အခန်း (၂၇)
အိပ်မက်ဆိုး ကမ္ဘာထဲသို့ နောက်ကျမှ ဝင်ရောက်လာတာမှာလည်း အကျိုးကျေးဇူးရှိပုံရသည်။ အနည်းဆုံးတော့ ကိုယ့်အသက်ကို စွန့်စားပြီး ကူညီပေးခဲ့ကြသူများကြောင့် အရေးကြီးသည့် အချက်အလက်များစွာကို အဆင်သင့် သိရှိနိုင်ခဲ့သည်။ဥပမာအားဖြင့် ရွာသားများသည် အိမ်များထဲသို့ အတင်းအကြပ် ဝင်ရောက်နိုင်ခြင်းမရှိသလို၊ အရိပ်ပုံသဏ္ဌာန်သည် လူများစုပြုံနေသည့် နေရာများတွင် ပေါ်လာလေ့ရှိခြင်းတို့ ပင်ဖြစ်သည်။ဤကဲ့သို့သော အချက်အလက်များသည် စာကြောင်းတစ်ကြောင်းမျှသာ ဖြစ်ပုံရသော်လည်း အမှန်တကယ် သိရှိနိုင်ရန်အတွက်မူ အသက်ကို ရင်းရပေမည်။မြွေဆိုးဂိုဏ်းမှ လက်အောက်ငယ်သားများ၏ အသက်သည် အရေးမကြီးလှသော်လည်း လက်အောက်ငယ်သားအသစ်များကို ထပ်မံစုဆောင်းပြီး စိတ်ညှို့ရခြင်းသည် အလွန် အချိန်ကုန်သော ကိစ္စဖြစ်သည်။
“မစ္စတာ လီချန်၊ အခု လူတိုင်းနဲ့ ပြန်ဆုံဖို့ ကျွန်တော်တို့ကို လမ်းပြပေးပါဦး။” စုမူက ပြုံးရင်း ပြောလိုက်သည်။လီချန် က ထိုင်းမှိုင်းစွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ။”…………နှစ်ထပ်အိမ် တစ်လုံးအတွင်း၌။ယဲ့ဖန်ယွီနှင့် အခြားသူများသည် တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ရောက်ရှိလာကြသည်။ သူတို့ သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြရာ သူတို့အားလုံး၏ မျက်နှာများမှာ မှုန်ကုပ်နေကြသည်။
“ကျောက်ကန်း၊ ဝမ်ထောင်၊ မင်းတို့နှစ်ယောက်လည်း အစားအစာတစ်ခုမှ ရှာမတွေ့ခဲ့ဘူးလား။” ယဲ့ဖန်ယွီက မေးလိုက်သည်။ထိုနှစ်ဦးက ခေါင်းခါပြလိုက်ကြသည်။
“ငါ လယ်ကွင်းထဲ သွားရှာကြည့်ပေမယ့် သီးနှံတစ်ပင်တောင် မရှိဘူး”“ရွာထဲက အမှိုက်ပုံးတွေထဲလည်း ရှာကြည့်တယ်။ဘာ အစားအစာ တစ်ခုမှ မရှိဘူး”ယဲ့ဖန်ယွီ၏ မျက်နှာအမူအရာမှာ ပို၍ မှုန်ကုပ်လာခဲ့သည်။သူက ထိုနှစ်ဦး ပြောသည်ကို အလွယ်တကူ မယုံကြည်ခဲ့ပေ။ ပထမဆုံး သူတို့နှစ်ယောက်ကို သေချာစွာ အရင် စစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့၏ ချိုင့်ဝင်နေသော ဝမ်းဗိုက်များကို လက်ဖြင့် လှမ်းစမ်းကြည့်လိုက်သည်။“မင်းတို့ နှစ်ယောက် ပါးစပ် ဟစမ်း”ထိုနှစ်ဦးသည် ယဲ့ဖန်ယွီကို အလွန် ကြောက်ရွံ့ကြသဖြင့် သူ၏ အမိန့်ကို နာခံလိုက်ကြသည်။ယဲ့ဖန်ယွီစစ်ဆေးကြည့်ရာ အစားအစာအကြွင်းအကျန် တစ်စုံတစ်ရာ မတွေ့ရပေ။ ထို့အပြင် အနံ့ပါ ခံကြည့်လိုက်သော်လည်း အစားအစာနံ့ မရဘဲ သုံးရက်တိုင်တိုင် အနံ့ဆိုးများကိုသာ ရရှိလိုက်သည်။
“လီချန် နဲ့ ဝမ်လီ ကိုပဲ မျှော်လင့်ရတော့မယ်ထင်တယ်”သူတို့ သုံးဦးသည် မီးအိမ်များကိုယ်စီ ကိုင်ဆောင်လျက် အခန်း၏ ထောင့်တစ်နေရာစီတွင် တစ်ဦးနှင့်တစ်ဦး ဝေးကွာစွာ ထိုင်နေလိုက်ကြသည်။မကြာမီ အိမ်အပြင်ဘက်မှ အလောတကြီး ပြေးလာသည့် ခြေသံများ ထွက်ပေါ်လာခဲ့၏။“တံခါးဖွင့်ပေးကြပါ” ကျယ်လောင်စွာ တံခါးထုသံနှင့်အတူ ဝမ်လီ၏ ထိတ်လန့်တကြား အော်ဟစ်အကူအညီတောင်းသံက အပြင်ဘက်မှ ထွက်ပေါ်လာရာ တိတ်ဆိတ်နေသော ညအချိန်တွင် အထူးပင် နားကွဲမတတ် ဆူညံသွားစေသည်။အမျိုးသား သုံးဦး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး အားလုံးထရပ်လိုက်ကြသည်။ ယဲ့ဖန်ယွီက တံခါးဆီသို့ အရင်ဆုံးပြေးသွားသော်လည်း ချက်ချင်းမဖွင့်သေးဘဲ မေးလိုက်သည်။“ဘာဖြစ်တာလဲ”“လီချန်… လီချန် က လူသဏ္ဌာန် မွန်းစတားနဲ့ တွေ့သွားပြီ။ ကျေးဇူးပြုပြီး တံခါးကို မြန်မြန်ဖွင့်ပေးပါ။” တစ်ချိန်က ချိုသာခဲ့သော ဝမ်လီ၏ အသံမှာ ယခုအခါ ပုံမှန်မဟုတ်တော့ဘဲ သုံးရက်ကြာ စုစည်းနေခဲ့သည့် ကြောက်စိတ်အားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသလို ဖြစ်နေသည်။ယဲ့ဖန်ယွီ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“မဖြစ်နိုင်ဘူး။ လူသဏ္ဌာန်မွန်းစတား တွေက နေ့ဘက်မှာပဲ ပေါ်လာတာ။ အခုက ညဘက်လေ၊ ဘယ်လိုလုပ်ပြီး ထွက်လာနိုင်မှာလဲ။”အချိန်မှန်မမှန် သေချာစေရန် သူသည် ပြတင်းပေါက်ဆီ သွားပြီး အပြင်ကို ကြည့်လိုက်သည်။ အပြင်ဘက်တွင် အမှောင်ထုက လွှမ်းမိုးနေပြီး ကောင်းကင်ယံမှ တွဲလောင်းကျနေသည့် အေးစက်သော လရောင်သာလျှင် ရှိနေ၏။ လရောင်သည် ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများကို ဖြတ်သန်းဖြာကျလာကာ မြေပြင်ပေါ်၌ ကြက်သီးထဖွယ် ပုံပျက်နေသော အရိပ်များကို ဖြစ်ပေါ်စေပြီး အသက်ရှူကြပ်လောက်အောင် ဆိုးရွားသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။“ကျွန်မလည်း မသိဘူး။ ဒါပေမယ့် သူတို့ ရုတ်တရက် ပေါ်လာတာပဲ။ တစ်ကောင်တည်းမဟုတ်ဘူး၊ အများကြီးပဲ။ လမ်းကြားတစ်ခုလုံး အပြည့်ပဲ …” ဝမ်လီက ကြောက်လန့်တကြား ငိုကြွေးရင်း အသံတုန်တုန်ဖြင့် ပြောလိုက်သည်။ယဲ့ဖန်ယွီက ပြန်မဖြေဘဲ ပြတင်းပေါက်နားတွင် ကိုယ်ကိုကပ်ကာ တံခါးဝကို သေချာစွာ အကဲခတ်နေလိုက်သည်။ ဝမ်လီတစ်ယောက်တည်း တံခါးဝတွင် ရှိနေကြောင်း အတည်ပြုပြီးမှသာ ပြောလိုက်သည်။“အိပ်မက်ဆိုး မွန်းစတားတွေ အများကြီးရှိတယ်ဆိုရင် မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်လျက် ပြန်ရောက်လာတာလဲ။ လီချန် ရော ဘယ်မှာလဲ။”ဝမ်လီ၏ ငိုသံ ခဏရပ်သွားသည်။ “လီချန်… သူက ကျွန်မ ထွက်ပြေးနိုင်အောင် နောက်မှာနေပြီး တားပေးခဲ့တာ။ သူ… အဟင့်… အဟင့်…”ဒုန်း…
အိမ်တံခါး ပွင့်သွားပြီး အတွင်းမှ ထွက်ပေါ်လာသော မှိန်ဖျော့ဖျော့ မီးရောင်က ဝမ်လီ၏ သိမ်မွေ့သော ခန္ဓာကိုယ်လေးပေါ်သို့ ကျရောက်သွားကာ သူမ၏ ပုံရိပ်ကို အလင်းရောင်တန်းတစ်ခု ရစ်ပတ်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။ သူမ၏ အဖြူရောင်ပိုးသား ညဝတ်အင်္ကျီမှာ ရွှံ့များပေကျံနေပြီး ဗလာကျင်းနေသော ခြေတံရှည်များတွင်လည်း ပွန်းပဲ့ရာများစွာ ရှိနေသည်။ အမွေးပွ ဖိနပ်တစ်ဖက်လည်း ပျောက်ဆုံးနေပြီး တစ်ချိန်က သန့်ရှင်းချောမွေ့ခဲ့သည့် ခြေဖဝါးများမှာ ရွှံ့များဖြင့် ပေကျံနေကာ ခြေချောင်းကြားများထဲတွင်ပင် အမည်းရောင်အညစ်အကြေးများဖြင့် ပြည့်နှက်နေခဲ့သည်။သူမက အခန်းထဲသို့ အလျင်အမြန် ပြေးဝင်လာခဲ့ပြီး ဖယောင်းတိုင်မီးရောင် လွှမ်းခြုံသွားသည့် အချိန်မှသာ စိတ်သက်သာရာရသလို အသက်ပြင်းပြင်း ရှူလိုက်သည်။
ဒုန်း…ယဲ့ဖန်ယွီက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းမနေဘဲ တံခါးကို ပြန်ပိတ်လိုက်သည်။ထို့နောက် ဝမ်လီကို အသက်ရှူဖို့ အချိန်ပင် မပေးတော့ဘဲ၊ သူမ၏ လက်ကို ဆွဲကိုင်ကာ အလျင်စလို မေးလိုက်သည်။“မြန်မြန်ပြော။ အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ။”သူ အမှန်တကယ်ပင် အလွန် စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ ဝမ်လီပြောသည့်စကားများက ပြီးခဲ့သည့် သုံးရက်အတွင်း သူတို့လေ့လာထားသည့် အိပ်မက်ဆိုး မွန်းစတားများ၏ လှုပ်ရှားမှုပုံစံများ မှားယွင်းနေခြင်း သို့မဟုတ် ပြောင်းလဲသွားခြင်းကို ဆိုလိုနေသောကြောင့် ဖြစ်သည်။ ထိုအချက်က အားလုံး၏ အသက်နှင့် တိုက်ရိုက်သက်ဆိုင်နေပေသည်။“ကျွန်မ… ကျွန်မလည်း မသိဘူး။ အရမ်းကြောက်နေတယ်။ လီချန် နဲ့ ကျွန်မ အစားအစာရှာရင်း လမ်းကြားတစ်ခုကို ဖြတ်သွားတုန်း ရုတ်တရက် အသံတစ်ခု ကြားလိုက်ရတယ်။ လီချန် က အဲဒါ အစ်ကိုယဲ့ ဖြစ်မယ်ထင်ပြီး မီးအိမ်ယူပြီး အဲဒီဘက်ကို ထိုးကြည့်လိုက်တာ… ပြီးတော့… ပြီးတော့…” ဝမ်လီ၏ အသက်ရှူသံများ ပိုမို မြန်ဆန်လာပြီး ကြောက်စရာကောင်းသည့် အရာတစ်ခုကို တွေးမိလိုက်သည့်အလား သူမ၏ သူငယ်အိမ်များကလည်း အလိုလို ကျဉ်းမြောင်းသွားခဲ့သည်။ “ဘာဖြစ်တာလဲ... အမှန်အတိုင်း ပြောစမ်း”
ယဲ့ဖန်ယွီ၏ မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေပြီး သူမကို ပါးချည်းသာ ရိုက်ချင်နေတော့သည်။“လူတွေ။ လူတွေ အများကြီးပဲ။ လမ်းကြားတစ်ခုလုံး အနက်ရောင်ဝတ်ထားတဲ့ လူတွေနဲ့ ပြည့်နေတယ်။ သူတို့က ဇွန်ဘီ တွေလိုပဲ မတုန်မလှုပ် ရပ်နေကြတာ။ ရှေ့ဆုံးမှာရှိတဲ့သူကတော့ သွေးရောင် လုံးဝမရှိဘဲ ဖြူလျော့နေပြီး အညိုရောင် မျက်မှန် တပ်ထားတယ်”
“အညိုရောင် မျက်မှန် ဟုတ်လား”“ဟုတ်တယ်၊ အညိုရောင် မျက်မှန်တပ်ထားတဲ့ လူပဲ၊ သူက ပြုံးနေခဲ့တာ။ ကျွန်မတို့ကို ဘာမှမလုပ်ဘဲ ဒီအတိုင်း စိုက်ကြည့်ပြီး ပြုံးနေခဲ့တာ”ထိုစကားကို ကြားလိုက်ရသည်နှင့် လူတိုင်း ကျောချမ်းသလို ခံစားလိုက်ကြရသည်။သူတို့၏ မသိစိတ်ထဲတွင်လည်း ပုံရိပ်များ ပေါ်လာကြသည်။ အလွန်မှောင်မိုက်သော ညတစ်ည၊ လမ်းကြားကို ဖြာကျနေသော စက္ကူဖြူ မီးအိမ်များ၊ ဖယောင်းတိုင်မီးရောင်အောက်တွင် မြင်တွေ့လိုက်ရသော ဇွန်ဘီများနှင့်တူသော အနက်ရောင်ဝတ်လူတန်းကြီး၊ ဖြူလျော့နေသည့် သူတို့၏ မျက်နှာများက အပြုံးကိုယ်စီဖြင့် မင်းကို တည့်တည့် စူးစိုက်ကြည့်နေသည့် မြင်ကွင်းမျိုး...
ဒေါက်... ဒေါက်... ဒေါက်...ပြတ်သားစွာ ဆက်တိုက်ထွက်ပေါ်လာသော တံခါးခေါက်သံ က အားလုံးကို ထိတ်လန့်စွာ သတိပြန်ဝင်လာစေသည်။“မြန်မြန် တံခါးဖွင့်ပေးပါ၊ ကျွန်တော် လီချန် ပါ” တံခါးအပြင်ဘက်မှ လီချန်၏ အသံ ထွက်ပေါ်လာခဲ့သည်။လူတိုင်း၏ မျက်နှာများမှာ ချက်ချင်း ဖြူလျော့သွားခဲ့ပြီး ဝမ်လီမှာမူ ကြောက်လန့်လွန်းသဖြင့် ယဲ့ဖန်ယွီကို အားကိုးရာရှာသလို တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
“ငရဲကို သွားလိုက်၊ ထွက်သွားစမ်း၊ ငါ့ကို လာမထိနဲ့”
ယဲ့ဖန်ယွီက ဝမ်လီကို အားကုန် တွန်းထုတ်ပစ်လိုက်သည်။
“တံခါးဖွင့်ပေးကြပါ၊ အထဲမှာ မီးရောင်ရှိနေတာ ကျွန်တော် မြင်နေရတယ်။” လီချန် က အပြင်မှ အဆက်မပြတ် တောင်းဆိုနေခဲ့သည်။ကျောက်ကန်း က စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်။
“ဝမ်လီက လီချန် သေပြီလို့ ပြောတယ်မဟုတ်လား။ ဒါဆို အပြင်မှာ ရှိနေတာ ဘယ်သူလဲ။”အခန်းထဲတွင် တိတ်ဆိတ်သွားခဲ့ပြီး မည်သူကမျှ ထိုမေးခွန်းကို မဖြေဆိုခဲ့ကြပေ။“ရွာသားတွေ အယောင်ဆောင်ထားတာ ဖြစ်နိုင်တယ်။ သူတို့မှာ ရုပ်သွင်ပြောင်းပြီး လူတွေကို ပြုစားလှည့်ဖြားနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကို မမေ့နဲ့” ဝမ်ထောင် က သတိကြီးစွာဖြင့် ပြောလိုက်သည်။“ပါးစပ်ပိတ်ထား၊ အသံမထွက်နဲ့၊ ငါ သွားကြည့်မယ်”
ယဲ့ဖန်ယွီက တိုးညင်းစွာ အော်ဟစ်လိုက်ပြီး ခြေတစ်လှမ်းချင်း လှမ်းကာ ပြတင်းပေါက်ဆီသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။အပြင်သို့ တစ်ချက်ကြည့်လိုက်သည်နှင့် နှလုံးခုန်ရပ်သွားသလို ခံစားလိုက်ရသည်။အပြင်ဘက်ရှိ မြင်ကွင်းမှာ ဝမ်လီပြောခဲ့သည့်အတိုင်းပင် ဖြစ်နေသည်။ လီချန် က တံခါးကို ခေါက်နေပြီး သူ့နောက်တွင်တော့ အနက်ရောင်ဝတ်ထားသော လူတန်းကြီး ရပ်နေသည်။
ထိုလူများအားလုံးမှာ ကျောက်ရုပ်များပမာ မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ရပ်နေကြပြီး၊ ရှေ့ဆုံးမှ ဦးဆောင်လာသူ အညိုရောင် မျက်မှန်ကို တပ်ဆင်ထားကာ လက်ထဲတွင် မြွေပုံစံ သစ်သားတုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ရုတ်တရက် အညိုရောင်မျက်မှန်တပ်ထားသောလူက တစ်စုံတစ်ရာကို သတိပြုမိသွားသလို ခေါင်းကို အနည်းငယ်လှည့်ကာ အပေါ်ဘက်သို့ ကြည့်လိုက်သည်။သူတို့နှစ်ယောက်၏ အကြည့်များ ဆုံတွေ့သွားချိန်တွင် အညိုရောင်မျက်မှန်တပ်ထားသူက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ယဲ့ဖန်ယွီ ရင်ထဲထိတ်ကနဲ ဖြစ်သွားပြီး ထိုအကြည့်ကို ရှောင်ရှားရန် နံရံနှင့် ကိုယ်ကို ကပ်လျက် ပြတင်းပေါက်မှ အလျင်အမြန် ဖယ်ခွာသွားလိုက်သည်။
“သေစမ်း… အိပ်မက်ဆိုး မွန်းစတားတွေ ဒီလောက်အများကြီး ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်လာရတာလဲ”