no

Font
Theme

Chapter (1)

-------

" ကျောင်းကော ဒီနေရာဆိုတာ သေချာလား?"

" မင်းက အရူးလား? "

ကျောင်းကောဘေးတွင် ရပ်နေသည့် လူငယ်က သရော်လိုက်သည်။

" ကျောင်းကောက ဟွေ့ယန်မြို့သားလေ။ ပြီးတော့ ဒီအိမ်ကြီးက သရဲခြောက်တာ ကြာလှပြီ။ ကျောင်းကောရဲ့ ဝမ်းကွဲဖြစ်တဲ့မင်းက ဒီအကြောင်းကိုတောင် မသိဘူးဆိုတာ အံ့သြစရာပဲ "

ယခုလေးတင် ပြောလိုက်သည့်လူက ခေါင်းငုံ့သွားကာ မကျေနပ်ပုံရသည်။ မည်းနက်ပြီး နိမိတ်မကောင်းသည့် စွမ်းအင်လှိုင်းတစ်ခုက ယွီမြောင်ရဲ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော်လည်း သူက သတိမထားမိပဲ ခေါင်းကိုသာ ဆက်ငုံ့ထားခဲ့သည်။

ကျောင်းယွမ်ရဲ့လက်မောင်းကိုချိတ်ရင်း အတူပါလာသည့်ကောင်မလေးက ချိုသာစွာ ပြောလာသည်။

" ကျောင်းကော ကျွန်မတို့က ဒီနေရာမှာ စွန့်စားခန်းထွက်ကြမှာမလားဟင်? ကျောင်းကောပြောခဲ့တဲ့ကိစ္စကို အရမ်းသိချင်နေပြီ။ မြန်မြန်သွားရအောင်လေ "

ကျောင်းယွမ်က လူအနည်းစုကို တစ်ချက်ကြည့်လိုက်သည်။ သူက သူတို့ထဲတွင် ခေါင်းဆောင်ဖြစ်ပြီး ဒီသရဲအိမ်သို့ လာရောက်စူးစမ်းရန် အကြံပြုခဲ့သူဖြစ်သည်။

သူတို့ငါးယောက်က ဘောပင်တစ္ဆေဆင့်ခေါ်သည့် ဂိမ်းတစ်ခုတွင် ဆုံခဲ့ကြပြီး တူညီသည့်ဝါသနာများကြောင့် အကြိမ်အနည်းငယ်မျှ အတူကစားခဲ့ကြသည်။ သူတို့က ဒါကို ပျော်စရာကောင်းသလို ခံစားရတာကြောင့် အဖွဲ့ငယ်တစ်ခုဖွဲ့ပြီး သရဲခြောက်သည့်နေရာများကို စူးစမ်းလေ့လာခဲ့ကြသည်။

လူငယ်များက ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာကောင်းသည့် အရာများကို အမြဲကြိုက်ကြသော်လည်း တချို့အရာများက သံယောဇဉ်မတွယ်တာ အကောင်းဆုံးဖြစ်သည်။

- အဘယ်ကြောင့်ဆိုသော် ၎င်းက သင့်အသက်ကို ယူသွားနိုင်ပေသည်။

အသင်းထဲတွင် အဖွဲ့ဝင်ငါးယောက်ရှိလေသည်။

ယောကျ်ားသုံးယောက် မိန်းမနှစ်ယောက်ဖြစ်ပြီး ကျောင်းယွမ်က ခေါင်းဆောင်ဖြစ်ကာ ယွီမြောင်, ဝမ်ဖေးဖေး, ဝမ်လိနှင့် လီချွင်တို့က အသင်းသားများ ဖြစ်ကြသည်။

ဒီတစ်ကြိမ်တွင် သူတို့ရဲ့ပန်းတိုင်က ဟွေ့ယန်မြို့၏ဘယ်ဖက်ခြမ်း ခပ်လှမ်းလှမ်း၌ရှိသည့် အိမ်တစ်လုံးဖြစ်သည်။

ဒီအိမ်ရဲ့ပိုင်ရှင်က ဆုံးပါးသွားတာ ကြာပြီဖြစ်ကာ မူလတွင် ခံ့ညားထည်ဝါသည့် စံအိမ်ကြီးက ပေါင်းပင်မြက်ပင်များနှင့် ယိုယွင်းပျက်စီးနေသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ထို့အပြင် ညသန်းခေါင်ဆိုလျှင် အိမ်ကြီးထဲမှ ငိုသံများကြားရသည်ဟု ပြောသူများလည်း ရှိကြသည်။

အသံက စူးစူးရှရှနှင့် နှလုံးကွဲဖွယ်ဖြစ်ကာ ထိုအိမ်တွင် တစ်ညတည်းခိုသည့် လူတစ်ယောက်ဆိုလျှင် နောက်နေ့မနက်၌ လုံးဝရူးသွားပြီး သရဲဟုအော်ဟစ်လျက် အိမ်ကြီးထဲမှထွက်လာသည်ဟုလည်း ပြောကြသည်။

အမှန်တရားကိုတော့ ဘယ်သူမှမသိနိုင်ပေ။ သို့ရာတွင် မြို့ခံလူများက ဒီအိမ်ကြီးအနားသို့ အလွယ်တကူ မချဉ်းကပ်ရဲကြချေ။

ဒါကိုတွေးရင်း ကျောင်းယွမ်မျက်လုံးထဲတွင် ကြောက်ရွံ့မှုတစ်စွန်းတစ်စ ဖြတ်ပြေးသွားသော်လည်း လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။

ဒီတစ်ကြိမ်တွင် စံအိမ်ထဲသို့ သူဝင်ရခြင်းမှာ စွန့်စားမှုအတွက်သာမကပဲ အိမ်ပျက်ကြီးအောက်တွင် ဝှက်ထားသည့် ရတနာအတွက်လည်းပါသည်။

" လီချွင် ငါတို့တွေ ဟိုစံအိမ်နဲ့ ဘယ်လောက်ဝေးသေးလဲ? "

ကျောင်းယွမ်က အနားမှ သစ်ပင်အမြင့်ကြီးများကို ကြည့်လိုက်သည်။ ကောင်းကင်တွင် နေမင်းကြီးတောက်ပနေသည့် နေ့လယ်နေ့ခင်းဖြစ်သော်လည်း သူ ‌ကျောချမ်းနေမိသည်။ထိုကြောင့် သူ့ရဲ့အင်္ကျီအိတ်ကပ်ထံသို့ လက်လှမ်းကာ နတ်ဆိုးဝိဉာဉ်များကို ကာကွယ်တားဆီးပေးသည့် အဝါရောင်လက်ဖွဲ့ကို ထိလိုက်ပြီး စိတ်အေးသွားအောင် လုပ်လိုက်သည်။

မြေပုံကိုင်ထားသည့် လီချွင်က တဖြည်းဖြည်းနှင့် နဖူးတွင် ချွေးပြန်လာပြီး ခဏကြည့်ပြီးနောက် သူပြောလိုက်သည်။

" ရောက်တော့မယ် မီတာရာဂဏန်းလောက် နည်းနည်းသွားလိုက်ရင် ရောက်ပြီ "

ဒီစကားကိုကြားချိန်တွင် ကျောင်းယွမ်ရဲ့အမူအရာက စိတ်မရှည်သည့်ပုံဖြစ်သွားသည်။ ဒါကိုနားလည်သည့် ဝမ်လိက ချက်ချင်းပြောလိုက်သည်။

" ကျောင်းကော အရှေ့မှာ သစ်ငုတ်တစ်ခုရှိတယ်။ ခဏနားပြီးမှ ဆက်သွားရအောင်လေ "

ဝမ်ဖေးဖေးက ချိုမြိန်စွာ သဘောတူလာသည်။

" ဟုတ်တယ် ကျောင်းကောရဲ့။ နေက အရမ်းပူတာပဲ ကျွန်မ မိတ်ကပ်တွေ ပျက်ကုန်တော့မယ် "

ကျောင်းယွမ် သဘောတူလိုက်ကာ ဝမ်ဖေးဖေးရဲ့ လက်သေးသေးလေးကိုဆွဲရင်း ဖလစ်သည့်စကားတွေပြောလျက် အရှေ့သို့လျှောက်သွားခဲ့၏။ ထိုအချိန်တွင် ဝမ်လိက အစေခံတစ်ယောက်လိုမျိုး အနောက်မှလိုက်သွားခဲ့သည်။

နောက်ကျန်နေခဲ့သည့် လီချွင်နှင့် ယွီမြောင်တို့က ဖြည်းဖြည်းချင်း လျှောက်လာကြသည်။

အသေချာကြည့်လျှင် လီချွင်နဖူးပေါ်မှချွေးများက မြေပုံကိုကြည့်ချိန်ကတည်းက ရပ်တန့်သွားခြင်းမရှိကာ ပိုပြီးများလာပုံရသည်။

လီချွင်က အလွန်အမင်း ကြောက်ရွံ့နေလျက် မြေပုံဖွင့်ထားသည့်လက်ချောင်းတို့က တုန်ယင်နေကာ မြေပုံပေါ်မှ ပုံရိပ်တွေကို မနည်းကြည့်နေရသည်။ သူ့နောက်မှလိုက်လာသည့် ယွီမြောင်က ရုတ်တရက်ပြောလာသည်။

" မင်းသတိထားမိတယ်မလား? လမ်းမှားနေတာကို "

ပေါ့ပါးစွာပြောထွက်လာသည့် အနှီစာကြောင်းက လီချွင်အား နေရာတွင် အေးခဲသွားစေခဲ့သည်။

သူ့လည်ပင်းက ဘိလပ်ရည်များနှင့် အဖြည့်ခံလိုက်ရသလို တောင့်တင်းသွားပြီး လီချွင် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

" မင်းဘာပြောလိုက်တာ? "

ယွီမြောင်ရဲ့အသံက ခြောက်ခြားဖွယ်ကောင်းနေခဲ့သည်။

" လမ်းမှားနေတယ်လို့ ပြောလိုက်တာ "

လီချွင်က ခြေဖဝါးမှစပြီး စိမ့်ခနဲဖြစ်သွားသည်။ သူ အော်လိုက်ချင်သော်လည်း ယွီမြောင်ရဲ့အကြည့်နဲ့ မတော်တဆဆုံသွားချိန်တွင် သူမိန်းမောသွားခဲ့သည်။ သူ မိန်းမတစ်ယောက်ကို မြင်လိုက်ရ၏။

- ထိုအမျိုးသမီးက အနီရောင်ဂါဝန်ရှည်တစ်ထည် ဝတ်ထားကာ ဆံပင်များကို ဖြန့်ချထားပြီး ဖြည်းဖြည်းချင်း ခေါင်းမော့လာခဲ့သည်။

နောက်ဆုံးတွင် ခေါင်းမော့လာပြီး သူမရဲ့ဆံပင်ရှည်အောက်မှ သူမမျက်နှာကို ထုတ်ဖော်ပြလာခဲ့သည်။ သူမမျက်နှာက ခရမ်းရောင်ဖြစ်ကာ သွေးများနှင့်ပေကျံနေပြီး သွေးတို့က တစ်စက်စက်ကျနေကာ သူမနှုတ်ခမ်းက အဆိပ်မိထားသလို မည်းနက်နေပြီး သူမမျက်လုံးများက ပြူးကျယ်၍ ရူးသွပ်နေခဲ့ပေသည်။

ထိုမိန်းမက လီချွင်ရဲ့လည်ပင်းကို လှမ်းညှစ်ကာ သူ့နားထဲသို့ တီးတိုးပြောလာသည်။

" နင့်အသားနံ့က မွှေးနေတာပဲ... "

လီချွင်ရဲ့အမူအရာက ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ ပါးစပ်ဟလိုက်သော်လည်း စကားတစ်လုံးမှ ထွက်မလာပဲ ထိုမိန်းမက သူ့ပုခုံးကို ကိုက်နေသည်အား ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။ ထိုမိန်းမက လီချွင်ရဲ့အသားကို စိတ်ဝင်စားပုံမပြပဲ သူ့သွေးကိုသာ တစ်လုတ်စုပ်သောက်ကာ သံအရသာကိုရပြီးနောက် လီချွင်အား ဘေးသို့ လွှင့်ပစ်လိုက်သည်။ထိုနောက် သူက မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ်မျှ လိမ့်သွားပြီး ခြေရာလက်ရာမကျန်အောင် ပျောက်ကွယ်သွားလေသည်။

ထိုအမျိုးသမီးက ပါးစပ်ထောင့်မှ သွေးများကိုသုတ်ကာ သတိမေ့နေသည့် ယွီမြောင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်စိတစ်မှိတ်စာအတွင်းမှာတင် သူမက သူ့ကိုယ်ပေါ်သို့ ရောက်ရှိသွားပေသည်။

ယွီမြောင် သတိပြန်ရလာချိန်၌ သူက လုံးဝသတိမဲ့နေပုံပေါ်ကာ မြေပြင်ပေါ်မှ မြေပုံကိုကောက်ယူပြီး ကျောင်းယွမ်နှင့် တခြားသူများနောက်သို့ အမြန်လိုက်သွားခဲ့သည်။

ကျောင်းဟယ်နှင့် တခြားသူများက သိပ်မဝေးသည့် သစ်ငုတ်လေးတစ်ခုပေါ်တွင် အနားယူနေကြသည်။ သူတို့က သူလာတာကိုမြင်ချိန်၌ ဝမ်လိက မေးလာသည်။

" လီချွင်ဘယ်မှာလဲ? "

ယွီမြောင်က သူ့ကိုဖြတ်ခနဲကြည့်ပြီး ခေါင်းငုံ့လျက် ‌ပြောလိုက်သည်။

" သူ အပေါ့သွားဖို့လိုတယ်တဲ့ အဲ့ဒါကြောင့် သူ..."

" ရပြီ "

ဝမ်လိက ယွီမြောင်ရဲ့စကားကို ရိုင်းစိုင်းစွာ ဖြတ်ပြောပြီး ကျောင်းယွမ်အား လှည့်ပြောလိုက်သည်။

" လီချွင်က ခဏလောက်တော့ ပြန်လာမှာမဟုတ်ဘူးထင်တယ်။ ဆက်သွားရအောင် ကောင်းကင်ကိုကြည့်ဦး ကြည့်ရတာ မိုးရွာတော့မယ့်ပုံပဲ "

ကျောင်းယွမ် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ကောင်းကင်က မှင်ထူထူနဲ့ ဆေးခြယ်ထားသလိုမျိုး မည်းနက်နေကာ မကြာမီ သည်းကြီးမည်းကြီး မိုးရွာချတော့မလို ဖြစ်နေခဲ့သည်။

ဒါကြောင့် ကျောင်းဟယ်က ချက်ချင်းနားလည်သွားသည့် ဝမ်လိနှင့် အကြည့်တစ်ချက် ဖလှယ်လိုက်သည်။

" လီချွင်က နှေးလွန်းတယ် ရှေ့ကသွားနှင့်ရအောင်။ သူနားလည်မှာပါ "

ဝမ်‌ဖေးဖေးနှင့် ယွီမြောင်တို့ နှစ်ယောက်လုံးက သဘောတူကြသည်။ ကျောင်းယွမ်က တွန့်ဆုတ်ဟန်ဆောင်လိုက်သော်လည်း နောက်ဆုံးတွင် သဘောတူလိုက်သည်။

ယခင်အတိုင်းက ကျောင်းဟယ်က ဝမ်ဖေးဖေးနဲ့ လက်ချင်းတွဲကာ ဝမ််လိက မြေပုံကိုကိုင်ထားရင်း သူတို့ဘေးကနေ စနောက်နေခဲ့သည်။  

ယွီမြောင်က ကျောင်းယွမ်ရဲ့နောက်ကျောကို ကြည့်ရင်း ထိုမိန်းမရဲ့ပုံရိပ်က သူ့ကိုယ်ပေါ်တွင် မှုန်ဝါးဝါးပေါ်လာခဲ့သည်။ ထိုမိန်းမရဲ့မျက်လုံးက ရှားရှားပါးပါး ကြည်လင်နေပြီး ကျောင်းယွမ်အားကြည့်လျက် နူးညံ့စွာ ရေရွတ်လိုက်သည်။

" အဲ့တော့ သူ့ရဲ့မျိုးဆက်ပဲ... "

" နစ်နာသူတွေမှာ အကြောင်းရင်းရှိတယ်။ အကြွေးတွေမှာ ပိုင်ရှင်ရှိတယ်။ ဘိုးဘေးဖြစ်သူတွေက အမှားတစ်ခုလုပ်ထားရင် နင်တို့က အဲ့အမှားအတွက်-- "

" -- ပြန်ပေးဆပ်ရမယ်... "

ဒီစကားများ ပြောပြီးချိန်မှာပဲ မိုးကုပ်စက်ဝိုင်းကနေ ကျယ်လောင်သည့် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာကာ ထိုမိန်းမကို သတိပေးနေသလိုမျိုး ပဲ့တင်သံထပ်သွားလေသည်။  

ထိုမိန်းမက အေးစက်စက်ရယ်မောလိုက်ပြီး ယွီမြောင်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကာ သူတို့နဲ့အတူ လိုက်သွားခဲ့သည်။

ရှေ့မှသွားနေသည့် သုံးယောက်ကတော့ အန္တရာယ်က သူတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို လုံးဝသတိမမူမိပေ။

သူတို့ထွက်သွားပြီးနောက် သစ်တောထဲတွင် မြူတစ်ထပ် မြင့်တက်လာခဲ့ကာ တဖြည်းဖြည်း မြူများလွင့်ပြယ်သွားချိန်မှာတော့ ၎င်းရဲ့ပုံစံအမှန်ကို ထုတ်ဖော်ပြလာခဲ့သည်။

ထိုနေရာတွင် ဘာသစ်တောမှမရှိပဲ ကောလဟာလထွက်နေသော သရဲခြောက်သည့် စံအိမ်ကြီး ဖြစ်နေခဲ့လေသည်။

ထို 'မိန်းမ' က တောင့်တင်းစွာ လမ်းလျှောက်နေပြီး သူမနောက်မှာတော့ ပျက်စီးယိုယွင်းနေသည့် တံခါးတစ်ချပ်ရှိပေသည်။

တံခါးပေါ်တွင် တာအိုပညာရှင်တစ်ယောက်ချန်ထားခဲ့သည့် ချိပ်စည်းအမှတ်အသားများ ရှိသေးသော်လည်း အချိန်ကြာညောင်းမှုကြောင့် ချုပ်နှောင်အားက မလုံလောက်တော့ပေ။

ထိုမိန်းမက ချိပ်စည်းရဲ့ မှိန်ဖျော့သည့်စွမ်းအားကို ခံစားမိပြီး သူမရဲ့ခရမ်းရောင်နှုတ်ခမ်းတို့က တွန့်ကွေးသွားကာ ကျောချမ်းစရာကောင်းအောင် ရယ်မောလာခဲ့သည်။

ချိပ်စည်းပျောက်ကွယ်သွားမှုနှင့်အတူ ဒီစံအိမ်ထဲတွင် ချိပ်ပိတ်ခံထားရသည့် သရဲများက အိပ်စက်နေရာမှ နိုးထလာကြသည်။

အပြင်ဖက်ကောင်းကင်ကတောင် နိမိတ်မကောင်းသည့် ဒီစွမ်းအင်ကို ခံစားမိပြီး ညအချိန်လိုမျိုး မဲမှောင်သွားလျက် ပွင့်နေသည့်တံခါးမကြီးက ဖြည်းဖြည်းချင်း ပိတ်သွားခဲ့သည်။

ပြီးလျှင် လူသားများကိုစားသောက်သည့် နတ်ဆိုးဝိဉာဉ်များက စံအိမ်ပတ်လည်တွင် လွင့်မျောနေကြပြီး သူတို့ရဲ့ပျော်ရွှင်စရာအခိုက်အတန့်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။

.........

တခြားတိတ်ဆိတ်သည့် နေရာလွတ်နှင့် အချိန်တစ်ခုတွင်.......

" လွတ်မြောက်ရေးဂိမ်းမှ ကြိုဆိုပါတယ် "

ကုအန်း အနားပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ နက်ပိန်းအောင် မဲမှောင်နေပြီး ဘာကိုမှမမြင်ရပေ။

သူ အသက်ပြင်းပြင်းရှူပြီး တည်ငြိမ်စွာပြောလိုက်၏။

" မင်းက ဘယ်သူလဲ? ငါ့ကို ဒီနေရာခေါ်လာရတဲ့ ရည်ရွယ်ချက်ကဘာလဲ? "

အေးစက်စက်အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။

" ငါက လွတ်မြောက်ရေးဂိမ်းဖန်တီးသူရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မင်းငါ့ကို ပင်မနတ်ဘုရားလို့ ခေါ်လို့ရတယ် "

" ငါ့မှာ ရည်ရွယ်ချက်မရှိဘူး "

ကုအန်းက အသံလာရာသို့မော့ကြည့်လိုက်ပြီး သူ့အကြည့်က ဓားတစ်လက်လို ချွန်ထက်နေခဲ့သည်။

" မင်းမှာ ရည်ရွယ်ချက်မရှိဘူးဆိုမှတော့ ငါ့ကို ပြန်လွှတ်ပေးပါ "

" နောက်ဆုံးအဆင့် အောင်မြင်သွားရင် တကယ့်ကမ္ဘာကို ပြန်သွားနိုင်တယ်် "

ကုအန်းမှာ ဒေါသကြောင့် ရယ်လုနီးပါးဖြစ်သွားခဲ့သည်။ သူက အိမ်မှာ အေးဆေးအလုပ်လုပ်ပြီး တစ်ရေးအိပ်နေခဲ့ရုံဖြစ်သော်လည်း အခုတော့ ဒီနေရာသို့ ခေါ်လာခံရသည်။   

ပြီးတော့ ဒီပင်မနတ်ဘုရားဆိုသူက လျှို့ဝှက်ဆန်းကြယ်စေရန် ကြိုးစားနေဆဲဖြစ်သည်။

သို့ရာတွင် ကုအန်းအနေဖြင့် သူ တစ်ခုခုမေ့နေသလို ခံစားနေရသည်။

ထိုအချိန်တွင် အသံတစ်ခုက သူ့ခေါင်းထဲ၌ ထွက်ပေါ်လာပေသည်။

" ဒါတွေအားလုံးက ငါ့အပြစ်ပါ ဝူးဝူးဝူး... "

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment