အခန်း (၆)
သန့်စင်ခန်းတံခါးရှေ့မှ ခပ်အုပ်အုပ်ညည်းတွားသံများနှင့် အော်ဟစ်သံများ ရောယှက်ထွက်ပေါ်နေပြီး ဆေးလိပ်ငွေ့အချို့ လွင့်ပျံထွက်လာခဲ့၏။
သူသည် သူ၏တုတ်ကောက်ဖြင့် အဝါရောင်ကွက်များစွန်းထင်းနေသော လိုက်ကာကို မကာ အထဲသို့ ဝင်လိုက်ချိန်တွင် ကောင်လေးတစ်ယောက် အပြင်သို့ ထွက်လာသည်နှင့် ကြုံလိုက်ရသည်။
ထိုသူ၏မျက်နှာမှာ လူအုပ်ကြားထဲ ရောနှောသွားပါက ရှာရခက်မည့် သာမန်ပုံစံမျိုးဖြစ်သော်လည်း မျက်ခုံးနှစ်ဖက်ကြားတွင်မူ ထက်မြက်ပြီး အရိုင်းဆန်သည့်အရိပ်အယောင် ပုန်းကွယ်နေကာ သူ၏လက်သီးပေါ်တွင်လည်း အနီရင့်ရောင် သွေးစအချို့ ပေကျံနေ၏။
ထိုသူသည် သူလိုက်လံရှာဖွေနေသည့် ပစ်မှတ်ဖြစ်သော ရန်တုန်ချင်း ဖြစ်နေသော်လည်း စုမူ က လျစ်လျူရှုထားလိုက်သည်။
သူသည် သန့်စင်ခန်းအခန်းတွင်းသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး တုတ်ကောက်ဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခါ ရွှေရောင်ဆံပင် ဆေးဆိုးထားသော ကောင်လေးသုံးယောက်သည် အိမ်သာခွက်ဘေးတွင် လဲကျနေကြပြီး နာကျင်စွာ ညည်းညူနေကြသည်ကို တွေ့လိုက်ရသည်။“မင်း ဘာကြည့်နေတာလဲ...”ရိုင်းစိုင်းသော ဆဲဆိုသံမှာ တစ်ဝက်ပင် မပြီးသေးခင်—“ ဒုတ် “တုတ်ကောက်သည် ကြမ်းပြင်ကို ခပ်သာသာရိုက်ခတ်လိုက်သဖြင့် ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာသည်။ဆန်းကြယ်သော စိတ်ဝိညာဉ်လှိုင်းတစ်ခု ပျံ့နှံသွားပြီး ဆံပင်ရွှေရောင်ဆိုးထားသည့် ကောင်လေး သုံးဦး၏ ရိုင်းစိုင်းနေသော မျက်ဝန်းများမှာ ရုတ်တရက် လွင့်ပါးသွားကာ လေးနက်သော အမူအရာသို့ ပြောင်းလဲသွားခဲ့သည်။
“ခေါင်းဆောင်..”“အင်း… ဘာဖြစ်တာလဲ?”စုမူ၏ စောင့်ကြည့်မှုအောက်တွင် ဆံပင်ရွှေရောင်ကောင်လေးသုံးယောက်၏ ခေါင်းဆောင်ဖြစ်သော ချွေ့ဟောက် က အဖြေစတင်ပေးလာသည်။“ပုံမှန်အတိုင်း ရန်တုန်ချင်းဆီက ပိုက်ဆံဆက်ကြေးတောင်းတာ ။ ဒါပေမယ့် ဒီတစ်ခါ သူက ငြင်းပြီး ကျွန်တော်တိုကို ပြန်ရိုက် သွားတာပါ ”စုမူက ခေါင်းညိတ်လိုက်သည်။“နောက်ထပ် ဘာလုပ်ဖို စီစဉ်ထားလဲ?”“ကျောင်းဆင်းပြီးရင် မပြန်ဘဲ စောင့်နေဖို့၊ သတ္တိရှိရင် မပြေးဖို့ ပြောလိုက်တယ်။ သူလည်း သဘောတူခဲ့ပါတယ်။ ကျောင်းအပြင်မှာ အစ်ကိုကြီးတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ထားတာရှိပါတယ်။ သူ့လက်အောက်မှာ လူဒါဇင်ချီရှိပါတယ်။ ကျောင်းဆင်းတဲ့အချိန် သူနဲ့ ဆက်သွယ်ပြီး ချောင်းမြောင်းတိုက်ခိုက်ဖို စီစဉ်ထားပါတယ်။”ထိုစကားကို ကြားပြီးနောက် စုမူက တိတ်တဆိတ် ပြုံးလိုက်ပြီး ဘာမှမပြောဘဲ သန့်စင်ခန်းထဲမှ ပြန်ထွက်လာလိုက်သည်။သူ ထွက်ခွာသွားပြီး မကြာမီမှာပင် အိမ်သာအတွင်းမှ နာကျင်စွာ အော်ဟစ်ညည်းညူသံများ ပြန်လည်ထွက်ပေါ်လာသည်။
......
စာသင်ခန်းထဲတွင် စုမူသည် ပြတင်းပေါက်ဘေးမှ နောက်ဆုံးတန်းတွင် ထိုင်နေပြီး အပြင်ဘက်မြင်ကွင်းကို စိတ်မပါသလို ငေးမောကြည့်ရှု နေသည်။အသက်လတ်ပိုင်းအရွယ်၊ ဗိုက်ပူပူ၊ မျက်မှန်တပ်ထားပြီး ခေါင်းပြောင်စ ပြုနေသော ဆရာသည် ပြဋ္ဌာန်းစာအုပ်ကို တစ်လုံးမကျန် ရွတ်ပြနေ၏။ ကျောင်းသားအချို့မှာ အိပ်ပျော်နေကြပြီး အချို့က တီးတိုးစကားပြောနေကြကာ အရှေ့ဆုံးတန်းမှ အနည်းငယ်မျှသာ စိတ်ဝင်တစား နားထောင်နေကြသည်။
ဆရာကလည်း စာသင်ခန်းစည်းကမ်းကို သိပ်ဂရုမစိုက်ပေ။ အတန်းထဲတွင် ဆူညံသံအလွန်များလာမှသာ ပြဿနာရှာတတ်သည့် ကျောင်းသားအချို့ကို အပြင်ထွက်ရပ်ခိုင်းကာ အပြစ်ပေးလေ့ရှိသည်။ ကျန်အချိန်များတွင်တော့ တာဝန်တစ်ခု ပြီးမြောက်အောင် လုပ်ဆောင်နေသကဲ့သို့ စာသင်ပေးနေတတ်သည်။သာမန်စာသင်ခန်းတစ်ခု၊ သာမန်ဆရာတစ်ယောက်——အရာအားလုံးသည် သာမန်ဆန်လွန်းနေသည်။ သို့သော် ဒီလိုသေးငယ်သည့် စာသင်ခန်းလေးထဲတွင် ဒဏ္ဍာရီဆန်သော ထူးခြား စွမ်းအားရှင် တစ်ဦးနှင့် ထိုစွမ်းအားရှင်ကို အမဲလိုက်လိုသူ တစ်ဦး ရှိနေမည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ရန်တုန်ချင်းသည် စုမူ၏ အတန်းဖော်ဖြစ်သည်။ စုမူနှင့် မတူဘဲ စုမူသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံရသူဖြစ်ပြီး မည်သူမျှ သူ့ကို အလွယ်တကူ မနှောင့်ယှက်ရဲကြပေ။ သို့သော် ရန်တုန်ချင်းကတော့ အတန်းထဲတွင် မကြာခဏ အနိုင်ကျင့်ခံရပြီး ပိုက်ဆံပင် ဆက်ကြေးတောင်းခံရလေ့ရှိ၏။
သို့သော် ယခုအချိန်တွင် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်သည်။ တစ်ချိန်က ကြောက်ရွံ့တတ်သော ရန်တုန်ချင်း၏ မျက်ခုံးကြားတွင် ယခုအခါ ထက်မြက်သည့် အရိပ်အယောင်တစ်ခု ကိန်းဝပ်နေပြီး အခြားသူများအား လူရာမသွင်းသည့် အမူအရာမျိုး ပေါ်လွင်နေ၏။
ထိုအချိန်တွင် ရန်တုန်ချင်းသည် ဘောပင်တစ်ချောင်းကို ကိုင်ထားပြီး အတွေးနက်နေသည်။ တစ်ခါတစ်ရံ ခေါင်းငုံ့ကာ မှတ်စုစာအုပ်ထဲတွင် စာအနည်းငယ် ရေးသားနေသည်။ သူဘာကို တွေးနေသည်ကို မည်သူမျှ မသိနိုင်ပေ။အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားပြီး စာသင်ချိန်တစ်ဝက်နီးပါး ရောက်လာသောအခါ ရန်တုန်ချင်း၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူသည် အလိုအလျောက် ရင်ဘတ်ကို ဖိကိုင်လိုက်ပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။“ဆရာ ဝမ်… ကျွန်တော် သန့်စင်ခန်း သွားချင်လို့ပါ။”သူက ရုတ်တရက် လက်ထောင်ကာ ပြောလိုက်သည်။စာသင်နေသော ဆရာ ဝမ် သည် သူ့ဘက်သို့ အေးစက်စက် တစ်ချက်ကြည့်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။“သွားလေ”ရန်တုန်ချင်းသည် မှတ်စုစာအုပ်ထဲတွင် ရေးနေသော စာများကို အလျင်အမြန် အပြီးသတ်ရေးလိုက်ပြီး ချက်ချင်းထကာ စာသင်ခန်းထဲမှ ထွက်သွားသည်။ထူးချွန် အထက်တန်းကျောင်း၏ စီမံခန့်ခွဲမှုမှာ အလွန်ပင် လွတ်လပ်သော်လည်း အမှတ် (၁၃) ခရိုင်တွင် ထိပ်တန်းကျောင်းအဖြစ် တည်ရှိနေဆဲပင် ဖြစ်သည်။ ထိုသို့ ဖြစ်ရသည်မှာလည်း အမှတ် (၁၃) ခရိုင်တစ်ခုလုံးတွင် အထက်တန်းကျောင်း အနည်းငယ်မျှသာ ရှိသောကြောင့် ဖြစ်၏။ဒေါက်... ဒေါက်... ဒေါက်...
စာသင်ခန်းအပြင်ဘက်မှ ခြေသံများသည် တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားသောအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ဆရာ ဝမ် ၏ စာသင်နေသောအသံသည် ရုတ်တရက် ရပ်တန့်သွားပြီး၊ အစောပိုင်းက တီးတိုးပြောဆိုနေကြသော ကျောင်းသားများသည်လည်း ကြိုတင်သဘောတူထားကြသကဲ့သို့ တစ်ပြိုင်နက်တည်း ရပ်သွားကြသည်။စာသင်ခန်းတစ်ခုလုံးသည် အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားပြီး ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
ကျောင်းသားအားလုံးသည် ရုပ်သေးရုပ်များကဲ့သို့ ကိုယ်ကို တောင့်တင်းစွာ မတ်မတ်ထိုင်လိုက်ကြပြီး လူတိုင်းက တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြကာ နောက်ဆုံးတန်းတွင် ထိုင်နေသော စုမူကို စူးစိုက်ကြည့်လိုက်ကြသည်။“ခေါင်းဆောင်…”ညီညာသော အသံနက်ကြီးတစ်သံ ထွက်ပေါ်လာခဲ့သည်။
စုမူသည် ပြတင်းပေါက်ဘေးမှ သူ၏အကြည့်ကို လူအုပ်ထံသို့ လှည့်လိုက်၏။
“သူ ဘာရေးသွားတာလဲ…”ရန်တုန်ချင်း၏ ဘေးတွင် ထိုင်သော ကျောင်းသားနှင့် သူ့နောက်တန်းတွင် ထိုင်သော ကျောင်းသားတို့က တစ်ပြိုင်နက်တည်း ဖြေကြားလာကြသည်။“အိပ်မက်။ အိပ်မက်ဆိုး။”စူမူ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားပြီး စဉ်းစားတွေးတောနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။အိပ်မက်။ အိပ်မက်ဆိုး။ရန်တုန်ချင်းက ဘာကြောင့် ဒီစကားလုံးနှစ်လုံးကို ရေးခဲ့တာလဲ။ဆယ်ကျော်သက်အရွယ်လူငယ်များသည် အတွေးမျိုးစုံ၊ စိတ်ကူးယဉ်မှုမျိုးစုံ ရှိတတ်ကြသောကြောင့် ထူးဆန်းသည့်အရာများ ရေးသားထားခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။ သို့သော် ရန်တုန်ချင်းကတော့ ထူးခြားစွမ်းအားရှင်တစ်ဦး ဖြစ်နေသောကြောင့် သာမန်လူများနှင့် လုံးဝ မတူနိုင်ပေ။အမြဲတမ်း အနိုင်ကျင့်ခံနေရသော သူသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်းမှာပင် ရုတ်တရက် အင်အားကြီးလာခဲ့သည်။ထို့ကြောင့် သူသည် လွန်ခဲ့သည့် နှစ်ပတ်အတွင်းမှာပင် ထူးခြားစွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်မှာ သေချာလှသည်။လူတစ်ယောက်သည် ထူးခြားစွမ်းအားရှင် အဆင့်သို့ ရောက်ရှိသွားသည်နှင့် သူ၏ တွေးခေါ်ပုံသည် သာမန်လူတစ်ယောက်နှင့် တူညီတော့မည် မဟုတ်ပေ။ဥပမာအားဖြင့် တစ်လလျှင် ဝင်ငွေ ၃,၀၀၀ ရရှိသူတစ်ယောက်နှင့် တစ်လလျှင် ဝင်ငွေ ၃,၀၀၀,၀၀၀ ရရှိသူတစ်ယောက်တို့၏ တွေးခေါ်ပုံသည် သေချာပေါက် မတူညီကြပေ။ထို့ကြောင့် ရန်တုန်ချင်းရေးသားခဲ့သော ထိုစကားလုံးနှစ်လုံးသည် လူငယ်တစ်ယောက်၏ အတွေးမျိုး မဖြစ်နိုင်ပေ။ ထိုအရာသည် သူ၏ ရုတ်တရက်ပြောင်းလဲသွားသော အမူအရာနှင့် ထူးခြားစွမ်းအားရှင် ဖြစ်လာခြင်းတို့နှင့် ဆက်စပ်နေရမည်။ဒါဆိုရင်...ဖြစ်နိုင်တာက...
စုမူ၏ စိတ်ထဲတွင် မရေမရာ ခန့်မှန်းချက်တစ်ခု ပေါ်ပေါက်လာသည်။ရန်တုန်ချင်းသည်လည်း သူကဲ့သို့ပင် အိပ်မက်များမှတစ်ဆင့် စွမ်းအားများ ရရှိခဲ့တာများလား။သူ၏ စိတ်စွမ်းအင်သည် အဆုံးမရှိ တိုးပွားနေသကဲ့သို့ ရန်တုန်ချင်း၏ ကိုယ်ခန္ဓာစွမ်းအားကလည်း အဆုံးမရှိ တိုးပွားနေခြင်းများလား။တစ်နည်းအားဖြင့် သူကိုယ်တိုင်လည်း ထူးခြားစွမ်းအားရှင် တစ်ဦး ဖြစ်နေခြင်းလား။မဟုတ်သေးဘူး… တစ်ခုခုတော့ လွဲမှားနေသည်။ရန်တုန်ချင်း က စာသင်ခန်းထဲမှာ အိပ်မနေခဲ့ဘူး။စုမူသည် သူ၏အိပ်မက်များကို ထိန်းချုပ်နိုင်လာသည့်အချိန်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သူလုပ်ချင်ဆုံးအရာမှာ အိပ်စက်ခြင်းသာ ဖြစ်ခဲ့သည်။အိပ်မက်ထဲတွင် အရာအားလုံးကို ဖန်တီးနိုင်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်သည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် လက်တွေ့ကမ္ဘာသည် အလွန်ပင် ပျင်းရိဖွယ်ကောင်းလှသည်။“စိတ်ဝင်စားစရာပဲ။”စုမူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။သူသည် မသိရှိရသေးသော အရာများကို သဘောကျသည်။ မသိရှိရသေးသော အရာများဆိုသည်မှာ အံ့အားသင့်စရာများကို ဆိုလိုသည်။အိပ်မက်ထဲတွင် အရာအားလုံးကို သိရှိပြီး အရာအားလုံးကို လုပ်ဆောင်နိုင်သည့် အခြေအနေကို သူ ယခုပင် ငြီးငွေ့နေပြီဖြစ်သည်။“ ဒုတ် “တုတ်ကောက်၏ အောက်ခြေက မြေပြင်ကို ပေါ့ပေါ့ပါးပါး ထိလိုက်သည်နှင့် စာသင်ခန်းတစ်ခုလုံးသည် ချက်ချင်းပင် ယခင်ဆူညံနေသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။“ကျောင်းသားတို့၊ စာမျက်နှာ ၁၃၈ ကို လှန်လိုက်ပါ..."ပုံမှန်အားဖြင့် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေသော စာသင်သံမှာ တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့၏။စုမူ၏ အတွေးများကလည်း အဝေးသို့ လွင့်မျောသွားသည်။အမှန်တကယ်ဆိုလျှင် သူသည် ကျောင်းတစ်ခုလုံးရှိ လူအားလုံးကို စိတ်ညှို့ထားပြီးသား ဖြစ်သည်။ လုံခြုံရေးဝန်ထမ်း မွေးထားသော ခွေးပင်လျှင် ထိုအထဲတွင် ပါဝင်သည်။အဆက်မပြတ် တိုးပွားလာနေသော သူ၏ စိတ်စွမ်းအင်ကို လျှော့ချရန် လိုအပ်နေသည့်အချိန်တွင် သူ့အတန်းဖော်များကို ဘယ်လိုလုပ် လွှတ်ပေးထားမည်နည်း။ထို့ကြောင့်ပင် ရန်တုန်ချင်းသည် ထူးခြားစွမ်းအားရှင် တစ်ဦးဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။လွန်ခဲ့သော နှစ်ပတ်ခန့်က တစ်နေ့တွင် သူသည် ထူးဆန်းသောအရာတစ်ခုကို တွေ့ရှိခဲ့သည်။ရန်တုန်ချင်းသည် အမှန်တကယ်ပင် သူ၏ စိတ်ညှို့ခြင်းမှ လွတ်မြောက်သွားခဲ့သည်။တစ်နည်းအားဖြင့် ဆိုရလျှင် ကျောင်းတစ်ခုလုံးရှိ လူတိုင်းသည် သူ၏ ကြိုးဆွဲ ရုပ်သေးရုပ်များကဲ့သို့ ဖြစ်နေခဲ့ပြီး...ရန်တုန်ချင်းပေါ်တွင် ချည်နှောင်ထားသော ကြိုးများကတော့...ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင်ပင် စုမူသည် ရန်တုန်ချင်းသည် ထူးခြားသူတစ်ဦး ဖြစ်လာခဲ့ကြောင်း သဘောပေါက်ခဲ့သည်။လွန်ခဲ့သော နှစ်ပတ်ခန့်က ရန်တုန်ချင်းသည် တစ်ပတ်နီးပါး ကျောင်းပျက်ခဲ့သည်။ သူ ကျောင်းပြန်တက်လာသောအခါ စုမူသည် စိတ်ညှို့မှုကို ပိုမိုအားကောင်းစေရန် စိတ်ကူးခဲ့သည်။ ထို့ကြောင့် သူသည် မရည်ရွယ်သလို ဟန်ဆောင်ကာ ရန်တုန်ချင်း၏ မျက်လုံးရှေ့တွင် သူ၏ တုတ်ပေါ်ရှိ အူရိုဘိုရော့စ် ပုံစံကို လွှဲပြလိုက်သည်။သို့သော် တစ်ဖက်လူမှာ မည်သို့မျှ တုံ့ပြန်ခြင်းမရှိခဲ့ပေ။ရလဒ်ကို ထပ်မံစမ်းသပ်ရန် စုမူသည် စိတ်ညှို့ခြင်းဆိုင်ရာ စမ်းသပ်မှု များကို အဆင့်ဆင့် အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် အချက်နှစ်ချက်ကို ကောက်ချက်ချနိုင်ခဲ့သည်။ပထမအချက်မှာ ရန်တုန်ချင်းတွင် တစ်စုံတစ်ရာသော ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး သာမန်စိတ်ညှို့မှုများသည် သူ့အပေါ် သက်ရောက်မှု မရှိတော့ခြင်း ဖြစ်သည်။ဒုတိယအချက်မှာ ထိုပြောင်းလဲမှုသည် စိတ်ပိုင်းဆိုင်ရာထက် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဖြစ်နိုင်ခြေ ပိုများသည်။ အကယ်၍ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုသာ ဖြစ်ခဲ့ပါက စုမူ၏ စိတ်ညှို့ခြင်းကို အစောပိုင်းကတည်းက သတိပြုမိပြီးသား ဖြစ်နေလိမ့်မည်။