no

Font
Theme

အခန်း (၈)

ညဉ့်နက်သန်းခေါင်ယံအချိန်။ရန်တုန်ချင်း သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်၍ ဘေ့စ်ဘောဦးထုပ်နှင့် မျက်နှာဖုံးကိုပါ တပ်ဆင်ကာ အပြင်ထွက်လာခဲ့သည်။ သူ ဒီလိုဝတ်ဆင်ထားခြင်းမှာ အကြောင်းရင်းတစ်ခုရှိသည်။ သူသည် လက်စားချေစရာကိစ္စများကို နောက်တစ်နေ့အထိ ဆွဲထားလေ့မရှိသူပင်။နေ့ခင်းတုန်းက ချွေ့ဟောက် က သူ့ကို နှစ်ကြိမ်တိုင်တိုင် လာရောက်ရန်စခဲ့သည်။ ဒါက သူ၏သည်းခံနိုင်စွမ်းစည်းကို ကျော်လွန်သွားပြီဖြစ်သည်။ထိုလူနှင့် တစ်လေတည်းရှူနေရသည်ကိုပင် သူ သည်းမခံနိုင်တော့ပေ။ နေ့လယ်ဘက် လူစည်ကားချိန်သာ မဟုတ်ပါက ထိုနေရာတွင်ပင် အပြတ်ရှင်းပစ်ခဲ့မည်ဖြစ်၏။သူက ဒီလိုလူမျိုးပင်။ အငြိုးအတေး အလွန်ကြီးသူ ဖြစ်သည်။လွန်ခဲ့သော အဖြစ်အပျက်ပြီးနောက် သူ၏စိတ်ဓာတ်နှင့် ခံယူချက်မှာ လုံးဝပြောင်းလဲသွားခဲ့ပြီဖြစ်၏။ရန်တုန်ချင်း သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ရာ လက်ချောင်းများက လက်ဖဝါးကို ထိခတ်သံမှာ သတ္တုကို ရိုက်ခတ်လိုက်သကဲ့သို့ ချွင်ခနဲ မြည်လာသည်။ သူ့မျက်လုံးများထဲတွင်လည်း တောက်လောင်နေသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့သည်။“စွမ်းအား... ဒါက စွမ်းအားရှိတယ်ဆိုတဲ့ ခံစားချက်လား။ ဒါပေမဲ့ မလုံလောက်သေးဘူး။ ငရဲလိုနေရာမျိုးမှာ အသက်ရှင်နိုင်ဖို့၊ ကိုယ့်ဘဝကို ကိုယ်တိုင်ထိန်းချုပ်နိုင်ဖို့ ဒီထက်ပိုတဲ့ စွမ်းအားကို ငါလိုအပ်တယ်။”သူ့မျက်လုံးများထဲတွင် ရူးသွပ်သည့် ရည်မှန်းချက်စိတ်ဓာတ်များ တောက်လောင်နေသည်။သူက ခေါင်းစွပ်ကို ဆွဲတင်လိုက်ပြီး မျက်နှာကို အမှောင်ရိပ်များအတွင်း ဖုံးကွယ်လိုက်ကာ တံခါးအပြင်သို့ ခြေလှမ်းချလိုက်သည်။သူ၏အရှိန်မှာ အလွန်မြန်ဆန်လှသည်။ ညအမှောင်ထဲမှ တစ္ဆေတစ်ကောင်ပမာ အရိပ်များကြားတွင် လျင်မြန်စွာ ပျံသန်းပြေးလွှားနေခဲ့သည်။ရန်တုန်ချင်း သည် ဆိတ်ငြိမ်သော လမ်းကြားတစ်ခုသို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ကယ်ကြပါ…ကယ်ကြပါဦး…”“ကျေးဇူးပြုပြီး... ကျွန်မကို လွှတ်ပေးပါ။ မလုပ်ပါနဲ့၊ ကျေးဇူးပြုပြီး...”

“ကောင်မစုတ်၊ ဘားထဲမှာတုန်းကတော့ မင်းကိုယ်မင်း အထင်ကြီးလွန်းပြီး ဘဝင်မြင့်နေခဲ့တာမဟုတ်လား။ အခုတော့ သနားဖို့ တောင်းပန်တတ်ပြီပေါ့။ နောက်ကျသွားပြီ!”မိန်းမငယ်လေး၏ အော်ဟစ်ငိုကြွေးသံနှင့် ယောက်ျားတစ်ယောက်၏ ရွံရှာဖွယ် ရယ်သံများက လမ်းကြား၏ အနက်ရှိုင်းဆုံးနေရာမှ ရန်တုန်ချင်း၏ နားထဲသို့ ရောက်ရှိလာသည်။ရန်တုန်ချင်းကတော့ ဘာမှမထူးဆန်းသလိုပင် အေးစက်စက်ပင် ရှိနေဆဲဖြစ်သည်။မြို့ပြင်ဘက်၏ လုံခြုံရေးအခြေအနေမှာ အမြဲတမ်း ဆိုးရွားနေခဲ့သည်။ သူက အေးစက်စွာ ခေါင်းခါလိုက်ပြီး “ကိုယ်လုပ်တာ ကိုယ်ခံရတာပဲ” ဟု ရေရွတ်လိုက်သည်။သူ့စိတ်ထဲတွင်လည်း မြို့ပြင်ဘက်၏ လုံခြုံရေးအခြေအနေ ဆိုးရွားသည်ကို သိသိနှင့် ညနက်သည်အထိ ဘားမှာနေပြီး အိမ်မပြန်သော မိန်းကလေးတစ်ယောက်ဆိုလျှင် မိန်းမကောင်းတစ်ယောက် ဖြစ်နိုင်မည်မဟုတ်ဟု တွေးနေမိသည်။သူ ထွက်ခွာတော့မည့်အချိန်မှာပင် ထိုအသံက ထပ်မံထွက်ပေါ်လာသည်။“အစ်ကိုကြီး၊ ဒီကောင်မလေးက တကယ်လှတယ်နော်။ ကျောင်းသူလေးများ ဖြစ်နေမလား”"ဟဲဟဲ... ငါလည်း ဒီလောက်လှတဲ့ မိန်းမမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒီနေ့တော့ ငါတို့ ကံကောင်းတာပဲ"

ရန်တုန်ချင်း ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် လမ်းကြားအတွင်းပိုင်းသို့ အရှိန်ဟုန်ဖြင့် ပြေးဝင်သွားလိုက်သည်။

လမ်းဘေးမီးတိုင်များ မရှိသော မှောင်မိုက်နေသည့် လမ်းကြားထဲတွင် ကောင်းကင်ထက်မှ တောက်ပသော လရောင်သည်သာ မြေပြင်ပေါ်သို့ ဖြာကျနေသည်။ ထိုလရောင်က ရှေ့တွင် ဖြစ်ပျက်နေသည့် ရွံရှာဖွယ်ရာ မြင်ကွင်းကို ထင်ရှားစွာ ဖော်ပြပေးနေသည်။ဈေးပေါသော ဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းမငယ်တစ်ဦးကို ကြည့်ရသည်မှာပင် မသတီစရာကောင်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ယောက်ျားနှစ်ယောက်က နံရံနှင့် ဖိကပ်ထားကြသည်။ မိန်းမငယ်လေးက အစွမ်းကုန် ရုန်းကန်ခုခံနေသော်လည်း ယောက်ျားတို့၏ အင်အားကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

သူမ၏ တောက်ပနေသော မျက်ဝန်းများထဲတွင် မျှော်လင့်ချက်မဲ့သည့် စိတ်ပျက်အားငယ်မှုများ ပျံ့နှံ့လာသည်။ တောက်ပသော ပုလဲတစ်လုံးပေါ်သို့ ပြာများ ဖုံးလွှမ်းသွားသကဲ့သို့ သူမ၏မျက်လုံးများမှာ အရောင်အဝါ မှိန်ဖျော့သွားခဲ့သည်။

သူမ မျှော်လင့်ချက်မဲ့နေစဉ်မှာပင် အရိပ်တစ်ခုသည် ထိုနေရာသို့ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။မိန်းကလေး၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်အလင်းရောင်တစ်စ ရုတ်တရက် ပေါ်ထွက်လာသည်။“ကယ်ပါဦး ရှင်”ရောက်ရှိလာသူမှာ ရန်တုန်ချင်းပင် ဖြစ်သည်။“ရပ်လိုက်။ အဲဒီမိန်းကလေးကို လွှတ်လိုက်စမ်း"

သူက မီးရထားစက်ခေါင်းတစ်စီးကဲ့သို့ အရှိန်ပြင်းစွာ ပြေးဝင်သွားရာ ယောက်ျားနှစ်ယောက် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။

ဖောင်း… ဖောင်း…လက်သီးနှစ်ချက် ပစ်ထိုးလိုက်သည်နှင့် ထိုယောက်ျားနှစ်ယောက်မှာ ကြိုးပြတ်သွားသော စွန်များကဲ့သို့ လွင့်ထွက်သွားပြီး ဘေးတစ်ဖက်တစ်ချက်စီရှိ နံရံများကို အရှိန်ပြင်းစွာ ဝင်တိုက်သွားကြသည်။သူတို့ ပြန်ထရပ်လိုက်ချိန်တွင် ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး ကျိုးထွက်မတတ် နာကျင်မှုကို ခံစားလိုက်ရ၏။“အာ... နာလိုက်တာ။ ဘယ်ကောင်က ငါတို့ ကိစ္စကို လာရှုပ်တာလဲ"သူတို့၏ စကားအဆုံးတွင်ပင် တဒုန်းဒုန်း အသံနှစ်ချက် ထပ်မံထွက်ပေါ်လာပြီး နှစ်ယောက်လုံး သွေးများအန်ထွက်ရင်း နောက်တစ်ကြိမ် လွင့်စင်သွားကြသည်။“ထွက်သွားကြစမ်း…”ရန်တုန်ချင်းက အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။သူတို့နှင့် အင်အားချင်း မယှဉ်နိုင်သည့် ပြိုင်ဘက်ကို တွေ့ကြုံနေပြီဖြစ်ကြောင်း သိလိုက်ကြသဖြင့် ထိုနှစ်ယောက်မှာ ခြိမ်းခြောက်စကားတစ်ခွန်းပင် မပြောရဲတော့ဘဲ ထိတ်လန့်တကြား ထွက်ပြေးသွားကြတော့သည်။ဘေးကင်းသွားခဲ့သည့် မိန်းကလေးမှာမူ အလွန်အမင်း ထိထိတ်လန့်သွားပုံရသည်။ သူမက မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး ဘာစကားမျှ မပြောနိုင်ဘဲ ဒူးနှစ်ဖက်ကြားတွင် ခေါင်းဝှက်ကာ တိတ်တဆိတ် ငိုကြွေးနေလေသည်။"မင်း အဆင်ပြေရဲ့လား"ရန်တုန်ချင်းက ရှေ့တိုးလာရင်း မေးလိုက်သည်။မိန်းမငယ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး ခဏကြာမှသာ တုန်တုန်ယင်ယင်ဖြင့် ခေါင်းကို မော့ကြည့်လာခဲ့သည်။သူမ ခေါင်းမော့လိုက်သည့် ခဏ၌ အေးမြသော လရောင်သည် သူမ၏မျက်နှာပေါ်သို့ ဖြာကျသွားရာ ရန်တုန်ချင်း တစ်ယောက် မှင်သက်သွားခဲ့ရ၏။သူ့ထံတွင် ထူးခြားစွမ်းအားများ ရှိနေသော်လည်း သူ၏အတွေးအမြင်နှင့် စိတ်နေစိတ်ထားတို့မှာ ကျောင်းသားတစ်ယောက်အဆင့်မှ လုံးဝပြောင်းလဲသွားခြင်း မရှိသေးပေ။ လရောင်အောက်တွင် ရန်တုန်ချင်းသည် မျက်ရည်စများ စီးကျနေသော မျက်နှာတစ်ခု၊ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်၊ နီရဲနေသော မျက်ဝန်းများ၊ ရှုပ်ပွနေသော ဆံပင်များနှင့် မျှော်လင့်ချက်မဲ့ စိတ်ပျက်အားငယ်နေသော်လည်း မလျှော့သော ဇွဲ တို့ကို သယ်ဆောင်ထားသည့် အကြည့်တစ်စုံကို မြင်လိုက်ရသည်။တစ်ပြိုင်နက်တည်းမှာပင် မြင်ကွင်းတစ်ခုလုံးသည် ကြေကွဲဖွယ်ရာ ခံစားချက်များဖြင့် ပြည့်နှက်နေ၏။ရန်တုန်ချင်းသည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် မိမိကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ဘဲ ထိုမိန်းကလေးကို ကာကွယ်ပေးချင်သည့် ပြင်းထန်သောစိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရန်တုန်ချင်း ၏ အကြည့်ကို ခံစားလိုက်ရသဖြင့် မိန်းကလေးမှာ ကြောက်ရွံ့စွာ နောက်သို့ ဆုတ်လိုက်ပြီး ကျွတ်ထွက်သွားသော သူမ၏ ပုခုံးကြိုးကို အမြန် ပြန်လည်ပြင်ဆင်လိုက်၏။“ကျွန်မကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။”မိန်းကလေးက အားယူကာ ထရပ်ရန် ကြိုးစားသော်လည်း ဒဏ်ရာရထားပုံရပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲနေသည်။ရန်တုန်ချင်းက အလိုအလျောက် လက်လှမ်းကာ ကူပေးရန် ကြိုးစားလိုက်သော်လည်း မိန်းကလေးက ထိတ်လန့်နေသော သမင်ငယ်တစ်ကောင်ပမာ ရှောင်ဖယ်သွားသည်။“မ... မဟုတ်ဖူးနော်”ရန်တုန်ချင်းမှာ အကြောင်းပြချက်မရှိဘဲ စကားများ ဆွံ့အသွားသည်။“ငါက သူတို့နဲ့ မတူဘူး။ ငါ မင်းကို မနာကျင်စေပါဘူး။”ထိုစကားများက အကျိုးသက်ရောက်သွားပုံရသည်။ စိုးရိမ်ထိတ်လန့်နေသော မိန်းကလေး၏စိတ်မှာ အနည်းငယ် သက်သာရာရသွားပုံရသည်။ သူမသည် ခေါင်းကို မော့လိုက်ပြီး ရန်တုန်ချင်း အား တည်ကြည်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်။ ရှင့်နာမည် ဘယ်လိုခေါ်လဲ။ နောက်တစ်ချိန်ကျရင် ဒီကျေးဇူးကို ကျွန်မ သေချာပေါက် ပြန်ဆပ်ပါ့မယ်။”“ရန်တုန်ချင်း…”ရန်တုန်ချင်းက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ သူ့နာမည်ကို ပြောလိုက်သည်။“တုန်ချင်း လား…”မိန်းကလေးက မျက်တောင်ခတ်ရင်း ရေရွတ်လိုက်သည်။ သူမ၏ စိုးရိမ်ကြောက်ရွံ့မှုများမှာလည်း သိသိသာသာ လျော့ပါးသွားပြီဖြစ်သည်။“ကျွန်မ မှတ်မိသလောက်ဆို တုန်ချင်း က ပန်းတစ်မျိုး၊ ဆေးဖက်ဝင်အပင်တစ်မျိုးလည်း ဖြစ်တယ်။ ပန်းရဲ့အဓိပ္ပာယ်က အသက်ရှင်ခြင်းတဲ့။ ဇွဲရှိခြင်း၊ ဖြောင့်မတ်ခြင်းနဲ့ အသက်စွမ်းအားကို ကိုယ်စားပြုတယ်တဲ့။”ရန်တုန်ချင်း အံ့အားသင့်သွားသည်။ သူ့မိဘများ ကွယ်လွန်သွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိဘများက သူ့အတွက် ရွေးချယ်ပေးခဲ့သော နာမည်ထဲတွင် ဤမျှ နက်နဲသော အဓိပ္ပာယ်တစ်ခု ပါဝင်နေကြောင်း သူသိရှိလာခြင်းပင်။မိန်းကလေးက ပြုံးကာ ပြောလိုက်သည်။“အရမ်းလှတဲ့ နာမည်ပဲ။ ရှင်နဲ့လည်း တော်တော်လိုက်တယ်။ အင်း... ကျွန်မ အခု ပြန်ရတော့မယ်။”“ငါ လိုက်ပို့ပေးမယ်”ရန်တုန်ချင်းက စဉ်းစားမနေဘဲ လွှတ်ခနဲ ပြောထွက်သွားသည်။ ချွေ့ဟောက် ကို လက်စားချေရန် ထွက်လာခဲ့သည်ကိုပင် သူ မေ့လျော့သွားခဲ့သည်။မိန်းကလေး၏ မျက်ဝန်းထဲတွင် သံသယအရိပ်အယောင်တစ်ခု ပေါ်လာသည်။“မလိုပါဘူး။ ကျွန်မ ဘာသာ ပြန်နိုင်ပါတယ်။”ရန်တုန်ချင်း အနည်းငယ် စိတ်ပျက်သွားသည်။ မိန်းကလေး ထွက်သွားတော့မည်ကို မြင်ရသော်လည်း စကားပြောမကျွမ်းကျင်သဖြင့် မည်သို့တားဆီးရမှန်း မသိဖြစ်နေခဲ့သည်။အကြောင်းမဲ့ သူ့စိတ်ဆန္ဒကို ကောင်းကင်က ကြားလိုက်သည့်အလား မမျှော်လင့်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။ မိန်းကလေးက ခြေလှမ်းနှစ်လှမ်းမျှသာ လျှောက်ရသေးချိန်တွင် ရုတ်တရက် နာကျင်စွာ အော်လိုက်ပြီး အေးစက်သော မြေပြင်ပေါ်သို့ လဲကျတော့မည့်ဟန် ဖြစ်သွားသည်။ထူးခြားစွမ်းအားရှင်တစ်ယောက်ဖြစ်သော ရန်တုန်ချင်း၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသည်။ သူက ချက်ချင်းပင် ရှေ့သို့ လှမ်းလိုက်ပြီး မိန်းကလေး၏ နူးညံ့သော ခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ့ရင်ခွင်ထဲ၌ နွေးထွေးနူးညံ့သော မိန်းမတစ်ယောက်ကို ပွေ့ဖက်ထားရခြင်း၏ အဓိပ္ပာယ်ကို ပထမဆုံးအကြိမ် နားလည်သွားခဲ့ရသည်။သူ၏ရင်ခုန်သံမှာ မြန်ဆန်သွားခဲ့ရသည်။သေးလိုက်တာ။ မိန်းကလေးတိုင်းက ဒီလိုပဲ သေးငယ်ပြီး နူးညံ့ကြတာလား။ရန်တုန်ချင်း အံ့အားသင့်နေစဉ် သူ့ရင်ခွင်ထဲမှ တိုးညှင်းလှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။“ကျွန်မကို လွှတ်ပေးလို့ ရပြီလားဟင်...”ရန်တုန်ချင်းမှာ သတိပြန်ဝင်လာပြီး မျက်နှာတစ်ခုလုံး နီရဲသွားကာ မိန်းကလေးကို ချက်ချင်း လွှတ်ပေးလိုက်သည်။“ကျေးဇူးတင်ပါတယ်။”မိန်းကလေးက ထပ်မံပြောလိုက်ပြီး ထော့နင်း ထော့နင်းဖြင့် ထွက်ခွာသွားလိုက်သည်။ထိုအခါမှ ရန်တုန်ချင်းသည် မိန်းကလေး၏ သွယ်လျသော ခြေကျင်းဝတ်များမှာ နီရဲကာ ရောင်ရမ်းနေပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။“မင်းခြေထောက် ဒဏ်ရာရထားတယ်။ ဒီအတိုင်း ပြန်လျှောက်သွားရင် ဒဏ်ရာ ပိုဆိုးသွားနိုင်တယ်။ ငါ လိုက်ပို့ပေးပါရစေ။”မိန်းကလေးက နောက် ပြန်လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။“မလိုပါဘူး။ ရှင့်ကို ဒုက္ခပေးပြီးပါပြီ။ ကျွန်မ ကိုယ့်ဘာသာ ပြန်နိုင်ပါတယ်... အား…”မိန်းကလေး၏ ခန္ဓာကိုယ် ဟန်ချက်ပျက်သွားပြန်ပြီး မြေပြင်ပေါ်သို့ လဲကျတော့မည်ဖြစ်သော်လည်း အေးစက်သော မြေပြင်အစား သူမထိတွေ့လိုက်ရသည်မှာ သံမဏိကဲ့သို့ မာကျောသော ရင်ဘတ်တစ်ခု ဖြစ်နေခဲ့သည်။

မကြာမီပင် မိန်းကလေးက ပွေ့ချီခံလိုက်ရကြောင်း ခံစားလိုက်ရသည်။“မငြင်းနဲ့တော့။ ငါပဲ လိုက်ပို့ပေးမယ်။” ရန်တုန်ချင်း ၏ ခိုင်မာပြတ်သားသော အသံက မိန်းကလေး၏ နားအနီးမှ ထွက်ပေါ်လာသည်။မိန်းကလေးသည် သူ့ကို မကြည့်ရဲသကဲ့သို့ ခန္ဓာကိုယ်လေးကို ကျုံ့ဝင်လိုက်ပြီး အသံတိုးတိုးလေးဖြင့် “အင်း...” ဟု ပြန်ဖြေလိုက်သည်။ကောင်လေးသည် မိန်းကလေးကို ပွေ့ချီကာ လရောင်အောက်တွင် တဖြည်းဖြည်း လျှောက်လာခဲ့သည်။ ထိုမြင်ကွင်းမှာ တိတ်ဆိတ်ငြိမ်သက်ပြီး လှပဆန်းကြယ်သော အငွေ့အသက်တစ်ရပ်ကို ဖန်တီးပေးနေသည်။“နန်းမို...”

မိန်းကလေးက ရုတ်တရက် စကားဆိုလိုက်ရာ တိတ်ဆိတ်နေသော အခြေအနေကို ချိုးဖျက်လိုက်သလို ဖြစ်သွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment