no

Font
Theme

အခန်း (၃၈) - ဟွမ်မန်မြို့ငယ်

တခဏအကြာတွင်မှ သူ၏လက်ဝါးထဲရှိ သွေးရောင်လွှမ်းသော ဦးခေါင်းခွံတံဆိပ်သည် နောက်ဆုံး၌ ငြိမ်သက်သွားလေသည်။

"အခုတော့ အားလုံး အဆင်ပြေသွားပြီ…" လုံယိက လင်ယိုယို၏ နားနားသို့ ကပ်၍ တိုးတိုးညင်သာစွာ ဆိုလိုက်၏။

လင်ယိုယို၏ လှပသောမျက်နှာလေးသည် နီမြန်းသွားပြီး လုံယိကို တွန်းထုတ်ကာ နောက်သို့ နှစ်လှမ်းခန့် ဆုတ်သွားလေသည်။ သူမသည် စိတ်ရှုပ်ထွေးမှုနှင့် ရှက်ရွံ့မှုတို့ ရောပြွမ်းနေပြီး ဘာပြောရမှန်းမသိဘဲ ထိုနေရာတွင်ပင် ငေးကြောင်လျက် ရပ်နေမိပေသည်။

"နင်…" လုရှီးယာသည် အံ့အားသင့်နေသော မျက်နှာထားဖြင့် လုံယိနှင့် လင်ယိုယိုတို့ကို လက်ညှိုးထိုးပြလိုက်လေသည်။ စောနက ဘာဖြစ်သွားသည်ကို သူမ လုံးဝနားမလည်ပေ။

လုံယိက လင်ယိုယိုကို ရုတ်တရက် ပွေ့ဖက်လိုက်သည်ကိုသာ မြင်လိုက်ရပြီး လင်ယိုယိုကလည်း သူ၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာ အသာတကျီ ရှိနေခဲ့သည် မဟုတ်ပါလား...

"ဘာလဲ... အချိန်လည်း နောက်ကျနေပြီ၊ မနက်ဖြန် မနက်စောစော ထရမှာမို့ အိပ်ကြရအောင်…"

လုံယိသည် လုရှီးယာ၏ ခေါင်းငယ်လေးကို အသာအယာ ပုတ်ပေးလိုက်ပြီးနောက် သူ၏အခန်းတံခါးကို ဖွင့်ကာ အထဲသို့ဝင်၍ တံခါးပိတ်လိုက်လေရာ အပြင်ဘက်တွင် အံ့အားသင့်နေသော မိန်းကလေးနှစ်ဦးသာ ကျန်ရစ်ခဲ့တော့သည်။

အခန်းထဲသို့ ရောက်သည်နှင့် လုံယိသည် ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်ပြီး အစိမ်းရောင် မီးခိုးတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ပျံထွက်ကာ အမိုးပေါ်သို့ ဆင်းသက်လိုက်၏။

ထို့နောက်တွင် အားတက်သန်သော သိန်းငှက်တစ်ကောင်ကဲ့သို့ လမ်းပေါ်ရှိ လူအုပ်ကြီးကို အကဲခတ်ကြည့်ရှုသော်လည်း ထူးခြားသည်ကို ဘာမျှမတွေ့ရပေ။ 'မှောင်မိုက်သော သွေးဆောင်မှု' ကို အသုံးပြုခဲ့သူသည် သူ၏မှော်လှိုင်းများကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားပုံ ပေါ်ပေသည်။

လုံယိသည် မည်သည့်နေရာမှ စတင်ရှာဖွေရမည်ကို မသိဘဲ အကူအညီမဲ့စွာဖြင့် အခန်းထဲသို့ ပြန်ဝင်လာပြီး စိတ်ကိုစုစည်းကာ တရားမှတ်တော့သည်။ ဤကမ္ဘာသည် လုံးဝရိုးရှင်းသော နေရာမဟုတ်ပေ၊ ထို့ကြောင့် သူသည် အမြန်ဆုံး အစွမ်းထက်လာစေရန် ကြိုးစားရမည် ဖြစ်ပေသည်။

လင်ယိုယိုနှင့် လုရှီးယာတို့သည် ကုတင်ပေါ်တွင် ဘေးချင်းယှဉ်လျက် လဲလျောင်းနေကြသည်။ အခန်းတစ်ခုလုံး မှောင်မဲနေသော်လည်း ထိုအမှောင်ထုထဲတွင် သူတို့နှစ်ဦး၏ မျက်လုံးများက လပြည့်ဝန်းကဲ့သို့ တောက်ပနေကြ၏။ သူတို့နှစ်ဦးစလုံး အိပ်မပျော်ကြသည်မှာ သိသာလှပေသည်။

လင်ယိုယိုသည် လုံယိအကြောင်းကိုသာ တွေးတောနေမိသည်။ လုံယိနှင့် ထိတွေ့စဉ်က ခံစားခဲ့ရသော ခံစားချက်သည် အလွန်လျှို့ဝှက်နက်နဲလှပေသည်။ စောနက သူ၏အကူအညီကြောင့်သာ သူမသည် မှောင်မိုက်သော မှော်ဆရာမတစ်ဦးဖြစ်ကြောင်း ဖုံးကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

လုံယိသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အမှောင်မှော် မှော်စွမ်းအားများကို သတိပြုမိသွားပြီဖြစ်ကြောင်း လင်ယိုယို အသေအချာ သိနေသော်လည်း သူသည် အဘယ်ကြောင့် အေးဆေးတည်ငြိမ်နေရသနည်း...

ထို့အပြင် 'မှောင်မိုက်သော သွေးဆောင်မှု' ၏ အာနိသင်ကို သူက မည်သို့လွယ်လွယ်ကူကူ တားဆီးနိုင်ခဲ့သနည်း... အဆုံးတွင် သူသည် မည်သူဖြစ်နိုင်ပါသနည်း...

မေးခွန်းပေါင်းများစွာသည် သူမ၏စိတ်ထဲတွင် တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလိမ့်နေမိလေသည်။

"အစ်မယိုယို... အိပ်ပြီလား…" နောက်ဆုံးတွင် လုရှီးယာသည် မအောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။

"အင်း... ဘာဖြစ်လို့လဲ…" လင်ယိုယိုက စိတ်မပါသောလေသံဖြင့် ပြန်မေးလိုက်၏။

"ခုနက... ခုနက ဘာဖြစ်သွားတာလဲ…" လုရှီးယာက မေးလိုက်လေသည်။ ခုနက မြင်ကွင်းသည် အနည်းငယ် ပုံမှန်မဟုတ်ဟု သူမ ခံစားမိ၏။ လုံးဝဆန့်ကျင်ဘက်ဖြစ်နေသော လူနှစ်ယောက်က အဘယ်ကြောင့် ရုတ်တရက် ထိုကဲ့သို့ ဖက်လဲတကင်း ဖြစ်သွားကြရသနည်း...

လင်ယိုယိုသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး၊ အခု အိပ်တော့…"

"အင်း…" လုရှီးယာက ပြန်ဖြေလေသည်။ လင်ယိုယိုက ထိုအကြောင်းကို ပြောလိုစိတ်မရှိမှန်း သူမ သိပေသည်။ သူမသည် အခြေအနေကို အကဲမခတ်တတ်သူမျိုး မဟုတ်သောကြောင့် အနည်းငယ် စပ်စုချင်စိတ်ရှိပြီး စိတ်မသက်မသာ ဖြစ်နေသော်လည်း ဆက်၍ ဇွတ်မမေးတော့ပေ။

မိန်းကလေးနှစ်ဦးစလုံးသည် ကိုယ်စီအတွေးများဖြင့် အချိန်ကုန်ဆုံးစေခဲ့ရာ ရှည်လျားလှသော ညတာသည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ ကောင်းကင်ယံတွင် နံနက်ခင်း၏ အလင်းရောင်များ ဖြာကျလာပြီး လမ်းမများပေါ်တွင်လည်း ဆူညံသံများ တစ်ဖန် ပြန်လည်ထွက်ပေါ်လာတော့သည်။

လုံယိနှင့် ကျန်မိန်းကလေးနှစ်ဦးသည် အလင်းမြို့၏ အရှေ့ဘက်တံခါးဆီသို့ ဦးတည်လျှောက်လှမ်းလာကြသည်။ လုံယိက ရှေ့မှဦးဆောင်ပြီး မိန်းကလေးနှစ်ဦးက သူ့၏ အစေခံများကဲ့သို့ ဘယ်နှင့် ညာတွင် တစ်ဖက်စီမှ နောက်မှလိုက်ပါလာကြ၏။

တစ်လမ်းလုံးတွင် တိတ်ဆိတ်ခြင်းမှတစ်ပါး အခြားမည်သည့်အသံမျှ မရှိပေ။ ယနေ့တွင် ဤမိန်းကလေးနှစ်ဦး ဘာဖြစ်သွားကြသည်ကို လုံယိလည်း မသိပေ။ တစ်ဦးနှင့်တစ်ဦး နှုတ်တိုက် သဘောတူထားကြသကဲ့သို့ ယနေ့နံနက်ပိုင်းမှစ၍ တစ်လုံးတစ်ပါဒမျှ စကားမပြောကြသည်မဟုတ်လား...

ခေတ္တအကြာတွင် သူတို့သုံးဦးသည် အရှေ့ဘက်တံခါးသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဓားသခင် ဟာလေ၊ မီးမှော်ဆရာ ဂီလိုတာ၊ အလင်းမှော်ဆရာ လန်ထျန်း၊ အဆင့်မြင့်တိုက်ခိုက်ရေးသမား ရှီယန်ရှိုးနှင့် သားရဲလူသားတိုက်ခိုက်ရေးသမား ရှီမန်နျူတို့က စောင့်ကြိုနေကြလေသည်။

"မင်္ဂလာနံနက်ခင်းပါ အားလုံးပဲ၊ ငါတို့ နောက်ကျသွားလား…" လုံယိက ပြုံးရယ်လျက် နှုတ်ဆက်လိုက်၏။

"မဟုတ်ပါဘူး၊ ငါတို့လည်း ခုမှရောက်တာပါပဲ…" ဟာလေက ပုံမှန်အတိုင်း ရိုးသားသော အပြုံးဖြင့် ပြန်ပြောလေသည်။

"ဟာလေ... လူစုံပြီဆိုတော့ သွားကြစို့…" မန်နျူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ သူသည် စောင့်ရသည်ကို အလွန်စိတ်မရှည်နိုင်ပုံရပြီး စွန့်စားရသည်ကို ရူးသွပ်သူတစ်ဦးနှင့်လည်း တူနေပေသည်။

ဟာလေက ခေါင်းညိတ်ပြကာ လက်ဝှေ့ယမ်းလိုက်ပြီးနောက် လူရှစ်ဦးပါဝင်သော စွန့်စားရေးအဖွဲ့သည် ဟွမ်မန်လွင်ပြင်ဆီသို့ စတင်ထွက်ခွာလာကြတော့သည်။

သူတို့သည် ချန်းလန်တိုက်ရှိ စွန့်စားရေးအဖွဲ့များ အသုံးများသော ပုံစံအတိုင်း ဖွဲ့စည်းထားကြ၏။ အပြင်ဘက်တွင် တိုက်ခိုက်ရေးသမားများ၊ အလယ်တွင် မှော်ဆရာများနှင့် နောက်ဘက်တွင် လေးသည်တော်က နေရာယူထားကြလေသည်။

ဟွမ်မန်လွင်ပြင်သည် အဆုံးအစမရှိ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီးတစ်ခု ဖြစ်သော်လည်း အမှန်တကယ်တွင်မူ ဤလွင်ပြင်တစ်ခုလုံး မြက်ခင်းပြင်ဖြစ်သည်ဟု ဆိုပါက မှားယွင်းလိမ့်ပေမည်။

အကြောင်းရင်းမှာ မျက်မြင်တွေ့ရသော အပြင်ဘက်ပတ်လည်တွင်သာ စိမ်းလန်းသော မြက်ခင်းများ ပြည့်နှက်နေပြီး ထိုအပြင်ဘက်မြက်ခင်းပြင်ကို ဖြတ်ကျော်ပြီးနောက် အတွင်းပိုင်းသည် ပို၍ ခြောက်သွေ့၍ လူသူကင်းမဲ့ကာ နုန်းမြေများ ပြန့်နှံ့နေသောကြောင့် ဖြစ်၏။

ထို့အပြင် ရေဝပ်ဒေသများ၊ သဲကန္တာရများနှင့် ကြောက်မက်ဖွယ် မှော်သားရဲများစွာလည်း ပျံ့နှံ့နေလေသည်။ ဤနေရာတွင် S-အဆင့် မှော်သားရဲများပင် ပေါ်လာတတ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ဤနေရာသည် စွန့်စားသူများအတွက် ပရဒိသုဘုံဖြစ်သလို တစ်ချိန်တည်းမှာပင် စွန့်စားသူတို့၏ သင်္ချိုင်းတိုက်လည်း ဖြစ်ပေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း ဤနေရာတွင် စွန့်စားသူမည်မျှ အသက်ဆုံးရှုံးခဲ့သည်ကို မည်သူမျှ မသိနိုင်ကြပေ။

သို့သော်လည်း ငှက်တို့သည် အစာအတွက် အသက်စွန့်သကဲ့သို့ လူတို့သည်လည်း စည်းစိမ်ဥစ္စာအတွက် အသက်စွန့်တတ်ကြရာ၊ အန္တရာယ်များဖြင့် ပြည့်နှက်နေသော ရတနာသိုက်ဖြစ်သည့် ဟွမ်မန်လွင်ပြင်အတွင်းသို့ စွန့်စားသူများစွာ ဝင်ရောက်လာကြလေသည်။

B-အဆင့် မှော်သားရဲတစ်ကောင်၏ မှော်အမြုတေကို အမီသစ်ဒင်္ဂါး ၁၀၀၀ ဖြင့် ရောင်းချနိုင်ပြီး A-အဆင့် မှော်သားရဲတစ်ကောင်၏ မှော်အမြုတေကိုမူ အမီသစ်ဒင်္ဂါး ထောင်ပေါင်းများစွာဖြင့် ရောင်းချနိုင်သည်မှာ အလွန်ပင် သာမန်ကိစ္စဖြစ်ရာ လူအများအပြားသည် ထိုအရာများကို ရရှိရန် အသက်စွန့်ကြခြင်းပင် ဖြစ်ပေသည်။

ဟွမ်မန်လွင်ပြင်သည် ကွမ်လုံအင်ပါယာနှင့် အော်ယွဲ့အင်ပါယာတို့၏ နယ်ခြားမျဉ်းပေါ်တွင် တည်ရှိပြီး မည်သည့်အင်ပါယာ၏ စီရင်ပိုင်ခွင့်အောက်တွင်မျှ မရှိပေ။ ထို့ကြောင့် ဤနေရာတွင် မည်သည့်ဥပဒေနှင့် စနစ်တကျ အုပ်ချုပ်မှုမျှ မရှိဘဲ လူတစ်ဖက်သားကို သတ်ဖြတ်ခဲ့လျှင်ပင် မည်သူမျှ ဂရုစိုက်မည်မဟုတ်ပေ။

နာရီဝက်ခန့် ကြာပြီးနောက် လုံယိနှင့် အဖွဲ့သည် ဟွမ်မန်လွင်ပြင်၏ အစွန်းရှိ မြို့ငယ်လေးတစ်မြို့သို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။ အံ့သြစရာကောင်းသည်မှာ ထိုမြို့ငယ်လေးသည် အလွန်ပင် စည်ကားနေခြင်းပင် ဖြစ်၏။

ဆိုင်မျိုးစုံတွင် လိုလေသမျှ ဖြစ်စေမည့် ပစ္စည်းအားလုံးရှိနေပြီး အသက်မွေးဝမ်းကျောင်း ပုံစံအမျိုးမျိုးရှိသော စွန့်စားသူပေါင်း သောင်းနှင့်ချီ၍လည်းကောင်း၊ စွန့်စားရေးအဖွဲ့များလည်းကောင်း ဤမြို့ငယ်လေးအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်နေကြလေသည်။

"ဝါး... ဒီနေရာက အရင်က ဒုတိယတန်းစားမြို့ထက်တောင် ပိုပြီး သက်ဝင်လှုပ်ရှားနေပါလား…" လုရှီးယာက အံ့သြတကြီး အော်ဟစ်လိုက်လေသည်။ သူမသည် ကလေးတစ်ဦးကဲ့သို့ ပုံစံသို့ ပြန်ရောက်သွားပြီး တတွတ်တွတ်နှင့် စကားပြောနေတော့သည်။

"အားလုံး သတိထားကြပါ။ ဒီနေရာမှာ လူသတ်တာက တရားမဝင်တာ မဟုတ်ဘူး၊ ဒါကြောင့် တတ်နိုင်သမျှ တခြားသူတွေနဲ့ ရန်မဖြစ်ကြဖို့ သတိထားကြ…"

ဟာလေက သတိပေးလိုက်လေသည်။ သူသည် ဤနေရာအကြောင်းကို အနည်းငယ် ပိုမိုသိရှိထားသူ ဖြစ်၏။ အဆင့်မြင့် ကြေးစားအဖွဲ့များစွာသည် ဤနေရာသို့ တာဝန်များအတွက် လာရောက်ကြသဖြင့် အကယ်၍ တိုက်ပွဲဖြစ်ပွားပါက သူတို့အတွက် ဆုံးရှုံးမှုသာ ဖြစ်စေမည် ဖြစ်ပေသည်။

ဂီလိုတာသည် နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ဤစကားကို လုံးဝသဘောမကျကြောင်း ပြသလေသည်။ လုံယိကမူ ဂီလိုတာကို ကြည့်ပြီး ရယ်ချင်စိတ် ပေါ်လာ၏။ အသက် ၃၀ ကျော်ပြီဖြစ်သော ဤလူသည် ရေတွင်းထဲက ဖားတစ်ကောင်ကဲ့သို့ အမြင်ကျဉ်းမြောင်းနေသည်ဟု ဆိုရပေမည်။

ဤမြို့ငယ်လေးရှိ များပြားလှသော စွန့်စားသူများကြားတွင် သူ၏ အဆင့်မြင့် မီးမှော်စွမ်းအင် အသုံးပြုနိုင်သော မှော်ဆရာအဆင့်ဖြင့် အရာရာကို စိတ်ကြိုက်လုပ်နိုင်မည်ဟု ထင်နေပါသလား...

ဤနေရာတွင် မှော်ဆရာအဆင့်ရှိသူများနှင့် တွေ့ဆုံရခြင်းမှာ အံ့သြစရာမဟုတ်ပေ။ ဆယ်စုနှစ်အနည်းငယ်အတွင်း သူစားခဲ့သမျှ အစာများက ဘယ်နေရာသို့ ရောက်ကုန်သည်မသိ၊ အသိတရား လုံးဝကင်းမဲ့နေသည်ဟုပင် ဆိုရပေမည်။

ထိုအချိန်တွင် သူတို့အဖွဲ့သည် အနားယူရန် တည်းခိုခန်းရှာရန် ပြင်ဆင်နေစဉ်၊ ပြင်းထန်သော မှော်စွမ်းအင်နှင့် ဒိုချီလှိုင်းများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

"ငါတို့ အဲဒီဘက်ကို မသွားတာ အကောင်းဆုံးပဲ၊ ဝင်မပါကြနဲ့…" ဟာလေက သတိပေးလိုက်၏။

ဂီလိုတာက တစ်ဖက်သတ် အယူအဆကို ထုတ်ဖော်ပြောဆိုရန် ပြင်နေစဉ်မှာပင်၊ ရုတ်တရက် ပုံရိပ်တစ်ခုသည် ပရမ်းပတာဖြစ်နေသော နေရာမှ ပျံသန်းလာပြီး သူ၏ခြေရင်း၌ ပြုတ်ကျလာတော့သည်။

၎င်းမှာ မှော်ဆရာတစ်ဦး၏ ခန္ဓာကိုယ်တစ်ပိုင်းဖြစ်ပြီး ခါးအောက်ပိုင်းမှ အူများနှင့် ကိုယ်တွင်းအင်္ဂါများမှာ အပြင်သို့ တွဲလောင်းကျနေ၏။ ဂီလိုတာ၏ မျက်နှာသည် ချက်ချင်းပင် ဖြူလျော်သွားပြီး အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားလေသည်။

လုရှီးယာသည်လည်း ကြောက်လန့်တကြား နောက်သို့ ခုန်ဆုတ်သွားပြီး လုံယိ၏ အင်္ကျီလက်ကို အမှတ်မထင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ ထို့နောက် သူမသည် ထိုဘက်သို့ ကြည့်ရန်ပင် မဝံ့ရဲတော့ပေ။

"ယွဲ့... အော်ယွဲ့အင်ပါယာ မှော်ဆရာအဖွဲ့ရဲ့ မာစတာမှော်ဆရာပဲ…" ဟာလေသည် ထိုခန္ဓာကိုယ်တစ်ပိုင်း၏ မှော်ဝတ်ရုံကို သေချာကြည့်ပြီးနောက် အံ့အားတုန်လှယ်စွာ အော်ဟစ်လိုက်လေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment