အခန်း (၄၂)
လူတိုင်း တစ်ဖန် မင်သက်သွားကြပြန်သည်။ ထိုအသံက မှားယွင်းနေသည်။ ထင်ထင်က အရွယ်ရောက်ပြီးသား အမျိုးသမီးငယ်တစ်ဦးဖြစ်နေသော်လည်း ကုတင်အောက်မှ ထွက်လာသောအသံမှာတော့ ကလေးမလေးတစ်ဦး၏ အသံဖြစ်နေသည်။စုမူ၏ အပြုံးသည် ဘေးအိမ်မှ သဘောကောင်းသော အစ်ကိုကြီးတစ်ဦးပမာ ပိုမို သိမ်မွေ့လာခဲ့သည်။ သူ၏ လေသံမှာ နူးညံ့သော်လည်း တည်ငြိမ်နေပြီး စကားလုံးတိုင်းကို သေချာရွေးချယ်ပြောနေသကဲ့သို့ ဖြစ်နေသည်။“ထင်ထင်က ကလေးလိမ္မာလေးပဲ၊ ငါတို့က ဘယ်လိုလုပ် ထိခိုက်အောင်လုပ်မှာလဲ။”အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ကုတင်အောက်ရှိ အရိပ်မည်းလေးသည် အပြင်သို့ တွားသွားကာ ထွက်လာခဲ့၏။သူမသည် အသက် ခြောက်နှစ်ခန့်အရွယ် ကလေးမလေး ဖြစ်ပြီး သူမ၏ နက်မှောင်သော ဆံပင်များကို ကျစ်ဆံမြီးသေးသေးနှစ်ချောင်းအဖြစ် အလွယ်တကူ စည်းထားသည်။ အနည်းငယ် ရှုပ်ပွနေသော်လည်း သဘာဝကျလှသည်။ ခန္ဓာကိုယ်က အလွန်ပိန်ပါးသော်လည်း တောင်ပေါ်သမင်ငယ်လေးတစ်ကောင်ကဲ့သို့ သွက်လက်တက်ကြွသော အသွင်ရှိသည်။သူမ၏မျက်နှာက ဝိုင်းဝိုင်းလေးဖြစ်ပြီး နေရောင်အောက်တွင် မကြာခဏ နေခဲ့ရသည့်အတွက် ပါးပြင်တွင် အနည်းငယ် နီမြန်းနေသည်။ သူမ၏ မျက်လုံးများမှာ တောင်ကျစမ်းရေပမာ ကြည်လင်တောက်ပကာ ကြီးမားပြီး အပြစ်အနာအဆာကင်းစင်လှသည်။ ရှည်လျားသော မျက်တောင်များက ယပ်တောင်ငယ် နှစ်ချောင်းပမာ မျက်တောင်ခတ်တိုင်း တဖျတ်ဖျတ် လှုပ်ရှားနေသည်။စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် ကလေးမလေးသည် အခန်းထဲရှိလူများကို ကြောက်ရွံ့စွာ ကြည့်နေခဲ့ပြီး သူမ၏ ညစ်ပတ်နေသော လက်ငယ်လေးများက လက်ထဲရှိ ဓာတ်ပုံဘောင်ကို စိုးရိမ်တကြီးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။ ဝမ်လီနှင့် ပတ်သက်သည့် မကြာသေးမီက အဖြစ်အပျက်ကြောင့် အားလုံးက သတိအပြည့်ရှိနေကြသည်။ ထိုကလေးမလေးသည်လည်း ရွာသားများကဲ့သို့ ရုတ်တရက် မွန်းစတား တစ်ကောင်အဖြစ် ပြောင်းလဲမသွားနိုင်ဘူးဟု မည်သူမျှ အာမမခံနိုင်ပေ။သို့သော် သူတို့အားလုံးကတော့ မျက်စိရှေ့ရှိ ကလေးမလေးသည် ယခင်က တွေ့ခဲ့ရသော ထင်ထင်နှင့် အနည်းငယ် ဆင်တူနေသည်ဟု ခံစားမိကြသည်။“မစ္စတာ စု၊ ဒီကလေးမလေးက ထင်ထင်ထက် အများကြီးငယ်တယ်။ သူတို့က ညီအစ်မတွေများလား” ယဲ့ဖန်ယွီက အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။“မဟုတ်ဘူး။ သူက ထင်ထင်ပဲ။”ယဲ့ဖန်ယွီ ပို၍ပင် အံ့အားသင့်သွားခဲ့၏။
“ခင်ဗျားက ဘယ်လိုသိတာလဲ”စုမူက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သည်။“ဒါက ထင်ထင်ရဲ့အိမ်လေ။ ဒီမှာ ထင်ထင်နေမှာပေါ့။ အဲဒါက ထူးဆန်းလို့လား”“အာ...” ယဲ့ဖန်ယွီသည် တုံ့ပြန် စကားပင် မပြောနိုင်တော့ပေ။“ထင်ထင်၊ ဘာလို့ ကုတင်အောက်မှာ ပုန်းနေတာလဲ” စုမူက နူးညံ့စွာ ပြုံးပြီး မေးလိုက်သည်။ကလေးမလေး ထင်ထင်က စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။“အပြင်မှာ အသံတွေကြားလို့ ကြောက်ပြီး ပုန်းနေတာပါ။ အပြင်မှာ လူဆိုးတွေရှိတယ်။ သူတို့က ထင်ထင်ကို အနိုင်ကျင့်ကြလိမ့်မယ်။”ထင်ထင်က ပြောရင်း သစ်သားစားပွဲပေါ်ရှိ ဗလာဖြစ်နေသော ဖက်ထုပ်ပန်းကန်ကို လှမ်းကြည့်မိသည်။ သူမ၏နှုတ်ခမ်းများ တုန်ယင်သွားပြီး မျက်လုံးဝိုင်းကြီးများထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။“အဲဒါ အဘွားက ထင်ထင်အတွက် ထားပေးခဲ့တဲ့ ဖက်ထုပ်တွေလေ...”ဖက်ထုပ်များကို ယခုလေးတင် စားထားခဲ့သော လီချန်က အနေရခက်စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။ယဲ့ဖန်ယွီကတော့ အလေးအနက် မထားဘဲ သတိထားကာ မေးလိုက်သည်။“အဘွား... သမီးရဲ့ အဘွားက ဘယ်မှာလဲ”ထင်ထင်က အနည်းငယ် အံ့ဩပြီး မကျေမနပ်ဖြစ်သွားသည့်ပုံဖြင့် ညစ်ပေနေသော လက်ကလေးကို ဆန့်ထုတ်ကာ သူတို့အားလုံး၏ နောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။“အဘွားက ဟိုမှာလေ။”ယဲ့ဖန်ယွီ လန့်ဖြတ်သွားပြီး အလျင်အမြန် လှည့်ကြည့်လိုက်ရာ၊ မည်သူမျှ မရှိသော သစ်သား ပက်လက်ကုလားထိုင် တစ်လုံးကိုသာ မြင်တွေ့လိုက်ရသည်။ ထူးဆန်းသည်မှာ ထိုပက်လက်ကုလားထိုင်သည် လေမတိုက်ဘဲ သူ့အလိုလို လှုပ်ယမ်းနေပြီး တကျွိကျွိအသံများ ထွက်ပေါ်နေခြင်းပင်။သူ၏ ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရပြီး ကျောရိုးတစ်ခုလုံး စိမ့်တက်သွားကာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားခဲ့တော့သည်။စုမူက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။“ထင်ထင်... ကလေးလိမ္မာတွေက လိမ်မပြောဘူးနော်”ထင်ထင်က မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်ပြီး အပြစ်ကင်းစင်သော ကလေးသံလေးဖြင့် ပြန်ပြောလိုက်သည်။“ထင်ထင် မလိမ်ပါဘူး။ အဘွားက ပက်လက်ကုလားထိုင်ပေါ်မှာ လှဲနေတာ အမှန်ပဲ။ သူ အခု ဦးဦးတို့ကို ကြည့်နေတယ်၊ ဦးဦးတို့ကိုတောင် နှုတ်ဆက်နေသေးတယ်”
လူတိုင်းသည် လှုပ်ခါနေဆဲဖြစ်သော ဗလာ ပက်လက်ကုလားထိုင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေကြပြီး ဖော်ပြ၍ မရနိုင်သော ကြောက်ရွံ့မှုတစ်ခုက သူတို့၏ရင်ထဲတွင် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ထူးခြားစွမ်းအားရှင်များ ဖြစ်ကြသည့် ယဲ့ဖန်ယွီနှင့် ရန်တုန်ချင်းတို့သည် အထူးသတိထားနေကြပြီး သူတို့၏ နဖူးများတွင် ချွေးစေးများ ပြည့်နှက်နေခဲ့၏။ သူတို့၏ မျက်လုံးများသည် ထင်ထင်နှင့် ပက်လက်ကုလားထိုင်ကို တစ်လှည့်စီ စိုက်ကြည့်နေကြပြီး မည်သည့်ဘက်ကို ရင်ဆိုင်ရမည်မှန်း မသေချာဖြစ်နေကြသည်။
သူတို့သည် ရွာသားများကို တိုက်ခိုက်နိုင်ကြသော်လည်း မမြင်ရသော ထူးဆန်းကြောက်မက်ဖွယ် မွန်းစတားများကိုတော့ ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။
ဒါဟာ အမဲလိုက်သေနတ်တစ်လက် ကိုင်ထားသူတစ်ယောက်ကို ဝက်ဝံနဲ့ တစ္ဆေထဲက ဘယ်ကောင်ကို ရင်ဆိုင်မလဲလို့ ရွေးခိုင်းသလိုပင်။ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူတို့သည် ဝက်ဝံကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။
ထိုသို့ တင်းမာပြီး ကြက်သီးထဖွယ်ကောင်းသော အခြေအနေထဲတွင် စုမူသည် ပက်လက်ကုလားထိုင်ကို ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။“မင်္ဂလာပါ အဘွား။”ရုတ်တရက် ထွက်ပေါ်လာသော ထိုနှုတ်ဆက်စကားက ရှိနေသူအားလုံး၏ ရင်ထဲတွင် ထိန်းချုပ်၍ မရနိုင်သော စိတ်မသက်မသာ ဖြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ရန်တုန်ချင်းက စိုးရိမ်တကြီး တိုးညင်းသော အသံနှင့် မေးလိုက်သည်။“မင်း မြင်ရလို့လား”“မမြင်ရပါဘူး။ ဒါပေမဲ့ အငယ်တစ်ယောက်အနေနဲ့ အကြီးတစ်ယောက်က နှုတ်ဆက်လာရင် မယဉ်ကျေးသလို မဖြစ်အောင် ပြန်နှုတ်ဆက်ပေးရမှာပေါ့။”အရူးပဲ။ရန်တုန်ချင်းက စုမူအပေါ် ထပ်မံသတ်မှတ်လိုက်သည့် အညွှန်းတစ်ခု ရှိလာပြန်သည်။ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း ရူးသွပ်မှုအနည်းငယ် ပါနေသော လူကြီးလူကောင်း တစ်ဦး ဟူ၍ပင်။ထိုအချိန်တွင် ငွေရောင်ခေါင်းလောင်းသံကဲ့သို့ ကြည်လင်သော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။“အဘွားက ဦးဦးကို အရမ်း ယဉ်ကျေးတဲ့ လူငယ်လေးပဲလို့ ချီးကျူးနေတယ်””ထင်ထင်သည် ဖက်ထုပ်များ အကြောင်းကို မေ့သွားပုံရပြီး သူမ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။စုမူကလည်း ယဉ်ကျေးစွာ ပြုံးပြလိုက်ပြီး အလွန်ဂုဏ်ကျက်သရေရှိသော လူကြီးလူကောင်းတစ်ဦးကဲ့သို့ ပက်လက်ကုလားထိုင်ကို ခေါင်းညိတ်ပြလိုက်သည်။“ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ်။ အဘွားလည်း ကြင်နာတတ်တဲ့ လူကြီးတစ်ယောက်ပါပဲ။”အခြားသူများအတွက်တော့ ပက်လက်ကုလားထိုင်က လုံးဝအလွတ်ဖြစ်နေကာ စုမူက လေထုကို စကားပြောနေသကဲ့သို့ ဖြစ်နေသည့်အတွက် ပတ်ဝန်းကျင်၏ ကြောက်မက်ဖွယ်ကောင်းမှုက ပို၍ပင် တိုးလာတော့သည်။“အဘွားက မိုးချုပ်တော့မယ်၊ အပြင်မှာ အရိပ်ပုံသဏ္ဌာန်တွေ ရှိနေနိုင်တယ်၊ ဒါကြောင့် ဦးဦးတို့ ဒီမှာပဲ နေလို့ရတယ်တဲ့”မိုးချုပ်တော့မယ် ဟုတ်လား။အားလုံးက အလျင်အမြန် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။ ကောင်းကင်ယံသည် သူတို့၏ မှုန်ကုပ်နေသော စိတ်အခြေအနေကဲ့သို့ပင် အမှောင်ထု အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ကြရသည်။
ကလင်…ကြည်လင်သော သတ္တုမြည်သံတစ်ခုက လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့သည်။ စုမူက သူ၏ရွှေနက်ရောင် အိတ်ဆောင်နာရီကို ဖွင့်လိုက်ခြင်းဖြစ်သည်။ သူ အချိန်ကို ကြည့်လိုက်သည်။ “မွန်းလွဲ သုံးနာရီပဲ ရှိသေးတယ်။ တကယ်ကို မြန်မြန် မိုးချုပ်သွားတာပဲ”သူက အိတ်ဆောင်နာရီကို ပြန်ပိတ်လိုက်သည်။ ထိုအခိုက်တွင် ရွှေနက်ရောင် အူရိုဘိုရော့စ် ပုံစံ အမှတ်အသားက အားလုံး၏မျက်စိရှေ့တွင် ခဏတာ လင်းလက်သွားသည်။ ထို့နောက် စုမူက ပက်လက်ကုလားထိုင်ဘက်သို့ ကျေးဇူးတင်စွာ ပြောလိုက်သည်။“အဘွား၊ ဒါဆိုရင် ကျွန်တော်တို့ အနားယူလိုက်ပါဦးမယ်”ခဏအကြာတွင် အားလုံးသည် ပက်လက်ကုလားထိုင်နှင့် အဝေးဆုံးထောင့်သို့ စုပြီး နေရာယူလိုက်ကြကာ ထိုကုလားထိုင်ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ကြသည်။ထိုအချိန်တွင် ထင်ထင်သည် အိပ်ခန်းထဲ၌ အဝတ်စုတ် အရုပ်လေးတစ်ရုပ်နှင့် လိမ္မာစွာ ကစားနေပြီး သစ်သား ဘီးငယ်လေးဖြင့် အရုပ်၏ ဆံပင်များကို အဆက်မပြတ် ဖြီးပေးနေခဲ့သည်။ကောင်းကင်ယံသည် မျက်စိရှေ့တွင်ပင် သိသိသာသာ မှောင်ကျလာသည်။အခန်းထဲတွင် ကြားရသည့် တစ်ခုတည်းသောအသံမှာ ပက်လက်ကုလားထိုင်၏ တကျွိကျွိမြည်သံပင် ဖြစ်သည်။“မစ္စတာ စု၊ မှောင်လာပြီ။ မြန်မြန် ထွက်ကြရအောင်။ ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတယ်” ယဲ့ဖန်ယွီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။“ကြောက်ဖို့ ကောင်းလို့လား။ ချစ်စရာကောင်းတဲ့ ထင်ထင်၊ သဘောကောင်းတဲ့ အဘွား... ဒီနေရာက အလွန် ဘေးကင်းတာ ထင်ရှားနေတာပဲ”စုမူကတော့ အေးချမ်းမှုကို ခံစားနေရသကဲ့သို့ ပြောလိုက်သည်။“မစ္စတာ စု၊ ဒါက နောက်ပြောင်နေရမယ့် အချိန်မဟုတ်ဘူး။အခု ထင်ထင်နဲ့ အချိန်ရဲ့ အရိပ်ပုံရိပ်ထဲက ထင်ထင်ကြားမှာ ထူးဆန်းတဲ့ ဆက်နွယ်မှုတစ်ခု သေချာပေါက် ရှိရမယ်။ ပြီးတော့ အဲဒီ အဘွားအိုက... ခင်ဗျား သူ့ကို မြင်တောင် မမြင်ရဘဲနဲ့ သဘောကောင်းမှန်း ဘယ်လိုသိတာလဲ”ယဲ့ဖန်ယွီက ဒေါသတကြီး အော်လိုက်သည်။“ငါတို့လို အိမ်ရာမဲ့နေတဲ့ လူတွေကို လက်ခံပေးထားတာက အဘွား သဘောကောင်းလို့ မဟုတ်ဘူးလား”
“ခင်ဗျား...” ယဲ့ဖန်ယွီ၏မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားသော်လည်း တစ်ယောက်တည်း ထွက်သွားရန်တော့ မရဲပေ။ထိုအချိန်တွင်...ကျွိ... ကျွိ...ပက်လက်ကုလားထိုင်၏ လှုပ်ခါသံ ရပ်တန့်သွားခဲ့လေပြီ။အားလုံး ရင်ထိတ်သွားကြသည်။ အကြောင်းမှာ ပက်လက်ကုလားထိုင် ရပ်သွားခြင်း၏ အဓိပ္ပာယ်ကို သူတို့အားလုံး သိနေကြသောကြောင့်ပင်။အဘွားက ကုလားထိုင်ပေါ်က ဆင်းသွားပြီ။မျက်စိဖြင့် မမြင်နိုင်သော လူတစ်ယောက်က ဘယ်ကို သွားမည်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ရှဲ...စားပွဲပေါ်ရှိ ဖယောင်းတိုင်များက သူ့အလိုလို မီးထတောက်လာပြီး မှိန်ဖျော့သော အလင်းရောင်တစ်ခုကို ထုတ်လွှတ်ပေးလိုက်သည်။
“မှောင်လာပြီ၊ အဲဒီ လူဆိုးတွေ ထွက်သွားကြပြီ”
ကလေးမလေး ထင်ထင်က အခန်းထဲမှ ခုန်ပေါက်ကာ ထွက်လာပြီး သူမဘေးရှိ လေဟာပြင်နေရာတစ်ခုကို ပြောလိုက်သည်။“အဘွား၊ ထင်ထင် ညီမလေး ကို သွားရှာတော့မယ်နော်။”