no

Font
Theme

ထိုသို့တုန်လှုပ်ချောက်ချားဖွယ် စကားများကြောင့် ခန်းမက အသုဘနှယ် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်းအံ့ဩသွားရသည်မှာ ပြောစရာပင်မလိုတော့။

ဒါက ဘယ်လိုစကားလဲ!ဘယ်လို အဓိပ္ပါယ်လဲ!

ရှေ့ဆုံးတန်းတွင်ထိုင်နေသော အရာရှိများရော ကျောင်းတာဝန်ရှိသူများပါ ရုတ်တရက် မတုံ့ပြန်နိုင်ဘဲ ပါးစပ်အဟောင်းသားနှင့်သာ။

ဗဟိုစစ်တက္ကသိုလ်ကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းထောင်ချီရှိခဲ့သော်ငြား ဒီလိုလေသံမျိုးနှင့် ကျောင်းသားဥက္ကဋ္ဌဆိုသည်က တစ်ကြိမ်မှပင် မရှိခဲ့ဘူးသေး။

ခန်းမထဲမှ ထူးဆန်းသောလေထုကို မခံစားရသည့်အတိုင်း ရုန်ရှီက လေသံအေးအေးလေးဖြင့် ဆက်ပြောသည်။

“စစ်မြေပြင်ထက်စာရင် ငါက မိသားစုဘဝကို ပိုတောင့်တမိတယ်။ ဘဝကို မိသားစုနဲ့အတူ ကုန်ဆုံးနိုင်ဖို့က ငါ့မျှော်လင့်ချက်ပဲ။ ဒီကျောင်းမှာ လေးနှစ်ကို အေးအေးလူလူနဲ့ ကုန်ဆုံးပြီးလို့ ကျောင်းပြီးသွားရင် ဘွဲ့လေးယူပြီးတော့ နူးညံ့သိမ်မွေ့တဲ့ ဇနီးလေးကိုရှာပြီး လက်ထပ်မယ်၊ ပျော်ပျော်လေးနေမယ်လို့ ငါစိတ်ကူးထားတာ။ ဒါက ငါ့ဘဝရဲ့ အကြီးမားဆုံး ရည်မှန်းချက်ပဲ!”

စကားပြောအပြီးတွင် ရုန်ရှီက ချန်းဖန်ထိုင်နေသည့်ဘက်သို့ ခေါင်းညိတ်နှုတ်ဆက်ပြီးသည်နှင့် ရှေ့ဆုံးတန်းကို တစ်ချက်ပင် မကြည့်ဘဲ စင်ပေါ်မှ ဆင်းသွားခဲ့လေသည်။

သူထွက်သွားပြီးနောက်၊ ခန်းမထဲတွင် ကျန်နေခဲ့သော လူများဆီမှ တီးတိုးပြောသံများ၊ ဟစ်အော်သံများက လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာပြီး လူတိုင်းစိတ်ထဲ၌ အတွေးတစ်ခုက ကြီးစိုးသွားခဲ့သည်။

ကြည့်လို့ကောင်းတဲ့ ပွဲအကြီးကြီး ရှိလာတော့မှာပဲ!

ကျောင်းအမှုဆောင်တွေ ဝိုင်းထားတာခံလိုက်ရတဲ့ ချန်းဖန် : “...”

စောက်ကလေး ဒင်းသေပြီသာမှတ်!

စာမေးပွဲရလဒ်များ ထွက်လာသည့်အချိန်မှစ၍ နှစ်ရက်ကြာအောင် ညှိုးခြောက်နေခဲ့သော လုမင်မှာ ရုတ်တရက် လန်းဆန်းတက်ကြွသွားသလို ခံစားရလိုက်၏။ သူ့မျက်လုံးများက ရှေ့ဆုံးတန်းရှိ အရာရှိများကို ကြည့်မိသည်တွင် ထိုသူတို့၏ စိတ်ပျက်နေသော အမူအရာများကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရသောကြောင့်ပင်။

အဆင့်က ပထမဖြစ်တော့ရော?

ပြဿနာရှာတတ်တဲ့ကောင်က ဥက္ကဋ္ဌဖြစ်စရာ အကြောင်းကို မရှိဘူး။

လုမင်က သူ့ကိုယ်ပိုင် Terminal ကိုဖွင့်ပြီး Message တစ်စောင်ပို့လိုက်သည်။

[ဟိုဟာတွေကို တင်ပစ်လိုက်တော့။]

မိန့်ခွန်းပြောအပြီးတွင် ထွက်ပြေးရန် ပျက်ကွက်ခဲ့သော တစ်စုံတစ်ယောက်ကတော့ဖြင့် ချန်းဖန်၏ လက်ရဖမ်းဆီးခြင်းကိုခံရပြီး နာရီဝက်ကြာ ဩဝါဒခံယူလိုက်ရသည်။

“အပြောအဆိုက အပြုသဘောမဆောင်တာက ထားပါတော့ အတွေးအခေါ်မှာရော ပြဿနာရှိနေတာလား မင်းက!!?လွယ်တဲ့အခွင့်အရေး မဟုတ်တာကို! ဒီအချိန်ကို လွဲသွားရင် ဘယ်အချိန်ပြန်ရနိုင်မလဲ မသိပါဘူးလို့ သတိပေးထားရဲ့သားနဲ့!မင်းက အရမ်းတော်နေတယ်ပေါ့!”

ချန်းဖန်မှာ ဒေါသတကယ်ထွက်နေသည်မို့ လက်ချောင်းများက တုန်ရီနေပြီး နှုတ်ခမ်းများခြောက်ကပ်ကာ မျက်လုံးများကလည်း ရဲတောက်နေေလသည်။

“မင်းအမှားကို မင်းသိပြီလား!”

ရုန်ရှီ : “အိုး...”

သံလက်သီးက ဝါဂွမ်းကို ထိသွားခြင်းဖြစ်ရာ ချန်းဖန်မှာ ရင်ဘတ်ထဲတွင် တင်းကျပ်လာပြီး အသက်ရှုရခက်သလို ခံစားလိုက်ရသည်။

“မင်းရဲ့သူတော်စင်အကျင့်ကို ငါသာအရင်သိခဲ့မယ်ဆို တခြားတစ်ယောက်ကိုပဲ ပေးလုပ်ခိုင်းမှာပေါ့!အခု အခွင့်အရေးကောင်းက ဆုံးရှုံးသွားရပြီ။ အိုး ငါ့နှလုံးသားထဲက နာတယ်။”

ရုန်ရှီ : “...”

‘ချန်းလောင်ရှစ် ဒီအသက်ပဲ ရောက်နေပြီကို ငိုနေတုန်းလား။’

အိတ်ကပ်ထဲမှ ကြိုတင်ပြင်ထားသော တစ်ရှူးကိုထုတ်ယူပြီး ချန်းဖန်ကိုကမ်းပေးလိုက်သည့် ရုန်ရှီ၏ အပြုအမူများက အတော်လေး ကျွမ်းကျင်မှုရှိလှသည်။

“ဆက်ငိုနေရင် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပေါ်လာလိမ့်မယ်နော်။”

ငိုသံက ရုတ်တရက်ရပ်သွားပြီးနောက် ချန်းဖန်က တစ်ရှူးကို အလျင်စလိုယူလိုက်ကာ မျက်လုံးထောင့်ကိုပွတ်လိုက်ပြီး နှာသံနှင့်မေးလာသည်။

“တကယ်ပေါ်လာပြီလား။ အခုရော ဘယ်လိုလဲ။”

“ပိုကောင်းသွားပြီ။”

“တော်သေးတာပေါ့ ”

ချန်းဖန်က သူ့မျက်လုံးထောင့်ကို တစ်ရှူးနှင့်ဖွဖွလေး သုတ်ပြီးသွား၍ သက်ပြင်းတစ်ချက်ချကာ အေးအေးဆေးဆေး စကားပြန်ပြောတော့မည်ဟု တွေးလိုက်သည့်အချိန်တွင် ရုတ်တရက်ဆိုသလို ဒေါသက ပြန်ထွက်လာပြန်သည်။

“စကားလမ်းကြောင်းလွှဲဖို့ မကြိုးစားနဲ့။ ဒီနေ့ကိစ္စက အမှားကြီးပဲ၊ မင်းလုပ်ရမှာက-“

“...”

ရုန်ရှီက ချန်းဖန်၏အနောက်ကို လှမ်းကြည့်လိုက်ပြီး ရိုကျိုးမှုအပြည့်ရှိသောအသံနှင့် နှုတ်ဆက်လိုက်သည်။

“ပါမောက္ခချင်၊ ချန်းလောင်ရှစ်ကို လာကြိုတာလား”

ပါမောက္ခချင်ဟူသော စကားကို ကြားလိုက်ချိန်တွင် ချန်းဖန်၏မျက်နှာပေါ်ရှိ ဒေါသများမှာ ချက်ချင်းပျောက်ကွယ်သွားပြီး သူက အပြုံးတစ်ခုနှင့် လှည့်ကြည့်လိုက်သည်။

“လောင်ကုန်း ခဏစောင့်ဦး။ ဒီမှာ ငါစကားပြောနေ-“

သူ့နောက်ကို လှည့်ကြည့်ချိန်၌ ဘာမျှရှိမနေ။

လူမပြောနဲ့ သရဲတောင် မရှိဘူး။

ဤသို့ဖြင့် အရှေ့ကို ပြန်လှည့်ကြည့်လိုက်ချိန်တွင် အရှေ့၌လည်း ဘာမှမရှိတော့။

တယ် စောက်ကလေး!ထွက်ပြေးသွားပြီ!

“ရုန်ရှီ!!!”

စစ်တက္ကသိုလ်၏ ဖိုရမ်တွင်တော့ အမည်မသိ acc များမှ ပို့စ်အသစ်များ ဆက်တိုက်ဆိုသလို တက်လာကာ လုမင်နှင့် ပတ်သက်သည့် ပို့စ်များသည် ရေလွှမ်းခံလိုက်ရသည်။ ပင်မစာမျက်နှာရှိ ခေါင်းစဉ်များက ဥက္ကဋ္ဌအသစ်နှင့်ပတ်သက်သော အကြောင်းအရာများဖြစ်ပြီး ဆွေးနွေးမှုပမာဏက ပိုပိုမြင့်တက်လို့လာသည်။

“ငါသိသလောက် ကျောင်းသားဥက္ကဌအသစ်ရဲ့ မိန့်ခွန်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆို - ‘ငါကငါးဆားနူပဲ မင်းတို့ ငါ့ကို ဖိအားမပေးနဲ့’ လို့ ပြောသွားတာပဲ။”

“စာမေးပွဲမှာ အမှတ်ပြည့်ရတဲ့တစ်ယောက်က အပျော်လာကြည့်လာတဲ့ ညီအစ်ကိုရေ! ကျေးဇူးပြုပြီး အမှတ်ပြည့်ရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အရင်ပြောပြပါ (⁠╥⁠﹏⁠╥⁠)”

“သူက ဖွင့်ပွဲအခမ်းအနားမှာတောင် ယဥ်ကျေးမှုမရှိတဲ့ ပြောရဲဆိုရဲရပ်ကွက်ကပဲ၊ ငါကြိုက်တယ် အားး”

“အားးး! ရုန်ရှီက တကယ်ချောတယ်လို့ မထင်ဘူးလားဟေ။ အဲ့ဒီခြေထောက်တွေ၊ ခါး...လက်တွေ၊ မျက်လုံးတွေက အရမ်းကြည့်လို့ကောင်းတယ်။ ငါ့မှာ အချစ်ပြိုင်ဖက်တွေက လှိုင်းလုံးကြီးလို တက်လာတော့မှာပဲ။ ငါအာရုံကြိုရနေပြီ။ မုန်းလိုက်တာဟယ်။”

“အဲ့ဒီမျက်နှာ!မျက်နှာ!! အဲ့လိုလေး ငါပြန်မွေးလာချင်တယ်။”

“နိုင်ငံရေးဌာနက Omegaဘေဘီတို့ရေ အရည်ချင်းပြည့်ဝတဲ့ ထိပ်တန်း Alphaတွေက တစ်ယောက်တည်း မဟုတ်ဘူးနော်။ ကိုယ်ဆိုရင် ဂီတာတီးတတ်တယ်၊ မနက်စာကူဝယ်ပေးနိုင်တယ်။ ကိုယ့်ကိုရွေးကြစမ်းပါ။”

လူအများစုက ရုန်ရှီ၏အံ့ဩစရာ မိန့်ခွန်းအကြောင်းအရာများကို ဆွေးနွေးနေကြပြီး နောက်ပြောင်‌နေကြသည်။ ဒီနေရာမှာ တခြားလူသာဆို သူတို့က အလှောင်ခံရမှာ သေချာသလောက်ပင်။

စစ်တက္ကသိုလ်ကို လာတက်ပြီးတော့ ပြည်သူ့ဝန်ထမ်းလုပ်မယ်၊ မိန်းမယူမယ်ပြောတဲ့လူက ဘယ်မှာရှိလို့လဲ။ ဒီလို ရည်မှန်းချက်နဲ့ဆို ဘေးဘက်က လှုမှုဆက်ဆံရေးနည်းပညာကောလိပ်ကိုပဲ ပြောင်းသွားလိုက်လေ။

ရုန်ရှီက မည်သူဖြစ်သနည်း။ အင်ပါယာ၏ ရှည်ကြာလှသော ရာစုနှစ်များအတွင်း အမှတ်ပြည့်နှင့် ကျောင်းဝင်ခွင့်ရခဲ့သည့် တစ်ဦးတည်းသောလူပင်။ သူ့ပါးစပ်ထဲက ထွက်တာနဲ့ တခြားလူပါးစပ်က ထွက်လာတာနဲ့က တူပါ့မလား။

Alphaများက နောက်ပြောင်နေရင်းပင် အလွန်ချဥ်စူးနေကြသလောက် Omegaတစ်သိုက်ကေတာ့ စုပေါင်းပြီး ရုန်ရှီ့အိမ်ကို ဝင်ရောက်စီးနင်းရန် တိုင်ပင်ကြသည်။ Betaများကသာ ပြိုင်ဆိုင်မှုမရှိ၊ ဖိအားမရှိဘဲ ဖရဲသီးများကို စိတ်အေးချမ်းသာစွာ စားနေကြသည်။

စစ်ထဲဝင်လာကြသည့် Omega အများစုသည် အထိန်းအကွပ် သိပ်မရှိကြဘဲ ကြံ့ခိုင်သူများဖြစ်ကြ၏။ သူတို့၏ စိတ်ဓာတ်များကို လွယ်လွယ်ကူကူနှင့် ချိုးနှိမ်၍မရပါချေ။ ကျောင်းစတက်တုန်းက အဖြူရောင် ပန်းပွင့်လေးများအလား ရှက်တတ်ကြသော်လည်း တစ်နှစ်ခွဲမပြည့်ခင်မှာပင် ဆူးများနှင့် အနီရောင် နှင်းဆီပန်းလေးများအဖြစ် ပြောင်းလဲသွားကြသည်။

လူတစ်စုက ရုန်ရှီကို ပြန်ပေးဆွဲရန် အစီအစဉ်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး တပ်သား ၅၀၀၀ ကျော်ကို နာရီဝက်အတွင်း စုစည်းနိုင်ခဲ့သည်။

ညစာစားချိန်တွင် ဖိုရမ်ပို့စ်မှာ ထူးဆန်းသော ခေါင်းစဉ်တစ်ခု ပေါ်လာခဲ့လေသည်။

[အတွင်းရေးအချက်အလက်။ ။ ရုန်ရှီ၏ ဝင်ခွင့်စာမေးပွဲတွင် အမှတ်များကို လိမ်လည်ခဲ့သော အထောက်အထားများ-]

အဆောင်ထဲသို့ ပြန်ရောက်လာပြီးနောက် ရုန်ရှီက ရေချိုးလိုက်ပြီး ဆံပင်များကိုသုတ်ကာ ရေချိုးခန်းထဲမှ ထွက်လာလိုက်သည်။

ဗဟိုစစ်တက္ကသိုလ်၏ ကျောင်းသားအဆောင်များက အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းပါ၀င်သော ပုံစံဖြစ်ကာ အများအားဖြင့် တိုက်ခန်းတစ်ခန်းတွင် လူနှစ်ယောက်နေကြရပြီး ကျန်သည့်အခန်းလွတ်ကို လေ့ကျင့်ရေးခန်းအဖြစ် အသုံးပြုကြသည်။

အခန်းဖော်မရှိဘဲ တိုက်ခန်းတွင် တစ်ယောက်တည်းနေနိုင်သည်မှာ ကျောင်းသားဥက္ကဋ္ဌ၏ အခွင့်ထူးများထဲမှ တစ်ခုဖြစ်သည်။

သူက မျက်နှာသုတ်ပုဝါကို ခပ်အေးအေး ပစ်ချလိုက်ပြီး ဆိုဖာပေါ်ရှိ Terminalကို ကောက်ကိုင်လိုက်ကာ သူ့လက်ကောက်ဝတ်တွင် ဝတ်ဆင်လိုက်သည်။

“01၊ ထွက်လာခဲ့”

ပျော့ပျောင်းသော အက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ Terminal ပေါ်ရှိ အလှဆင်ထားသော ကျောက်နက်လေးက တုန်ခါသွားသည်။ အောက်ဘက်ရှိ သတ္တုခြေသည်းများက အလိုအလျောက် ပွင့်လာပြီးနောက်တွင် နက်ပြာရောင်ကျောက်က လေထဲသို့ ပျံတက်သွားကာ ရုန်ရှီနှင့်အရပ်တူသော တိုက်ပွဲဝင်ချပ်ဝတ်တစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

နက်ပြာရောင် တိုက်ပွဲဝင်ချပ်ဝတ်က အတော်ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီး အပြင်လွှာ၏ နေရာတိုင်းတွင် ခပ်နက်နက် ခြစ်ရာများရှိနေကာ ဘယ်ဘက်ခြေသလုံး၊ ညာပခုံးနှင့် မျက်နှာအကာများကတော့ လုံး၀ကျိုးကြေနေခဲ့သည်။

သွေးအစွန်းအထင်းများကို သန့်ရှင်းရေးစနစ်ဖြင့် သန့်စင်ထားသော်လည်း အနီးသို့ ကပ်လာသည်နှင့် သတ္တုမှထွက်လာသည့် ပြင်းထန်သော သွေးနံ့ကို ရနိုင်သေးသည်။

ရုန်ရှီက terminal ဝတ်ဆင်ထားသော လက်ကို လေထဲသို့ ပွတ်ဆွဲလိုက်သည်နှင့် ချပ်ဝတ်၏ဘေးတွင် ဟိုလိုဂရပ်ဖစ် ပုံစံတူတစ်ခု ပေါ်လာသည်။

သူ၏လက်ချောင်းများက ရွေ့လျားသွားကြပြီး ရုန်ရှီက မော်ဒယ်ပေါ်ရှိ အစိတ်အပိုင်းများကို စတင်ခွဲထုတ်လိုက်ကာ ပေါ်လာသော window များမှတစ်ဆင့် အချက်အလက်အမျိုးမျိုးကို စစ်ဆေးကြည့်လိုက်သည်။

ဤတိုက်ပွဲချပ်ဝတ်သည် နောက်ဆယ့်ငါးနှစ်အကြာရှိ စစ်မြေပြင်မှ သူနှင့်အတူတူ ပြန်ပါလာခဲ့ပုံရပြီး ထိုဖြစ်စဉ်တွင် တစ်စုံတစ်ခု မှားယွင်းသွားခဲ့ပုံရသည်။ သူက ဆယ့်ရှစ်နှစ်အရွယ်သို့ ပြန်လည်ရောက်ရှိနေသော်လည်း ချပ်ဝတ်ကတော့ ပျက်စီးနေသည့် အခြေအနေတွင်သာ ရှိနေသေးသည်။

ရုန်ရှီက ဒေတာများကို အမြန်စစ်ဆေးပြီး အမိန့်ပေးလိုက်သည်။

“တခြားပုံစံတွေ ပြောင်းနိုင်သေးလား။”

[စွမ်းအင်လမ်းကြောင်းက ပျက်စီးနေပြီး လက်ရှိအချိန်တွင် ပြောင်းလဲ၍မရပါ။ ကိုယ်တိုင် တဖြည်းဖြည်း ပြန်လည်ပြုပြင်နိုင်ပေမဲ့——]

ရုန်ရှီ : “ပြုပြင်နိုင်ပေမယ့်?”

[ဗိုက်ဆာလို့ အစာအရင်ကျွေးပါ ဝူးဝူးဝူး~]

ရုန်ရှီ : “...”

ဤအရာက ဆယ့်ငါးနှစ်အကြာမှ အဆန်းသစ်ဆုံး မော်ဒယ်နှင့် AI ဖြစ်ကာ စွမ်းအင်ကျောက်အသစ်ကိုသာ အသုံးပြု၍ရပြီး လက်ရှိအသုံးပြုနေသည့် AI များနှင်တော့ အတော်ကွာခြားနေသေးသည်။

လက်ရှိ အင်ပါယာတွင် အသုံးပြုနေသော စွမ်းအင်ကျောက်တုံးများမှာ B381 ဖြစ်ပြီး ဤချပ်ဝတ်မှာတော့ B384 ကိုအသုံးပြုရန် လိုအပ်သည်။ ပြဿနာကတော့ B384 သည် တီထွင်ထုတ်လုပ်ထားသော စွမ်းအင်အသစ်ဖြစ်ပြီး နောက်ဆယ့်သုံးနှစ်အကြာတွင်မှ စွမ်းအင်ကျောက်တုံးအဆင့်သို့ တရားဝင် ထည့်သွင်းခံရမည့် အနာဂတ်ကို ပိုင်ဆိုင်ထားခြင်းပင်။

လောလောဆယ်တွင်တော့ ဈေးကွက်ထဲတွင် မပြောနှင့်၊ စစ်တပ်မှာတောင် မရှိသေးပေ။ မျှော်လင့်ချက်ရှိသည့် တစ်ခုတည်းသောနေရာက မှောင်ခိုဈေးကွက်သာဖြစ်သည်။ ထိုနေရာတွင်တော့ ပိုက်ဆံအလုံအလောက်ရှိသရွေ့ ဘာမဆိုဝယ်လို့ရသည်။

ရုန်ရှီက သူ့ငွေစာရင်းကို စစ်ဆေးလိုက်သည်တွင် သူထင်သည်ထက် ပိုဆင်းရဲနေခဲ့သည်ကို တွေ့လိုက်ရသည်။

“ငွေကုန်ကြေးကျခံပြီး ကျွေးမွေးမနေတော့ဘူး။ စွန့်ပစ်လိုက်တာက ပိုကောင်းမယ်ထင်တယ်။”

[ကျွန်တော်က အဝတ်လျှော်၊ ချက်ပြုတ် ၊ မီးဖိုချောင်သန့်ရှင်းရေး၊ ကြမ်းတိုက်၊ ပန်းကန်ဆေး၊ ကလေးထိန်းပေးနိုင်တယ်လေ! သခင် မင်းဘယ်တော့မှ ကျွန်တော့်ထက်ပိုသာတာ ရှာမတွေနိုင်ဘူးနော်~]

ရုန်ရှီ : “...” သင်းရဲ့ ပရိုဂရမ်ကို ပြန်ပြင်ရေးရမယ့်ပုံပဲ။

Terminalက ရုတ်တရက် အသံမြည်လာတာကြောင့် ရုန်ရှီက လုပ်လပ်စကို ချပစ်ကာ terminal၏ ပင်မအင်တာဖေ့စ်ကို ဖြတ်ထုတ်ပြီး hosting ဟုခေါ်သော ပရိုဂရမ်ကို နှိပ်လိုက်သည်နှင့် စောင့်ကြည့်ရေးကင်မရာမှ မြင်ကွင်းက ချက်ချင်းပေါ်လာသည်။

မြင်ကွင်းထဲတွင် နှစ်ထပ်ခုတင်လေးခုပါသည့် အခန်းငယ်ကို ပြသနေကာ အလင်းရောင်မှိန်နေသော်လည်း စောင့်ကြည့်ကင်မရာက အခန်းအတွင်းရှိ အရာအားလုံးကို ကြည်လင်ပြတ်သားစွာ ဖမ်းယူနိုင်သည်။

ကင်မရာသည် ဘယ်ဘက်အပေါ်ဆုံးမှ ခုတင်တွင် ရပ်တန့်သွားပြီး သုံးလေးနှစ်အရွယ် ကောင်လေးတစ်ယောက် ခုတင်ပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့မြင်ရသည်။ ထိုကလေးက အိပ်ပျော်နေရင်းမှ စောင်ကို ခုတင်ခြေရင်းသို့ ကန်ထုတ်လိုက်လေရာ ခုတင်နှင့် ခပ်လှမ်းလှမ်းနေရာရှိ ယုန်ရုပ်လေးဘေးသို့ကျသွားခဲ့သည်။

ကလေးလေးက ရုတ်တရက် အေးလာသောကြောင့် ဘောလုံးလေးလို ကွေးကောက်ကာ ဆက်အိပ်နေသည်။

မွေးကင်းစ ကြောင်ပေါက်လေးများ၏ အသံလောက်ကို တိုးနေခဲ့သော်ငြား ရုန်ရှီကတော့ “ကောကော” ဟူသောခေါ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

သူက မော်နီတာ၏ညာဘက်အောက်ရှိ ခလုတ်ကို နှိပ်လိုက်ပြီး ခုတင်ခြေရင်းမှ ကြက်ဥပုံသဏ္ဌာန် စက်ရုပ်ကို အသက်သွင်းလိုက်သည်။

သူ၏ညွှန်ကြားချက်အရ စက်ရုပ်ငယ်လေးက ယုန်ရုပ်ကို ကလေးဆီသို့ ပို့ဆောင်ပေးပြီးနောက် စောင်ကိုပါ ဖြည်းညှင်းစွာ ပြန်လည်လွှမ်းပေးလိုက်ကာ ညွှန်ကြားချက် ပြီးဆုံးသွားသောကြောင့် ခုတင်ခြေရင်းသို့ ပြန်ဆုတ်ခွာသွားခဲ့သည်။

တစ်ခုခုကို ခံစားလိုက်ရသော ကလေးငယ်က ယုန်ရုပ်ကို ပွေ့ဖက်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ယုန်နားရွက်ကို မျက်နှာလေးနှင့် ပွတ်လိုက်သည်။ နွေးထွေးမှုကို ရရှိသွားသောကြောင့် တွန့်ကွေးနေသော သူလေး၏ မျက်ခုံးများသည်လည်း တဖြည်းဖြည်းချင်း ပြေလျှော့သွားခဲ့သည်။

ရုန်ရှီက ဆိုဖာ၏မှီကာ screen မျက်နှာပြင်ကို အကြာကြီး စိုက်ကြည့်နေသည်၊၊ ကလေးလေး ဘေးကင်းစွာ အိပ်ပျော်သွားကြောင်း သေချာသည့် အချိန်တွင် ပေါ်လာခဲ့သော windowက သူ၏လက်ရှိငွေစာရင်းကို ပြသနေသည်။ စောင့်ကြည့်ရေး ဝန်ဆောင်မှုအတွက် 15 ရက်စာသာ ပေးဆောင်ရန် ငွေကျန်တော့ကြောင်း။

နဖူးပေါ်ရှိ စိုစွတ်နေသော ဆံပင်များကို သပ်တင်လိုက်ပြီးနောက် ရုန်ရှီက စောင့်ကြည့်ရေး ကင်မရာကို အသာပိတ်လိုက်ပြီး 01 အား Terminalရှိ ကျောက်အဖြစ် ပြန်ပြောင်းခွင့်ပြုလိုက်သည်။ ထို့နောက်တွင်တော့ သူကတော့ Holographic Star Wars ဂိမ်းကို နှိပ်လိုက်သည်။

၎င်းက အင်ပါယာတွင် လူကြိုက်များသည့် ဂိမ်းတစ်ခုဖြစ်သည်။ mecha warfare၊ star wars စသည်တို့ကဲ့သို့ တိုက်ခိုက်ရေးအတွေ့အကြုံ အားလုံးကို ပေးစွမ်းနိုင်ပြီး ပုံရိပ်ယောင် တိုက်ခိုက်ရေးပတ်ဝန်းကျင်က တကယ့်စစ်မြေပြင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

နာကျင်မှု အာရုံကြောကို ချိတ်ဆက်ထားမည်ဆိုလျှင် မိနစ်ပိုင်းအတွင်း နည်းလမ်းအမျိုးမျိုးနှင့် သေကြည့်နိုင်ပြီး အဆုံးစွန်အောင် ချဥ်တူတူးဆန်သော ခံစားချက်များအထိ ခံစားနိုင်သည်။

စစ်တပ်က လူတိုင်းလို့ မပြောနိုင်သော်လည်း ထိုအသိုင်းအဝိုင်းမှ လူအများစုက ဒီဂိမ်းကို ကစားကြပြီး အမြင့်ဆုံးစံချိန်ကို ပိုင်ဆိုင်ထားသူက ဂုဏ်ယူစရာကိစ္စဟု သတ်မှတ်ထားကြသည်။ သို့သော်လည်း ရုန်ရှီအတွက်ကတော့ ဒါက ငွေအမြန်ရှာနိုင်သော ကိရိယာတစ်ခုသာ။

လော့ဂ်အင်ဝင်ပြီးနောက် ရုန်ရှီ၏ရှေ့တွင် လက်တွေ့ဆန်သော ပုံရိပ်ယောင်ကမ္ဘာတစ်ခု ပေါ်လာပြီး လမ်းထောင့်တွင်တော့ အမည်းရောင် အားကစားဝတ်စုံကို ဝတ်ထားသော ယုန်နက်လေးတစ်ကောင် ရှိနေသည်။ ဒါက ရုန်ရှီ၏ ဂိမ်းထဲမှ avater ဖြစ်သည်။

ကိုယ်ရေးကိုယ်တာ စာတိုများနှင့် ဂိမ်းတွင်းသတိပေးချက်သံများက ဆက်တိုက်ပင် မြည်နေသည်တွင် ရုန်ရှီက Do Not Disturb ကို အမှန်ခြစ်ပြီး public ပြောင်းကာ ဆုကြေးငွေအစီအစဉ်ကို စစ်ဆေးရန် အကြီးဆုံးသော ကြေညာဘုတ်ရှိရာသို့ လျှောက်သွားခဲ့သည်။

1V1 Mecha Ranking Match နှင့် Wild Star Survival Match တို့က လက်ရှိအချိန်တွင် အသုံးပြုသူ အများဆုံးရှိသော ဂိမ်းများဖြစ်ပြီး ကစားသမားအများစုက လောင်းကြေးဖြင့်ဆော့ကြကာ ဆုကြေးငွေမှာလည်း အလွန်မြင့်မားသည်ပင်။

သို့သော်လည်း Survivalက အချိန်ပိုကုန်သောကြောင့် ရုန်ရှီက စောင့်ဆိုင်းချိန် အနည်းငယ်သာကြာသော mecha ပြိုင်ပွဲကိုသာ ရွေးချယ်ခဲ့သည်။

သူ sign inလုပ်ပြီးသွားသော အချိန်တွင် တစ်စုံတစ်ယောက်က သူ၏ပခုံးကို ပုတ်လိုက်သည်အား ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်ရာ နှင်းဖြူရောင် ပါရှန်ကြောင်လေး ရပ်လို့နေသည်ကို တွေ့လိုက်ရသည်။

ပါရှန်ကြောင်လေးတွင် နူးညံ့သော အမွေးဖွာဖွာလေးများ ရှိပြီး သူက အနက်ရောင်ဘောင်းဘီနှင့် အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားသည်။ သူ၏ ချစ်စရာကောင်းသော ကြောင်မျက်လုံးများက ခပ်စောင်းစောင်းလေး ဖြစ်ကာ မျက်နှာလေးကလည်း ပြုံးရွှင်လို့နေသည်။

“အောင်ပွဲကို စောင့်နေမယ်နော် ယုန်ကလေး။”

*****

-YY

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment