အခန်း(၉)
ရှောင်းကျစ်ကဲသည် အန်းချန်းချင်းအား ပုံမှန်ခြေလှမ်းများဖြင့် ဦးဆောင်ခေါ်သွားလေသည်။ ထိုသူမှာ သူ၏နောက်ကျောမှ ထက်မြက်သော လှံကဲ့သို့ပင် မြင့်မားမတ်ဖြောင့်လှပေသည်။ သူ၏ဘေးတွင် ရပ်နေရခြင်းမှာ စကားတစ်လုံးမျှ မဆိုစေဦးတော့၊ အန်းချန်းချင်းအား မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရသော လုံခြုံမှုမျိုးကို ပေးစွမ်းနိုင်ချေ၏။
ခြေလှမ်းအနည်းငယ် ထပ်လှမ်းပြီးနောက် အန်းချန်းချင်းမှာ မနေနိုင်ဘဲ ထပ်မံမေးမြန်းလိုက်သည်မှာ "ကျွန်တော် ဘာပဲလုပ်လုပ် ခင်ဗျား ကျွန်တော့်ကို ကာကွယ်ပေးမှာလား" ဟူ၍ ဖြစ်ပေသည်။
ရှောင်းကျစ်ကဲသည် သူ့အား နားမလည်နိုင်သကဲ့သို့ ကြည့်ကာ "သေချာတာပေါ့။ မင်းက ငါ့ရဲ့ ကြင်ယာတော်ပဲလေ"အခိုင်အမာ ဖြေကြားလိုက်၏။
ထိုသူ၏ အမူအရာမှာ အလွန်ပင် တည်ကြည်လေးနက်လှရာ ဤအဖြေမှာ ယုတ္တိကျပေသည်။
အန်းချန်းချင်းသည် စိတ်ထဲမှ တိတ်တဆိတ် ပြုံးမိကာ ထိုသူအား အခြားလမ်းတစ်ခုသို့ ဆွဲခေါ်သွားပြီး "အခုချက်ချင်း မပြန်ရသေးဘူး။ အနောက်ဘက်ခြံဝင်းကို ကျွန်တော်နဲ့ လိုက်ခဲ့ပါဦး"ဆို၏။
ရှောင်းကျစ်ကဲမှာ သူ၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူနှင့်အတူ လိုက်ပါလာခဲ့ပေသည်။
အန်းအိမ်တော်မှာ တံခါးငါးဆင့်ရှိသော အိမ်တော်ကြီးဖြစ်၏။ သခင်မကြီးမှာ ပင်မခြံဝင်းတွင် နေထိုင်ပြီး အကြီးဆုံးအစ်ကိုနှစ်ဦးဖြစ်သော အန်းကျစ်ခဲ့နှင့် အန်းကျစ်ကျိုးတို့မှာ အရှေ့ဘက်ခြံဝင်းနှင့် အနောက်ဘက်ခြံဝင်းတို့တွင် အသီးသီး နေထိုင်ကြလေသည်။ အန်းချန်းချင်းသည် ရှောင်းကျစ်ကဲအား စင်္ကြံလမ်းမှတစ်ဆင့် ခေါ်ဆောင်လာခဲ့ပြီး ပန်းမုခ်တံခါးကို ဖြတ်ကျော်ကာ အနောက်ဘက်ခြံဝင်းသို့ ရောက်ရှိလာခဲ့၏။
အနောက်ဘက်ခြံဝင်းမှာ ယခုအခါ လူများဖြင့် ရှုပ်ယှက်ခတ်နေပြီး ရံဖန်ရံခါ အော်ဟစ်ငိုယိုသံများကိုလည်း ကြားနေရပေသည်။
အန်းချန်းချင်းနှင့် ရှောင်းကျစ်ကဲတို့ ဝင်လာသည်ကို မြင်သောအခါ အလုပ်ရှုပ်နေကြသော အစေခံများမှာ အံ့အားသင့်သွားကြသော်လည်း ချက်ချင်းပင် အသိပြန်ဝင်ကာ သူတို့၏ အလုပ်များကို ဆက်လက်လုပ်ဆောင်ကြ၏။ သို့သော် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော အစေခံမလေးတစ်ဦးမှာမူ အန်းချန်းချင်းအား မကျေမနပ် စိုက်ကြည့်နေပေသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အခြားအစေခံများကို တွန်းဖယ်၍ အခန်းထဲသို့ ဝင်သွားလေတော့သည်။
"အဲ့ဒါ အန်းချန်းချီရဲ့ အစေခံမလေးရော၊ မောင်းမငယ်ရော ဖြစ်တဲ့ ဖေးချွေလေ" အန်းချန်းချင်းက ရှောင်းကျစ်ကဲအား "အန်းချန်းချီက ကျွန်တော့်အပေါ် ယုတ်မာခဲ့သမျှ အကြံဉာဏ်တွေက အဲ့ဒီမိန်းမဆီက လာတာပဲ"တိုင်တန်းလိုက်၏။
ဖေးချွေသည် အန်းချန်းချီက သူ့အပေါ် မည်သို့သော ရည်ရွယ်ချက်ရှိသည်ကို သိထားဟန်ရှိသဖြင့် သူ့အား တစ်ခါမျှ မနှစ်သက်ခဲ့ချေ။ အပြင်ပန်းတွင်မူ သူမသည် အန်းချန်းချင်းအား မည်သို့ အညံ့ခံလာအောင် ပြုလုပ်ရမည်ကို အကြံပေးတတ်သကဲ့သို့ ကွယ်ရာတွင်လည်း သူ့အား နှိမ်ချရန် အခွင့်အရေးမျိုးစုံ ရှာဖွေတတ်ပေသည်။ ထိုစဉ်က သူသည် ငယ်ရွယ်ပြီး ကြောက်တတ်သဖြင့် ဒေါသများကို မျိုသိပ်ကာ မတရားမှုများကိုသာ အသံတိတ် သည်းခံခဲ့ရပေသည်။
သို့သော် ယခုမူ သူ့တွင် အားကိုးရာ ရှိနေပြီ ဖြစ်၏။
ထိုလူငယ်လေးသည် ချွဲနွဲ့သော လေသံဖြင့် ရှောင်းကျစ်ကဲအား သူ၏ ဆင်းရဲဒုက္ခများကို ရင်ဖွင့်နေပေသည်။ သူ့အား ကြည့်နေသော မျက်လုံးဝိုင်းကြီးများမှာ မိသားစုဝင်များထံတွင် မတရားခံရကြောင်း တိုင်တန်းနေသော ကလေးငယ်တစ်ဦးကဲ့သို့ ရှိနေချေ၏။ ရှောင်းကျစ်ကဲ၏ နှလုံးသားမှာ နူးညံ့သွားရပေသည်။ သူသည် အန်းချန်းချင်း၏ လက်ဖဝါးလေးကို အသာအယာ ဆုပ်ကိုင်လိုက်ပြီး နားထဲတွင် "သူမက အန်းကျစ်ခဲ့ကို သတင်းပေးနေတဲ့သူပဲ"တိုးတိုးလေး ဆိုလိုက်၏။
"!!!" အန်းချန်းချင်းသည် အံ့အားသင့်သွားသဖြင့် မျက်လုံးများမှာ ပြူးကျယ်သွားရပေသည်။
ဤနေရာမှာ စကားပြောရန် သင့်တော်သော နေရာမဟုတ်ပေ။ ရှောင်းကျစ်ကဲက "သူမက အရမ်းအသုံးဝင်တဲ့ နယ်ရုပ်လေးတစ်ရုပ်ပဲ။ သူမကို ကောင်းကောင်းသုံးတတ်ရင် အန်းချန်းချီကို သတ်နိုင်ရုံတင်မကဘဲ အန်းညီအစ်ကိုတွေကြားမှာပါ သွေးခွဲနိုင်လိမ့်မယ်"လမ်းညွှန်လိုက်၏။
အန်းချန်းချင်းမှာ ဤသတင်းအချက်အလက်ကို အပြည့်အဝ နားမလည်နိုင်သေးသဖြင့် မည်သို့သောအစီအစဉ်မှ မထွက်လာသေးချေ။ သူက စိတ်မရှည်စွာဖြင့် "ဘယ်လိုမျိုးလဲဟင်"မေးလိုက်သည်။
"စဉ်းစားကြည့်ဦး" ရှောင်းကျစ်ကဲက ချက်ချင်း အဖြေမပေးဘဲ အခန်းဆီသို့ သူနှင့်အတူ လျှောက်သွားလိုက်၏။ အန်းချန်းချင်း ထပ်မံမမေးမီမှာပင် ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ကြားဖြတ်ဝင်လာပေတော့သည်။
"မင်းက ဘယ်လိုရဲတင်းလို့ ဒီကို လာရတာလဲ!" အန်းကျစ်ကျိုး၏ ဇနီးဖြစ်သူ ဆွန်းသခင်မသည် အော်ဟစ်ကာ အန်းချန်းချင်းထံသို့ ပြေးဝင်လာ၏။ "မိန်းမပျက်! မင်းက သူ့ကို မြှူဆွယ်တာနဲ့တင် အားမရသေးဘူး၊ အခုတော့ သူ့ကို ဒီလိုတွေအထိ လုပ်ရက်တယ်ပေါ့။ မင်းရဲ့ အသက်နဲ့ ပြန်ပေးဆပ်စေရမယ်!"
အန်းချန်းချင်းမှာ ချက်ချင်း တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ ထိုအမျိုးသမီး၏ ထက်မြက်သော လက်သည်းများက သူ၏မျက်လုံးများကို ကုတ်ခြစ်တော့မည့်အချိန်တွင် ရှောင်းကျစ်ကဲက သူ့ရှေ့မှ ကာကွယ်ပေးလိုက်သည်ကို မြင်လိုက်ရ၏။ နောက်တစ်စက္ကန့်တွင်မူ ကန်ချက်တစ်ခုကြောင့် ဆွန်းသခင်မမှာ နောက်သို့ လွင့်ထွက်သွားပြီး နှင်းဆီသစ်သား ကုလားထိုင်ပေါ်သို့ လဲကျသွားပေတော့သည်။
ရှောင်းကျစ်ကဲ၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ပေါက်နေချေပြီ။ သူက "ကြင်ယာတော် အိမ်ပြန်လာတဲ့နေ့မှာ အန်းချန်းချီက မရိုသေသရုံတင်မကဘဲ ကြင်ယာတော်ကိုတောင် စော်ကားရဲခဲ့တယ်။ ငါက သူ့ရဲ့ လက်နဲ့ ခြေထောက်ကိုပဲ ဖြတ်လိုက်တာဟာ အတော်လေး သနားညှာတာခဲ့တာပဲ။ ကြင်ယာတော်ကသာ သနားလို့ တောင်းပန်မနေဘူးဆိုရင် သူ အသက်ရှင်နိုင်ဦးမယ်လို့ မင်း ထင်နေတာလား"သတိပေးလိုက်၏။ သူသည် ဆံပင်များ ဖရိုဖရဲဖြစ်နေသော ဆွန်းသခင်မအား စူးစိုက်ကြည့်ကာ အေးစက်သော အသံဖြင့် "ဒါမှမဟုတ် ဆွန်းသခင်မက ဒီအပြစ်ဒဏ်က နည်းလွန်းတယ်လို့ ထင်နေတာလား"မေးခွန်းထုတ်လိုက်ပေသည်။
အန်းကျစ်ကျိုးသည် သူ၏ဇနီးအား တွဲထူသော်လည်း သူမ၏ ခြေထောက်များမှာ ပျော့ခွေနေချေပြီ။ သူမသည် ယိမ်းယိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ရ၏။ အန်းကျစ်ကျိုးသည်လည်း ဒူးထောက်လိုက်ပြီး ကြောက်လန့်တကြားဖြင့် "ကျွန်တော့်ရဲ့ ဇနီးက လူမိုက်မို့လို့ပါ၊ သားဖြစ်သူကို အချစ်လွန်နေလို့ ပြောမိတာပါ။ ကြင်ယာတော်ကို မရိုသေချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး။ မင်းသား ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"လျှောက်တင်လေသည်။
ရှောင်းကျစ်ကဲသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ဇနီးမောင်နှံကို လျစ်လျူရှုကာ အန်းကျစ်ခဲ့ဘက်သို့ လှည့်လိုက်၏။ "အမတ်အန်း... မင်းက တစ်နေ့လုံး အလုပ်ထဲမှာပဲ စိတ်နှစ်မထားသင့်ဘူး။ ဒီမိသားစုကို ပြန်လည်တည့်မတ်ဖို့ အချိန်တန်ပြီ။ မဟုတ်ရင်တော့ တစ်နေ့နေ့မှာ အန်းမိသားစုရဲ့ ဂုဏ်ဒြပ်တွေ ပျက်စီးသွားလိမ့်မယ်"
အန်းကျစ်ခဲ့၏ မျက်နှာမှာ ညိုမှောင်သွားပြီး ဦးညွှတ်လိုက်ကာ "မင်းသားရဲ့ သွန်သင်မှုက မှန်ကန်ပါတယ်"ဆို၏။ ထို့နောက် သူသည် အန်းချန်းချင်းအား အလွန်ပင် မကျေမနပ်ဖြစ်သော အကြည့်ဖြင့် ကြည့်လိုက်ပေသည်။ သို့သော် ရှောင်းကျစ်ကဲ ရှိနေသဖြင့် သူ မရဲတင်းဝံ့ဘဲ အတင်းအပြုံးဖြင့်သာ "ကြင်ယာတော် တခြား ဘာများ လိုအပ်ပါသေးလဲ"မေးလိုက်ရ၏။
အန်းချန်းချင်း၏ ရည်ရွယ်ချက်မှာ သူ့အား ရှာဖွေရန်ဖြစ်သဖြင့် သူက တိုက်ရိုက်ပင် ပြောလိုက်သည်မှာ "ယွီသခင်မက နေမကောင်းဖြစ်နေတာ ကြာပါပြီ၊ အခု သောက်နေတဲ့ ဆေးတွေကလည်း မထူးခြားဘူး။ အတော်ပဲ ဝမ်အိမ်တော်မှာ တော်တဲ့ သမားတော်တစ်ယောက် ရှိနေတာနဲ့ မင်းသားရဲ့ ခွင့်ပြုချက်နဲ့ နောက်နှစ်ရက်နေရင် သူ့ကို ခေါ်လာပြီး အမေကို စမ်းသပ်ခိုင်းမယ်" ဟူ၍ ဖြစ်ပေသည်။
အန်းကျစ်ခဲ့၏ မျက်လုံးများမှာ တုန်လှုပ်သွား၏။ သူ ပြန်လည်မပြောဆိုမီမှာပင် လီသခင်မက ကြားဖြတ်၍ "ယွီသခင်မကို ဆေးပေးနေတဲ့ သမားတော်က တက်ရန်ခန်းမက ဖြစ်ပြီး အတွေ့အကြုံလည်း နှစ်ပေါင်းများစွာ ရှိပါတယ်။ တခြားသူနဲ့ ပြောင်းလိုက်ရင်တောင်..."
"သူမ သက်သာသွားတဲ့အထိ တခြားသူတွေနဲ့ ဆက်ပြီး ပြောင်းနေမှာပဲ" အန်းချန်းချင်းက သူမ၏ စကားကို ဖြတ်ပြောလိုက်၏။ "အဖေ... ဒါက ယုတ္တိရှိတဲ့ နည်းလမ်းတစ်ခုလို့ မထင်ဘူးလား"
အန်းကျစ်ခဲ့၏ မျက်နှာမှာ တစ်စထက်တစ်စ ကြည့်ရဆိုးလာပေသည်။ သူ၏ရှေ့တွင် ရပ်နေသူမှာ မျက်နှာသာမပေးခံရသော မောင်းမငယ်၏သား မဟုတ်တော့ဘဲ မြောက်ပိုင်းစစ်ဘုရင်၏ ကြင်ယာတော် ဖြစ်နေပြီ။ အန်းကျစ်ခဲ့သည် ဦးညွှတ်ကာ "ဒါက မှန်ကန်ပါတယ်" ဟုသာ သဘောတူလိုက်ရ၏။
အန်းချန်းချင်းက ဖြည်းဖြည်းချင်း ဆက်ပြောသည်မှာ "စကားမစပ်... သက်တံဥယျာဉ်က အိမ်တော်ရဲ့ အဝေးကြီးမှာ ရှိနေပြီး ဘေးမှာလည်း ဘယ်သူမှ မရှိဘူးလေ။ မင်းသားက စိုးရိမ်နေတဲ့အတွက် ကျောက်ရှီးကို အဲ့ဒီမှာ ထားခဲ့လိုက်တယ်"
အန်းကျစ်ခဲ့၏ မျက်နှာမှာ ပျက်ယွင်းသွား၏။ သူသည် သွားများကို တင်းတင်းစေ့ကာ အောင့်ထားပြီးမှ "ဒါက ဖြစ်သင့်တဲ့အတိုင်းပါပဲ၊ ကျွန်တော် ပေါ့ဆသွားမိတာပါ"ပြန်လည်ဖြေကြားလေသည်။
သူ၏ ရည်ရွယ်ချက်များ အားလုံး အောင်မြင်သွားသဖြင့် အန်းချန်းချင်းသည် ကျေနပ်စွာ ပြုံးလိုက်၏။ သူသည် ဒူးထောက်နေဆဲဖြစ်သော အန်းကျစ်ကျိုးနှင့် သူ၏ဇနီးအား "ဝမ်အိမ်တော်မှာ လုပ်စရာတွေ အများကြီး ရှိသေးလို့ အစ်ကိုဝမ်းကွဲဆီကိုတော့ နောက်နေ့မှပဲ လာတွေ့တော့မယ်"ဆိုလိုက်သည်။
ဆွန်းသခင်မမှာ ဒေါသကြောင့် လက်သည်းများဖြင့် မိမိ၏အရေပြားကိုပင် ဆိတ်ထားမိသော်လည်း စကားတစ်လုံးမျှ မဆိုရဲချေ။ အန်းကျစ်ကျိုးကမူ အလျင်အမြန်ပင် "ကြင်ယာတော်ကို မပင်ပန်းစေချင်ပါဘူး"လျှောက်တင်လေသည်။
အန်းချန်းချင်းသည် ယဉ်ကျေးစွာ ခေါင်းညိတ်ပြပြီး ရှောင်းကျစ်ကဲနှင့်အတူ ထွက်ခွာလာခဲ့ပေသည်။
အပြန်လမ်းတွင် အန်းချန်းချင်းသည် ယခင်အတိုင်း ရထားလုံးထဲတွင် ထိုင်နေပြီး ရှောင်းကျစ်ကဲမှာမူ သူ၏ဘေးမှ မြင်းစီး၍ လိုက်ပါလာ၏။
နေမွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဆောင်းရာသီ၏ နေရောင်ခြည်မှာ နွေးထွေးသော အလင်းတန်းများကို ပေးစွမ်းနေပေသည်။ အန်းချန်းချင်းသည် ရထားလုံး၏ လိုက်ကာကို မ၍ ရှောင်းကျစ်ကဲအား လှမ်းကြည့်လိုက်၏။ ထိုသူမှာ မနက်က ဝတ်စုံအတိုင်းပင် ရှိနေသေးပြီး မြင်းနက်ကြီးပေါ်တွင် တည်ကြည်ခန့်ညားစွာ ထိုင်နေချေသည်။ နေရောင်ကို မျက်နှာမူထားသဖြင့် အန်းချန်းချင်း၏ အမြင်မှာ အနည်းငယ် ဝေဝါးနေသော်လည်း သူ၏ခင်ပွန်းသည်မှာ အလွန်ပင် ခန့်ညားလှသည်ဟု သူ တွေးနေမိပေသည်။
လမ်းဘေးတစ်နေရာမှ ဆိုင်တစ်ဆိုင်၏ စည်ကားသံကို ကြားလိုက်ရသဖြင့် အန်းချန်းချင်းက စူးစမ်းကြည့်လိုက်ရာ 'စန်းဝေကျဲ' ဟူသော ဆိုင်းဘုတ်ကို မြင်တွေ့လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် နောက်ပြောင်လိုသော အရောင်များ ပေါ်လာပေသည်။
သူသည် လက်လှမ်းကာ ရှောင်းကျစ်ကဲ၏ ဝတ်ရုံစကို ဆွဲလိုက်ပြီး "ကျွန်တော် ဇီးပန်းမုန့်တွေ စားချင်တယ်"ဆို၏။
ရှောင်းကျစ်ကဲသည် မြင်းကို ရပ်လိုက်ပြီး သူ့အား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော လူငယ်လေးအား ငုံ့ကြည့်လိုက်ပေသည်။ လိမ္မော်ရောင် နေရောင်ခြည်မှာ ထိုလူငယ်လေး၏ မျက်နှာပေါ်သို့ ကျရောက်နေသဖြင့် နတ်သားလေးတစ်ပါးကဲ့သို့ပင် တောက်ပနေချေ၏။
"ငါ ဝယ်ပေးမယ်" ရှောင်းကျစ်ကဲသည် ရထားလုံးကို ရပ်ရန် အမိန့်ပေးလိုက်၏။ သူသည် မြင်းပေါ်မှ ဆင်းကာ စန်းဝေကျဲ ဆိုင်ထဲသို့ လျှောက်သွားလေတော့သည်။
စန်းဝေကျဲမှာ စီးပွားရေး အလွန်ကောင်းသဖြင့် ဆိုင်ရှေ့တွင် လူအများအပြား တန်းစီနေကြပေသည်။ သို့သော် ရှောင်းကျစ်ကဲ ရောက်ရှိလာသောအခါ လူအုပ်ကြီးမှာ ဓားဖြင့် အလယ်မှ ပိုင်းဖြတ်လိုက်သကဲ့သို့ပင် လမ်းဖယ်ပေးကြ၏။ ရှောင်းကျစ်ကဲမှာမူ ဤသို့သော တုံ့ပြန်မှုများကို အသားကျနေပြီဖြစ်ရာ ပုံမှန်အတိုင်းပင် လျှောက်သွားကာ အသစ်စက်စက် ဖုတ်ထားသော မုန့်တစ်သေတ္တာကို ဝယ်ယူလိုက်ပေသည်။
"မင်း နှစ်ခုပဲ စားရမယ်နော်" ရှောင်းကျစ်ကဲက မုန့်သေတ္တာကို ကမ်းပေးရင်း "ညစာစားဖို့ အချိန်နီးနေပြီ"ဆို၏။
အသစ်စက်စက် ဖုတ်ထားသော ဇီးပန်းမုန့်များမှာ ပိုမိုမွှေးပျံ့လှပေသည်။ အန်းချန်းချင်းသည် မုန့်တစ်ကိုက် စားလိုက်ပြီး ထိုသူ၏ စကားကြောင့် မျက်နှာလေး ဆူပုပ်သွားကာ "မုန့်က အေးသွားရင် မကောင်းတော့ဘူးလေ၊ အလဟဿ ဖြစ်ကုန်မှာပေါ့"ဆို၏။
ရှောင်းကျစ်ကဲက "ငါ နောက်တစ်ခါ ထပ်ဝယ်ပေးမယ်လေ"ဆိုပေသည်။
အန်းချန်းချင်းက ခေါင်းခါလိုက်၏။ သူ၏ မျက်လုံးများမှာ တောက်ပသွားပြီး လက်လှမ်းကာ ရှောင်းကျစ်ကဲ၏ ရှေ့သို့ မုန့်တစ်ဖဲ့ ကမ်းပေးလိုက်သည်မှာ "ကျွန်တော်နဲ့ အတူတူ စားရအောင်လေ" ဟူ၍ပင် ဖြစ်၏။
ရှောင်းကျစ်ကဲသည် သူ၏လက်ထဲမှ ဇီးပန်းမုန့်ကို ကြည့်ကာ ခြေလှမ်းများကို နှေးကွေးစေလိုက်သည်။ သူတို့၏ နောက်ကွယ်မှ လူအချို့၏ အံ့အားသင့်သော အသံများကို ကြားလိုက်ရသဖြင့် အန်းချန်းချင်းနှင့် ရှောင်းကျစ်ကဲတို့က နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုသူများမှာ ချက်ချင်းပင် အကြည့်လွှဲကာ မိမိတို့အလုပ်ကို မိမိတို့ လုပ်နေဟန် ဆောင်ကြလေတော့သည်။
အန်းချန်းချင်းသည် ရှောင်းကျစ်ကဲဘက်သို့ လှည့်ကာ "မုန့်အေးမသွားခင် စားလိုက်ပါဦး"တိုက်တွန်းလိုက်၏။
ရှောင်းကျစ်ကဲမှာမူ ခေါင်းငုံ့ကာ ထိုသူ့လက်ထဲမှ မုန့်ကို တစ်ကိုက် စားလိုက်ရလေတော့သည်။ ထိုမုန့်မှာ သေးငယ်ပြီး ဇီးပွင့်အနှစ်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ သကြားမပါဝင်သင့်သော်လည်း သူ၏ နှလုံးသားထဲတွင်မူ ချိုမြိန်သော ခံစားချက်တစ်ခုမှာ စီးဆင်းသွားရပေသည်။
"ပြန်ကြရအောင်" ရှောင်းကျစ်ကဲသည် ချောင်းတစ်ချက် ဟန့်ကာ "မင်း မကုန်တာတွေကို ငါ စားပေးမယ်"ဆိုလေသည်။
အန်းချန်းချင်းက "ဟုတ်ကဲ့"ပြန်ထူးကာ နောက်ထပ် မုန့်တစ်ဖဲ့ကို ပါးစပ်ထဲသို့ ထည့်လိုက်ပေတော့သည်။
ဝမ်အိမ်တော်သို့ ပြန်လည်ရောက်ရှိသောအခါ အိမ်တော်ထိန်းဝမ်သည် အစေခံအချို့နှင့်အတူ ကြိုဆိုရန် ထွက်လာခဲ့၏။ အန်းချန်းချင်းသည် ရထားလုံးပေါ်မှ ဆင်းလိုက်စဉ် ထိုသူမှာ ခြေထောက် မသန်မစွမ်းဖြစ်နေသည်ကို သတိပြုမိသွားကာ "ခင်ဗျား ခြေထောက် ဘာဖြစ်တာလဲ။ နေမကောင်းရင် အနားယူသင့်တယ်လေ"မေးလိုက်၏။
အိမ်တော်ထိန်းဝမ်မှာ စကားလုံးများ ပျောက်ရှသွားရပေသည်။ သူသည် မည်သို့ရှင်းပြရမည်ကို မသိသဖြင့် ရှောင်းကျစ်ကဲအားသာ လှမ်းကြည့်နေမိ၏။
"သူ အမှားလုပ်မိလို့ အပြစ်ပေးခံထားရတာ"ရှောင်းကျစ်ကဲက ဆိုလိုက်သည်။
အန်းချန်းချင်း၏ မျက်လုံးများမှာ လှုပ်ခတ်သွားသော်လည်း သူ ထပ်မံ၍ မမေးတော့ချေ။ သူသည် ရှောင်းကျစ်ကဲနှင့်အတူ အဓိကခြံဝင်းသို့ ထွက်လာခဲ့၏။ အစေခံများက ညစာပြင်ဆင်နေကြစဉ် သူတို့နှစ်ဦးမှာ ကိုယ်လက်သန့်စင်ကြလေသည်။ ညစာ စားပွဲပြင်ပြီးသောအခါ အန်းချန်းချင်းသည် အစေခံများ ခြံရံနေသည်ကို အသားမကျသဖြင့် သူတို့ကို ထွက်ခွာခိုင်းလိုက်ရာ အခန်းထဲတွင် ရှောင်းကျစ်ကဲနှင့် သူ နှစ်ဦးတည်းသာ ကျန်ရစ်တော့ပေသည်။
ရှောင်းကျစ်ကဲသည် ငါးတစ်ဖဲ့ကို ခပ်ယူကာ အလွန်ပင် လေးနက်စွာဖြင့် အရိုးများကို စနစ်တကျ စတင်နွှင်ပေးနေ၏။
အန်းချန်းချင်းသည် သူ့အား ကြည့်ကာ "ကျွန်တော့်ကြောင့်လားဟင်"မေးလိုက်သည်။
"ဟမ်?" ရှောင်းကျစ်ကဲက မော့ကြည့်လိုက်၏။
"အိမ်တော်ထိန်းဝမ်ရဲ့ ဒဏ်ရာလေ"
ရှောင်းကျစ်ကဲက ခေါင်းညိတ်ပြပြီး သူ၏ အလုပ်ကို ဆက်လုပ်နေ၏။ "မင်းရဲ့ အိမ်ပြန်ခရီးအတွက် လက်ဆောင်တွေကို ကြိုတင်ပြင်ထားရမှာ။ သူက သူ့ရဲ့တာဝန်ကို ပေါ့ဆခဲ့တဲ့အတွက် ဒါက ထိုက်တန်တဲ့ အပြစ်ဒဏ်ပါပဲ"
"အကယ်၍ အိမ်တော်ထဲမှာ တစ်ယောက်ယောက်က ကျွန်တော့်ကို နှိပ်စက်ရင်ရော" အန်းချန်းချင်းသည် ရှေ့သို့ တိုးသွားကာ တောက်ပသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။
"တစ်ယောက်ယောက်က မင်းကို နှိပ်စက်လို့လား" ရှောင်းကျစ်ကဲသည် မျက်မှောင်ကြုတ်သွားပေသည်။
"ဟင့်အင်း၊ မေးကြည့်ရုံတင်ပါ" အန်းချန်းချင်းသည် ခေါင်းခါကာ ပြုံးလိုက်၏။
ရှောင်းကျစ်ကဲ၏ မျက်မှောင်ကြုတ်မှုမှာ ပြေလျော့သွားပြီး "ငါ အဲ့ဒီလူကို ဖယ်ရှားပစ်မယ်"ဆို၏။
"ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် သူတို့ကို သင်ခန်းစာပေးချင်တယ်ဆိုရင်ရော" ထိုသူ၏ အလိုလိုက်မှုကို ခံစားလိုက်ရသဖြင့် အန်းချန်းချင်းသည် သူ၏ အကန့်အသတ်ကို စမ်းသပ်လိုစိတ် ပေါ်ပေါက်လာပေသည်။
"မင်းကိုယ်တိုင် သင်ခန်းစာပေးမယ်?" ရှောင်းကျစ်ကဲမှာ အနည်းငယ် နားမလည်နိုင်သကဲ့သို့ ဖြစ်သွားကာ "အိမ်တော်ထဲမှာ နှိပ်စက်ခန်း ရှိတယ်လေ၊ တစ်ယောက်ယောက်ကို ခေါ်ပြီး မင်းအတွက် လုပ်ခိုင်းလိုက်ပေါ့"ဆို၏။ ရှောင်းကျစ်ကဲသည် အန်းချန်းချင်းအား ထိုသို့သော နေရာများသို့ မသွားစေလိုချေ။ အန်းချန်းချင်းမှာ အလွန်ပင် နုနယ်လွန်းလှသဖြင့် အခြားသူကို သင်ခန်းစာမပေးမီ မိမိကိုယ်ကိုယ်သာ နာကျင်သွားမည်ကို သူ စိုးရိမ်နေမိခြင်း ဖြစ်ပေသည်။
အန်းချန်းချင်းသည် ရှောင်းကျစ်ကဲက အထင်လွဲနေကြောင်း သိလိုက်သဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ သူက သူ၏ ရည်ရွယ်ချက်ကို ရှင်းပြသည်မှာ "ကျွန်တော် ဆိုလိုတာက အခု ကျွန်တော်က ခင်ဗျားရဲ့ ကြင်ယာတော် ဖြစ်နေပြီလေ၊ ဝမ်အိမ်တော်ရဲ့ ကိစ္စတွေကို ကျွန်တော် စီမံခန့်ခွဲတတ်အောင် သင်ယူသင့်တယ်။ အရင်ကတော့ ခင်ဗျားမှာ တခြားသူမရှိလို့ အိမ်တော်ထိန်းဝမ်ကို အကုန်လွှဲထားရတာလေ၊ အခုတော့ ကျွန်တော် ကြိုးစားကြည့်ချင်တယ်" ဟူ၍ပင် ဖြစ်၏။
ထို့နောက် သူသည် ရှောင်းကျစ်ကဲအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်ပေသည်။
အန်းချန်းချင်းက ထိုသူ့ထံမှ ခွင့်ပြုချက်မရနိုင်ဟု ထင်မှတ်နေစဉ်မှာပင် ရှောင်းကျစ်ကဲက ထင်ရှားလှသော အမှန်တရားတစ်ခုကို ပြောဆိုသကဲ့သို့ "သေချာတာပေါ့၊ ဝမ်အိမ်တော်ဟာ မင်းရဲ့ စီမံမှုအောက်မှာပဲ ရှိပါတယ်။ မင်း ကြိုက်တာမှန်သမျှ လုပ်နိုင်ပါတယ်"ဆိုလေသည်။
အန်းချန်းချင်းမှာ ဆွံ့အသွားရ၏။ ဤလူ၏ အတွေးအခေါ်မှာ အလွန်ပင် ရိုးရှင်းလှကြောင်း နားလည်ရန် သူ အချိန်အနည်းငယ် ယူလိုက်ရပေသည်။ သူသည် ကြင်ယာတော်ဖြစ်နေသဖြင့် သူ့အား ကာကွယ်ပေးမည်မှာ မပြောဘဲ သိရမည့်အရာဖြစ်သကဲ့သို့ သူသည် ကြင်ယာတော်ဖြစ်နေသဖြင့် ဝမ်အိမ်တော်အား စီမံခန့်ခွဲရမည်မှာလည်း မပြောဘဲ သိရမည့်အရာ ဖြစ်နေပေသည်။
ဤသို့သော အစွဲအလမ်းများကြောင့်သာ ရှောင်းကျစ်ကဲသည် အန်းချန်းချင်း၏ တောင်းဆိုမှုများကို အမြဲတမ်း နားမလည်နိုင်သကဲ့သို့ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။ သူ့အတွက်မူ အန်းချန်းချင်း လိုချင်သမျှ အရာအားလုံးကို သူ လိုက်လျောပေးမည်မှာ သဘာဝကျလှပေသည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ ကြင်ယာတော်အနေဖြင့် သူ ပေးသမျှ အရာအားလုံးနှင့် ထိုက်တန်သောကြောင့် ဖြစ်၏။ ကံဆိုးသည်မှာ ယခင်ဘဝက အန်းချန်းချင်းမှာ ဤအချက်ကို သတိမပြုမိခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ ကြောက်ရွံ့မှုများကြောင့်သာ ဤအခွင့်အရေးများကို လက်လွှတ်ခဲ့ရခြင်း ဖြစ်ပေသည်။
"ကျွန်တော် သိပါပြီ" အန်းချန်းချင်းသည် တောက်ပနေသော မျက်ဝန်းများဖြင့် သူ့အား ပြုံးပြလိုက်၏။
ရှောင်းကျစ်ကဲသည်လည်း သူ၏ အပြုံးကြောင့် စိတ်လက်ပေါ့ပါးသွားပြီး နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွတ်သွားရပေသည်။ သူသည် အရိုးနွှင်ထားသော ငါးပန်းကန်ကို အန်းချန်းချင်း၏ ရှေ့သို့ တိုးပေးကာ "စားကြစို့"ဆိုလေတော့သည်။