အခန်း (၃၄)
စုမူက ပြောရင်း ယဲ့ဖန်ယွီ၏ စီးကရက်ကို မီးညှိပေးရန် မီးခြစ်ကို ထုတ်လိုက်သည်။ သို့သော် ယဲ့ဖန်ယွီက ချက်ချင်း ပြာယာခတ်သွားဟန်ဖြင့် “မစ္စတာ စု၊ အားနာစရာကြီးဗျာ။ ကျွန်တော့်ဘာသာ ကျွန်တော်လုပ်ပါ့မယ်” ဟု ပြောလိုက်သည်။ထို့နောက် စကားတစ်ခွန်းမျှ မဆိုဘဲ မီးခြစ်ကို စုမူထံမှ ယူကာ သူ့လက်ထဲသို့ ပြန်ပေးလိုက်သည်။ခြစ်…သူတို့နှစ်ဦးကြားတွင် မီးတောက်ငယ်လေးတစ်ခု တောက်လောင်လာခဲ့သည်။“အရင်သောက်ပါ…”စုမူက ပြုံးလိုက်သည်။ ယဲ့ဖန်ယွီ ဘာကြောင့် ထိုသို့ပြောသည်ကို သူသိနေသည်။ စီးကရက်ထဲတွင် တစ်ခုခုထည့်ထားမည်ကို စိုးရိမ်နေသဖြင့် သူကိုယ်တိုင် အရင် စမ်းမသောက်ရဲခြင်းပင်။ စုမူကလည်း ထိုအကြောင်းကို ထုတ်မပြောဘဲ ယဲ့ဖန်ယွီအား သူ၏ စီးကရက်ကို အရင်မီးညှိခိုင်းလိုက်သည်။စုမူက အားပါပါ ဖွာရှိုက်လိုက်ပြီးနောက်မှ ယဲ့ဖန်ယွီလည်း သူ့စီးကရက်ကို မီးညှိလိုက်သည်။ ထို့နောက် အခိုးအငွေ့များကို မှုတ်ထုတ်နေသကဲ့သို့ ဟန်ဆောင်နေလိုက်သည်။သို့သော်လည်း သေချာ ကြည့်မည်ဆိုပါက သူ အမှန်တကယ် ရှူရှိုက်နေခြင်း မရှိကြောင်း တွေ့ရပေမည်။
“ကျွန်တော့်ကိုလည်း တစ်လိပ်လောက် ပေးလို့ရမလား။”လီချန်က တောင့်တနေသည့် လေသံဖြင့် မေးလိုက်သော်လည်း ထိုလူနှစ်ဦးကို အနည်းငယ် ကြောက်ရွံ့နေသကဲ့သို့ သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။
“ရတာပေါ့”စုမူက ပြုံးပြလိုက်ရင်း လီချန်အား စီးကရက်တစ်လိပ် ပေးလိုက်ရာ ခဏအတွင်း အခန်းထဲတွင် ဂျက်စမင်ပန်းရနံ့များ လွှမ်းခြုံသွားခဲ့သည်။
လီချန်က စီးကရက်ကို အားပါးတရ ဖွာရှိုက်လိုက်သည်။ သို့သော် ဖွာရှိုက်လေလေ တစ်ခုခုက မှားယွင်းနေသလို ခံစားလာရသည်။အကြောင်းမှာ သူသည် စီးကရက် အရသာကို လုံးဝမခံစားရဘဲ ပါးစပ်တစ်ခုလုံး ဂျက်စမင်ပန်းရနံ့များသာ ပြည့်နှက်သွားသောကြောင့်ပင်။သို့သော် သူ ဘာမှ သိပ်မပြောရဲဘဲ အရေးပါသည့်လူများက ဒီလိုစီးကရက်မျိုးကို နှစ်သက်ကြပုံရသည်ဟုသာ တွေးလိုက်သည်။ဂျက်စမင်ပန်းရနံ့များ လွှမ်းခြုံထားမှုအောက်တွင် လူတိုင်း၏ စိတ်ခံစားချက်များသည် မသိမသာ အနည်းငယ်ပြေလျော့သွားကြသည်။ အစောကတည်းက တိတ်တဆိတ် ငိုကြွေးနေခဲ့သော ဝမ်လီမှာလည်း မည်သည့်အချိန်က အိပ်ပျော်သွားမှန်းပင် မသိလိုက်ပေ။
“မစ္စတာ စု၊ ခင်ဗျားလည်း အနားယူသင့်တယ်လို့ ကျွန်တော် အကြံပြုချင်တယ်” ယဲ့ဖန်ယွီက စီးကရက်သောက်ရင်း ပြောလိုက်သည်။
“နေ့ဘက်တွေမှာ ကျွန်တော်တို့ အိမ်ပြင်ထွက်လို့ မရတဲ့အတွက် အစားအစာနဲ့ ဖယောင်းတိုင်တွေ ရှာဖို့ ညဘက်မှပဲ အပြင်ထွက်လို့ ရတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့က နေ့ရောညပါ အလုပ်လုပ်နေရသလိုပဲ၊ နေ့ဘက် အိပ်ပြီး ညဘက် လှုပ်ရှားနေရတာ”
“အလျင်မလိုပါဘူး… ကျွန်တော် ဒီကိုရောက်တာ မကြာသေးတော့ နည်းနည်းလောက် လိုက်ကြည့်ဦးမယ်။ ဒီအိပ်မက်ဆိုးနဲ့ပတ်သက်ပြီး သဲလွန်စတစ်ခုခု ရှာတွေ့နိုင်မလားပဲ”စုမူက ပြုံး၍ ငြင်းပယ်လိုက်ပြီး သူ၏ အကြည့်များသည် ဧည့်ခန်းဆီသို့ အနည်းငယ် ရွှေ့လျားသွားခဲ့သည်။ကျယ်ဝန်းသော ဧည့်ခန်းထဲတွင် ရိုးရှင်းပြီး အသုံးဝင်သည့် သစ်သားပရိဘောဂများကို ခင်းကျင်းထားသည်။ စင်ပေါ်တွင် အပြာနှင့်အဖြူရောင် ကြွေပန်းအိုးတစ်စုံ ရှိနေသည်။ ကြမ်းပြင်ကိုလည်း အပြင်အဆင်ပုံစံများပါသည့် ချောမွေ့သော ကြွေပြားများဖြင့် ခင်းထားသည်။ ခန်းမ၏ မြောက်ဘက်ထောင့်တွင်တော့ ဒုတိယထပ်သို့ တိုက်ရိုက်တက်သွားသော သစ်သားလှေကားတစ်စင်း ရှိသည်။“ဒီအိမ်ရဲ့ အပြင်အဆင်ကလည်း ရိုးရှင်းပါတယ်။ ဒါပေမဲ့ အရင်အိမ်တွေထက် အဆင့်အတန်းတစ်ခုတော့ မြင့်တယ်။ ပြီးတော့ ဒီတစ်အိမ်ပဲ တစ်ရွာလုံးမှာ သုံးထပ်ရှိတာထင်တယ်။ ယုတ္တိကျကျ တွေးကြည့်ရင် ဒီအိမ်ပိုင်ရှင်က ကျောက်မိသားစုရွာရဲ့ ရွာသူကြီး ဖြစ်ဖို့ အလားအလာ အများဆုံးပဲ”ယဲ့ဖန်ယွီ၏ မျက်လုံးများ အနည်းငယ်တောက်ပလာသည်။ “ရွာသူကြီးအိမ်မှာ အစားအစာရှိနိုင်တယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော်တို့ သုံးရက်လုံး ဘာမှမစားရသေးဘူး။ အမှောင်ထုကို အကာအကွယ်ယူပြီး အိမ်တချို့ကို ရှာကြည့်ခဲ့ပေမယ့် စားစရာတစ်ခုမှ မတွေ့ခဲ့ဘူး။ ဒီနေရာက အတော်လေး ချမ်းသာပုံရတော့ စားစရာတစ်ခုခု ရှိနိုင်တယ်”“ဒါဆို အတူတူ သွားရှာကြည့်ကြတာပေါ့”
“ကောင်းပြီလေစုမူက ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးမှ ရပ်လိုက်ကာ ထောင့်တစ်နေရာတွင် ရှိနေသော ရန်တုန်ချင်းကို လှည့်ကြည့်ရင်း ပြောလိုက်သည်။“မင်းလည်း လိုက်ခဲ့”ရန်တုန်ချင်းက ဘာစကားမှမပြောဘဲ ထလိုက်ပြီး စုမူနောက်သို့ လိုက်သွားလိုက်သည်။သုံးယောက်သား သုံးထပ်အိမ်တစ်အိမ်လုံးကို အမြန်လှည့်လည်ကြည့်ရှုခဲ့သော်လည်း ဘာမှမတွေ့ခဲ့ကြပေ။ ၎င်းသည် သာမန်အိမ်တစ်လုံးသာ ဖြစ်သည်။
“ဟင်း... စားစရာလည်း မရှိဘူးပဲ။”ယဲ့ဖန်ယွီ၏ မျက်နှာမှာ အလွန် အကျည်းတန်နေခဲ့သည်။ သူသည် ထူးခြားစွမ်းအားရှင်တစ်ယောက် ဖြစ်သော်လည်း စားသောက်ရန်တော့ လိုအပ်သေးသည်။ သုံးရက်တိုင်တိုင် အစားမစားရခြင်းက အလွန် နေရခက်လှပေသည်။ထို့ကြောင့် ယခု သူ၏ မျှော်လင့်ချက်များကို စုမူအပေါ်၌သာ ပုံအပ်ထားနိုင်တော့၏။“မစ္စတာ စု၊ ခင်ဗျားဆီမှာ စားစရာ တစ်ခုခုများ ပါလာသေးလား”စုမူက ခေါင်းခါပြလိုက်သည်။ “စိတ်မကောင်းပါဘူး။ ကျွန်တော့်ဆီမှာ မပါလာဖူး”
ယဲ့ဖန်ယွီ၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး အတင်းပြုံးကာ ပြောလိုက်သည်။
“ဒီလိုဆို ဒီညအထိ စောင့်ရမယ့်ပုံပဲ”
“ဒီလိုလည်း ဟုတ်ချင်မှ ဟုတ်မှာပါ”စုမူက ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခု ပြုံးလိုက်သည်။ ထို့နောက် အနည်းငယ် ကိုင်းညွတ်ကာ မာကျောသော အဆင်အပြင်ပါ ကြွေပြားကြမ်းပြင်ကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ သူ ပြန်မတ်တပ်ရပ်လိုက်ချိန်တွင် သူ၏ ဖြူလျော့နေသော လက်ချောင်းထိပ်များတွင် ဖုန်မှုန့်များ ကပ်ပါလာခဲ့သည်။သူသည် လက်ချောင်းများပေါ်မှ ဖုန်မှုန့်များကို ပွတ်ချလိုက်ပြီး ခန်းမ၏ ထောင့်တစ်နေရာကို စူးစိုက်ကြည့်လိုက်သည်။ထိုအချိန်တွင် ကျောက်ချောင်ယောင်သည် အိတ်ထဲမှ အဖြူရောင် လက်ကိုင်ပဝါ တစ်ထည်ကို အလျင်အမြန် ထုတ်ယူလိုက်ပြီး စုမူ၏ လက်ချောင်းထိပ်များကို ရိုသေစွာနှင့် သေချာစွာ သုတ်သင် ရှင်းလင်းပေးလိုက်သည်။ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယဲ့ဖန်ယွီ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားပြီး
“မစ္စတာ စု က အထက်တန်းလွှာတစ်ယောက်လား” ဟု စမ်းသပ်သည့်ဟန်ဖြင့် မေးလိုက်သည်။
“အို... ခင်ဗျားက ဘယ်လိုသိတာလဲ”“မစ္စတာ စုရဲ့ အပြုအမူနဲ့ ဟန်ပန်တွေက အထက်တန်းလွှာတစ်ယောက်နဲ့ တူနေတယ်လို့ ကျွန်တော် ထင်မိလို့ပါ”စုမူက ယဉ်ကျေးစွာ ပြုံးပြလိုက်ရုံသာ ပြုံးပြလိုက်ပြီး ဘာမှ ပြန်မပြောခဲ့ပေ။
စုမူ ပြန်မဖြေသည်ကို မြင်သောအခါ ယဲ့ဖန်ယွီက စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။“ဒါနဲ့ မစ္စတာ စု၊ ခုနက ပြောလိုက်တဲ့ ‘ဟုတ်ချင်မှ ဟုတ်မှာပါ’ ဆိုတာ ဘာကိုဆိုလိုတာလဲ။ တစ်ခုခုများ ရှာတွေ့ထားလို့လား”သူ့သဘောထားက အလွန်ယဉ်ကျေးနေဆဲပင်ဖြစ်သည်။ အိပ်မက်ဆိုးကမ္ဘာထဲတွင် အကျိုးစီးပွားချင်း မတိုက်ဆိုင်သရွေ့ အခြားထူးခြားစွမ်းအားရှင်များနှင့် ရန်သူဖွဲ့ခြင်းက မိုက်မဲရာ ကျပေလိမ့်မည်။ အထူးသဖြင့် စုမူလို ထူးခြားစွမ်းအားရှင်မျိုးကို အလွယ်တကူ ရန်မစသင့်ပေ။စုမူက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မြွေပုံစံ သစ်သားတုတ်ကောက်ကို ညင်သာစွာ မြှောက်ကာ ဒုတိယထပ်သို့ တက်သည့် လှေကားအောက်ရှိ ကြမ်းပြင်ကို ညွှန်ပြလိုက်သည်။“အဲဒီနေရာမှာ ဖုန်မှုန့်က အရမ်းနည်းနေတယ်”ယဲ့ဖန်ယွီက တောင်ဝှေးညွှန်ပြရာသို့ လိုက်ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ချက်ချင်း ဝမ်းသာသွားသည့် အရိပ်အယောင် ပေါ်လာသည်။“ရွာတွေမှာ အစားအစာ သိုလှောင်ဖို့ မြေအောက်ခန်း တည်ဆောက်တတ်တဲ့ အလေ့အထ ရှိတယ်။ အဲဒါ မြေအောက်ခန်း ဖြစ်နိုင်တယ်”သူ အလျင်အမြန် သွားကြည့်လိုက်ရာ လှေကား၏ စောင်းနေသော အရိပ်က ကြွေပြားများကို ဖုံးလွှမ်းနေသည်။ သူ လက်လှမ်း၍ စမ်းကြည့်လိုက်ရာ အမှန်ပင် အပေါ်ယံဖုန်မှုန့်အလွှာက အလွန်ပါးပြီး အခြားနေရာများထက် များစွာနည်းနေခဲ့သည်။ဤအချိန်တွင် သူသည် စုမူကို ကျောခိုင်းထားသဖြင့် သူ၏ မျက်နှာအမူအရာပေါ်တွင် ပေါ်လာသော လေးနက်မှုနှင့် စိုးရိမ်ပူပန်မှုတို့ကို မည်သူကမျှ သတိမထားမိခဲ့ကြပေ။
ဘယ်လောက်တောင် ထက်မြက်တဲ့ အကဲခတ်နိုင်စွမ်းလဲ။ လူဒီလောက် အများကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိပြီး ဒီလောက် စူးရှတဲ့ အကဲခတ်နိုင်စွမ်း ပါ ရှိနေတယ်ဆိုတော့ သူ့မှာ ဘယ်လောက်များတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာလဲ။သူသည် စုမူနဲ့အတူ အပေါ်ထပ်တက်ခဲ့သော်လည်း လှေကားအောက်ခြေရှိ အရိပ်ထဲက ကြွေပြားများတွင် တစ်ခုခု မှားယွင်းနေကြောင်းကို သူ သတိမထားမိခဲ့ပေ။အရိပ်ဖုံးနေတဲ့ ကြွေပြားတွေပေါ်က ဖုန်မှုန့်တွေကို ဘယ်သူက မြင်နိုင်မှာလဲ။ဒီလူဆီမှာ စုံစမ်းရှာဖွေနိုင်တဲ့ နည်းလမ်းတစ်ခုတော့ ရှိရမယ်။ယဲ့ဖန်ယွီ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ စုမူသည် သူ၏ မျက်စိဖြင့် မြင်ခဲ့ခြင်း မဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် မြင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ထူးခြားသော စိတ်စွမ်းအားက စိတ်ညှို့နိုင်သည့် စွမ်းရည်ကို ပေးစွမ်းရုံသာမက အလွန်အစွမ်းထက်သော အာရုံခံနိုင်စွမ်းကိုပါ ပေးထားသည်။ဒေါက်… ဒေါက်…ယဲ့ဖန်ယွီသည် ကြွေပြားကို သူ၏ လက်ဆစ်ဖြင့် ခေါက်ကြည့်လိုက်ရာ ကြည်လင်ပြီး ဟောင်းလောင်းပေါက်ဖြစ်နေသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ လှည့်လာပြီး မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်သည်။“အောက်က ဟောင်းလောင်းပေါက်ပဲ”သူသည် ကြွေပြားအဆက်များတစ်လျှောက် လက်ဖြင့် စမ်းလိုက်ပြီးနောက် အဖုအထစ်တစ်ခုကို ရှာတွေ့သွားသည်။ ထို့နောက် အားဖြင့် ဖိလိုက်ရာ ကြွေပြားက ပွင့်သွားပြီး လူတစ်ယောက် ဝင်ဆံ့ နိုင်လောက်အောင် ကျယ်ဝန်းသော မြေအောက်ခန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ “မစ္စတာ စု… တကယ်ပဲ မြေအောက်ခန်းရှိနေတယ်”ယဲ့ဖန်ယွီသည် ဝမ်းသာအားရဖြင့် လျှောက်လာခဲ့သော်လည်း ချက်ချင်း ဆင်းမသွားပေ။ သူသည် မိုက်မဲသူ တစ်ယောက် မဟုတ်ပေ။အိမ်ထဲတွင် အန္တရာယ်မရှိကြောင်း သိထားသော်လည်း မြေအောက်ခန်းထဲတွင် အန္တရာယ်မရှိကြောင်း မည်သူက အာမခံနိုင်မည်နည်း။ဘယ်သူကများ ကိုယ့်အိမ်မှာ မြေအောက်ခန်းတစ်ခုကို ဆောက်ပြီး ဒီလောက်တောင် လျှို့ဝှက်စွာ ဖုံးကွယ်ထားမှာလဲ။