“မနေ့က ဆရာများရုံးခန်းကို ဖြတ်သွားေတာ့ ဒီနှစ်တကယ်တော်တဲ့သူတွေ ပါလာတယ်လို့ပြောတာ ကြားခဲ့တယ်သိလား...ဖွင့်ပွဲအခမ်းအနားမှာ စစ်တပ်က အရာရှိကြီးတွေ လာခေါ်သွားမှာတောင် ဖြစ်နိုင်တယ်တဲ့။”
“ဟမ်၊ မနှစ်ဥက္ကဌတောင် နေရာမှာတင်အရွေးမခံရဘူးကို၊ ဒီနှစ် ဘယ်နှစ်ယောက် ရှိမလဲမသိဘူး။”
“မနှစ်က ဥက္ကဌက စာမေးပွဲမှာ 89 မှတ်ရခဲ့တယ်လေ။ ဒါက တကယ်မြင့်တဲ့အမှတ်ပဲ။ ဒါပေမဲ့ ဒီနှစ်ရဲ့ ဥက္ကဌက စာမေးပွဲမှာ အမှတ်အပြည့်ရခဲ့တာ။ လုံးဝအမှတ်ပြည့်နော်! သူတို့က အဆင့်ခြင်းတောင် မတူဘူး။”
ခန်းမအပြင်ဘက်ရှိ လျှောက်လမ်းသည် လူများဖြင့် ပြည့်ကျပ်နေပြီး စစ်ယူနီဖောင်းဝတ်ထားသည့် Alpha သုံးဦးက လမ်းလျှောက်ကာ စကားစမြည်ပြောနေကြသည်။
လူအများက စုဝေးနေကြသော်လည်း ကျောင်းသားသစ်ကြိုဆိုပွဲကို မွန်းလွဲပိုင်းတွင်မှသာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စီနီယာကျောင်းသားများက အခမ်းအနားအား ကြည့်ရှုအားပေးကြရမှာ ဖြစ်သည်။
ဤသည်မှာ “ရွှယ်ဖုရှင်း” ဟုခေါ် သော ဗဟိုစစ်တက္ကသိုလ် ဖြစ်ပြီး အင်ပါယာ၏ စစ်ဘက်နယ်ပယ်တွင် အဆင့်အမြင့်ဆုံး အဖွဲ့အစည်းအဖြစ် ရည်ညွှန်းခံရသည့် နေရာလည်းဖြစ်ပေသည်။
“ဘယ်လိုလဲလို့ မင်းတွေ့ခဲ့လို့လား။”
ဦးစွာပြောသော Alphaက ခေါင်းယမ်းပြသည်။
“ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ နာမည်ကတော့ ရုန် လို့ကြားခဲ့တာ၊ ဟုတ်သား သူ့နာမည်က ရုန်ရှီ!”
သူတို့စကားပြောရင်း မော့ကြည့်လိုက်ချိန်တွင် ခပ်လှမ်းလှမ်းမှ အနက်ရောင် မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။ အခြားတစ်ဖက်မှ လူက သူတို့ဘက်ဆီသို့ လျှောက်လာနေသည်။ ထိုလူက အနက်ရောင်အောက်ခံတွင် ရွှေရောင်ချည်များဖြင့် အနားကွပ်ထားသော စစ်တက္ကသိုလ်၏ ယူနီဖောင်းကို ၀တ်ဆင်ထားကာ နက်ပြောင်နေသော သားရေခါးပတ်ကို သူ၏ခါးတွင် တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားသောကြောင့် သူ့ကို ပိုပြီးကြော့ရှင်းသောပုံ ပေါက်နေစေသည်။
ဟန်ပန်ကိုက မြင့်မားပြီး ဖြောင့်တန်းနေတာပဲ!
ထိုလူက သူတို့ကို ခေတ္တတာမျှ တစ်ချက်ကြည့်လိုက်ပြီး အဝေးသို့ အကြည့်လွှဲလိုက်သော်လည်း သူတို့သုံးယောက်လုံး၏ ရင်ဘတ်ထဲတွင် တင်းကျပ်သလို ခံစားသွားရကာ မသိစိတ်အရ ခြေလှမ်းတစ်ဝက်လောက် နောက်ပြန်ဆုတ်မိသွားကြသည်။
နှစ်ဖက်စလုံးက တစ်ယောက်နှင့်တစ်ယောက် ဖြတ်ကျော်သွားမှသာ သုံးယောက်သား တိတ်တိတ်လေး မနေနိုင်ကြတော့ဘဲ ထုတ်ပြောလိုက်မိကြသည်။
“ငါ့ကို လန့်သေအောင်လုပ်နေတာပဲ! အသက်ဖင်ကပ်လေးပဲ ကျန်ခဲ့တော့တယ်။ ဒါက alpha ကျောင်းသားအသစ်လား။”
“မသိဘူး၊ဒါပေမဲ့ အဲ့ဒီ့မျက်နှာက အရမ်းမိုက်တာပဲ!”
ရုန်ရှီ ဌာနမှူးရုံးခန်းသို့ ဆက်လျှောက်သွားရာ ပြတင်းပေါက်နားရှိ ဆိုဖာပေါ်တွင် လူနှစ်ယောက် စကားစမြည် ပြောနေကြသည်ကို မြင်လိုက်ရသည်။ လူကြီးဖြစ်သူက ရုန်ရှီ့ကိုမြင်သည်နှင့် ချက်ချင်းပင် ပြုံးပြကာ နှုတ်ဆက်လာ၏။
“အခမ်းအနားက စတော့မယ်ကို မိန့်ခွန်းရော အဆင်သင့်ဖြစ်ပြီလား။”
ထိူလူကြီး ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် ရုန်ရှီက ခဏငြိမ်နေမိပြီးမှ သူ၏လက်ထဲက စာမူကို လွှဲပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် လျှပ်စီးကြောင်းငယ်တစ်ခုက သူ၏လက်ကောက်ဝတ်ကို နှိုးဆွလိုက်ပြီး စက်ရုပ်အသံတစ်ခုက သူ့ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။
[ချန်းဖန်၊ Omega၊ အသက် 76 နှစ်၊ ဗဟိုစစ်တက္ကသိုလ်၏ 301 ဆက်မြောက်ကျောင်းအုပ်ကြီး။ ပညာရေးနယ်ပယ်တွင် သူ၏ ထူးချွန်သော ပံ့ပိုးကူညီမှုအတွက် ဗိုလ်ချုပ်ရာထူး ချီးမြှင့်ခြင်းခံရသည်—
စနစ်အမှားအယွင်း_
ဒေတာဘေ့စ်ကို မွမ်းမံခြင်း—
ကွန်ရက်သို့ ချိတ်ဆက်၍ မရပါ
Update မအောင်မြင်ပါ— ]
လူကြီးသည် သူထင်ထားသည်ထက် ငယ်ရွယ်နေခဲ့သည်။ သူ၏ ထူထဲသော အနက်ရောင်ဆံပင်များနှင့် ကြည်လင်သော မျက်လုံးများတွင် ဝမ်းနည်းမှုများမရှိဘဲ၊ သူတို့စတွေ့ခဲ့စဉ်ကလိုပင် ချစ်ခင်ဖွယ်ကောင်းဆဲ ဖြစ်သည်။
ချန်းဖန်က စာမူကို အမြန်လှန်ကာ ဖတ်လိုက်ပြီးနောက် စားပွဲဆီသို့ လျှောက်သွားကာ ဘောပင်တစ်ချောင်းကို ကောက်ယူပြီး ပြန်လည်ပြင်ဆင်ပေးရင်း ပြောလိုက်သည်။
“ရေးထားတာ ကောင်းတယ်၊ ဒါပေမဲ့ အရမ်းရိုးသားလွန်းနေတယ်။ နှိမ့်ချတာကလည်း ကောင်းတယ်ဆိုပေမဲ့ တစ်ခါတလေမှာ အထက်စီးဆန်တာကလည်း ဆိုးတာတော့မဟုတ်ဘူး။ လူဟောင်းတွေကို အပေါ်စီးကနေ ဖိအားပေးနိုင်ရင် သူတို့က ပိုပြီး စိတ်အားထက်သန်လာလိမ့်မယ်။”
ရုန်ရှီက ကုလားထိုင်ကို ဆွဲထုတ်လိုက်ပြီး စားပွဲခုံတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။ သူ၏ခြေရှည်ရှည်များ ထိုင်ခုံနှင့် အနည်းငယ် မဆန့်နိုင်ဖြစ်နေသည်ကို သည်းခံနေရင်းမှ မိန့်ခွန်းက သူမပြောချင်လောက်အောင် ပြောင်းလဲသွားသည်ကို ကြည့်ပြီး သူ၏အသံက အေးစက်သွားသည်။
“ကြွားစရာမလိုပါဘူး။”
“ဘာကိုမလိုရမှာလဲ!အရမ်းလိုတယ်ကွ!”
ချန်းဖန်က နောက်ဆုံးစကားလုံးကို ရေးပြီးနောက် သေချာပြန်ဖတ်ကြည့်ကာ ရုန်ရှီ့ကို အော်ဟစ်လာသည်။
“မင်းရဲ့အဆင့်နဲ့ ပုံစံအရ မင်းစင်ပေါ်မှာ သုံးမိနစ်တောင် လှလှပပလေး စကားပြောနိုင်တယ်လေ။ ဘာလို့ မင်းနောက်ကို လိုက်မဲ့သူတွေကို မရွေးတာလဲ။ တခြားသူတွေက မင်းကို မနာလိုဖြစ်ရင်တောင် လူတိုင်းအတွက် အခွင့်အရေးဆိုတာ မရှိဘူး။”
နှစ်စဉ်နှစ်တိုင်း၊ သင်တန်းသားသစ်များ စာရင်းသွင်းပြီးနောက် ဒုတိယနေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပကြပြီး ဝင်ခွင့်ရမှတ် အများဆုံးရှိသည့် ထိပ်တန်းလူငယ်ဆယ်ဦးက စင်မြင့်ပေါ်တွင် မိန့်ခွန်းပြောခွင့်ရသည်။
ကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသားများအပြင် စစ်တပ်ဘက်မှ အရာရှိများကလည်း လူသစ်များ၏ မိန့်ခွန်းကို နားထောင်နေကြမည်ဖြစ်သည်။
တကယ်တမ်းတွင်တော့ ထိုအခမ်းအနားက ရွက်ပုန်းသီးများကို ရှာဖွေရန်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားတွင် ကောင်းစွာစွမ်းဆောင်နိုင်ပါက အရာရှိကြီးများ၏ လက်သပ်ရွေးချယ်ခြင်းကို ခံရနိုင်ကာ ရွယ်တူများကြား အောင်မြင်သူဖြစ်လာနိုင်သည်။
အုပ်ချုပ်ရေးစနစ်က ကြီးမားလွန်းပြီး စစ်တပ်သည်လည်း လုံးလုံးလျားလျား ထိပ်ဆုံးနေရာ၌ ရှိနေသည်တော့ မဟုတ်ပေ။ အမှောင်ထဲတွင် အခြားသော အဖွဲ့အစည်းများစွာ ရှိနေသေးသည်။
ကျောင်းသားသစ်များအနေဖြင့် စည်းစနစ်တကျ ရွေးချယ်ပြီး ရပ်တည်ကြရန်လိုကာ သူတို့၏ အခွင့်အာဏာနှင့် အကျိုးကျေးဇူးများကလည်း သူတို့၏ရွေးချယ်မှုအရ ကန့်သတ်ခံရမည်ဖြစ်သည်။
ငယ်ငယ်ရွယ်ရွယ် လူအများစုအတွက် စစ်ဌာနမှ အရာရှိလေ့ကျင့်ရေးသည် နဂါးတံခါးထဲသို့ ခုန်တက်ခြင်းနှင့် ညီမျှသည်ပင်။ နောက်ကွယ်မှ ရေက အလွန်နက်သည်ကို သိကြသော်လည်း လူငယ်လေးများက မဆိုင်းမတွ ခုန်တက်နေကြဆဲဖြစ်သည်။
“ချန်းလောင်ရှစ်၊ ဒါဘယ်သူလဲ”
ဆိုဖာပေါ်တွင် ထိုင်နေသောလူက ရုန်ရှီကိုကြည့်လိုက်ကာ ချန်းဖန်ကို မေးလာသည်။
“ငါ့မှတ်ဥာဏ်ကိုကြည့်စမ်း၊ ငါမေ့သွားတော့မလို့။”
အသံကို ကြားလိုက်မှသာ ရုံးခန်းထဲတွင် တတိယလူတစ်ယောက် ရှိနေသေးကြောင်း ချန်းဖန်သတိရသွားသည်။
“ရုန်ရှီရေ ဒါက မင်းနဲ့အတန်းတူတဲ့ ကျောင်းသားသစ် လုမင်လေ။ လုမင်...ဒီတစ်ယောက်က ရုန်ရှီပေါ့။ စာမေးပွဲမှာ မင်းတို့နှစ်ယောက်က သုံးမှတ်ကွာပြီး ပထမနဲ့ ဒုတိယရခဲ့တာဆိုတော့ အနာဂတ်မှာလည်း စိတ်အားသန်သန်နဲ့ ပထမနေရာကို အရယူဖို့ ကြိုးစားကြပေါ့။”
ရုန်ရှီက လုမင်ကို ယဉ်ကျေးသိမ်မွေ့စွာ ကြည့်နေခဲ့ပြီး စက်အသံက သူ့ခေါင်းထဲတွင် ထပ်မံထွက်ပေါ်လာသည်။
[လုမင်၊ Alpha အသက် ၃၃ နှစ်၊ နဝမတပ်မ၏တပ်မှူး၊ ဗိုလ်မှူးကြီး လုယို့ချီ၏ တစ်ဦးတည်းသောသား—
ဒေတာဘေ့စ်ကို မွမ်းမံခြင်း အမှားအယွင်း—
ကွန်ရက်သို့ ချိတ်ဆက်၍မရပါ—]
ဒုတိယအဆင့်အကြောင်း ချန်းဖန်၏နှုတ်မှ ထွက်လာသည်ကို ကြားလိုက်သည်တွင် လုမင်၏မျက်နှာက မည်းမှောင်လာသော်ငြား သူက လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ ထို့နောက် သူက ပြုံးလိုက်ကာ လက်ကိုဆန့်တန်းပေးပြီး ရုန်ရှီကို နှုတ်ဆက်လိုက်လေသည်။
“နောင်ကျရင် ကူညီစောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ် ဥက္ကဋ္ဌရုန်။”
တစ်ဖက်တွင်တော့ ရုန်ရှီက ထိုလက်ကိုဆွဲရန် လုံးဝရည်ရွယ်ချက်မရှိသည့်အပြင် သူ၏လက်ကို ပင့်မလိုက်ကာ အကျီလက်ကို အနည်းငယ်ဖြည်လိုက်ပြီးမှ ပြန်ချလိုက်သည်။
လုမင်၏ မျက်နှာပေါ်ရှိ အပြုံးက ရုတ်တရက် ရပ်သွားကာ သူ့မျက်လုံးများက ရုန်ရှီ့လက်ကောက်ဝတ်ကို လှမ်းကြည့်လာသည်။
“မင်းရဲ့ terminal မှာ အလှဆင်ထားတဲ့ကျောက်က တော်တော်ကောင်းတယ်။ ဘယ်မှာဝယ်တာလဲ”
ရုန်ရှီက သူ့ညာဘက်လက်တွင် အင်ပါယာ၏သင်္ကေတဖြစ်သော terminal သတ္တုလက်ကောက်ကို ဝတ်ဆင်ထားသည်။
စျေးကွက်ထဲတွင် အလှဆင်ကြိုးများ အမျိုးမျိုးရှိပြီး လူငယ်များကြားတွင် အလွန်ရေပန်းစားကာ အများစုက ဖန်စီပုံစံများပင်။
သို့သော်လည်း ရုန်ရှီ၏လက်ကောက်ကတော့ အနည်းငယ်ထူးခြားပြီး ငွေရောင်သတ္ထုကို အသုံးပြုထားကာ နက်ပြာရောင် ကျောက်မျက်တစ်ခုကို အလယ်တည့်တည့်တွင် မြှုပ်နှံထားသည်။
[ချပ်ဝတ်ကွ! Beep— တိုက်ခိုက်ရေးချပ်ဝတ် နံပါတ် KL001လို့ခေါ်တယ်၊ ဒီရုပ်ပိုင်းဆိုင်ရာ သန်မာတဲ့သူက အရောင်းခံဖို့ ငြင်းဆန်တယ်နော်၊ဖွီ! Beep—]
သူ့ခေါင်းထဲ၌ စက်ရုပ်သံများ ဆက်တိုက်ဆိုသလို မြည်နေသဖြင့် ရုန်ရှီ၏လက်ချောင်းများက အလှဆင်ထားသော အပြာရောင်ကျာက်ပေါ်သို့ ခပ်ဖွဖွပွတ်လိုက်ရပြီး နောက်ဆုံးတွင်တော့ ကမ္ဘာကြီးက တိတ်ဆိတ်သွားရသည်။
“အိမ်က ကလေး လုပ်ပေးထားတာပါ။”
လုမင်နှင့် စကားဆက်ပြောရန် ရည်ရွယ်ချက်မရှိသဖြင့် ရုန်ရှီက စာမူကိုယူပြီးသည်နှင့် ထရပ်လိုက်ကာ ချန်းဖန်ကို နှုတ်ဆက်လိုက်သည်။
“မစ္စတာချန်း၊ ကျွန်တော် အရင်သွားလိုက်ဦးမယ်။”
ရုန်ရှီထွက်သွားသည့်နောက်တွင် ချန်းဖန်က လုမင်၏ ပခုံးပေါ်ကို လက်တင်ပြီး နှစ်သိမ့်လိုက်သည်။
“ပါရမီရှင်တွေဆိုတာ အနည်းနဲ့အများ အဲ့လိုပါပဲ။ စိတ်ထဲမထားနဲ့၊ လာ ငါတို့လည်း ခန်းမကို သွားကြမယ်။”
သူ့စကားကြောင့် လုမင်၏မျက်နှာပေါ်ရှိ အမူအရာက ခဏတာမျှ ပုံပျက်သွားခဲ့သည်။
“ကောင်းပါပြီ။”
ဖွင့်ပွဲအခမ်းအနားက မည်သည့်ကျောင်းတွင်မဆို အလားတူသာ။ ကျောင်းသားခေါင်းဆောင်များက နာရီဝက်အတွင်း အလှည့်ကျ မိန့်ခွန်းပြောကြပြီး အခမ်းအနားအား ကြည့်ရှုနေသည့် ကျောင်းသားဟောင်း ထောင်ပေါင်းများစွာနှင့် စက်ရုပ်များက အားပေးကြရသည်။
“ဒီအသေးအမွှားလေးမှာ နှစ်တိုင်းဝင်ပါရတာ ငါ့ဘဝရဲ့ အဖိုးတန်သုံးနာရီစီကို ဖြုန်းတီးနေရသလိုပဲ။”
“မင်းရဲ့အသံကို နှိမ့်ထားစမ်းပါ။ မင်းကို စောင့်ကြည့်စင်တာကနေ ဖမ်းမိရင် နောက်တစ်ခါ ပြန်လည်သုံးသပ်ခြင်းအတွက် စာလုံးရေ 10000 ရေးနေရဦးမယ်။”
“ငါက ကျောင်းသားဥက္ကဌအသစ်ကိုပဲ စိတ်ဝင်စားတာ။”
“အစတုန်းကတော့ လုမင်က ဥက္ကဋ္ဌအသစ်ဖြစ်နိုင်ပေမဲ့ အခုဖြစ်မလာတော့ ပြဿနာတွေ တက်နေတဲ့ပုံပဲ။ မနက်ခင်းတုန်းက အဆောင်စင်္ကြံမှာ ဝုန်းဒိုင်းကြဲနေတာကို ငါတွေ့ခဲ့တာ။ သူ့တို့ သားအဖနှစ်ယောက် ရန်ဖြစ်ပုံရတယ်။”
ဖရဲသီးများအကြောင်းကို ကြားသည်နှင့် လူအတော်များများက စုဝေးလိုက်ကြပြီး စကားများလိုက်ကြသည်မှာ အိပ်ငိုက်နေသည့် ယင်ကောင်များသည်ပင် ချက်ချင်းထွက်ပြေးသွားရသည်။
စစ်တက္ကသိုလ်၏ သဘောသဘာဝသည် အခြားတက္ကသိုလ်များနှင့် မတူချေ။ ဒုတိယနှစ်မှစ၍ တာဝန်အရ မကြာခဏ အပြင်ထွက်ရကာ ကျောင်းတက်ရသည့်အချိန်များ နည်းပါးလာသဖြင့် ကျောင်းသားသစ်များကို ကူညီပေးပြီး စောင့်ရှောက်ရန် တာဝန်မှာ ကျောင်းသားကောင်စီ၏ ပခုံးပေါ်သို့ ကျလာခဲ့သည်။
ယခင်နှစ်များမှ လုပ်ထုံးလုပ်နည်းအရ ပထမနှစ်၏ ထူးချွန်ကျောင်းသားများက ကျောင်းသားကောင်စီ၏ ဥက္ကဋ္ဌနှင့် ဒုဥက္ကဌများဖြစ်ကြပြီး ရှေ့ဆောင်လမ်းပြခြင်းနှင့် ဆုပေးဒဏ်ပေးရလဒ်များကို ဆုံးဖြတ်ပေးရသည်။
ဥက္ကဌနှင့် ဒုဥက္ကဌတို့၏ ကွာခြားချက်က စကားလုံးတစ်လုံးတည်းသာ ဖြစ်သည်ဆိုသော်ငြား လက်တွေ့တွင်တော့ အရေးပါမှုက လုံးဝမတူညီပေ။
“လုမင်က အဆင့် ၁ မဟုတ်ဘူးလား။ သူက ငယ်ငယ်ကတည်းက ဉာဏ်ကြီးရှင်ဆိုပြီး လူပြောများတယ်လေ။”
“သူ့ရဲ့အမှတ်က မနှစ်တုန်းက ပထမရတဲ့လူထက် 8 မှတ်ပိုများတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ သူ့ထက် ပိုတော်တဲ့သူတစ်ယောက်နဲ့ တွေ့တာပဲလေ။ သူတကယ်ကို ကံမကောင်းဘူးလို့ပဲ ပြောရမယ်။ မနှစ်တုန်းကသာဆို ကောင်စီဥက္ကဌနေရာက သူ့အတွက်ဖြစ်မှာ။”
“သူ့ထက်ဘယ်သူက ပိုတော်သေးတာလဲ?!”
အမျိုးမျိုးသော မိန့်ခွန်းများနှင့် အမှာစကားများ ပြီးဆုံးပြီးနောက်တွင်တော့ အဆင့်တစ်ဆယ်မှ စတင်ကာ အဆင့်တစ်နေရာထိ လူငယ်ကိုယ်စားလှယ်များ အလှည့်ကျ မိန့်ခွန်းပြောရန် အချိန်ကျလာခဲ့ပြီဖြစ်သည်။
လုမင် စင်မြင့်ပေါ်သို့ တက်လာသောအခါ ပရိသတ်များထံမှ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။ သူက ကျောင်းသားသစ်ဖြစ်သော်လည်း သူ၏ဖခင် ဗိုလ်ချုပ်ကြီး လုယို့ချီက စစ်တပ်တွင် အလွန်ကျော်ကြားသောကြောင့် သူငယ်စဥ်ကတည်းက လူအများအပြားထံမှ အာရုံစိုက်ခံရသည်။
သူစင်မြင့်ပေါ်မှ ဆင်းသွားသောအခါ AI host က ပြတ်ပြတ်သားသား အသံဖြင့် ကြေညာလိုက်သည်။
“နောက်ဆုံးမှာတော့ ဒီနှစ်ရဲ့ ဥက္ကဌရုန်ရှီကို ဖွင့်ပွဲမိန့်ခွန်းပြောဖို့ စင်ပေါ်ကို တက်လာဖို့ ဖိတ်ခေါ်ပါတယ်။ အားလုံးကြိုဆိုပေးပါ။”
သူ၏အမည်ကို ယခင်က မကြားဖူးသောကြောင့် လက်ခုပ်သံများက ကျဲပါးသွားကာ အကဲခတ်လိုသည့် သဘောသဘာဝက ခန်းမထဲတွင် ကြီးစိုးသွားသည်။
သွယ်လျသောရုပ်သွင်က စင်မြင့်ပေါ်သို့ မြန်ဆန်စွာ လျှောက်လာကာ ခန်းမအထက်တွင် ထားရှိထားသော virtual screenကြီးပေါ်တွင်တော့ ထိုပုံရိပ်၏ အနီးကပ်ရိုက်ချက်ကို ပြသလာသည်။
သူ၏ဘေးတိုက်မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ ခန်းမထဲမှ Omegaများက အမိုက်စား လေချွန်သံများကို မှုတ်ထုတ်လိုက်ကြပြီး ချီးကျူးထောပနာ ပြုလိုက်ကြသည်။ ရုန်ရှီက စင်ရှေ့တွင် ရပ်ပြီး လူအုပ်ကို မျက်နှာမူလိုက်သည့်အခါ Omega များဆီမှ အော်သံများထွက်ပေါ်လာပြီး ခန်းမထဲတွင် တဖြည်းဖြည်းနှင့် ထိန်းမရတော့ပေ။
ရုန်ရှီ၏မျက်လုံးများက လူအုပ်ကို လျင်မြန်စွာ ကျော်သွားကာ သူကမျက်လုံးထောင့်မှနေ၍ ရှေ့ဆုံးတန်းတွင် ထိုင်နေသော အကြီးတန်း စစ်အရာရှိများ၏ ပုံရိပ်များကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းယူလိုက်သည်။
[လင်းဖုန်း၊ Alpha၊ အသက် 55 နှစ်၊ သတ္တမတပ်မ၏ တပ်မှူး၊ ဗိုလ်မှူးချုပ်... ]
[ချင်ကျောင်း၊Beta အသက် 60 နှစ်၊ ကယ်ဆယ်ရေးဌာနချုပ်မှူး၊ ဒုတိယဗိုလ်ချုပ်ကြီး... ]
[ရှုခယ့်ဆောင် Alpha၊ အသက် ၆၈ နှစ်၊ လက်နက်ဝယ်ယူရေး ဆက်ဆံရေးအရာရှိ၊ ဗိုလ်ချုပ်ကြီး...]
[ကျောင်းကျိ Alpha၊ အသက် 62 နှစ်၊ ပဉ္စမတပ်မမှူး၊ ဗိုလ်မှူးချုပ်...]
...
နောက်ဆယ့်ငါးနှစ်အကြာမှ ဤလူများ၏ ကိုယ်ရေးဖိုင်များကို စက်ရုပ်သံက ဆက်လက်ထုတ်လွှင့်နေခဲ့ကာ နာမည်တစ်ခုကို ကြားတိုင်းမှာ ထိူလူများ၏ ကြောက်လန့်နေသော မျက်နှာများနှင့် သွေးများဖြင့် ပေပွနေသည့်ပုံများက ရုန်ရှီ၏ မျက်လုံးရှေ့တွင် အလိုအလျောက် ပေါ်လာခဲ့သည်။
လွန်ခဲ့သည့် တစ်ရက်ကပင် ဤလူများ အားလုံးသည် သူ့ဓားချက်အောက်၌ ခြွင်းချက်မရှိ သေဆုံးသွားကြပြီးဖြစ်သည်။
သို့သော် ကံကြမ္မာက သူ့ကို ရယ်မောကာ လွန်ခဲ့သော ဆယ့်ငါးနှစ်ကို ပြန်သွားခွင့်ပြုခဲ့သည်။
ရုန်ရှီက စင်မြင့်ပေါ်မှ သူ၏လက်ကို အနည်းငယ် မြှောက်လိုက်သည်တွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
သူ၏ သွယ်လျသော လက်ချောင်းများက မီးရောင်အောက်တွင် အေးစက်တောက်ပနေပြီး ရေခဲရိုက်ထားသည့်အလား အေးစက်စက်အသံကို မိုက်ခရိုဖုန်းမှတစ်ဆင့် တက်ရောက်သူတိုင်း ကြားလိုက်ရသည်။
“ကျွန်တော့်နာမည်က ရုန်ရှီပါ၊ ကျွန်တော်က ကျောင်းကို ဒီတိုင်းပဲ အပျော်လာကြည့်တာ။”
~~~
ဒါလေးကို အရင်တုန်းက Wattpad မှာ တင်ဖူးပေမဲ့ ပြင်ရမှာတွေ အရမ်းများလို့ ပြန်သိမ်းထားခဲ့တာပါ၊ အခုတော့ ဆက်တင်ဖြစ်ပါမယ်နော်။ ✋ဒီတစ်ခါတော့ အဆုံးအထိ update မှန်မှန်လေး သွားကြတာပေါ့၊ ဟဲဟဲ။