လီချန်တို့အဖွဲ့တွင် လူဆယ်ယောက်ရှိပြီး ထိုအထဲမှ ငါးယောက်က သေဆုံးသွားခဲ့ပြီဖြစ်သည်။ယခု ကျန်ရှိနေသူများမှာ အမျိုးသားလေးယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူတို့အားလုံးသည် လွန်ခဲ့သည့် သုံးရက်က အိပ်မက်ဆိုး ကမ္ဘာထဲသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
ကျန်ရစ်သူများအနက် ယဲ့ဖန်ယွီဟု အမည်ရသော လူငယ်တစ်ယောက်သာ ထူးခြားစွမ်းအားရှင် ဖြစ်ပြီး အိပ်မက်ဆိုး ကမ္ဘာထဲသို့ တတိယအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။ ကျန်သူများမှာ ပထမဆုံးအကြိမ် ဝင်ရောက်လာကြသည့် သာမန်လူများသာ ဖြစ်ကြသည်။ဝင်ရောက်လာပြီးနောက် သူတို့သည် ကျောက်မိသားစုရွာဟု ခေါ်သော ရွာတစ်ရွာထဲတွင် ရောက်ရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။ ညဘက်တွင် ရွာတစ်ခုလုံး လူသူကင်းမဲ့နေသော်လည်း အမှောင်ထုအတွင်း၌ အရိပ်ဟု ခေါ်သော မွန်းစတားတစ်ကောင် ပုန်းကွယ်နေပြီး လူများကို အမှောင်ထုထဲသို့ ဆွဲသွင်းလေ့ရှိသည်။ ထိုအရိပ်၏ ဆွဲခေါ်ခြင်းခံရသူတိုင်း သေဆုံးရမည်ဟု ဆိုကြသည်။နေ့ဘက်တွင်တော့ ပို၍ပင် အန္တရာယ်များလှသည်။အဘယ်ကြောင့်ဆိုသော် ပျောက်ဆုံးသွားခဲ့သော ရွာသားများသည် နေ့ဘက်ရောက်သည်နှင့် ပြန်ပေါ်လာကြသည်။ အတိအကျပြောရလျှင် သူတို့သည် ရွာသားများ မဟုတ်တော့ပဲ လူယောင်ဆောင် မွန်းစတားများ ဖြစ်ကြသည်။ သူတို့သည် လွန်စွာ အင်အားကြီးမားပြီး သတ်ဖြတ်ရန်လည်း အလွန်ခက်ခဲသည်။ ထို့အပြင် လူသားများကို တက်ကြွစွာ တိုက်ခိုက်တတ်ကြသည်။ လူသားတစ်ဦးကို ဖမ်းဆီးမိသည်နှင့် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး စားသောက်ကြလိမ့်မည်။
ထိုကဲ့သို့သော မွန်းစတားများ မှာ ရာနှင့်ချီ၍ ရှိနေသဖြင့် ထိပ်တိုက် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် အိမ်များအတွင်း၌သာ ပုန်းခိုနေရသည်။ ထိုရွာသားများသည် အိမ်များကို ကြောက်ရွံ့ကြပုံရသည်။ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသရွေ့ အထဲသို့ ဖောက်ဝင်နိုင်ခြင်း မရှိပေ။ သို့သော် ထိုမွန်းစတားများသည် လူများကို အခန်းထဲမှ ထွက်လာအောင် နည်းလမ်းမျိုးစုံဖြင့် လှည့်ဖြားဆွဲဆောင်နိုင်ကြသည်။လီချန်၏ ရှင်းပြချက်ကို ကြားပြီးနောက် စုမူ၏ အပြုံးက ပို၍ပင် ကျယ်ပြန့်လာသည်။“ဒီအကြောင်းကတော့ နည်းနည်း စိတ်ဝင်စားစရာကောင်းလာပြီပဲ”