အခန်း ၇၃
Translator - D
စောစောလေးကအထိတော့ ပင်ပန်းနွမ်းနယ်နေခဲ့တာပါ။
သူများတွေ ထင်ထားတဲ့ အကြောင်းရင်းနဲ့တော့ ကွာခြားပေမဲ့ပေါ့။
အဲ့ဒါတောင်မှ မင်းက အိပ်မက်ထဲမှာလိုမျိုး ပေါ်လာခဲ့တာမို့လို့…
အခုတော့ ဘယ်လိုခံစားနေရမှန်း မသိတော့ဘူး။
ငါ ခေါင်းခါလိုက်တယ်။
“ဒါနဲ့ ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ။”
“…ပိန်သွားလို့လား။”
“ဟုတ်တယ်။”
အဲ့ဒီစကားက ရုတ်တရက် ကြည့်ရဆိုးတယ်လို့ ပြောလိုက်သလို ခံစားရတာမို့ ငါ့ကိုယ်ငါ ငုံ့ကြည့်လိုက်မိတယ်။
“လေ့ကျင့်ခန်းတော့ တောက်လျှောက် လုပ်ဖြစ်နေတာကို…”
“ဒီအတိုင်း ရက်ပိုင်းအတွင်းမှာ တအားပင်ပန်းသွားလို့များလားဆိုပြီး တွေးမိလို့ပါ… ဆုံးသွားတာက ၅ ရက်တောင် ရှိပြီဆို။”
“အာ။ အဲ့ဒါက….”
အရေးမပါတဲ့ အတွေးတစ်ခု ထပ်ပေါ်လာတယ်။
ဒီလောက်အထိ ဘယ်လိုခံစားချက်မှ မရှိဘဲ နေနိုင်တာလားဆိုပြီး အံ့ဩရတဲ့အထိပါပဲ။
“အဲ့ဒါကြောင့် မဟုတ်ဘူး။”
“ဒါဆို ဘာကြောင့်လဲ။”
ဟီဂျူက ငါ့ကို ငေးကြည့်ရင်း မေးလာတယ်။
ငါ ပေါ့ပေါ့ပါးပါး ပုခုံးတွန့်ပြလိုက်တယ်။
“ပင်ပန်းလို့ပဲဖြစ်မလား။”
“အဲ့ဒီလိုပဲဖြစ်မှာပေါ့။ E&C ရဲ့ တရားဝင်ဒါရိုက်တာ ခန့်အပ်မဲ့ကိစ္စကို ကြားလိုက်ရပါတယ်။”
“……”
“ရှယ်ယာရှင် အစည်းအဝေးအထိ အချိန်နည်းနည်းတော့ လိုသေးပေမဲ့ ကြိုပြီး ဂုဏ်ပြုပါတယ်။”
စိတ်ရင်းနဲ့ တကယ် ကောင်းသွားတာပဲဆိုပြီး ပြုံးပြနေတဲ့ မျက်နှာမှာ အရိပ်မည်းတစ်စက်တောင် မရှိပါဘူး။
ငါ မှတ်မိနေတာထက်ကို ပိုသဘာဝကျပြီး တောက်ပတဲ့ အပြုံးပေါ့။
တစ်ချက်တော့ ငါ့ရဲ့ မှတ်ဉာဏ်တွေကပဲ ညံ့ဖျင်းနေတာလား၊ ဒါမှမဟုတ် မင်းရဲ့အပြုံးက ပြောင်းလဲသွားတာလားဆိုပြီး တွေးမိသွားတယ်။
အဲ့ဒီနောက် အတွေးတွေက တစ်စစီ လွင့်မျောသွားတော့တယ်။
မင်းက ဘယ်လိုလုပ်ပြီး အဲ့ဒီလို ပြုံးနိုင်ရတာလဲ…
“…မင်းရော။”
“ရှင်။”
“မင်းရော ဘယ်လိုနေနေလဲ။”
“ကောင်းကောင်း နေနေပါတယ်။”
ခန့်မှန်းထားပြီးသား ရိုးရှင်းတဲ့ အဖြေဖြစ်ပေမဲ့ တကယ် ကောင်းကောင်း နေထိုင်နေမှန်း ငါ သိတာပေါ့။
ဟီဂျူရဲ့ ပတ်ဝန်းကျင်မှာ သူ့ရဲ့ အခြေအနေကို ပုံမှန် စောင့်ကြည့်စစ်ဆေးနေတဲ့ ငါ့လူတွေ ရှိနေတုန်းလေ။
အရင်နဲ့ ကွာခြားသွားတာ တစ်ခုရှိမယ်ဆိုရင် သူတို့က ငါ့ဆီကို ဘာမှ ထပ်ပြီး အစီရင်ခံတင်မပြတော့ဘူးဆိုတာနဲ့ ဟီဂျူဆီမှာ အရေးပေါ်ကိစ္စ မပေါ်ပေါက်လာသရွေ့ ရှေ့လျှောက်လည်း အစီရင်ခံစရာ ရှိလာတော့မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။
အရေးပေါ်အခြေအနေမှပဲ ဆက်သွယ်နိုင်အောင် စီစဉ်ထားခဲ့တာမို့လို့ ငါက သတင်းအချက်အလက် ကင်းမဲ့တဲ့ အခြေအနေကို ကျေနပ်ရင်း နေလာခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မင်းသာ ကောင်းကောင်း နေနေတယ်ဆိုရင်ပေါ့။
“အလုပ်ကရော။”
“တစ်ခါတလေ ဘာသာပြန် အပြင်အလုပ်လေးတွေ လက်ခံပြီး လုပ်ပါတယ်။ ဘွဲ့လွန်တက်ဖို့ ပြင်ဆင်နေတာမို့လို့ပါ။”
“ဘွဲ့လွန်။”
“နဂိုက ကျောင်းပြီးတာနဲ့ ချက်ချင်း ဘာသာပြန် ဘွဲ့လွန် ပြင်ဆင်ဖို့ စဉ်းစားထားခဲ့တာမို့လို့ပါ။”
“အင်္ဂလိပ်စာ ကောင်းတာကို၊ မင်းက။”
“…အမေရိကမှာ တက္ကသိုလ်တက်ခဲ့တဲ့သူဆီက အဲ့ဒီလို စကားမျိုးကို မကြားချင်ပါဘူး…”
“ကျောင်းပြီးသွားရင် ပိုက်ဆံ အများကြီး ရှာနိုင်မှာပဲ။”
ရှီးဆိုပြီး ရယ်လိုက်တော့ ဟီဂျူက မျက်စောင်းထိုးခဲ့တယ်။
“ဘယ်သူ့ကို စနေတာလဲ။”
“ဓမ္မဓိဋ္ဌာန်ကျကျ ပြောရရင် အဲ့ဒီလိုပဲမဟုတ်လား။”
“ပုဂ္ဂိုလ်ရေးအမြင်နဲ့ဆိုရင် ကျွန်မမှာ ပိုက်ဆံအတော်အသင့်ရှိတဲ့အကြောင်း သိပြီးသားပဲမဟုတ်လား။”
ငါ ဟီဂျူရဲ့စကားထဲမှာ ရည်ရွယ်ချက်ပါနေတယ်ဆိုတာကို အနည်းငယ် ခံစားမိခဲ့တယ်။
တမင် အဲ့ဒီအချက်ကို ပြန်သတိရစေတဲ့ ရည်ရွယ်ချက်။
မကွာရှင်းခင်တုန်းကလည်း အကြိမ်ကြိမ် ခံစားခဲ့ရဖူးတဲ့ ခံစားချက်ပါ။
ငါ့ကို ရောင်းစားပြီး ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်တွေ ရခဲ့သလိုမျိုး စည်းသားတတ်တာလေ။
ငါက အဲ့ဒီအပေါ်မှာ အစကတည်းက ဘာမှ မခံစားခဲ့ရသလို၊ အခုလည်း အတူတူပါပဲ။
မင်းသာ ငါနဲ့ မကွာရှင်းခဲ့ဘူးဆိုရင်….
မင်းသာ ဆက်ပြီး ငါ့ဇနီးဖြစ်နေခဲ့မယ်ဆိုရင် နစ်နာကြေးလို့တောင် ခေါ်လို့မရနိုင်တဲ့ ပမာဏ ဖြစ်မှာလေ။
အဲ့ဒီလောက် ငွေကို ငွေလို့တောင် ခံစားမိမှာ မဟုတ်ဘူး။
ဒါပေမဲ့လည်း တန်ဖိုးထက် ပိုလွန်တဲ့ အကျိုးအများကြီး ရရှိသွားသလို အဲ့ဒီလို ပုံစံမျိုး လုပ်နေခဲ့တယ်။
“တစ်စုံတစ်ယောက်ရဲ့ ကျေးဇူးကြောင့် အများကြီး ရထားလို့။”
“ငါ့ကျေးဇူးလို့သာ မြင်ခဲ့ရင် အဲ့ဒါကို ပိုက်ဆံလို့ မြင်စရာအကြောင်းမရှိတာကို။”
“ဒီဟာလည်း အများကြီး ပိုနေပါပြီ။”
“နည်းသေးတယ်ဆိုတာ မင်းလည်း သိတယ်မဟုတ်လား။”
“ကျွန်မတို့ အိမ်ထောင်သက်တမ်းက တစ်နှစ်တောင် မပြည့်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။”
တစ်နှစ်ဆိုတဲ့ စကားလုံးက ထပ်ပြီး ဆူးတစ်ချောင်းလို ရင်ထဲကို စိုက်ဝင်လာတယ်။
ငါတို့ လမ်းခွဲခဲ့ကြတာ၊ လက်ထပ်ခဲ့တဲ့ ကာလထက် ပိုကြာမြင့်တဲ့ အချိန်တစ်ခု ကုန်လွန်သွားခဲ့ပြီဆိုတာကို ယုံကြည်လို့မရနိုင်အောင်ပါပဲ။
နောက်ဆုံးတော့ မင်းပြောသလို အရာရာတိုင်းက စီးဆင်းပျောက်ကွယ်သွားတယ်ဆိုတာကို။
အချိန်တွေက ငါ့လက်ထဲကနေ လွတ်ထွက်သွားနေတယ်ဆိုတာကို…
“အဲ့ဒီလောက်လေးပဲ အတူနေခဲ့ဖူးတော့ ဝင်ပါဖို့ နည်းနည်းအားနာပေမဲ့…အဲ့ဒီလိုဆိုရင်တောင်… အဆင်ပြေရင် ကောင်းမှာပါ။”
“……”
“အဆင်လည်း ပြေသွားမှာပါ။”
မင်း ဘာကိုပြောချင်မှန်း သိပါတယ်။
ဈာပနနဲ့ ပတ်သက်ပြီး ပြောနေတယ်ဆိုတာကို၊ မင်းက ငါ့ကို ကိုယ့်အဖေကို နည်းနည်းလောက် ခေါင်းထဲထည့် စဉ်းစားတတ်တဲ့လူအဖြစ် မြင်ပြီး တစ်ချက်လေး စိုးရိမ်ပေးနေတယ်ဆိုတာကို။
အဲ့ဒီလို ကိစ္စမျိုးတွေက ပြီးသွားနှင့်သလောက်ကို အဆင်ပြေနေပြီးသားလေ။
မင်းကို မြင်လိုက်ရတာနဲ့တင် ထပ်ပြီး ဘယ်လိုမှ အဆင်မပြေစရာမရှိအောင် အဆင်ပြေသွားပါပြီ။
ဒါပေမဲ့ ဒီအတိုင်း မင်းကြောင့်၊ မင်းရဲ့စကားက နောက်ဆုံးနှုတ်ဆက်စကားနဲ့ နီးစပ်တာကြောင့်၊ အဲ့ဒီလို အသေးအဖွဲလေးတွေကြောင့်ပဲ အဆင်မပြေ ဖြစ်ရတာပါ။
“ကောင်းကောင်း စားသောက်ပါ။ သဂြိုလ်ဖို့အထိ နှစ်ရက်တောင် လိုသေးတယ်မဟုတ်လား။”
“ဟုတ်တယ်။”
ငါ အဖြစ်မရှိတဲ့ လူလို တစ်ပွဲ ဝမ် ၇ ထောင်တန် ထမင်းဖိုးကို ရှင်းနေတဲ့ ဟီဂျူရဲ့ ကျောနောက်မှာ ရပ်ပြီး သူ့ရဲ့ ကျောပြင်ကို ကြောင်အမ်းအမ်း ငေးကြည့်နေမိတယ်။
သူလျှောက်သွားတဲ့အတိုင်း အနောက်ကနေ လိုက်လျှောက်၊ သူမောင်းတဲ့ကားပေါ် တက်လိုက်ခဲ့ပြီး ဆေးရုံကို ပြန်ရောက်လာခဲ့တယ်။
“ဒါဆို ဆရာကတော်ကို ခဏ သွားတွေ့လိုက်ပါဦးမယ်။”
“အင်း။”
“ပင်ပန်းသွားပါပြီ။”
ဟီဂျူ လှည့်ထွက်သွားတော့တယ်။
ငါလည်း သန့်စင်ခန်းဆီ လျှောက်သွားပြီးတော့ အိမ်သာခွက်ကို ကိုင်ပြီး စားသောက်ထားသမျှ အကုန် အန်ထုတ်ပစ်လိုက်တာပေါ့။
လည်ချောင်းထဲကနေ အကုန်ခြစ်ထုတ်ပစ်လိုက်ရတဲ့အထိ ပျို့အန်ခဲ့ရပေမဲ့လည်း ရယ်ချင်စိတ်ပေါက်လာတယ်။
ဟီဂျူကို တွေ့လိုက်ရတယ်ဆိုတဲ့ အတွေးကြောင့်ပဲ ရယ်ချင်စိတ်တွေ ပေါ်လာခဲ့တာပါ။
ဦးနှောက်နိုးကြွဆေးတွေ အလုပ်လုပ်နေပါပြီ။
ဦးနှောက်က တဖြည်းဖြည်း ရှင်းလင်းလာပြီး အရင်လိုပဲ အတန်အသင့် ထက်မြက်လာတယ်။
မျက်နှာသစ်ပြီး မှန်ထဲမှာ ထင်ဟပ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တယ်။
ပုံစံက အရူးလိုဖြစ်နေတာပဲ။
တစ်နှစ်ခွဲနေမှ မင်းကို ပထမဆုံးအကြိမ် ပြန်ပြခဲ့တဲ့ ပုံစံက ဒီလောက်အထိ ဖြစ်နေတာကို စိတ်တိုင်းမကျပါဘူး။
ပိန်သွားတယ်ဆိုတဲ့ စကားကို အာရုံစိုက်မိနေတယ်။
မင်းအမြင်မှာ နည်းနည်းလောက် ပိုပြီး ကြည့်ကောင်းနေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
ဒီထက်ပိုပြီး ကြည့်ကောင်းနေခဲ့ရင်၊ အဲ့ဒါကြောင့် လှလှလေး မြင်ပေးမယ်ဆိုရင် ကောင်းမှာကို…
ပြုံးနေတဲ့ ငါ့ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တဖြည်းဖြည်း ညှိုးငယ်စွာ ကိုင်းကျလာတာကို တွေ့လိုက်ရတယ်။
လုံးဝ သူစိမ်းတွေထက် နီးစပ်ပြီး၊ အဲ့ဒီလိုဆိုလို့ သူစိမ်း မဟုတ်တာတော့ မဟုတ်တဲ့ အကွာအဝေး။
ဘယ်တော့မှ ကျဉ်းမသွားမဲ့ အကွာအဝေးမှာ မင်းက ရပ်နေတာပါ။
ငါ မျက်နှာထပ်သစ်လိုက်တယ်။
စိုစွတ်နေတဲ့ မျက်နှာက သွေးရောင်မရှိဘဲ ဖြူဖပ်ဖြူရော်နဲ့ပါ။
ငါ မှန်ကို ဆက်မကြည့်တော့ဘဲ သန့်စင်ခန်းထဲကနေ ထွက်လာခဲ့တယ်။
ဟီဂျူက အမေ့လက်ကို တွဲထားပြီး ရှည်လျားတဲ့စင်္ကြံရဲ့ အလှမ်းဝေးတဲ့ဘက်က ခုံတန်းမှာ ယှဉ်ထိုင်နေတာကို မြင်လိုက်ရတယ်။
အမေကတော့ ဆက်ပြီး ငိုကြွေးနေတုန်းပါ။
သရုပ်ဆောင် တကယ်ကောင်းပါရဲ့။
ဒီလို မိသားစုထဲကို အစကတည်းက ဝင်မလာဘဲနဲ့ အဲ့ဒီသရုပ်ဆောင်တာကိုပဲ ဆက်လုပ်ပြီး နေခဲ့ရင် ပိုကောင်းမှာကို။
“……”
အဲ့ဒါကြောင့် မင်းလည်း ငါ့လိုဟာမျိုးကို အစကတည်းက မတွေ့ဆုံခဲ့ရရင် ပိုကောင်းမှာကို။
မွေးမလာခဲ့ရင် ပိုကောင်းမှာကို။
ငါ ဈာပနခန်းမကို ပြန်လာပြီး လာရောက် ဂါရဝပြုကြတဲ့ ဧည့်သည်တွေကို လက်ခံရင်း အဖေ့ကို ငေးကြည့်နေမိတယ်။
ချီးလို တောက်တောက်ပပ ပြုံးနေတဲ့ မျက်နှာပေါ်ကို တံတွေးထွေးချင်စိတ် ပေါက်လာတော့တယ်။
နာရေးပြီးဆုံးသွားတော့ ငါ အားလပ်ရက်ယူခဲ့တယ်။
ရက်ပေါင်းများစွာ တစ်နာရီတောင် မအိပ်ခဲ့ရလို့ပဲဖြစ်မလား၊ တော်တော်လေးကြာမှ ဆေးမသောက်ဘဲ လဲလျောင်းနေရင်းကနေ အိပ်ပျော်သွားတော့တယ်။
နေ့ခင်းဘက်က စိတ်ငြိမ်ဆေး နည်းနည်း သောက်ခဲ့တာပဲ ရှိတာမို့လို့ တော်သေးတယ်ပြောရမှာပေါ့။
ဆေးသောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ တစ်ခါတလေ ရှင်းရှင်းလင်းလင်း ကျန်ရစ်နေတတ်တဲ့ အိပ်မက်တစ်ခု ရှိတယ်။
ဟီဂျူ ပါလာတဲ့ အိပ်မက်တွေက အများစု အဲ့ဒီလိုပါပဲ။
ငါ မေ့ပျောက်သွားမဲ့ နယ်မြေထဲမှာ ဘယ်ညရဲ့ ဟီဂျူမှ ကျန်ရစ်မနေခဲ့ဖို့ စိုးရိမ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ဖူးပေမဲ့၊ တစ်ချိန်ကစပြီး သေချာရေရာတဲ့ အသိစိတ်တစ်ခု ဝင်လာခဲ့တယ်။
ဒါတွေအားလုံးက အိပ်မက်သက်သက်ပဲဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ အသိစိတ်နဲ့ မင်းကို မြင်တွေ့လာရတဲ့ အချိန်ကစပြီးတော့ပေါ့။
အချိန်တွေက မမှန်မကန် ဖြစ်နေတယ်။
တစ်နေ့မှာ ငါ့ရုံးခန်းထဲ ပထမဆုံး လျှောက်လှမ်းဝင်ရောက်လာခဲ့တဲ့ မင်းကို တွေ့ရသလို၊ တစ်နေ့ကျတော့ ဘာမှ မဖြစ်ပျက်ခဲ့တဲ့ သာမန်နေ့ရက်တစ်ရက်မှာ မင်းကို တွေ့ရပြီး၊ နောက်တစ်နေ့မှာတော့ ငါ့ကို တွန်းထုတ်ပြီး အားကုန် အော်ဟစ်ငိုကြွေးနေတဲ့ မင်းကို တွေ့ရတတ်ပါတယ်။
****
Miel’s Translations