အခန်း (၃၁)
“ဒါဆို တကယ်ပဲ အလုပ်မဖြစ်ဘူးပေါ့”ထိုအချိန်တွင် ရှည်လျားခြောက်ကပ်နေသော အနက်ရောင်လက်ကြီးက လှုပ်ရှားလာခဲ့သည်။ ထိုလက်ကြီးက လက်အောက်ငယ်သား၏ လက်ကို ဖမ်းဆုပ်ကာ အမှောင်ထဲသို့ ဆွဲသွင်းသွားလေသည်။လက်အောက်ငယ်သားက အားကုန်ရုန်းကန်ခဲ့သော်လည်း အချည်းနှီးပင်။ ပတ်ဝန်းကျင်ရှိ အမှောင်ထုက ဒီရေလှိုင်းတစ်ခုလို သူ့ကို ဝါးမျိုသွားပြီး အရိပ်က သူ့ကို တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။ သူ့ခြေလှမ်းများက နှေးကွေးသော်လည်း တည်ငြိမ်စွာဖြင့် အမှောင်ထုထဲသို့ ပိုမို နက်ရှိုင်းစွာ တိုးဝင်သွားခဲ့သည်။
အကွာအဝေး ပိုမိုဝေးကွာသွားသည်နှင့်အမျှ လက်အောက်ငယ်သား၏ ပုံရိပ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး သူ၏ အားပျော့သော ရုန်းကန်မှုများကိုပင် အမှောင်ထုက ရက်စက်စွာ ဝါးမျိုသွားခဲ့သည်။ နောက်ဆုံးတွင် သူနှင့် အရိပ်ပုံသဏ္ဌာန်တို့သည် အဆုံးအစမရှိ မျှော်လင့်ချက်မဲ့နေသော အမှောင်ထုထဲတွင် အတူတကွ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ တစ်ခါမှ မရှိခဲ့ဖူးသလိုပင်။ ကျန်ရစ်ခဲ့သည်မှာ တိတ်ဆိတ်မှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုတို့သာ ဖြစ်သည်။ထိုသို့ ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းက လူတိုင်း၏စိတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ အရိပ်ပုံသဏ္ဌာန်ကို ယခင်က မြင်ဖူးပြီးသားဖြစ်သော ယဲ့ဖန်ယွီနှင့် အခြားသူများပင်လျှင် ရင်ထဲက ကြောက်ရွံ့မှုကို မဖိနှိပ်ထားနိုင်ခဲ့ပေ။သူတို့အတွက် အရိပ်ပုံသဏ္ဌာန်သည် ရင်ဆိုင်ကျော်လွှားရန် မဖြစ်နိုင်သလောက် ခက်ခဲသော အင်အားတစ်ရပ် ဖြစ်သည်။ မည်သည့်တိုက်ခိုက်မှုကိုမဆို ထိခိုက်မှုမရှိသကဲ့သို့ ခံနိုင်ရည်ရှိနေသည်။ အင်အားကြီးမားလှသော လူသဏ္ဌာန် မွန်းစတားများထက်ပင် ပို၍ ကြောက်စရာကောင်းသည်။ အနည်းဆုံး လူသဏ္ဌာန် မွန်းစတားများနှင့်ဆိုလျှင် ပြန်လည် တိုက်ခိုက်နိုင်သေးသည်၊ သို့မဟုတ် အိမ်ထဲတွင် ပုန်းအောင်းနေနိုင်သေးသည်။ သို့သော် အရိပ်ပုံသဏ္ဌာန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်နှင့် မည်သူမဆို အမှောင်ထုထဲသို့ ဆွဲခေါ်ခံသွားရမည်ဖြစ်သည်။ ၎င်းပေါ်ထွက်လာခြင်းက သေခြင်းတရားကို ဆိုလိုပြီး မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။“သွားကြစို့”စုမူ၏ တည်ငြိမ်သော အသံက ပတ်ဝန်းကျင်ရှိ ကြောက်ရွံ့မှုကို ချိုးဖျက်လိုက်သည်။ ဘာမှ မဖြစ်ခဲ့သည့်အတိုင်း သူသည် မြွေပုံစံ သစ်သားတုတ်ကောက်ကို အားပြုရင်း အမှောင်ထဲသို့ ဣန္ဒြေရှိရှိ လျှောက်လှမ်းသွားခဲ့သည်။ သူ့နောက်တွင် မျက်နှာအမူအရာကင်းမဲ့နေသော အနက်ရောင်ဝတ် လူဆယ့်တစ်ယောက်က အနီးကပ် လိုက်ပါသွားကြသည်။စုမူ သည် အရိပ်ပုံသဏ္ဌာန်နှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွားပြီဖြစ်ရာ ယခုအခါ ကျောက် မိသားစု ရွာမှ ရွာသားများနှင့် တွေ့ဆုံရန်သာ စောင့်ဆိုင်းနေလိုက်တော့သည်။............အဆုံးမဲ့အမှောင်ထုအတွင်း လူအုပ်ကြီးသည် ရှေ့သို့ ဆက်လက်ရွေ့လျားနေကြသည်။ သူတို့၏ နှလုံးခုန်သံများနှင့် ပြင်းထန်သော အသက်ရှူသံများက ကြောက်မက်ဖွယ်ကောင်းသော တေးသွားတစ်ပုဒ်အလား ပေါင်းစပ်နေခဲ့သည်။ ခြေလှမ်းတိုင်းတွင် မမြင်နိုင်သော ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး အသက်ရှူသံများကိုပင် တိတ်ဆိတ်ငြိမ်သက်မှုက ဝါးမျိုသွားသကဲ့သို့ ခံစားနေရသည်။သူတို့၏ ပုံရိပ်များသည် အမှောင်ထုထဲတွင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး မှိန်ဖျော့သော ဖယောင်းတိုင်မီးရောင်က သူတို့၏ ခြေရင်းရှိ နေရာ အနည်းငယ်ကိုသာ လင်းထိန်စေခဲ့သည်။ လူတိုင်းက တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသော အကွာအဝေးကို ထိန်းသိမ်းထားကြသည်။ အမှောင်ထဲတွင် ရှိနေသော အရာများက သူတို့ကို စူးစိုက်ကြည့်နေကြောင်း သိထားသောကြောင့် မည်သူမျှ အချင်းချင်း နီးနီးကပ်နေရန် မရဲကြပေ။အမှောင်ထုက ထူထပ်လေးလံသော ကန့်လန့်ကာကြီးတစ်ချပ်ကဲ့သို့ အရာအားလုံးကို လုံးဝဖုံးကွယ်ထားပြီး သေဆုံးရမည်ကို ကြောက်ရွံ့သည့် စိတ်မှာလည်း အမြဲတစေ ရှိနေခဲ့သည်။ လမ်းဘေးနှစ်ဖက်စလုံးတွင် အမှောင်ထု လွှမ်းခြုံနေသော အိမ်များ ရှိသော်လည်း အများစုမှာ တစ်ထပ်အိမ်များသာ ဖြစ်သဖြင့် ယဲ့ဖန်ယွီက ယခင်ကတည်းက ထိုအိမ်များကို စွန့်ပယ်ထားခဲ့သည်။ လူပိုများလာသည်နှင့်အမျှ တစ်ထပ်အိမ်များက လူတိုင်းကို နေရာပေးရန် မလုံလောက်သလို အားလုံးကိုလည်း သင့်တော်သည့်အကွာအဝေးအတိုင်း ခွဲထား၍ မရနိုင်ပေ။ ထို့ကြောင့် နှစ်ထပ် သို့မဟုတ် သုံးထပ်အိမ်တစ်လုံးကို ရှာတွေ့နိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။လူအုပ်ကြီးသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားနေကြရင်း သူတို့ မသိလိုက်မီမှာပင် ပတ်ဝန်းကျင်ရှိ အမှောင်ထုများ စတင် ပါးလျလာပြီး အဝေးရှိ မိုးကုတ်စက်ဝိုင်းတွင် အဖြူရောင် အလင်းတန်းလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။ မိုးလင်းတော့မည်။
ယဲ့ဖန်ယွီနှင့် အခြားသူများ ရုတ်တရက် ထိတ်လန့်သွားကြသည်။“မကောင်းတော့ဘူး။ မိုးလင်းတော့မယ်။ မစ္စတာ စု၊ မြန်မြန်သွားမှ ရမယ်။ လုံးဝ လင်းသွားတာနဲ့ ရွာသားတွေ ပေါ်လာတော့မှာ”အဝေးမှ မိုးကုတ်စက်ဝိုင်းကို ကြည့်ရင်း စုမူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။“အချိန်က မကိုက်ဘူး”သူက အိတ်ထဲမှ မည်းနက်သော ရွှေရောင် အိတ်ဆောင်နာရီတစ်လုံးကို ထုတ်လိုက်သည်။ ‘ကလစ်’ ဟူသော အသံနှင့်အတူ နာရီအဖုံး ပွင့်သွားပြီး အချိန်က သုံးနာရီဟု ပြသနေခဲ့သည်။
အိတ်ဆောင်နာရီက ဖယောင်းတိုင်အလင်းအောက်တွင် တောက်ပနေပြီး ယဲ့ဖန်ယွီ နှင့် အခြားသူများက မသိစိတ်အလျောက် ထိုနာရီကို လှမ်းကြည့်မိလိုက်ကြသည်။ နာရီပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အူရိုဘိုရော့စ် ပုံစံတစ်ခု ထွင်းထုထားသည် ကို မြင်တွေ့လိုက်ရသည်။“အိပ်မက်ဆိုး ထဲက အချိန်က အဲဒီလိုပဲ၊ ခန့်မှန်းလို့မရဘူး။ နာရီကြည့်နေလည်း အလကားပဲ၊ မြန်မြန် ပြေးကြစို့”ယဲ့ဖန်ယွီ၏ အသံက ပို၍ စိုးရိမ်တကြီး ဖြစ်လာသည်။ ရွာသားများက သူ့အပေါ် အလွန်ဆိုးဝါးသော အမြင်များ ချန်ထားခဲ့ပုံရသည်။စုမူသည် သူ၏ အိတ်ဆောင်နာရီကို တည်ငြိမ်စွာ ပြန်လည် သိမ်းဆည်းလိုက်ပြီး ကျောက်ချောင်ယောင် ကို အဓိပ္ပာယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျောက်ချောင်ယောင်သည် ချက်ချင်း သဘောပေါက်သွားပြီး ကျောပိုးအိတ်ကို အလျင်အမြန် ဖြုတ်ချကာ သေးငယ်ပြီး ပေါ့ပါးသော ခေါက်ထမ်းစင်တစ်ခုကို ထုတ်ယူလိုက်သည်။
ထမ်းစင်ကို ဖြန့်ပြီးသည်နှင့် စုမူ သည် လူတိုင်း၏ အကြည့်အောက်တွင် ထိုထမ်းစင်ပေါ် ထိုင်လိုက်သည်။ ထို့နောက် အနက်ရောင်ဝတ် လူနှစ်ယောက်က သူ့ကို မ ချီလိုက်ကြသည်။“အားလုံးကို အားနာပါတယ်။ ကျွန်တော်က ပြေးရတာ မကြိုက်လို့ပါ။ သွားကြစို့”ယဲ့ဖန်ယွီနှင့် အခြားသူများက မျက်လုံးပြူးကြီးများဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် ဟန်ရေးပြနေသည့် ဤလူမှာ မည်သူနည်းဟု တွေးတောနေမိကြသည်။အမှန်တော့ စုမူသည် ဟန်ရေးပြနေခြင်း မဟုတ်ပေ။ သူ အမှန်တကယ်ပင် ဆက်မပြေးနိုင်တော့ခြင်း ဖြစ်သည်။ သူ့ကိုသာ ပြေးခိုင်းမည်ဆိုပါက ရွာသားများ လိုက်မဖမ်းမီမှာပင် သူ သေဆုံးနေလောက်ပြီ ဖြစ်သည်။လူအုပ်ကြီး က စတင် ပြေးလွှားသွားကြပြီး စုမူကမူ ထမ်းစင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်လျက် ရှုခင်းများကို ခံစားကြည့်ရှုနေခဲ့သည်။ ယခင်က အရမ်း မှောင်နေသဖြင့် ရွာကို ကောင်းကောင်း မမြင်နိုင်ခဲ့သော်လည်း ယခုအခါ ပိုမို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီ ဖြစ်သည်။ကျောက် မိသားစု ရွာသည် အချိန်ကာလ၏ မေ့လျော့ခြင်းကို ခံထားရသည့် နေရာတစ်ခုပမာ ရွှံ့အုတ်များဖြင့် တည်ဆောက်ထားသော အိမ်များစွာသည် ယိုင်နဲ့နေပြီး မည်သည့်အချိန်မဆို ပြိုကျတော့မည့်အတိုင်း ဖြစ်နေသည်။ ကျဉ်းမြောင်းသော ရွာလမ်းများတွင် အတိမ်အနက် မညီညာသော ဘီးရာများဖြင့် ပြည့်နှက်နေပြီး ကားများထက် မြင်းလှည်းများ သွားလာခဲ့သည့် လမ်းများနှင့် ပိုတူနေသည်။အက်ကွဲကြောင်းများကြားမှ မြက်ပင်များက အလျှော့မပေးဘဲ ထိုးထွက်ပေါက်ရောက်နေကြပြီး ပျက်စီးယိုယွင်းနေသော ခြံစည်းရိုးများကလည်း လမ်းဘေးနှစ်ဖက်တွင် ယိုင်နဲ့စွာ ရပ်တည်နေကြသည်။ ထိုခြံစည်းရိုးများအတွင်းတွင် မြေဩဇာကင်းမဲ့သော လယ်မြေကွက်ငယ်များကိုသာ တွေ့ရသည်။မိုးကောင်းကင်က တဖြည်းဖြည်း လင်းထိန်လာသည်နှင့်အမျှ စုမူသည် ကျောက် မိသားစု ရွာကို ဝန်းရံထားသည့် အနက်ရောင် မြူခိုးများကိုပင် မြင်တွေ့လာရသည်။ထူထပ်သော မြူခိုးများသည် တစ်ရွာလုံးကို လွှမ်းခြုံထားပြီး လှောင်အိမ်ကြီး တစ်ခုပမာ ဖြစ်နေသည်။ဤအနက်ရောင် မြူခိုးများသည် အိပ်မက်ဆိုးများ၏ နယ်နိမိတ် စည်းမျဉ်းများ ဖြစ်ကြောင်း ရန်တုန်ချင်း ပြောဖူးသည်ကို သူ ကြားခဲ့ဖူးသည်။အနက်ရောင် မြူခိုးများ လွှမ်းခြုံထားသော ကျောက် မိသားစု ရွာသည် ပြီးပြည့်စုံသည့် အိပ်မက်ဆိုး တစ်ခုပင် ဖြစ်သည်။ အနက်ရောင်မြူခိုးများထဲသို့ ဝင်လိုက်သည်နှင့် အိပ်မက်ကွဲကြောင်းတစ်ခုထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ ကံကောင်းလျှင် နောက်ထပ်အိပ်မက်ဆိုးတစ်ခုထံ ရောက်ရှိနိုင်သော်လည်း ကံမကောင်းပါက ထိုကွဲကြောင်းထဲတွင် ထာဝရ လမ်းပျောက်သွားနိုင်ပေသည်။
အနက်ရောင် မြူခိုးများထဲမှအသက်ရှင်လျက် ပြန်ထွက်လာဖူးသူ မည်သူမျှ မရှိခဲ့ဟု ဆိုကြသည်။စုမူသည် အနက်ရောင် မြူခိုးများကို အလွန် စိတ်ဝင်စားစွာဖြင့် စိုက်ကြည့်နေပြီး စမ်းသပ်ကြည့်ချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့သည်။ သို့သော် သူ အလျင်မလိုခဲ့ပေ။ သူ့အတွက်မူ အိပ်မက်ဆိုး ကမ္ဘာသည် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်လေး တစ်ဦးနှင့် တူသည်။ လှပခမ်းနားသော ဝတ်ရုံအောက်တွင် သူမ၏ အသားအရေတစ်လက်မချင်းစီကပင် စကားဖြင့် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုများ ပြည့်နှက်နေသည်။ သူက ထိုအရာကို တဖြည်းဖြည်းချင်း စူးစမ်းချင်သည်၊ ပိုမို နက်ရှိုင်းစွာ ထိုးဖောက်ချင်သည်၊ သို့မှသာ အရသာကို အပြည့်အဝ ခံစားနိုင်မည် မဟုတ်ပါလား။
အနက်ရောင် မြူခိုးများထဲ ဝင်လိုက်သည်နှင့် သေဆုံးနိုင်ခြေ ရှိနေခြင်းကရော။ ထိုသို့ဆိုလျှင် ပို၍ပင် စိတ်ဝင်စားစရာကောင်းလာမည် မဟုတ်ပါလား။ သေခြင်းတရား၏ ဖိအားမရှိဘဲ အသက်ရှင်ခြင်းနှင့် သေခြင်းကြားတွင် တောက်လောင်ပေါ်ထွက်လာသော အသက်ရှင်ခြင်း၏ မီးစများကို မည်သို့ မြင်နိုင်မည်နည်း။ ထိုအလင်းရောင်ကို မည်သို့ မြင်တွေ့နိုင်မည်နည်း။ဂါး...လူသားမဟုတ်သော အော်ဟစ်သံတစ်ခုက စုမူ၏ အတွေးစီးကြောင်းကို ရုတ်တရက် ဖြတ်တောက်လိုက်သည်။သူ လှည့်ကြည့်လိုက်ရာ ရွာ၏ ထောင့်တစ်နေရာတွင် သရဲတစ္ဆေတစ်ကောင် ပမာ ဘယ်နေရာကမှန်းမသိ ရုတ်တရက် ပေါ်ထွက်လာသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုပုံရိပ်သည် ခါးကိုင်းနေပြီး သူ၏ မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သော ကြက်သီးထဖွယ် အငွေ့အသက်များ ပေါ်လွင်နေခဲ့သည်။
ထို့နောက် ရွာ၏ အရပ်မျက်နှာ အသီးသီးမှ ပိုမိုများပြားသော အော်ဟစ်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။ ထိုအော်ဟစ်သံများတွင် အဆုံးမဲ့နာကျင်မှုနှင့် ဒေါသတို့ ပြည့်နှက်နေပြီး ကျိန်စာသင့်နေသော ဝိညာဉ်တစ်ကောင်က အဆုံးမဲ့ညှဉ်းပန်းနှိပ်စက်ခံနေရသကဲ့သို့ပင်။ ထွက်ပေါ်လာသမျှ အသံတိုင်းတွင် မုန်းတီးနာကျည်းမှုများ အပြည့်အနှက် ပါဝင်နေပြီး ထိတ်လန့်စရာ ကောင်းလှပေသည်။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ရာနဲ့ချီ ရှိလေသည်…..