အခန်း (၉)
"ဘာ…"
ရန်တုန်ချင်း သည် ပထမတော့ သူမ ဘာကိုဆိုလိုမှန်း နားမလည်သေးပေ။“ကျွန်မ နာမည်”ရန်တုန်ချင်း အနည်းငယ် မှင်သက်သွား သည်။နန်းမို...သူသည် ထိုနာမည်ကို သေချာစဉ်းစားကြည့်လိုက်သည်။ လှပပြီး ကဗျာဆန်သည့် နာမည်တစ်ခုဟု ခံစားရသော်လည်း စာမတတ်သူတစ်ယောက်ဖြစ်သည့်အတွက် ‘ နန်းမို ‘ လိုမျိုး ထိုနာမည်၏ အဓိပ္ပာယ်ကို ရှင်းပြနိုင်ခြင်းမရှိပေ။“နာမည်က တော်တော်လှတယ်… နောက်ခံဇာတ်လမ်း တစ်ခုခုများ ရှိသလား”"တကယ်လား…"
မိန်းကလေးက အနည်းငယ် အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်။ “ကျွန်မ နာမည် လှတယ်လို့ ပြောခံရတာ ဒါပထမဆုံးပဲ။ သူငယ်ချင်းတွေကတော့ နာမည်က ဆန်းလွန်းတယ်ဆိုပြီး ‘ဂျက်စ်မင်း ‘ လို့ပဲ ခေါ်ကြတယ်။”“မဟုတ်ဘူး၊ ငါတော့ အရမ်းကောင်းတဲ့ နာမည်လို့ ထင်တယ်။”နန်းမိုပြုံးလိုက်သည်။ ဒီတစ်ကြိမ်တွင်တော့ သူမ၏ အပြုံး၌ သံသယအရိပ်အယောင်များ နည်းပါးသွားပြီး ပျော်ရွှင်မှုက ပိုမိုထင်ရှားနေသည်။“ဥယျာဉ်ငယ်ထဲက ငှက်ပျောရွက်တွေက အသီးတွေနဲ့ လေးလံနေပြီး၊ တောင်ပိုင်းဒေသက စံပယ်ပန်းတွေကတော့ အခြားပန်းအားလုံးထက် ပိုမိုလှပတယ်တဲ့။”“ဘာလဲ” ရန်တုန်ချင်း တစ်ဖန် အံ့အားသင့်သွားပြန်သည်။“အို... ကျွန်မ နာမည်ရဲ့ ဇာစ်မြစ်ကို အကို ပဲ မေးတာ မဟုတ်ဘူးလား။” နန်းမိုက အနည်းငယ် အပြစ်တင်ဟန်ဖြင့် ပြောလိုက်သည်။“တကယ်လား။ ဟားဟား...” ရန်တုန်ချင်း က ကသိကအောက်ဖြင့် ရယ်လိုက်ရင်း မိန်းကလေး၏ မျက်နှာကို မျက်စိထောင့်မှ ခိုးကြည့်လိုက်သည်။“တကယ်ကို အားလုံးထက် သာလွန်တဲ့ လက်ရာကောင်းတစ်ခုပဲ...”“ခုနက ဘာပြောလိုက်တာလဲ။”“ဟမ်။ ဘာမှမဟုတ်ပါဘူး။ မင်း နားကြားမှားတာဖြစ်မယ်။”“ဒါပေမယ့် အကို ပန်းတွေအကြောင်း တစ်ခုခုပြောလိုက်တာကို သေချာ ကြားလိုက်ပါတယ်...”အဝေးရှိ လူနေအဆောက်အအုံတစ်ခုထဲတွင် စုမူသည် ညကြည့်မှန်ပြောင်းကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်ပြီး သူ၏နှုတ်ခမ်းပေါ်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာသည်။“သိပ်ကို အံ့ဩဖို့ကောင်းတဲ့ နန်းမို ပါလား။ တကယ့်ကို ထူးခြားတဲ့ ဂျက်စ်မင်း ပဲ။ လက်တွေ့ဘဝဆိုတာ အိပ်မက်တွေထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ အမှန်ပဲ။ အရေးမပါသလို ထင်ရတဲ့ လူတွေမှာတောင် သူတို့ရဲ့ ထူးခြားတဲ့ အချက်တွေ ရှိနေကြသေးတာပဲ။ အတိအကျပြောရရင် စိတ်ဝင်စားစရာကောင်းတာက လက်တွေ့ဘဝ မဟုတ်ဘဲ အဲဒီထဲမှာ ရှိနေကြတဲ့ လူတွေပဲ။”သူက နောက်ကွယ်မှာသာ ရှိနေခဲ့ပြီး ဂျက်စ်မင်း ပါဝင်သရုပ်ဆောင်နေသော ထူးခြားကောင်းမွန်သည့် ဇာတ်လမ်းကို ကိုယ်တိုင် မျက်မြင်ကြည့်ရှုနေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ပြောသည့် စကားများကိုပင် ရှင်းရှင်းလင်းလင်း ပုံဖော် နိုင်ခဲ့သည်။ထိုပြောစကားများ ကို သိနိုင်ရန် နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်နိုင်သော သူ့အတွက် ဘာအခက်အခဲမှ မရှိပေ။အိပ်မက်ထဲတွင် စာလေ့လာခြင်းက စိတ်စွမ်းအင်ကို ကုန်ခမ်းစေသောကြောင့် နောက်ပိုင်းနှစ်များတွင် သူသည် အချိန်အများစုကို လေ့လာသင်ယူ ခြင်း၌သာ ကုန်ဆုံးစေခဲ့သည်။ ထို့ကြောင့် ဗုံးပြုလုပ်နည်း၊ လက်နက်မပါဘဲ လူသတ်နည်းများ၊ အဆိပ်ဖော်စပ်နည်းများကဲ့သို့ စိတ်ဝင်စားဖွယ်ရာ အသက်ရှင်နေထိုင်ရေး နည်းလမ်းမျိုးစုံကိုလည်း ကျွမ်းကျင်လာခဲ့သည်။စုမူက ညကြည့်မှန်ပြောင်းကို ကျောက်ချောင်ယောင်ထံ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်ပြီး တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။“နန်းမိုအကြောင်း သွားစုံစမ်း။ ဒီမိန်းမက မင်းထင်ထားသလောက် မရိုးရှင်းဘူး။”ကျောက်ချောင်ယောင်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။"ဟုတ်ကဲ့ပါ ခေါင်းဆောင်"......
နောက်တစ်နေ့။မြွေဆိုးဂိုဏ်း၏ ဌာနချုပ်။မြင့်မားပြီး ထုထည်ကြီးမားသော အူရိုဘိုရော့စ် ရုပ်တုကြီး၏ ရှေ့တွင် စိတ်ညှို့ခြင်းကို ပြီးစီးခါစဖြစ်သော စုမူသည် ဘီးတပ်ကုလားထိုင်ပေါ်၌ ခံစားချက် ကင်းမဲ့စွာ ထိုင်နေသည်။“ငါ့ အခြေအနေက ပိုပိုပြီး ဆိုးလာနေပြီ…” သူ့မျက်နှာသည် ဖြူလျော့နေပြီး သွေးရောင်ပင် မရှိတော့သော်လည်း မျက်လုံးများက ယခင်ကထက် ပိုမိုတောက်ပနေလေသည်။
“ခေါင်းဆောင်၊ ဂျက်စ်မင်း ရောက်လာပါပြီ။”ကြောက်ရွံ့ဖွယ်ရာ ရုပ်ရည်ရှိသော ကျောက်ချောင်ယောင်က သေးငယ်နုနယ်သော နန်းမိုကို ခေါ်ဆောင်လာသည်။နန်းမိုသည် အလွန် စိုးရိမ်ထိတ်လန့်နေပုံရပြီး ပတ်ဝန်းကျင်တွင် ရုပ်တုများသဖွယ် မတ်တတ်ရပ်နေကြသော မြွေဆိုးဂိုဏ်းအဖွဲ့ဝင်များကို လိုက်ကြည့်နေမိသည်။“အခြေအနေ ဘယ်လိုလဲ။” စုမူ၏ အက်ရှရှအသံက စင်မြင့်ပေါ်မှ ထွက်ပေါ်လာပြီး တိတ်ဆိတ်နေသော ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားသည်။နန်းမိုသည် ရွှေရောင်အမည်းရောင် ပုံစံများဖြင့် အလှဆင်ထားသော နံရံကြီးအောက်တွင် ရှိနေသည့် စုမူကို စိုးရိမ်စွာ ကြည့်လိုက်သည်။ မည်သည့်အကြောင်းကြောင့် မသိ သူမသည် ဘုရင်တစ်ပါး ကို ဖူးမြှော်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဒူးထောက်လိုက်ချင်သည့် စိတ်ဆန္ဒကို အစွမ်းကုန် ထိန်းချုပ်လိုက်ပြီး သူမက အလျင်အမြန် ပြောလိုက်သည်။
“အဆင်ပြေပါတယ်။ ရန်တုန်ချင်း က ဘာမှ မသင်္ကာဖြစ်မသွားပါဘူး"“အင်း။” စုမူက ခေါင်းညိတ်လိုက်ပြီး နန်းမိုကို အား ဂရုတစိုက် အကဲခတ်ကာ ဖြည်းညှင်းစွာ မေးလိုက်သည်။
“မင်းတို့... အတူအိပ်ခဲ့ကြလား။”နန်းမိုက ခေါင်းခါလိုက်သည်။ “မ... မအိပ်ခဲ့ပါဘူး။ သူက ကျွန်မကို အရမ်းဂရုစိုက်ပါတယ်။ ကျွန်မ ကြောက်လန့်နေပြီး ဒဏ်ရာရထားတာကို သိတော့ ကျွန်မကို ဘာမှ မလုပ်ခဲ့ပါဘူး။”စုမူက သူမအား ကြိုးစားမှုမရှိဟု ထင်မြင်သွားမည်ကို စိုးရိမ်သည့်အလား သူမက ဆက်ပြောလိုက်သည်။ “ဒါပေမယ့် ကျွန်မက အရမ်းကြောက်နေတယ်လို့ ပြောပြီး သူ့ကို မသွားဖို့ တောင်းဆိုခဲ့ပါတယ်။ သူက မြေပြင်ပေါ်မှာ အိပ်ခဲ့ပေမယ့် ညသန်းခေါင်လောက်မှာ အအေးမိသွားမှာစိုးလို့ အိပ်ရာပေါ်မှာ လာအိပ်ဖို့ ကျွန်မက ပြောလိုက်ပါတယ်။”စုမူ၏ အကြည့်က အောက်သို့ လျှောကျသွားပြီး သူမ၏ သွယ်လျသော ခြေကျင်းဝတ်ပေါ်တွင် ရပ်တန့်သွားသည်။ ဖြူဖွေးသော အသားအရေမှာ ယခုထိ အနည်းငယ် နီရဲကာ ရောင်ရမ်းနေသေးသဖြင့် ထိုဒဏ်ရာသည် ဟန်ဆောင်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် ရရှိထားခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။“မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ အမျိုးသားတွေက လွယ်လွယ်ကူကူ ရလာတဲ့အရာတွေကို တန်ဖိုးမထားတတ်ဘူး။”နန်းမို၏မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ပေါက်လာခဲ့သည်။ “ချီးကျူးပေးတာ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်။ တကယ်တော့ ကျွန်မ ဘာမှ သိပ်မလုပ်ခဲ့ရပါဘူး။ ရန်တုန်ချင်း ကိုယ်တိုင်က အရမ်း ရိုးအလွန်းလို့ပါ"
စုမူက ခေါင်းခါလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာကာ စိတ်ဝင်စားဟန်ဖြင့် သူမကို စိုက်ကြည့်လိုက်သည်။“နှိမ့်ချနေစရာ မလိုပါဘူး။ မင်းရဲ့ သရုပ်ဆောင်မှုက အရမ်းကို သဘာဝကျတယ်။ သရုပ်ဆောင်နေတာလို့တောင် မထင်ရလောက်အောင် သဘာဝကျတယ်။”နန်းမို၏မျက်နှာမှာ တောင့်တင်းသွားသည်။ “ကျွန်မတို့လိုလူတွေက နေ့တိုင်း ဖောက်သည်အမျိုးမျိုးနဲ့ ဆက်ဆံရတာမို့ သရုပ်ဆောင်တဲ့ အပိုင်းမှာ နည်းနည်းပါးပါးတော့ တတ်မြောက်ထားကြပါတယ်"
“လိမ်ညာနေစရာ မလိုပါဘူး။မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က မင်းရဲ့အလုပ်အကိုင်နဲ့ ဘာမှမဆိုင်ဘူး။ မင်းဘဝအတွေ့အကြုံတွေနဲ့ပဲ ဆိုင်တယ်။ အမှန်တကယ် ကြုံတွေ့ခဲ့ဖူးတဲ့ လူတွေပဲ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေမှာ မလျှော့တမ်း တောင့်ခံနိုင်တဲ့ပုံစံကို ပုံဖော်နိုင်တာပေါ့။”
"ခေါင်းဆောင်... ဘာကို ဆိုလိုတာပါလဲ …ကျွန်မ သိပ်နားမလည်ဘူး” နန်းမို၏အပြုံးက ပိုပိုပြီး တောင့်တင်းလာသည်။“ဘာမှမဆိုလိုပါဘူး။ မင်းဘဝအကြောင်း စုံစမ်းခိုင်းလိုက်တာ…မင်းရေးထားတဲ့ ဇာတ်ညွှန်းထဲက ဘဝနဲ့ မင်းရဲ့ တကယ့်ဘဝက အတော်လေး တူနေတာကို သိလိုက်ရတယ်။”“လောင်းကစားစွဲနေတဲ့ ဖခင်၊ နေမကောင်းတဲ့ မိခင်၊ ကျောင်းတက်နေတုန်း မောင်လေး နဲ့ မင်းကိုယ်တိုင်လည်း တစ်ချိန်က ကဗျာနဲ့ ဂီတကို နှစ်သက်ခဲ့တဲ့ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့တာပဲ”“ကွာခြားတာတစ်ခုကတော့ လက်တွေ့ဘဝက ဇာတ်ညွှန်းထဲကထက် ပိုရက်စက်တတ်တာပဲ။ ပြီးတော့ မင်းကိုယ်တိုင်ကလည်း ဇာတ်လမ်းထဲမှာ ဖော်ပြထားတာထက် ပိုတောင့်ခံနိုင်တဲ့သူတစ်ယောက် ဖြစ်နေတယ်။”နန်းမိုတိတ်ဆိတ်သွားသည်။ သူမ၏မျက်နှာက ဖြူလျော့သွားပြီး ယခင်က ဟန်ဆောင်ပြသခဲ့သော အမူအရာများမှာလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ကာ ဝမ်းနည်းဖွယ်ရာ အချို့သာ ကျန်ရစ်တော့သည်။“ဇာတ်ညွှန်းထဲက ဇာတ်ကောင်က မိဘနှစ်ပါးလုံး ရှိနေသေးလို့ ကံကောင်းပါတယ်။ ဒါပေမယ့် ကျွန်မအဖေကတော့ အကြွေးတောင်းတဲ့လူတွေရဲ့ ရိုက်နှက်မှုကြောင့် သေသွားခဲ့တယ်။ အမေကလည်း ရောဂါနဲ့ ဆုံးသွားတယ်။ ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေးက တော့ ကျွန်မလုပ်တဲ့အလုပ်ကြောင့် ကျွန်မနဲ့ အဆက်အသွယ်ဖြတ်လိုက်တယ်။”“အစကတော့ ကျွန်မလည်း ဘားမှာ သီချင်းဆိုချင်ခဲ့တာပါ။ ဒါပေမယ့် နာမည်မရသေးတော့ အဲဒီမှာ သီချင်းဆိုခွင့်ရဖို့ ဘားပိုင်ရှင်ရဲ့ တောင်းဆိုမှု စည်းကမ်းတွေကို လက်ခံလိုက်ရတယ်။ ပြီးတော့...”“တော်တော့။” စုမူက ကြားဖြတ်ပြောလိုက်သည်။ “မင်းကိုယ်တိုင် သိတာထက် မင်းဘဝအကြောင်း ငါပိုသိတယ်။”နန်းမိုခဏတာ ကြောင်သွားသည်။ သူမ၏နှုတ်ခမ်းပေါ်က အပြုံးက ပိုပိုပြီး ခါးသီးလာသည်။ သူမရှေ့ကလူဟာ မြွေဆိုးဂိုဏ်းရဲ့ ခေါင်းဆောင်ဆိုတာ သူမသိသည်။ ဒီလိုလူမျိုးဆီက ကိုယ်ချင်းစာမှုကို မျှော်လင့်လို့မရပေ။ ထို့အပြင် နှစ်တွေကြာလာသည်နှင့်အမျှ သူမကိုယ်တိုင်လည်း ထိုအရာကို အသားကျနေခဲ့ပြီ ဖြစ်သည်။ မည်သူမျှ သူမအား သနားကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ သနားခဲ့လျှင်ပင် ထိုသနားခြင်း၏ နောက်ကွယ်၌ မကောင်းသော အကြံအစည်များ ရှိနေကြမည်သာဖြစ်၏။
“မင်းရဲ့ မောင်လေး က လက်ရှိ ချန်ရှင်း စက်ယန္တရား စက်ရုံ မှာ အလုပ်လုပ်နေတာ မလား”ထိုစကားထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် နန်းမို မှာ ချက်ချင်း ထိတ်လန့်သွားပြီး စိတ်ထဲတွင် လှုပ်ရှားသွားသည်။“မလုပ်ပါနဲ့... ကျွန်မ မောင်လေး ကို မထိပါနဲ့။ ခေါင်းဆောင်ပြောသမျှ အကုန်လုပ်ပါ့မယ်…ကျွန်မ...”“တော်တော့။” စုမူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “ရုပ်မြင်သံကြားဇာတ်လမ်းတွေ အများကြီး ကြည့်ထားတာလား။ ဒါမှမဟုတ် ငါ့အပေါ်မှာ မင်းရဲ့အမြင်က အရမ်းဆိုးနေတာလား။
မင်း မောင်လေးကို ငါက ဘာလို့ ထိခိုက်အောင်လုပ်ရမှာလဲ။”“ငါ ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲရမယ့် ကိစ္စများ ရှိလို့လား”နန်းမိုအံ့အားသင့်သွားသည်။ ခုနက မြင့်တက်လာခဲ့သော စိတ်လှုပ်ရှားမှုများ ချက်ချင်း ပြေပျောက်သွားပြီး သူမမှာ အနည်းငယ်ပင် နားမလည်နိုင်ဖြစ်သွားသည်။"ဒါဆိုရင်..."“ငါက မင်းကို ပိုက်ဆံပေးမယ်။ မင်းက ငါ့အတွက် အလုပ်လုပ်ပေးမယ်။ ဒီလောက်ပဲ။ နားလည်လား။”“ကျွန်မ... နားလည်ပါပြီ။ ဒါဆို...”“ချန်ရှင်း စက်ရုံ အကြောင်း ပြောလိုက်တာက မင်းကို ဆုချဖို့ နည်းလမ်းတစ်မျိုး ပြောင်းသုံးချင်လို့ပဲ။ ချန်ရှင်း စက်ရုံ က စီမံခန့်ခွဲမှုညံ့ဖျင်းလို့ မြွေဆိုးဂိုဏ်းကို ပိုက်ဆံအကြွေးတင်နေတဲ့ အလုပ်ရုံငယ်တစ်ခုပဲ။ စက်ရုံမန်နေဂျာက စက်ရုံကို မြွေဆိုးဂိုဏ်းထံ အပေါင်ထားဖို့ စီစဉ်နေတယ်။ တိုက်တိုက်ဆိုင်ဆိုင် မင်းညီလေးကလည်း စက်ရုံ မှာ အလုပ်လုပ်နေတယ်။ ဒါကြောင့် မင်းရမယ့် ဆုကြေးကို အဲဒီစက်ရုံနဲ့ အစားထိုးပေးပြီး မင်းညီလေးကို စက်ရုံမန်နေဂျာ ဖြစ်လာစေချင်တယ်။”“မြွေဆိုးဂိုဏ်းအနေနဲ့ ဒီအလုပ်ရုံငယ်လေးထဲ ပိုက်ဆံထည့်စရာလည်း မလိုဘူး၊ စီမံခန့်ခွဲဖို့ လူလည်း စေလွှတ်စရာမလိုဘူး။ မင်းညီလေးသာ စက်ရုံမန်နေဂျာ ဖြစ်လာမယ်ဆိုရင် နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ ကိစ္စတစ်ခု ဖြစ်မယ် မဟုတ်လား။”“ဘယ်လိုထင်လဲ။”နန်းမို၏စိတ်ထဲတွင် သံသယနှင့် မရေရာမှုများ ပြည့်နှက်နေသည်။ တစ်ဖက်လူက ကြင်နာလို့ ဒီလိုလုပ်ပေးနေတာ မဟုတ်မှန်း သူမသိသည်။ ချန်ရှင်း စက်ရုံ အကြောင်း ထုတ်ပြောလိုက်ခြင်းမှာ အမှန်တော့ သူမကို ဖိအားပေးထားခြင်းသာ ဖြစ်သည်။အလုပ်ကို ကောင်းကောင်းလုပ်နိုင်ရင် သူမမောင်လေးက စက်ရုံမန်နေဂျာ ဖြစ်လာမည်။ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ရင်တော့ ထိုစက်ရုံက သူမမောင်လေးအတွက် သင်္ချိုင်းတစ်ခု ဖြစ်သွားနိုင်သည်။သို့သော် သူမတွင် ငြင်းပယ်ရန် အခွင့်အရေး မရှိသဖြင့် နောက်ဆုံးတွင် သဘောတူလိုက်တော့သည်။“ကျွန်မ လုပ်ပါမယ်။”“ကောင်းပြီ။ နောက်ထပ် ဒုတိယတာဝန်တစ်ခု ပေးမယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် ရန်တုန်ချင်း မှာ ထူးခြားတာတစ်ခုခု ရှိလားဆိုတာ ပြောပြစမ်း။”နန်းမိုခဏစဉ်းစားလိုက်ပြီး နောက်ဆုံးတွင် စကားတစ်လုံးတည်းကို ပြောလိုက်သည်။“မာတယ်…”“မာတယ်…ဟုတ်လား”“ဟုတ်တယ်၊ သူက အရမ်း မာတယ်။”
"ရိုင်းစိုင်းလိုက်တာ"
ကျောက်ချောင်ယောင်က မနေနိုင်တော့ဘဲ အော်ဟစ်လိုက်တော့သည်။ “မင်း မအိပ်ခဲ့ဘူးလို့ ပြောထားတယ်မဟုတ်လား။ မအိပ်ခဲ့ဘဲနဲ့ သူက မာတယ်ဆိုတာ ဘယ်လိုသိတာလဲ။ ပြီးတော့ ခေါင်းဆောင်က ထူးခြားတာတစ်ခုခု ရှိလားလို့ မေးတာ။ မာမမာဆိုတာ ဘယ်သူက မေးလို့လဲ။”