no

Font
Theme

အခန်း (၂၉) - လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေး

လုံယိက နှာခေါင်းရှုံ့ကာ ပြုံးလိုက်ပြီး ဆိုလေသည်။ "တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ၊ ဒီမိန်းကလေးက ဝိညာဉ်မှော်ပညာကို တကယ်တတ်တာပဲ…”

သို့သော် သူ၏ ဝိညာဉ်စွမ်းအားများရှေ့တွင် ထိုမိန်းကလေး၏ တိုက်ခိုက်မှုသည် ပညာရှင်တစ်ဦးရှေ့တွင် အခြေခံပညာရပ်ကို ပြသနေခြင်းမျိုးသာ ဖြစ်လိမ့်ပေမည်။ ထို့ကြောင့် လုံယိသည် သူမအား သင်ခန်းစာအနည်းငယ် ပြန်ပေးလိုက်၏။ အကြောင်းမူကား ထိုမိန်းကလေးသည် သူ့ကို သင်ခန်းစာပေးရန် ကြိုးစားနေသည်ကို သူသိရှိသောကြောင့် ဖြစ်ပေသည်။

ထိုမိန်းကလေး၏ ဖြူဖျော့နေသော မျက်နှာသည် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသော်လည်း သူမ၏ နှလုံးသားထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှုများ လှိုင်းထနေဆဲပင်။

မုန်းစရာကောင်းသော ဤလူငယ်သည် သူမ၏ ဝိညာဉ်တိုက်ခိုက်မှုကို အလွယ်တကူပင် ပယ်ဖျက်နိုင်ခဲ့ရုံတင်မကဘဲ သူမထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ဝိညာဉ်မှော်ပညာဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား...

ချမ်းသာသော မိသားစုမှ သာမန်လူငယ်တစ်ဦးဟု ထင်ရသော ဤသူသည် အမှန်တကယ်တွင် ဤမျှအထိ နက်နဲသော ဝိညာဉ်မှော်ဆရာတစ်ဦး ဖြစ်လိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ခဲ့ပေ။

ထို့နောက် ထိုမိန်းကလေးသည် သူမ၏ အစားအစာများကို အေးအေးဆေးဆေးပင် စားသောက်ပြီးနောက် သူမ၏ အခန်းရှိရာအတွင်းဘက်သို့ လှည့်ထွက်သွားလေသည်။ ထိုအချိန်တွင် လုံယိသည်လည်း အစားအစာများကို စားပြီးသွားပြီဖြစ်ရာ မတ်တပ်ရပ်ကာ သူမ၏နောက်မှ လိုက်သွားခဲ့သည်။

လုံယိက သူမနောက်သို့ အနီးကပ်လိုက်လာသည်ကို မြင်သောအခါ ထိုမိန်းကလေးသည် အံ့အားသင့်သွားပြီး လုံယိသည် သူမအပေါ် မရိုးသားသော အကြံအစည်တစ်ခုခု ရှိနေသည်ဟု မှားယွင်းစွာ ယူဆလိုက်မိ၏။

လုံယိသည် တတိယထပ်ရှိ ဇိမ်ခံအခန်းတံခါးဝအထိ သူမနောက်သို့ တကောက်ကောက် လိုက်လာသောအခါ သူမ၏ ယူဆချက်သည် ပို၍ခိုင်မာသွားလေသည်။ သူမ၏ စိတ်ထဲတွင် အနည်းငယ် ကြောက်ရွံ့သွားခဲ့သည်။

အကြောင်းရင်းမှာ ဝိညာဉ်မှော်ဆရာတစ်ဦးအနေဖြင့် ဝိညာဉ်မှော်ပညာ၏ သတ်ဖြတ်နိုင်စွမ်းကို သူမ ကောင်းစွာသိရှိသောကြောင့် ဖြစ်သည်။ ဝိညာဉ်မှော်ပညာသည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်စေခြင်းမျိုးမဟုတ်ဘဲ ဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်ပေသည်။

ထိုစဉ် တည်းခိုခန်း အကူနှစ်ဦး လာနေသည်ကို မြင်လိုက်ရသဖြင့် သူမသည် ချက်ချင်းရပ်တန့်ကာ လှည့်လိုက်ပြီး လုံယိကို အော်ဟစ်လိုက်လေသည်။

"နင့်လို ကာမရူး... ဘာလို့ ဒီအန်တီနောက်ကို တကောက်ကောက် လိုက်နေတာလဲ... ငါ့ကို စားချင်နေတာလား…"

သူမ အော်ဟစ်လိုက်ပြီးနောက် အခန်းတံခါးများ တစ်ခုပြီးတစ်ခု ပွင့်လာသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ကြည့်စမ်း၊ အခု ဘာဖြစ်မလဲ... နင့်လို ကာမရူးက ဒီအန်တီအပေါ် မကောင်းတဲ့စိတ် ရှိရဲတယ်ပေါ့…" သူမသည် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်၏။

လုံယိသည် ဤအခြေအနေတွင် ရယ်ရမည်လား၊ ငိုရမည်လား မသိဖြစ်သွားပြီး သူမ၏ မျက်နှာကို တည်ငြိမ်စွာ ကြည့်ကာ ပြုံးလျက် ဆိုလိုက်လေသည်။ "ငါ့ကို ပြောနေတာလား…"

ထို့နောက် သူသည် ထိုမိန်းကလေးကို အထက်မှအောက်သို့ တစ်ချက် အကဲခတ်ကြည့်ပြီး ခေါင်းညိတ်ကာ ထပ်မံပြောလိုက်သည်။

"ငါ တကယ် စိတ်ဝင်စားပေမဲ့... အစားအစာကိုတောင် ရွေးမစားနိုင်လောက်အောင်အထိတော့ ဗိုက်မဆာသေးပါဘူး…" ထိုသို့ပြောပြီးနောက် သူမကို ကျော်ဖြတ်ကာ အခန်းကတ်ကို ထုတ်၍ တံခါးဖွင့်ကာ ဝင်သွားတော့သည်။

"အစားအစာတောင် ရွေးမစားနိုင်လောက်အောင် ဗိုက်မဆာသေးဘူး ဟုတ်လား... ဒီကောင်စုတ်လေး…"

ထိုအမျိုးသမီးသည် တစ်ကိုယ်လုံး တုန်ရီသွားသည်အထိ အလွန်အမင်း ဒေါသထွက်သွားပြီး သူမ၏ ညာလက်တွင် အလွန်အမင်း အနီးကပ်မကြည့်လျှင် မမြင်နိုင်သော အမှောင်ရောင်စွမ်းအင်အနည်းငယ် တစ်ချက်လက်သွားလေသည်။

"နင် အကျည်းတန်ဆုံးနည်းနဲ့ သေစေချင်တယ်…" သူမသည် ဟိန်းဟောက်ကာ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး လုံယိ၏ ဘေးခန်းတံခါးကို ဖွင့်ကာ အခန်းထဲသို့ ဝင်သွားပြီး တံခါးကို အင်အားအပြည့်ဖြင့် ဝုန်းခနဲ ပိတ်ချလိုက်လေသည်။

"ဝိညာဉ်မှော်ပညာနဲ့ အမှောင်မှော်ပညာပေါ့... ဟိုးဟိုး... ငါနဲ့ အမျိုးတူတာမျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး…"

လုံယိသည် အခန်းတံခါးကို မှီလျက် စိတ်ထဲမှ ရယ်မောနေမိ၏။ လွန်ခဲ့သော တခဏလေးတွင် သူ၏ ဘယ်ဘက်လက်ဖဝါးအလယ်ရှိ အနီရောင် ဦးခေါင်းခွံတံဆိပ်သည် အလိုအလျောက် တုန်ခါသွားခဲ့ရာ လုံယိသည် ထိုတခဏတာ ပေါ်လာသော အမှောင်မှော်စွမ်းအင်၏ လှုပ်ခတ်မှုကို ချက်ချင်း ခံစားမိခဲ့ခြင်း ဖြစ်သည်။

ဤဦးခေါင်းခွံသည် အမှောင်အတိုင်းအတာ ဟင်းလင်းပြင်ကို ပိုင်ဆိုင်ထားရုံသာမက အမှောင်မှော်စွမ်းအင်၏ လှုပ်ခတ်မှုကို သိရှိနိုင်သော အာရုံခံကိရိယာလည်း ဖြစ်ပုံရပေသည်။

လုံယိသည် ကျယ်ဝန်းပြီး အလင်းရောင် ကောင်းမွန်သော အလွန်တန်ဖိုးကြီးသည့် ဤအခန်းကို အကဲခတ်ကြည့်လိုက်လေသည်။ ထို့နောက် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ထိုင်ကာ အဆင့်မြင့် သစ်သီးဝိုင်ကို တစ်ငုံချင်း သောက်သုံးရင်း အရသာခံနေမိသည်။

"ရွှေဒင်္ဂါး ၁၀ ပြားတန် အခန်းကတော့ တကယ်ကို ကွာခြားတာပဲ…" လုံယိသည် စိတ်ထဲမှ သက်ပြင်းချလိုက်၏။

အိပ်ရာကြီးပေါ်တွင် လှဲလျက်ရှိသော ထိုအမျိုးသမီး၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေလေသည်။ လွန်ခဲ့သော တခဏလေးတွင် သူမသည် အရှက်တကွဲ ဖြစ်ခဲ့ရသည် မဟုတ်ပါလား...

သူမသည် ပို၍ပို၍ ဒေါသထွက်လာပြီး တွေးနေမိသည်။ "အဲဒီကောင်က ဘာလို့ ငါ့ကို နှိမ့်ချရတာလဲ…"

"အစားအစာတောင် ရွေးမစားနိုင်လောက်အောင် ဗိုက်မဆာသေးဘူး ဟုတ်လား... တကယ်ကို ဒေါသထွက်စရာပဲ…"

သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အိပ်ရာပေါ်မှ ဒေါသတကြီး ခုန်ဆင်းကာ ရေချိုးခန်းသို့ ပြေးသွားလေသည်။ ထို့နောက် မှော်မှန်ထဲတွင် ပေါ်နေသော ထူးခြားမှုမရှိသည့် သာမန်မျက်နှာကို ကြည့်ကာ ဂါထာတစ်ခုကို တိုးတိုးလေး ရွတ်ဆိုလိုက်၏။

ထိုအချိန်တွင် အမှောင်စွမ်းအင်တစ်ခု လက်ခနဲ ဖြစ်သွားပြီး သူမ၏ မျက်နှာသည် စတင်ပြောင်းလဲလာလေသည်။ တခဏအကြာတွင် အရာအားလုံး ပြန်လည်တည်ငြိမ်သွားပြီး မှော်မှန်ထဲတွင် တိုင်းပြည်တစ်ခုလုံးကို ပျက်သုဉ်းစေနိုင်လောက်အောင် လှပသော မျက်နှာတစ်ခု ပေါ်လာတော့သည်။

လခြမ်းကဲ့သို့သော မျက်ခုံးတန်းများ... ကြယ်များကဲ့သို့ တောက်ပသော မျက်ဝန်းများ... သန့်စင်သော ရေစက်တစ်စက်ကဲ့သို့ နုနယ်ချောမွေ့သော အသားအရေနှင့် အထူးသဖြင့် မရေမရေနိုင်သော လူတို့၏ စိတ်ကို လှုပ်ခတ်စေနိုင်သည့် ပန်းရောင်လွှမ်းသော နှုတ်ခမ်းအစုံသည် မှန်ထဲတွင် ထင်ဟပ်နေပေသည်။

"နံစော်နေတဲ့ ကောင်စုတ်... ငါက ရုပ်ဆိုးလို့လား... အပြင်ပန်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်နေတာပဲ... ငါ့ရဲ့ တကယ့်ရုပ်ရည်ကို မြင်ရင်တောင် အစားအစာ ရွေးမစားနိုင်လောက်အောင် ဗိုက်မဆာသေးဘူးလို့ ပြောနိုင်ဦးမလား ကြည့်ကြသေးတာပေါ့... ဟွန့်…"

သူမသည် မိမိကိုယ်ကိုယ် အမွမ်းတင်ကာ မျက်နှာကို ပွတ်သပ်နေပြီး ကမ္ဘာပေါ်ရှိ အလှပဆုံး အမျိုးသမီးအားလုံးကို ဖုံးလွှမ်းသွားစေနိုင်သော သူမ၏ နှုတ်ခမ်းနီရဲရဲများတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။

လုံယိသည် မိမိပြစ်မှားမိသောသူမှာ ဤမျှအထိ အလွန်အမင်း လှပသော အမျိုးသမီးတစ်ဦး ဖြစ်လိမ့်မည်ဟု မသိခဲ့ပေ။

လက်ရှိတွင် သူသည် ခုတင်ပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်နေပြီး၊ သူ၏ ခန္ဓာကိုယ်မှ အရောင်အမျိုးမျိုးရှိသော မှော်စွမ်းအင်များ ထွက်ပေါ်နေလေသည်။ ထိုအထဲတွင် ခရမ်းရောင် လျှပ်စစ်ဓာတ်က အများဆုံး ဖြစ်နေ၏။

ပြတင်းပေါက် လိုက်ကာများကြားမှ ပထမဆုံး နေရောင်ခြည်တန်းလေးများ ဖြာကျလာချိန်တွင် လုံယိသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ ထိုတခဏ၌ သူ၏ သူငယ်အိမ်များမှာ ခရမ်းရောင် ဖြစ်နေသော်လည်း မကြာမီပင် မူလအနက်ရောင်သို့ ပြန်လည်ပြောင်းလဲသွားခဲ့သည်။

လုံယိက ကိုယ်လက်ဆန့်ထုတ်ရန် ပြင်လိုက်စဉ်မှာပင် ပေါက်ကွဲသံသဲ့သဲ့တစ်ခု ပဲ့တင်ထပ်သွားပြီး သူသည် လေထဲသို့ ပျံတက်သွားကာ အခန်းအနှံ့ တစ်ပတ်ပတ်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြန်လည်ဆင်းသက်လာတော့သည်။

ခန္ဓာကိုယ်အတွင်း၌ လှိုင်းထလာသော အတွင်းအားများကို ခံစားမိပြီး လုံယိသည် ကျေနပ်သွားသော်လည်း တစ်ဖက်တွင်မူ အနည်းငယ် သံသယဖြစ်မိပြန်သည်။ အကြောင်းရင်းမှာ ရက်အနည်းငယ်အတွင်းမှာပင် သူ၏ အောက်ထျန်းကျင့်စဥ်သည် ပထမအဆင့်ကို ဖောက်ထွက်နိုင်တော့မည့် အရိပ်အယောင်များ မမျှော်လင့်ဘဲ ပြသနေသောကြောင့်ပင် ဖြစ်ပေသည်။

မျက်နှာသစ်၊ ပလုတ်ကျင်းပြီးနောက် လုံယိသည် နံနက်စာ စားသောက်ကာ ကြေးစားအဖွဲ့အစည်းရှိရာ လမ်းကြောင်းကို မေးမြန်းပြီး ထိုနေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့၏။

နံနက်စောစောပိုင်း ဖြစ်သော်လည်း အလင်းမြို့တော်၏ လမ်းမများပေါ်တွင် လူမျိုးပေါင်းစုံနှင့် မျိုးနွယ်စုအသီးသီးတို့ အလျင်အမြန် သွားလာနေကြသည်ကို တွေ့ရလေသည်။

နောက်ဆုံးတွင် လုံယိသည် တွေ့ရခဲသော အယ်လ်ဖ်များ၊ သားရဲလူသားများနှင့် လူပုမျိုးနွယ်များကို မြင်တွေ့ခဲ့ရသည်။

မျှော်လင့်ထားသည့်အတိုင်းပင် အယ်လ်ဖ်အမျိုးသားများမှာ ခန့်ညားကြပြီး အမျိုးသမီးများမှာမူ အလွန်လှပကြပေသည်။ သားရဲလူသားများမှာမူ အဆင့်အတန်းနှင့် မျိုးနွယ်အပေါ် မူတည်၍ ဆက်နွှယ်မှုရှိပုံရပြီး အဆင့်မြင့်လေလေ လူသားနှင့် ပိုတူလေလေ ဖြစ်သည်ဟု ဆိုနိုင်၏။

သားရဲလူသားများထဲတွင် ကြောင်မျိုးနွယ်နှင့် မြေခွေးမျိုးနွယ်တို့မှာ ပို၍ လှပခန့်ညားကြပြီး ထိုမျိုးနွယ်နှစ်ခုတွင် အလှနတ်ဘုရားမများ အမြောက်အမြားရှိသည်ဟု ကြားဖူးလေသည်။

လူပုမျိုးနွယ်များမှာမူ အလွန်တိုကြပြီး လုံယိသည် လူပုမျိုးနွယ်တစ်ဦးကို ပထမဆုံးအကြိမ် တွေ့လိုက်ရချိန်တွင် သက်ပြင်းတစ်ချက် ချမိသွားခဲ့သည်။ တစ်မီတာခန့်သာရှိသော ဤလူပုလေးများတွင် လက်နက်ပစ်တိုက်မှုဆိုင်ရာ အံ့မခန်းပါရမီများ ရှိနေလိမ့်မည်ဟု သူ စိတ်ကူး၍ပင် မရနိုင်ခဲ့ပေ။

လူပုမျိုးနွယ်တို့၏ လက်နက်နှင့် ချပ်ဝတ်တန်ဆာများသည် တစ်ခုလုံးသော ချန်းလန်တိုက်တွင် အလွန်ကျော်ကြားလှပြီး၊ ၎င်းတို့၏ လက်နက်ဆိုင်များကိုလည်း တိုက်တစ်ခုလုံးရှိ နေရာအနှံ့အပြားတွင် ဖွင့်လှစ်ထားကြလေသည်။

လမ်းနှစ်လမ်းကျော်ပြီးနောက် လမ်းကြားတစ်ခုထဲသို့ ကွေ့ဝင်သွားရာ ထိုသူပြောခဲ့သည့်အတိုင်း အလင်းမြို့တော်၏ ကြေးစားအဖွဲ့အစည်းသို့ ရောက်ရှိလာခဲ့သည်။ အခြေခံအားဖြင့် အဖွဲ့အစည်းအားလုံးသည် ဤလမ်းကြားရှည်ကြီး၏ ပတ်ဝန်းကျင်တွင် စုဝေးတည်ရှိနေကြခြင်း ဖြစ်ပေသည်။

လုံယိ ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရလေသည်။

အကြောင်းရင်းမှာ ဤလမ်းကြားပတ်ဝန်းကျင်ရှိ လူများမှာ မှော်ဝတ်ရုံများ ဝတ်ဆင်ထားခြင်း သို့မဟုတ် မှော်တုတ်တံများ ကိုင်ဆောင်ထားခြင်းမျိုး မရှိကြဘဲ သားရေချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ ဓားကြီးများ၊ လေးနှင့်မြှားများ သို့မဟုတ် တိုဓားများကို ကိုင်ဆောင်ထားကြသောကြောင့် ဖြစ်ပေသည်။

အတိုချုပ်ပြောရလျှင် ဤနေရာတွင် ထိုလူသားသုံးမျိုးမှလွဲ၍ သာမန်လူဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ထိုကဲ့သို့သော နေရာမျိုးတွင် လုံယိက ခမ်းနားထည်ဝါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လူအုပ်ကြားတွင် အထူးပင် ထင်ပေါ်နေလေသည်။

လုံယိသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် 'ကြေးစားအဖွဲ့အစည်း' စတိုင်ကျကျ ရေးသားထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ထားသည့် အဆောက်အအုံတစ်ခုကို တွေ့လိုက်ရလေသည်။ ထို့နောက် လူအများ၏ အကြည့်များအောက်မှ လုံယိသည် ကြေးစားအဖွဲ့အစည်းအတွင်းသို့ ဝင်သွားခဲ့သည်။

ကြေးစားအဖွဲ့အစည်း၏ ခန်းမသည် အလွန်ကျယ်ဝန်းပြီး လူများဖြင့် ပြည့်နှက်ကာ ဆူညံပွက်လောရိုက်နေပေသည်။ ဤနေရာတွင် တာဝန်များ လက်ခံရန်နှင့် ပြီးမြောက်ကြောင်း အကြောင်းကြားရန် ရောက်ရှိနေကြသော ကြေးစားများနှင့် ကြေးစားအဖွဲ့များစွာ ရှိနေကြ၏။

လုံယိသည် ကြေးစားမှတ်ပုံတင်သည့် ပြတင်းပေါက်ဆီသို့ တိုးဝှေ့၍ သွားခဲ့ရာ အတွင်းဘက်တွင် ချောမောလှပသော မိန်းကလေးငယ်တစ်ဦး ရှိနေသည်ကို တွေ့လိုက်ရလေသည်။

"မင်္ဂလာပါ... ကြေးစားအဖြစ် မှတ်ပုံတင်ဖို့ လာတာလားဟင်…" ထိုမိန်းကလေးငယ်သည် ပါးချိုင့်နှစ်ဖက် ပေါ်အောင် ပြုံးပြလျက် လုံယိကို ချိုသာစွာ မေးလိုက်လေသည်။

သူမ၏ အသံတွင် ကြင်နာမှုများ ပါဝင်နေသည်ကို လုံယိ ခံစားမိ၏။ ကြေးစားအဖွဲ့အစည်း၏ ဧည့်ခံဆက်ဆံမှုသည် ဤမျှအထိ ကောင်းမွန်လိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားခဲ့ပေ။ ထို့ကြောင့် သူသည်လည်း ပြန်လည်ပြုံးပြကာ ခေါင်းညိတ်၍ "ဟုတ်ပါတယ်…" ဟူ၍ ဆိုလိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment