အခန်း (၃၂)
အရိပ်ကျနေသော ထောင့်ချိုးများမှ လူအုပ်ကြီးတစ်အုပ် ပေါ်ထွက်လာပြီး နေရောင်အောက်သို့ တစ်ယောက်ပြီးတစ်ယောက် လျှောက်ဝင်လာကြသည်။ ထိုလူများထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူကြီး အစုံပါဝင်ကြပြီး ဝတ်စားဆင်ယင်ပုံမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ သို့သော် သူတို့အားလုံး၏ မျက်နှာများတွင် မည်သည့်အမူအရာမျှ မရှိကြဘဲ မျက်လုံးများထဲတွင်တော့ အဆုံးမဲ့ ရန်လိုမုန်းတီးမှုများ ပြည့်နှက်နေသည်။သူတို့သည် တဖြည်းဖြည်း ပိုမိုများပြားလာကာ စုမူ နှင့် အခြားသူများဆီသို့ လှိုင်းလုံးကြီးတစ်ခုလို တိုးဝင်လာခဲ့ကြသည်။
ရွာလမ်းတစ်လျှောက် ပဲ့တင်ထပ်နေသော လေးလံသည့် ခြေလှမ်းသံများမှာ သေမင်း၏ စည်တီးသံများနှယ် လူတိုင်း၏ ရင်ထဲသို့ အဆက်မပြတ် ထိုးနှက်နေသည်။“သူတို့ ပေါ်လာပြီ။ ပြေးကြ”ယဲ့ဖန်ယွီက စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သူ၏ ပန်းတိုင်မှာ ရွာ၏ အနောက်မြောက်ထောင့်ရှိ သုံးထပ်အိမ်ကြီး ဖြစ်သည်။ ထိုအိမ်မှာ ကျောက်မိသားစုရွာတွင် အမြင့်ဆုံးအဆောက်အအုံဟုပင် ဆိုနိုင်သည်။ယခင်က အမှောင်ထုအတွင်း ဖုံးကွယ်နေခဲ့သည့် သုံးထပ်အိမ်ကြီးမှာ ယခု နေရောင်တဖြည်းဖြည်း လင်းလာသည်နှင့်အမျှ ထင်ရှားစွာ မြင်လာရသည်။လူတိုင်း အသက်လုပြေးနေကြချိန်တွင် စုမူကမူ အေးအေးလူလူ ကြည့်ရှုနေခဲ့ပြီး ရွာသားများ၏ အသွင်အပြင်ကိုပင် အချိန်ယူ၍ လေ့လာနေခဲ့သေးသည်။ သူ့အနေဖြင့် ထိတ်လန့်နေရုံဖြင့်လည်း အကျိုးမရှိပေ။ သူက ပြေးလည်း မပြေးနိုင်၊ ပြန်လည်း မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် ထမ်းစင်ပေါ်တွင် ထိုင်လျက် ရှုခင်းများကို ခံစားကြည့်ရှုနေခြင်းကသာ အကောင်းဆုံး ဖြစ်ပေမည်။ယဲ့ဖန်ယွီက သူတို့ကို အိပ်မက်ဆိုး မွန်းစတားများ ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့သည့် အကြောင်းရင်းကို သူ နောက်ဆုံး၌ နားလည်သွားခဲ့သည်။အမှန်အတိုင်းပြောရလျှင် မြွေဆိုးဂိုဏ်းမှ လက်အောက်ငယ်သားများ၏ မျက်နှာအမူအရာများသည် ရွာသားများနှင့် သိပ်မကွာလှပေ။ သူတို့အားလုံးမှာ စိတ်ညှို့ခံထားရပြီး ဦးနှောက်ဆေးခံထားရသကဲ့သို့ မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိကြပေ။ခဏနေဦး… စိတ်ညှို့ခံထားရတာလား။စုမူ စဉ်းစားလိုက်သည်။“ဒီရွာသားတွေကိုလည်း ထိန်းချုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက် ရှိနေတာများလား”သူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ခေါင်းဆောင်နှင့်တူသူ တစ်ယောက်မျှ မတွေ့ရပေ။အမှန်တော့ ခေါင်းဆောင်တိုင်းက ငါ့လို အဆင့်အတန်းရှိမှာ မဟုတ်ဘူး။ လူအုပ်ကြားထဲကနေ ထင်ရှားပေါ်လွင်နေတဲ့ ငါ့ရဲ့ ထူးခြားတဲ့ ဆွဲဆောင်မှုကတော့ ဖုံးကွယ်ထားလို့ မရနိုင်ဘူး။“ဖယ်ကြစမ်း”လူအုပ်၏ ရှေ့ဆုံးမှ ယဲ့ဖန်ယွီက ဟိန်းဟောက်လိုက်ပြီး သူ၏ ညာလက်ကို သေနတ်ပုံစံ လုပ်ကာ သူ့လမ်းကို ပိတ်ဆို့နေသော ရွာသားတစ်ဦးကို ပစ်ခတ်လိုက်သည်။ရွှီးးးးး…အလွန် ကျစ်လျစ်သော မီးတောက်ကျည်ဆန်များသည် လက်ချောင်းထိပ်မှ လေခွင်းသံနှင့်အတူ ထွက်ပေါ်လာပြီး ထိုရွာသားကို တိုက်ရိုက်ထိမှန်ကာ ပြင်းထန်သော မီးတောက်ကြီးများအဖြစ် ပေါက်ကွဲသွားခဲ့သည်။
သို့သော် ရွာသားမှာ မီးတောက်များအတွင်း လဲကျသွားပြီးနောက် ချက်ချင်းပင် ပြန်ထလာသည်။ ကိုယ်ခန္ဓာတစ်ဝက်ကျော် မီးလောင်ကျွမ်းကာ မည်းတူးနေသော်လည်း လုံးဝ ထိခိုက်မှု မရှိသည့်အတိုင်း ယဲ့ဖန်ယွီထံသို့ ဆက်လက် ပြေးဝင်လာခဲ့သည်။ရွှီး… ရွှီး…နောက်ထပ် ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ နှစ်ချက် ထပ်မံ ပစ်ခတ်လိုက်ရာ ထိုရွာသားသည် လုံးဝ ပုံပျက်ပန်းပျက် မည်းကျွမ်းနေသော အလောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်မှသာ ငြိမ်သက်သွားခဲ့တော့သည်။စုမူက တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ရွာသားတစ်ယောက်ကို သတ်ဖို့ မီးကျည်သုံးလုံးတောင် လိုအပ်တာလား။ ယဲ့ဖန်ယွီက လွန်ခဲ့သည့် သုံးရက်လုံး အပြင်မထွက်ရဲခဲ့သည်မှာလည်း အံ့ဩစရာမရှိတော့ပေ။ ရွာသားတွေက ရာနဲ့ချီ ရှိနေပြီး သူက တစ်ဦးတည်းသော အထူးစွမ်းအားရှင် ဖြစ်နေသည်။သူက ‘လက်ငါးချောင်းမီးတောက်စက်သေနတ်’ မဟုတ်သရွေ့ သူတို့အားလုံးကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ထိုအချိန်တွင် သူတို့ရှေ့၌ ရွာသားများ ပိုမိုပေါ်ထွက်လာကာ လမ်းကို ပိတ်ဆို့လာသဖြင့် ရန်တုန်ချင်း မှာလည်း တိုက်ပွဲထဲ ဝင်ပါလာရသည်။ယဲ့ဖန်ယွီ၏ မျက်စိကျိန်းမတတ် တောက်ပသော မီးတောက် တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်ပါက ရန်တုန်ချင်း၏ တိုက်ခိုက်မှုမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။ သူ၏ ‘သံမဏိ နှလုံးသား’ စွမ်းရည်ကို အသုံးပြုကာ သံချပ်ကာ တင့်ကားတစ်စီးကဲ့သို့ ရွာသားများထံ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။လက်သီးတစ်ချက်တည်းဖြင့် ရွာသားတစ်ဦးကို မီတာအတော်အဝေးသို့ လွင့်ထွက်သွားစေပြီး ရင်ဘတ်ကို ချိုင့်ဝင်သွားစေသည်။ သို့သော် သူ၏ တိုက်ခိုက်မှုမှာ ယဲ့ဖန်ယွီ၏ တိုက်ခိုက်မှုလောက် သေစေနိုင်စွမ်း မရှိသည်မှာ ထင်ရှားပြီး ရွာသားက ဘာမှမဖြစ်သည့်အတိုင်း အလျင်အမြန် ပြန်လည် မတ်တပ်ရပ်လာခဲ့သည်။ကံကောင်းသည်မှာ ရွာသားများမှာ ရန်တုန်ချင်း၏ ခုခံအားကို ဖောက်ထွင်းရန် ခက်ခဲနေခြင်းဖြစ်သည်။ သို့သော် သူ့သာ ဝိုင်းရံခံလိုက်ရပါက သူ့၏ ကာယခွန်အားမှာ အကန့်အသတ်ရှိသည့်အတွက် အချိန်ကြာကြာ အသက်ရှင်နိုင်မည် မဟုတ်ပေ။ထူးခြားစွမ်းအားရှင်နှစ်ဦးက ရှေ့မှ ဦးဆောင် လမ်းဖွင့်ပေးနေသဖြင့် လူအုပ်ကြီးသည် မြန်မြန်ဆန်ဆန် မရွေ့နိုင်သော်လည်း လုံးဝ ဝိုင်းရံပိတ်ဆို့ခြင်းတော့ မခံရသေးပေ။
ကျောက်ချောင်ယောင် နှင့် မြွေဆိုးဂိုဏ်းသားများကလည်း အချည်းနှီး ရပ်နေကြခြင်း မဟုတ်ပေ။ စိတ်ညှို့ထိန်းချုပ်မှုအောက်တွင် မြွေဆိုးဂိုဏ်းမှ ထိပ်တန်းလူများမှာ လုံးဝ သွေးအေးရက်စက်သော တိုက်ခိုက်ရေးစက်ရုပ်များ ဖြစ်လာကြသည်။ လူသားမဟုတ်သော မွန်းစတားများကို ရင်ဆိုင်ရချိန်တွင် သူတို့သည် မည်သည့် ကြောက်ရွံ့မှုကိုမျှ မပြသဘဲ ပို၍ပင် ရူးသွပ်လာကြကာ ခေါင်းဆောင်ကြီးကို ကာကွယ်ပေးရခြင်းမှာ အလွန်ဂုဏ်ယူဖွယ်ကောင်းသည့် အရာတစ်ခုသကဲ့သို့ မှတ်ယူနေကြပုံရသည်။
ဝုန်း ဝုန်း ဝုန်း...ကျည်ဆန်များ အဆက်မပြတ် ပစ်ခတ်နေသည့်အတွက် နောက်မှလိုက်လာသော ရွာသားများကို အကြိမ်ကြိမ် နောက်ဆုတ်သွားစေခဲ့သော်လည်း ထိရောက်မှုကတော့ အလွန်နည်းပါးလှသည်။ ရွာသား တစ်ဦးတည်းအပေါ် ပစ်မှတ်ထား၍ ကျည်ဆန်များ အဆက်မပြတ် မပစ်ခတ်နိုင်သရွေ့ သူတို့ကို အပြီးသတ် သတ်ဖြတ်ရန် ခက်ခဲလှပေသည်။ ခဏတာ အပြန်အလှန် ပစ်ခတ်ပြီးနောက် မီးကျည်များဖြင့် လမ်းရှင်းလာခဲ့သော ယဲ့ဖန်ယွီသည် သုံးထပ်အိမ်၏ ခြံဝင်းထဲသို့ အရင်ဆုံး ဝင်ရောက်သွားခဲ့ပြီးနောက် တံခါးဝဆီသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။
တံခါးမှာ ခိုင်ခံ့သော သစ်သားတံခါးကြီးတစ်ချပ်ဖြစ်ပြီး ကြေးဝါတံခါးခေါက်ကွင်းနှစ်ခုကို ထည့်သွင်းတပ်ဆင်ထားသဖြင့် ခန့်ညားပြီး ရှေးဟောင်းဆန်သော အသွင်အပြင်ကို ပေးစွမ်းနေသည်။သူသည် တံခါးကို တွန်းဖွင့်လိုက်ပြီး နောက်မှ ပြေးလာသူများကို အော်ဟစ်လိုက်သည်။“မြန်မြန်... အထဲဝင်ကြ”လီချန်နှင့် အခြားသူများ၏ မျက်နှာများတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။သုံးရက်ကြာ အစာငတ်နေခဲ့ရသော်လည်း ခန္ဓာကိုယ်ထဲတွင် အားအနည်းငယ် ပြန်ဝင်လာပြီး တံခါးဆီသို့ အသက်လု ပြေးကြတော့သည်။သို့သော် သူတို့ မည်မျှပင် မြန်မြန်ပြေးစေကာမူ မြွေဆိုးဂိုဏ်းဝင်များကို မကျော်ဖြတ်နိုင်ခဲ့ပေ။ မြွေဆိုးဂိုဏ်းသား ဆယ်ဦးကျော်မှာ အားလုံး ထိပ်တန်းအဖွဲ့ဝင်များဖြစ်ကြပြီး ထမ်းစင်တစ်ခုကို သယ်ထားရသည့်တိုင် သူတို့၏ အရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် မြန်ဆန်နေဆဲ ဖြစ်သည်။သို့သော် မြွေဆိုးဂိုဏ်းသားများ မည်မျှပင် မြန်စေကာမူ ထူးခြားစွမ်းအားရှင် ရန်တုန်ချင်းကိုတော့ မကျော်ဖြတ််နိုင်ပေ။ သူက အဖွဲ့အားလုံးထဲတွင် ဒုတိယနေရာဖြင့် အရင်ဆုံး တံခါးဆီသို့ ရောက်ရှိလာသည်။မြွေဆိုးဂိုဏ်းသားများ စုမူကို ထမ်းလျက် တံခါးအတွင်းသို့ ဝင်ရောက်တော့မည့် အချိန်တွင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
မည်သူမျှ သတိမထားမိသည့်အချိန်တွင် သုံးထပ်အိမ်၏ ဝင်းထဲရှိ အပင်ကြီးတစ်ပင်နောက်မှ ရွာသားနှစ်ဦး ရုတ်တရက် ပြေးထွက်လာကြသည်။သူတို့သည် လူအုပ်ကြီးထံ သို့ ရုတ်တရက် ခုန်အုပ်လိုက်ရာ မြွေဆိုးဂိုဏ်းသားများမှာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မြေပေါ်သို့ လွင့်စင်လဲကျသွားကြသည်။“အား…”ဝမ်လီသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး လီချန်နှင့် အခြားသူများလည်း ပြာယာခတ်ကာ အထိတ်တလန့် ထွက်ပြေးသွားကြသဖြင့် အခြေအနေမှာ ချက်ချင်းပင် ဖရိုဖရဲ ဖြစ်သွားသည်။“ခေါင်းဆောင်ကြီးကို ကာကွယ်ကြ”ကျောက်ချောင်ယောင်က အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကို ဆွဲထုတ်ကာ ရွာသားနှစ်ဦးကို ခုတ်ပိုင်းလိုက်သည်။သို့သော် ထူးခြားစွမ်းအားရှင်များပင် သတ်ရန်ခက်ခဲသော ရွာသားများကို သာမန်လူများက မည်သို့ ရင်ဆိုင်နိုင်မည်နည်း။ အနီးကပ် တိုက်ပွဲတွင် မြွေဆိုးဂိုဏ်းသားများသည် သူတို့၏ ပြိုင်ဘက်များ မဟုတ်ကြပေ။
အရေးအကြီးဆုံးမှာ နောက်မှလိုက်လာသော ရွာသားများကလည်း ရောက်ရှိလာကြပြီ ဖြစ်သည်။“အား…. ငါ့ကို မစားကြပါနဲ့”ဝမ်ထောင်ဟု အမည်ရသော အမျိုးသားမှာ ပထမဆုံး အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရသည်။ ရွာသားတစ်ဦးက သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်ပြီး နောက်ထပ် ရွာသားအများအပြားကလည်း ပြေးဝင်လာကာ သူ့ကို ဝိုင်းရံပြီး ရူးသွပ်စွာ ကိုက်ဖြဲကြတော့သည်။ လူအုပ်ကြားမှ လက်တစ်ဖက်သာ ထွက်လာပြီး ကောင်းကင်ဆီသို့ အားအင်မဲ့စွာ ဆန့်တန်းနေခဲ့သော်လည်း နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြန်ကျသွားပြီး ငြိမ်သက်သွားတော့သည်။ထိုသို့ ဖရိုဖရဲ ဖြစ်နေသည့် အခြေအနေအတွင်း ထမ်းစင်ပေါ်ထိုင်နေသော စုမူမှာ အနည်းငယ် ယိမ်းယိုင်နေခဲ့သည်။ ထမ်းစင်က အဆက်မပြတ် လှုပ်ခါနေပြီး သူ၏ လက်အောက်ငယ်သားများက လူသားတံတိုင်းတစ်ခု သဖွယ် သူ့ကို ကာကွယ်ပေးနေကြသည်။သူ့မျက်စိရှေ့တွင်ပင် လက်အောက်ငယ်သားတစ်ဦး၏ လည်ပင်းကို ကြောက်မက်ဖွယ် မျက်နှာတစ်ခုက ရက်စက်စွာ ဆွဲဖြဲကိုက်စားနေသည်ကို မြင်တွေ့နေရသည်။ ထိုလက်အောက်ငယ်သားမှာ သေစေလောက်အောင် ဒဏ်ရာရနေသော်လည်း နောက်ဆုတ်ရန် ငြင်းဆန်နေဆဲဖြစ်ပြီး တိုက်ခိုက်နေသော ရွာသားကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ အခြားသူများ၏ အကူအညီဖြင့် ထိုရွာသား ရှေ့ဆက်မလာနိုင်အောင် တားဆီးနေခဲ့သည်။ထမ်းစင်က ပို၍ပင် ယိမ်းထိုးလာပြီး ပြင်းထန်သော လှုပ်ခါမှုကြောင့် စုမူ၏ ခေါင်းကလည်း ပြန်လည်ကိုက်ခဲလာသည်။စုမူ မျက်မှောင်ကြုတ်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ရန်တုန်ချင်းကို လှမ်းကြည့်လိုက်သည်။
ယဲ့ဖန်ယွီသည် ဤအချိန်တွင် ဝင်ရောက်မတိုက်ခိုက်ခဲ့ပေ။ အကြောင်းမှာ သူ၏ ‘လက်ငါးချောင်း မီးတောက်ကျည်ဆန်’ မှာ အလွန် အစွမ်းထက်သောကြောင့်ပင်။ ယခု လူတိုင်း ရှုပ်ထွေးနေကြပြီး ခြံဝင်းထဲတွင် အသုံးပြုလိုက်ပါက ရွာသားများအစား သူ၏ အဖွဲ့သားများကိုပင် သတ်မိသွားနိုင်သည်။
ရန်တုန်ချင်း၏ မျက်နှာအမူအရာမှာ မရေမရာ ဖြစ်နေပြီး တုံ့ဆိုင်းနေပုံရသည်။သူက စုမူကို ကြည့်လိုက်ရာ ရှုပ်ထွေးနေသော လူအုပ်ကြားမှ သူတို့၏ အကြည့်များ ဆုံတွေ့သွားကြသည်။ ရန်တုန်ချင်း၏ အတွင်းစိတ်ထဲတွင် ဖြစ်ပေါ်နေသော လွန်ဆွဲနေမှုကို စုမူ နားလည်လိုက်သည်။စုမူသာ ဤအတိုင်း သေဆုံးသွားပါက သူနှင့် ဂျက်စ်မင်းတို့ လွတ်မြောက်နိုင်မည် မဟုတ်ဘူးလား ဟု ရန်တုန်ချင်း တွေးတောနေခဲ့သည်။ သို့သော် တစ်ဖက်မှာလည်း စုမူထံတွင် အခြား လှည့်ကွက်များ ရှိနေမည်ကို သူကြောက်ရွံ့နေမိသည်။ သူတို့နှစ်ဦး အပြန်အလှန် ကြည့်ရှုနေစဉ် စုမူအပေါ် ရန်တုန်ချင်း ၏ ကြောက်ရွံ့မှုက ပိုမို အားကောင်းလာခဲ့သည်။ ဤလူသည် လူသားအသွင်ယူထားတဲ့ နတ်ဆိုးတစ်ကောင်မျှသာ ဖြစ်ပြီး သူ၏ လက်အောက်ငယ်သားများ သေဆုံးနေသည်ကို ပြုံးလျက် ကြည့်ရှုနေနိုင်ကာ ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်ဆိုး မွန်းစတားများကိုပင် စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုလို သဘောထားနေသည်။ထို့အပြင် တစ်ဖက်လူသည် ဤမျှ လူများပြားစွာကို တစ်ခုတည်းသော အိပ်မက်ဆိုးထဲသို့ ဆွဲခေါ်လာနိုင်သည့် နည်းလမ်းပင် ရှိနေသေးသည်။ထိုအချိန်တွင် စုမူ က ရုတ်တရက် တိတ်ဆိတ်စွာ ပြုံးလိုက်သည်။ထူးခြားစွမ်းအားရှင်များကို ထိန်းချုပ်ရန် ခက်ခဲသည်မှာ အမှန်ပင်။ အခွင့်အရေး အနည်းငယ် ရသည်နှင့် သူတို့သည် စိတ်ညှို့မှုမှ ရုန်းထွက်တတ်ကြသည်။ သို့သော် ဒီအရာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေသည်။ကြောက်ရွံ့နေသော မျက်နှာများကြားတွင် သူ၏အပြုံးက ထင်ရှားလွန်းနေသဖြင့် ရန်တုန်ချင်း ပင် သူ့ကို ဆက်မကြည့်ရဲတော့ပေ။ထို့နောက် စုမူက သူ၏ ဖြူဖွေးသွယ်လျသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လည်ပင်းတစ်လျှောက်ကို ညင်သာစွာ ပွတ်ဆွဲပြလိုက်သည်။အေးစက်ပြီး ခံစားချက်ကင်းမဲ့သော ပြုံးတစ်ခု ပေါ်ထွက်လာကာ ဖြူဖွေးတောက်ပသော သွားများကို ဖော်ပြနေပြီး ပါးလွှာသော်လည်း ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများက တိတ်တဆိတ် လှုပ်ရှားလာခဲ့သည်။“ဂျက်စ်မင်း သေပြီလို့ ငါပြောထားပြီးသားလေ…”