အခန်း (၃၆)
သူမ၏မျက်နှာလေးမှာ ညစ်ပတ်ပေရေနေပြီး မျက်လုံးအောက်တစ်ဝိုက်သာ အတော်အတန် သန့်ရှင်းနေသည်။ ထိုနေရာတွင် ဖြူဝင်းသော အသားအရေကို မြင်ရပြီး မျက်ရည်များ စီးကျထားခြင်းကြောင့် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ အနည်းငယ် ညစ်ပတ်နေသော်လည်း ထိုအမျိုးသမီးတွင် လှပသော မျက်နှာလေး ရှိကြောင်း ခပ်ရေးရေး သိမြင်နိုင်သေးသည်။ ပြိုင်ဘက်ကင်း အလှပိုင်ရှင်ဟု မခေါ်ဆိုနိုင်သော်လည်း နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။အထင်ရှားဆုံး အချက်မှာ စမ်းရေကဲ့သို့ ကြည်လင်နေသော သူမ၏မျက်လုံးများပင်။ သို့သော် ယခုအခါ ထိုမျက်လုံးများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများသာ ပြည့်နှက်နေခဲ့သည်။သူမ၏ ရှေ့ရှိ အငွေ့တထောင်းထောင်း ထနေသော ဖက်ထုပ်များကို မြင်လိုက်ရသောအခါ အမျိုးသမီး၏ မျက်လုံးများ လင်းလက်သွားခဲ့သည်။“ထင်ထင်၊ အဖေက နင့်ကို ထပ်ပြီး နှိပ်စက်ပြန်ပြီလား”ထင်ထင်၏ ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ကို ကြည့်ရင်း ထိုအမျိုးသား၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာသည်။“စိတ်မပူနဲ့။ ငါ နင့်ကို ဒီနေရာကနေ သေချာပေါက် ထုတ်ပေးမယ်။ လာ… အရင်ဆုံး ဖက်ထုပ်နည်းနည်းစားလိုက်၊ နင် တောင့်ခံထားရမယ်နော်”ထိုအမျိုးသားက ဖက်ထုပ်တစ်ခုကို သူ၏ လက်ဖြင့် ဂရုတစိုက်ယူကာ အပူလျော့သွားအောင် မှုတ်ပြီးနောက် ထင်ထင်၏ပါးစပ်နားသို့ တေ့ပေးလိုက်သည်။ ထင်ထင်သည် ပါးစပ်ကို မနည်းဟကာ ဖက်ထုပ်ကို အနည်းငယ်စီ ဝါးစားလိုက်သည်။“ကောင်းလား။ ငါကိုယ်တိုင် လုပ်ထားတာ”ထိုအမျိုးသား၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပနေပြီး အသံထဲတွင်လည်း စိတ်လှုပ်ရှားမျှော်လင့်နေသည့် အရိပ်အယောင် ပါနေသည်။ သကြားလုံးတစ်လုံးရဖို့ စောင့်နေသော ကလေးတစ်ယောက်ကဲ့သို့ အဖြေကောင်းတစ်ခုကို ကြားချင်နေဟန်ပင်။“အရမ်း... အရသာရှိတယ်”ထင်ထင်က အားအင်ချည့်နဲ့စွာ ပြောလိုက်ပြီး သူမ၏ ညစ်ပတ်နေသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုအပြုံးမှာ အလွန်ဖြူစင်ပြီး အညစ်အကြေး သို့မဟုတ် ဟန်ဆောင်မှုတစ်စုံတစ်ရာမျှ မပါရှိပေ။
အတည်ပြုသည့်အဖြေကို ရလိုက်သည်နှင့် ထိုအမျိုးသားမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ယင်သွားခဲ့သည်။“အရမ်းကောင်းတာပဲ။ ထင်ထင် မင်း ကြိုက်မယ်ဆိုတာ ငါ သိပြီးသားပါ၊ ဘာပဲဖြစ်ဖြစ် ဒါတွေက ငါကိုယ်တိုင် လုပ်ထားတဲ့ ခွေးသား ဖက်ထုပ်တွေလေ”“ခွေး...သားလား”ထင်ထင်၏ကိုယ်လေး အနည်းငယ် တုန်ယင်သွားခဲ့သည်။ထိုအမျိုးသားက ပို၍ပင် စိတ်လှုပ်ရှားလာခဲ့သည်။“ဟုတ်တယ်။ နင် ခွေးပေါက်လေးဘဝကတည်းက မွေးလာခဲ့တဲ့ အဲဒီခွေးဝါကြီးလေ။ အသက်ကြီးသွားပြီဆိုပြီး အထင်မသေးနဲ့ဦး။ အားကတော့ ရှိတုန်းပဲ။ ငါဓားနဲ့ သတ်ဖို့လုပ်တုန်းကတောင် ငါ့ကို ပြန်ကိုက်တော့မလို့”ထိုစကားကို ကြားလိုက်ရချိန်တွင် စုမူနှင့် အခြားသူများသည် အေးစက်သော အပြုံးတစ်ခု ဟူသည် မည်သို့ဖြစ်သည်ကို မျက်မြင်တွေ့ရှိလိုက်ကြရသည်။ယခင်က ဖြူစင်အပြစ်ကင်းနေသော အပြုံးလေးသည် တဖြည်းဖြည်း အေးစက်တင်းမာလာပြီး နောက်ဆုံးတွင် အစိတ်စိတ်အမွှာမွှာ ကြေကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ကြည်လင်တောက်ပနေသော သူမ၏မျက်လုံးများပေါ်တွင် မျက်ရည် မည်မျှကျကျ ဆေးကြော၍မရနိုင်သော မီးခိုးရောင်အလွှာတစ်လွှာ ဖုံးလွှမ်းသွားသကဲ့သို့ ထင်ရသည်။“စားလေ ထင်ထင်...နင်က ဖက်ထုပ်တွေကို အကြိုက်ဆုံး မဟုတ်ဘူးလား”
ထိုအမျိုးသားက ထင်ထင်၏ပါးစပ်ထဲသို့ ဖက်ထုပ်များကို အကြမ်းပတမ်း အတင်းခွံ့ကျွေးလေတော့သည်။
“မင်း သောက်စားကို စားလိုက်စမ်း”သူ၏မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုမှာ ပို၍ပို၍ ပြင်းထန်လာပြီး ရက်စက်ကြမ်းကြုတ်သည့်အဆင့်ပင် ရောက်ရှိလာခဲ့သည်။“ဟားဟားဟား... တကယ့် အရူးမပဲ၊ အဲဒါကို တကယ်ယုံသွားတာလား။ နင် ဒီမှာ အဖမ်းခံထားရကတည်းက အဲဒီခွေးအိုကြီးက နင့်ရဲ့ ပျက်စီးနေတဲ့ တဲအိမ်ရှေ့မှာ နေပြီး နင့်ကိုစောင့်နေတာ။ အစာလည်းမစား၊ ရေလည်းမသောက်ဘူး။ သူ သေသွားတာ ကြာပြီ။ ခွေးသားကို ငါ ဘယ်က သွားရှာရမှာလဲ။ အလွန်ဆုံး ရနိုင်တာက ခွေးအရိုး နှစ်ချောင်း၊ သုံးချောင်းပဲ”
ဂျွတ်…ဂျွတ်…ထိုအသံမှာ ရန်တုန်ချင်းက ဒေါသထွက်လွန်း၍ လက်သီးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရာမှ ထွက်ပေါ်လာသောအသံဖြစ်ပြီး သတ္တုနှစ်ခု ပွတ်တိုက်နေသကဲ့သို့ ပင် ထင်ရသည်။ သူ၏မျက်နှာမှာ မှုန်ကုပ်နေပြီး မျက်လုံးများထဲတွင် ပေါက်ကွဲတော့မည့် မီးတောင်တစ်လုံးကဲ့သို့ ပြင်းထန်သော ဒေါသများ စုဝေးနေသည်။“ဒီ တိရစ္ဆာန်ကောင်”သူသည် သွားများကို ကြေမွသွားမတတ် အံကြိတ်ထားလိုက်မိသည်။ အကယ်၍ သူ့ရှေ့ရှိ မြင်ကွင်းမှာ အတိတ်က အဖြစ်အပျက်ကို ပြန်လည်ပြသနေခြင်း မဟုတ်ခဲ့ပါက ထိုအမျိုးသားထံသို့ အပြေးသွားပြီးသား ဖြစ်လိမ့်မည်။သို့သော် နောက်ဆက်တွဲ ဖြစ်ပျက်လာသည့်အရာမှာ ပို၍ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။ ထိုအမျိုးသားသည် ဖက်ထုပ်များကို အတင်းခွံ့ကျွေးပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် သူမကို စတင် စော်ကားလေတော့သည်။
မြေအောက်ခန်း တစ်ခုလုံးသည် အမျိုးသား၏ ရူးသွပ်သော ရယ်မောသံများနှင့် အမျိုးသမီး၏ စူးရှသော အော်ဟစ်သံများဖြင့် ပြည့်နှက်သွားခဲ့သည်။
“ဘယ်လိုလဲ၊ ထင်ထင်။ ငါ့အဖေ ဒီကိုလာခဲ့သေးလား။”“ထင်ထင်… နင့်ဆီက ငါအကြိုက်ဆုံးအရာက ဘာလဲသိလား။ နင့်ရဲ့ ပြည့်ဖြိုးပြီး အသားပြည့်တဲ့ ခန္ဓာကိုယ်လေးကိုပဲ၊ ဟားဟားဟား...”
“ယုတ်မာတဲ့ကောင်”
ရန်တုန်ချင်းမှာ ဒေါသပေါက်ကွဲသွားပြီး ရှေ့သို့ပြေးကာ ထိုအမျိုးသားကို လက်သီးဖြင့် အားကုန် ပစ်ထိုးလိုက်သည်။ သို့သော် သူ၏လက်သီးက လေထုကိုသာ ထိုးဖောက်သွားခဲ့သည်။“အကျိုးမရှိဘူး။ ဒါတွေက အရင်က ဖြစ်ပျက်ခဲ့ပြီးသား အဖြစ်အပျက်တွေ။ မင်း အခု တားဆီးလို့ မရတော့ဘူး။”ယဲ့ဖန်ယွီက ပြောလိုက်သည်။ရန်တုန်ချင်း၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်နေသည်။ သူသည် ထိုမြင်ကွင်းကို ဆက်မကြည့်ရက်တော့ဘဲ ခေါင်းကို လွှဲဖယ်ထားလိုက်တော့သည်။မကြာမီ ထိုအမျိုးသား ထွက်ခွာသွားခဲ့ပြီး သေလုမျောပါး ဖြစ်နေသော ထင်ထင်နှင့် တိတ်ဆိတ်မှုကို လွှမ်းခြုံထားသည့် မှောင်မိုက်နေသော မြေအောက်ခန်းသာ ကျန်ရစ်ခဲ့လေသည်။သူမသည် မျက်ရည်များ ခမ်းခြောက်သွားသည့်အလား မြေကြီးပေါ်တွင် နင်းချေခံထားရသော ဖက်ထုပ်များကို အဓိပ္ပာယ်မဲ့စွာ စိုက်ကြည့်နေခဲ့သည်။မြင်ကွင်းမှာ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ အချိန်ကို ရပ်တန့်ထားသကဲ့သို့ ဖြစ်နေသည်။သို့သော် မြင်ကွင်းမှာ တကယ်ရပ်တန့်နေခြင်း မဟုတ်ကြောင်း လူတိုင်း သိထားကြသည်။မြင်ကွင်းထဲမှ ထင်ထင်သည် အဆုံးမဲ့ စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို ဆက်တိုက် ခံစားနေရခြင်းပင်။ရုတ်တရက် သာမန်လူများထက် အာရုံခံစားမှု ကောင်းသော စုမူသည် ထောင့်တစ်နေရာရှိ အရိပ်ကို လက်ညှိုးထိုးပြလိုက်သည်။“အမည်းရောင်အရိပ်တစ်ခု ပေါ်လာပြီ”လူတိုင်း ချက်ချင်း ထိတ်လန့်သွားကာ အလိုအလျောက် လူစုခွဲလိုက်ကြသည်။ သို့သော် မကြာမီ သူတို့သဘောပေါက်လိုက်ကြသည်။ ထိုအမည်းရောင်အရိပ်ပုံသဏ္ဌာန်မှာ လက်တွေ့ဘဝတွင် ပေါ်လာခြင်းမဟုတ်ဘဲ ပုံရိပ်ထဲတွင်သာ ပေါ်လာခြင်းဖြစ်သည်။ထင်ထင်ရှိနေသော မြေအောက်ခန်း၏ ထောင့်တစ်နေရာတွင် အရိပ်တစ်ခု တိတ်တဆိတ် လှုပ်ရှားလာသည်။ ထိုအရိပ်မှာ ကွေးညွတ်လှုပ်ရှားရင်း တဖြည်းဖြည်း ရှည်လျားလာကာ လူပုံသဏ္ဍာန်တစ်ခုအဖြစ် ကြီးထွားလာခဲ့လေသည်။၎င်းမှာ စုမူနှင့် အခြားသူများ ယခင်က မြင်တွေ့ခဲ့ဖူးသော အရိပ်ပုံသဏ္ဍာန်နှင့် တစ်ပုံစံတည်းပင်။ အရိုးများသာ ကျန်ရှိနေသကဲ့သို့ အလွန်ပိန်လှီပြီး လက်တံရှည်ကြီးများသည် မြေပြင်သို့ပင် ထိလုနီးပါး ရှိနေသည်။
အမည်းရောင်အရိပ်သည် ထင်ထင်ထံသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ထင်ထင်က ထိုအရိပ်ကို ငေးမောစွာ စိုက်ကြည့်နေခဲ့သည်။ သူမ၏ စိတ်ပျက်အားငယ်မှုနေရာတွင် ကြောက်ရွံ့မှုက အစားထိုးဝင်ရောက်လာနိုင်ခြင်း မရှိပေ။ထင်ထင်၏ အကြည့်အောက်တွင်၊ အမည်းရောင်အရိပ်က လက်တစ်ဖက်ကို ညင်သာစွာ ဆန့်ထုတ်လိုက်သည်။ အရိပ်များဖြင့် ဖွဲ့စည်းထားသော သေးသွယ်သည့် လက်တံကြီးသည် ဖိတ်ခေါ်မှု တစ်ခုခုကို ကမ်းလှမ်းနေသကဲ့သို့ပင်။
“နင်က အဘွား ပြောဖူးတဲ့ အိပ်မက်ဆိုးမွန်းစတား လား”ထင်ထင်က အားအင်ချည့်နဲ့စွာ မေးလိုက်သည်။အရိပ်ပုံသဏ္ဌာန်က ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။ ထိုအစား ၎င်း၏ လက်တံကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး ထင်ထင်၏ လက်ဘေးတွင် ရပ်တန့်လိုက်သည်။
မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ၊ ထင်ထင်သည် လက်ထိတ်ခတ်ခံထားရသော သူမ၏လက်သေးသေးလေးဖြင့် အမည်းရောင်အရိပ်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့ သည်။မြင်ကွင်းမှာ ထိုနေရာတွင် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။လူတိုင်း တိတ်ဆိတ်နေခဲ့ကြပြီး ထင်ထင်၏ အဖြစ်အပျက်များကြောင့် သူတို့အားလုံး စိတ်ထဲတွင် လေးလံညှိုးနွမ်းသွားကြသည်။စုမူက လေးလေးနက်နက် တွေးတောလိုက်သည်။“ဒီနေရာက ထင်ထင်ရဲ့ အိပ်မက်ဆိုးဆိုရင် အဲဒီအရိပ်ပုံသဏ္ဌာန်က ဘာလဲ။ သဘောတရားအရဆိုရင် အိပ်မက်ဆိုးထဲက မွန်းစတားတစ်ကောင် ဖြစ်သင့်တယ်။ ဒါပေမဲ့ အချိန်စီးကြောင်းကိုကြည့်ရင် အဲဒီအရိပ်ပုံသဏ္ဌာန်က ထင်ထင်ရှိနေတဲ့ လက်တွေ့ကမ္ဘာထဲမှာလည်း ပေါ်လာခဲ့တယ်။”ယဲ့ဖန်ယွီက ရုတ်တရက် ဝင်ပြောလိုက်သည်။“အဲဒီအရိပ်ပုံသဏ္ဌာန်က တခြားအိပ်မက်ဆိုးထဲက မွန်းစတားတစ်ကောင် ဖြစ်ပြီး လက်တွေ့ကမ္ဘာထဲကို ကျူးကျော်ဝင်လာတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ ထင်ထင်ကို ရှာတွေ့ပြီး သူတို့နှစ်ယောက်ကြားမှာ တုံ့ပြန်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာတာကြောင့် အခုလို အိပ်မက်ဆိုး ဖြစ်လာတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဒီအိပ်မက်ဆိုးက ထင်ထင်ရဲ့ အိပ်မက်ဆိုး မဟုတ်ဘဲ အဲဒီအရိပ်ပုံသဏ္ဌာန် ကပဲ အိပ်မက်ဆိုးရဲ့ အရင်းအမြစ် ဖြစ်နေတာလည်း ဖြစ်နိုင်တယ်။”“ဘယ်ဖြစ်နိုင်ခြေကိုပဲ ရွေးရွေး အဲဒီအရိပ်က အဓိကပဲ။ အိပ်မက်ဆိုးကို ဖြိုခွဲနိုင်မယ့် သော့ချက်က အဲဒီအရိပ်ဆီမှာ ရှိနေနိုင်တယ်။”ခဏတာ ဆွေးနွေးကြပြီးနောက် မည်သူမျှ တိကျသော ကောက်ချက်တစ်ခု မချနိုင်ကြသဖြင့် နောက်ဆုံးတွင် အားလုံး အပေါ်ထပ်သို့ ပြန်တက်လာခဲ့ကြသည်။“မစ္စတာစု၊ ကျွန်တော် ဒုတိယထပ်က အခန်းထဲသွားပြီး ခဏနားလိုက်ဦးမယ်။ ဒီတစ်ခေါက်လည်း အစားအသောက် မတွေ့ခဲ့တော့ အိပ်ပြီး အားချွေတာထားရမယ်။ နေ့ခင်းဘက်မှာ ကျွန်တော့်ကို စောင့်ရှောက်ပေးဖို့ အားကိုးပါရစေ”ယဲ့ဖန်ယွီက ပင်ပန်းနွမ်းနယ်စွာ ပြောလိုက်သည်။စုမူက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူကို နားခိုင်းလိုက်သည်။ သူတို့သည် သုံးရက်ဆက်တိုက် အစားအစာ မစားခဲ့ရသလို သေချာလည်း မအိပ်စက်ခဲ့ရပေ။ သံမဏိကိုယ်ခန္ဓာရှိသူပင်လျှင် ထိုဒဏ်ကို ခံနိုင်မည် မဟုတ်ချေ။
သူသည် ရိုးရှင်းသော အစီအစဉ်အချို့ကို ပြုလုပ်လိုက်ပြီး ကျောက်ချောင်ယောင်နှင့် အခြားသူများကို သွားရောက် အနားယူရန် ပြောလိုက်၏။ထို့နောက် ရန်တုန်ချင်းကို ခေါ်ကာ တတိယထပ်ရှိ အခန်းတစ်ခန်းသို့ သွားလိုက်သည်။
ရန်တုန်ချင်းမှာ သူ၏ ကိုယ်ရံတော်ဖြစ်သောကြောင့် မိမိအခန်းတွင် မိမိအိပ်ပြီး ရန်တုန်ချင်းကို ဘေးအခန်းသို့ သွားရောက် နေထိုင်ခိုင်းသည့် မိုက်မဲသော လုပ်ရပ်မျိုးကို သူ ဘယ်တော့မှ ပြုလုပ်မည် မဟုတ်ပေ။တတိယထပ်ရှိ အခန်းထဲတွင် ရန်တုန်ချင်း၏မျက်နှာမှာ မှုန်ကုပ်နေဆဲဖြစ်ပြီး ထင်ထင် ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးထဲတွင် သူ့စိတ်က နစ်မြုပ်နေဆဲဖြစ်သည်။ သူသည် ထူးခြားစွမ်းအားရှင်တစ်ဦး ဖြစ်သော်လည်း ငယ်ရွယ်သေးသည့် လူငယ်တစ်ဦးလည်း ဖြစ်သည်။ စိတ်ဓာတ်ပြင်းပြပြီး တရားမျှတမှုကို တန်ဖိုးထားသော လူငယ်တစ်ဦးဖြစ်သဖြင့် ထိုကဲ့သို့ ကြေကွဲဖွယ်အဖြစ်ဆိုးကို သူ အနေဖြင့် လက်ခံနိုင်မည် မဟုတ်ပေ။စုမူက အိပ်ရာပေါ်တွင် လဲလျောင်းရင်း မျက်နှာကျက်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။ သူ၏စိတ်ထဲတွင် ထင်ထင်နှင့် အရိပ်ပုံသဏ္ဍာန်တို့ကြား ဆက်နွှယ်မှုကို တွေးတောနေခဲ့သည်။ ထိုသို့ တွေးတောနေစဉ် သူ၏ နှာခေါင်းထဲတွင် ပူလောင်သော ခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ လက်ဖြင့် စမ်းကြည့်လိုက်ရာ ရဲရဲနီနေသော သွေးများကို တွေ့လိုက်ရလေတော့သည်။