no

Font
Theme

အခန်း (၃၉) - ထိပ်တိုက်တွေ့မှု

ဟာလေသည် ဤကတ္တားတစ်ပိုင်းဖြစ်နေသော အလောင်း၏ မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ခြင်းမှာ ၎င်းဝတ်ဆင်ထားသော မှော်ဝတ်ရုံနှင့် မှော်အဖွဲ့အစည်း၏ တံဆိပ်ကြောင့်ပင် ဖြစ်သည်။

နိုင်ငံတစ်ခုချင်းစီ၏ အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်းများတွင် ဝတ်စုံပုံစံများ မတူညီကြသည့်အပြင် အဆင့်အလိုက် ဝတ်စုံများ၏ ပုံစံမှာလည်း လုံးဝတူညီခြင်းမရှိပေ။ ထို့ကြောင့် အကဲခတ်တတ်သူတစ်ဦးအတွက် အခြားသူ၏ မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားသိမြင်နိုင်မည် ဖြစ်၏။

လုံယိ၏ လူရှစ်ယောက်ပါသော စွန့်စားသူအဖွဲ့တွင် လုံယိ၊ လုရှီးယာနှင့် လျှို့ဝှက်ဆန်းကြယ်သော လင်ယိုယိုတို့မှအပ ကျန်ရှိသူအားလုံးသည် အသက်မွေးဝမ်းကျောင်းအဖွဲ့အစည်းများတွင် ဝင်ရောက်ခဲ့ကြသူများ ဖြစ်ကြသည်။

အဖွဲ့အစည်းများတွင် ဝင်ရောက်ပြီးနောက် လစဉ်လစာ အမြောက်အမြားရရှိသည့်အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အကာအကွယ်ကိုလည်း ရရှိကြသော်လည်း တစ်ဖက်တွင်မူ လိုက်နာရမည့် တာဝန်ဝတ္တရားများလည်း ရှိပေသည်။

ဥပမာအားဖြင့် မိမိတို့အဖွဲ့အစည်းနှင့် အခြားနိုင်ငံတစ်ခုမှ အဖွဲ့အစည်းများအကြား ပဋိပက္ခဖြစ်ပွားခြင်း သို့မဟုတ် အဖွဲ့ဝင်များ ဘေးဒုက္ခကြုံတွေ့ရခြင်းများရှိပါက မဖြစ်မနေ ကူညီရမည် ဖြစ်သည်။ သို့သော် အဖွဲ့အတွင်းပိုင်း ပဋိပက္ခများဖြစ်ပါကမူ မိမိတို့၏ ဆန္ဒအလျောက် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ရွေးချယ်နိုင်ကြလေသည်။

လူတိုင်းက ထိုသူနှစ်ဦး၏ မည်သူမည်ဝါဖြစ်သည်ကို သံသယဝင်နေကြစဉ်မှာပင် ရုတ်တရက် မီးရှူးမီးပန်းနှစ်ခုသည် ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း ပျံတက်သွားပြီး ပုံစံနှစ်မျိုးကွဲပြားစွာဖြင့် ပေါက်ကွဲသွားခဲ့၏။

"အော်ယွဲ့အင်ပါယာရဲ့ မှော်ဆရာအဖွဲ့အစည်းနဲ့ နာလန်အင်ပါယာရဲ့ မှော်ဆရာအဖွဲ့အစည်းတွေ ဖြစ်နေတာပဲ... ငါတို့နဲ့ ဘာမှမဆိုင်ဘူး၊ ဒါကြောင့် တည်းခိုခန်းတစ်ခုခုရှာပြီး အနားယူကြရအောင်…"

ဟာလေသည် ပခုံးပေါ်မှ အလေးကြီးတစ်ခု ချလိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။ အကယ်၍ အော်ယွဲ့အင်ပါယာနှင့် ကွမ်လုံအင်ပါယာတို့သာ ဖြစ်နေပါက သူနှင့်အတူ တစ်ဖွဲ့လုံး ဤကိစ္စတွင် ပါဝင်ပတ်သက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

ထိုအချိန်တွင်ပင် အရပ်မျက်နှာအနှံ့မှ ပြင်းထန်သော မှော်စွမ်းအင်လှိုင်းများ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။ ၎င်းကို ခံစားမိလိုက်သော လုံယိသည် စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်လေသည်။

"တိုက်ပွဲက ပိုပြင်းထန်လာပြီထင်တယ်... ဒီမြို့ငယ်လေး တစ်မြို့လုံး မှော်ဆရာတွေကြောင့် မြေလှန်ဖျက်ဆီးခံရတော့မှာ မဟုတ်လား…"

"မဟုတ်ပါဘူး... သူတို့တွေက ဒီမြို့ငယ်လေးရဲ့ အပြင်ဘက်မှာပဲ စုပြီး အဖြေရှာကြလိမ့်မယ်…"

အလင်းမှော်ဆရာ လန်ထျန်းက ညင်သာသောလေသံဖြင့် ပြောလိုက်၏။ သို့သော် ထိုညင်သာသော အသံနောက်ကွယ်တွင် လုံးဝဥပေက္ခာပြုထားသည့် ပုံစံမျိုး ရှိနေခဲ့သည်။

လူတိုင်းသည် မိမိတို့၏ အကျိုးအမြတ်ကိုသာ ဦးစားပေးကြသည်ဖြစ်ရာ လူသားချင်းစာနာမှုအကြောင်း အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော ဤအလင်းဝင်ဘုရားကျောင်းမှ ဘုန်းတော်ကြီးပင်လျှင် ချွင်းချက်မရှိပေ။ ဤကိစ္စသည် သူ့နှင့် ဘာမှမသက်ဆိုင်သောကြောင့် သူသည် အေးစက်စွာပင် နေလိုက်လေသည်။

သိပ်မကြာမီတွင်ပင် အရောင်အသွေးစုံလင်လှသော အဆင့်အမျိုးမျိုးရှိ မှော်ဆရာများသည် ဤကျဉ်းမြောင်းသော လမ်းမထက်တွင် ပြည့်နှက်သွားတော့သည်။

ထိုသူတို့ထဲတွင် တိုက်ခိုက်ရေးသမားများ၊ သူခိုးများနှင့် လေးသမားများလည်း ပါဝင်နေပြီး အားလုံးသည် အသီးသီးသော အဖွဲ့အစည်းများမှ ကူညီရန် ရောက်ရှိလာကြသည့် ပံ့ပိုးရေးတပ်များ ဖြစ်ကြပေမည်။

ဤဟွမ်မန်မြို့ငယ်လေးသည် စွန့်စားသူများနှင့် နိုင်ငံအသီးသီးမှ အဖွဲ့အစည်းပေါင်း ထောင်နှင့်ချီ၍ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်၏။ ယခုကဲ့သို့ အင်ပါယာကြီးနှစ်ခုမှ မှော်ဆရာများအသင်းသည် တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်တွေ့ဆုံနေကြသည်ဖြစ်ရာ လူမည်မျှအထိ ပါဝင်ပတ်သက်လာမည်နည်း...

လန်ထျန်း ပြောခဲ့သကဲ့သို့ပင် နှစ်ဖက်စလုံးမှ လူများသည် အတန်ကြာသည်အထိ မည်သူမျှ အလျော့ပေးခြင်းမရှိဘဲ မြို့ငယ်လေး၏ အပြင်ဘက်သို့ စတင်ရွှေ့လျားလာကြပြီး မှော်ဆရာအများအပြားသည် လေပေါ်ပျံသန်းခြင်း မှော်စွမ်းရည်ကို အသုံးပြုခဲ့ကြလေသည်။ ထိုမြင်ကွင်းသည် အလွန်ပင် ခမ်းနားထည်ဝါလှပေသည်။

"ငါတို့လည်း သွားပြီးတော့ ဒီဆူညံပွက်လောရိုက်နေတာကို ကြည့်ကြမလား…" လုံယိက အကြံပြုလိုက်လေသည်။ ဤမျှအထိ အတိုင်းအတာကြီးမားသော တိုက်ပွဲမျိုးနှင့် တွေ့ကြုံရရန်မှာ မလွယ်ကူပေ။

"မဖြစ်ဘူး... ငါတို့ မသွားသင့်ဘူး... မှော်ဆရာအများကြီး တိုက်ခိုက်ကြတော့မှာ၊ သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အလွန်ကြောက်စရာကောင်းတယ်၊ အဲဒီကိုသွားရင် မတော်တဆ ထိခိုက်ဒဏ်ရာရဖို့ အလားအလာများတယ်လေ။ အခုတော့ ငါတို့ သွားပြီးတော့ တည်းခိုခန်းတစ်ခုခုရှာပြီး အနားယူကြရအောင်၊ ဒါမှ မနက်ဖြန် ဟွမ်မန်လွင်ပြင်ထဲကို ဝင်တဲ့အခါ စိတ်ဓာတ်တက်ကြွနေမှာ…" ဟာလေက လုံယိ၏ အကြံပြုချက်ကို ကန့်ကွက်လိုက်လေသည်။

ဟာလေသည် ဤစွန့်စားသူအဖွဲ့၏ ခေါင်းဆောင်ဖြစ်ရာ သူက ကန့်ကွက်သည်နှင့် သဘာဝကျစွာပင် မည်သူမျှ ဘာမျှမပြောရဲကြပေ။ ထို့နောက်တွင်မူ သူတို့သည် တည်းခိုခန်းတစ်ခုကို အလွယ်တကူရှာဖွေကာ အခန်းလေးခန်း ငှားရမ်းခဲ့ကြပြီး တစ်ခန်းလျှင် နှစ်ယောက်စီ နေကြလေသည်။

လုရှီးယာနှင့် လင်ယိုယိုတို့သည် တစ်ခန်းတည်းတွင် နေကြပြီး မှော်ဆရာနှစ်ဦးသည်လည်း တစ်ခန်းတည်းတွင် နေကြ၏။ ရှီယန်နှင့် ဟာလေတို့က တစ်ခန်းတွင် နေကြပြီး ကျန်ရှိသော လုံယိနှင့် ဘာဘေးရီးယန်နွားကလည်း နောက်ဆုံးအခန်းတွင် နေကြလေသည်။

ဟာလေအပါအဝင် အခြားသူအားလုံးသည် ဘာဘေးရီးယန်နွားနှင့် တစ်ခန်းတည်း မနေချင်ကြသည်မှာ မထင်မှတ်စရာပင်။ သူတို့သည် ထိုအချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောကြသော်လည်း ဤအချက်ကပင် သားရဲလူသားများအပေါ် ခွဲခြားဆက်ဆံမှုကို ပေါ်လွင်စေပေသည်။

အခန်းထဲသို့ ဝင်ရောက်ပြီးနောက် လုံယိသည် တံခါးကို ပိတ်လိုက်ပြီး ဘာဘေးရီးယန်နွားကို အသံတိုးတိုးဖြင့် ခေါ်လိုက်လေသည်။ "နွားကြီး... ဒီဘက်ကို လာခဲ့ဦး…"

ဘာဘေးရီးယန်နွားသည် လုံယိကို အလွန်လေးစားပြီး ညီအစ်ကိုအရင်းကဲ့သို့ပင် သဘောထားလေသည်။ တစ်ဖက်တွင် သားရဲလူသားမျိုးနွယ်စုများသည် အင်အားကြီးမားသူကို ကိုးကွယ်ကြပြီး အခြားတစ်ဖက်တွင်လည်း အစကတည်းက လုံယိနှင့် ထိုအက်လ်ဖ်မလေးသာလျှင် သူ့ကို မကြာခဏ စကားပြောပြီး သူငယ်ချင်းတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ကြသည် မဟုတ်ပါလား...

သူသည် မျက်နှာပြောင်သောသူ ဖြစ်သော်လည်း အခြားသူများက သူ့ကို အနည်းနှင့်အများ အထင်အနိမ့်မှတ်ထားကြသည်ကို ရှင်းရှင်းလင်းလင်း သိရှိပေသည်။ လုံယိသည် သူ့ကို နောက်ပြောင်နေသည်ဟု ထင်ရသော်လည်း ထိုအပြုအမူများထဲတွင် နွေးထွေးမှုရှိနေသည်ကို သူ အမြဲတမ်း ခံစားရလေသည်။

ဘာဘေးရီးယန်းနွားသည် လုံယိ၏အနားသို့ တိုးကပ်လာပြီး ခေါင်းကို ငုံ့လိုက်လေသည်။ မတ်တပ်ရပ်နေစဉ်တွင် ၎င်းသည် ရှစ်ချီကျော် အမြင့်ရှိရာ လုံယိ၏ အနားသို့ ခေါင်းငုံ့ပေးလိုက်သော ပုံစံမှာ အတော်ပင် ရယ်စရာကောင်းနေပေသည်။

လုံယိသည် ဘာဘေးရီးယန်းနွား၏ နားရွက်နားတွင် တစ်စုံတစ်ခုကို တိုးတိုးလေး ပြောလိုက်ရာ ၎င်း၏မျက်လုံးများ ဝင်းလက်သွားပြီး ခေါင်းကို တရစပ် ငြိမ့်ပြတော့သည်။

တံခါးအပြင်ဘက်တွင် 'ကျေးဇူးပြု၍ အနှောင့်အယှက်မပေးပါနှင့်' ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးနောက် လုံယိသည် ပြတင်းပေါက်ကို ဖွင့်ကာ အောက်ဘက်သို့ ခေါင်းပြူ၍ ကြည့်လိုက်၏။ ဤပြတင်းပေါက်သည် ပင်မလမ်းမဘက်သို့ မျက်နှာမမူဘဲ လူသူကင်းမဲ့သော လမ်းကြားလေးတစ်ခုဘက်သို့သာ မျက်နှာမူထားပေသည်။

ထို့ကြောင့် လုံယိသည် သူ၏အတွင်းအားကို အသုံးပြုကာ ဘာဘေးရီးယန်းနွားကို ပွေ့ချီပြီး အောက်သို့ ခုန်ချကာ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်လေသည်။ ဤလုပ်ရပ်ကြောင့် ဘာဘေးရီးယန်းနွားသည် လုံယိကို ပို၍ပင် အထင်ကြီးသွားပြီး လုံယိကို ကြည့်နေသော မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေပေသည်။

ထို့နောက် သူတို့နှစ်ဦးသည် မြို့ပြင်ဘက်သို့ အပြေးနှင်သွားကြရာ မြို့တံခါးဝသို့ ရောက်သောအခါ စိတ်လှုပ်ရှားဖွယ်ရာများကို ကြည့်ရှုရန် မြို့ပြင်သို့ အပြေးအလွှား ထွက်ခွာနေကြသော လူအများအပြားကို တွေ့လိုက်ရ၏။

ထိုအချိန်တွင် လုံယိ၏ စူးရှသော အမြင်အာရုံသည် သူတို့ရှေ့မှ အပြေးနှင်နေသော ရင်းနှီးသည့် ပုံရိပ်နှစ်ခုကို ရုတ်တရက် မြင်လိုက်လေသည်။

"အက်လ်ဖ်မလေး... ငါ့ကို စောင့်ဦး…" လုံယိက အော်ပြောလိုက်၏။ ဤမိန်းကလေးနှစ်ဦးသည် သူတို့ထက် အရင်ဦးအောင် ခိုးထွက်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

လုံယိ၏ အသံကို ကြားသောအခါ ထိုမိန်းကလေးနှစ်ဦးသည် ခြေလှမ်းများကို ရပ်တန့်ကာ လှည့်ကြည့်ပြီး သူတို့နှစ်ဦး အနားသို့ ရောက်လာသည်အထိ စောင့်ဆိုင်းပေးကြလေသည်။

"လုံယိ... နင်တို့ ခိုးထွက်လာမယ်ဆိုတာ ငါသိပြီးသားပါ…" လုရှီးယာသည် သူမ၏ ခန့်မှန်းချက် မှန်ကန်သွားသည့်အတွက် အလွန်ဂုဏ်ယူနေဟန်ဖြင့် လှပစွာ ပြုံးပြလိုက်လေသည်။

"မင်းတို့နှစ်ယောက်ကတော့ တကယ် ရက်စက်တာပဲ... ငါတို့ကိုတောင် အကြောင်းမကြားဘဲ လာကြတယ်ပေါ့…" လုံယိက ပြုံးလျက် လုရှီးယာ၏ နှာခေါင်းငယ်လေးကို အကျင့်ပါနေသည့်အတိုင်း စနောက်ကာ တို့ထိလိုက်၏။

"အစ်မယိုယိုက နင်တို့ ငါတို့ကို အမီလိုက်နိုင်မှာပဲလို့ ပြောတယ်... ဒါကြောင့် ငါတို့ အရင်ထွက်လာကြတာ…" လုရှီးယာသည် လုံယိ၏ စနောက်မှုများကို နေသားကျနေပြီဖြစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သည့် အရိပ်အယောင် အနည်းငယ်မျှမရှိဘဲ ပြန်ပြောလိုက်လေသည်။

လုံယိသည် လင်ယိုယိုဘက်သို့ ကြည့်လိုက်သော်လည်း သူမသည် အကြည့်ချင်းမဆုံအောင် ရှောင်ဖယ်လိုက်ပေသည်။ ဤလဝက်အတွင်း သူမသည် လုံယိနှင့် တွေ့ဆုံခြင်းကို တမင်ရှောင်ကွင်းနေခဲ့သည်။

ပထမအချက်မှာ သူသည် အမှောင်မှော်ပညာကို လေ့လာ လုပ်သည်ဟု သူမ သိထားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ သူသည် အလွန်လျှို့ဝှက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသောကြောင့် လင်ယိုယိုသည် လုံယိအပေါ် မသိစိတ်မှ သတိထားနေမိခြင်းပင် ဖြစ်ပေသည်။

ထိုစဉ် ရုတ်တရက် အဝေးမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်ခါလာလေသည်။

"တိုက်ပွဲ စနေပြီ... ငါတို့ အမြန်သွားကြရအောင်…" လုံယိက စိတ်လှုပ်ရှားစွာ ပြောလိုက်တော့သည်။

အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီးနောက် လုံယိသည် တခဏမျှ တုံ့ဆိုင်းနေပြီးမှ သူတို့အားလုံးအပေါ်တွင် လေပြင်းမှော်မန္တရားကို ပစ်လွှတ်လိုက်လေသည်။

ထို့နောက် သူကပင် ရှေ့ဆုံးမှ ဦးဆောင်၍ ပြေးထွက်သွားတော့သည်။ လင်ယိုယိုနှင့် ကျန်သုံးဦးတို့သည် မိမိတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားပြီး အရှိန်အဟုန် ရုတ်တရက် မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။

အားလုံးက အံ့အားသင့်သွားကြပြီး ဤသည်မှာ မည်သည့်မှော်ပညာဖြစ်သည်ဟု တွေးတောနေကြလေသည်။ သို့သော် တွေးတောနေစရာမလိုဘဲ ဤသည်မှာ လုံယိ၏ လက်ချက်ဖြစ်ကြောင်း သိလိုက်ကြသဖြင့် လုံယိအပေါ် ထားရှိသော လျှို့ဝှက်ဆန်းကြယ်မှုများက ပို၍ပင် တိုးပွားလာရပေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာမှာ ဟွမ်မန်လွင်ပြင်၏ အစွန်အဖျားတွင် ဖြစ်ပြီး နှစ်ဖက်စလုံးတွင် လူပေါင်းထောင်နှင့်ချီ၍ ရှိနေကြသည်။ ထို့ကြောင့် ဤတိုက်ပွဲသည် အမှန်တကယ်ပင် ခမ်းနားထည်ဝါသော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည် ဖြစ်၏။ လုံယိနှင့် သူ၏အဖွဲ့အပြင် အခြားသူအချို့သည်လည်း ဘေးမှ စောင့်ကြည့်နေကြလေသည်။

"ဒါက ဘာလဲ... ပိုပြီး ပြင်းထန်တဲ့ ပျက်စီးမှုမျိုး ဖြစ်မယ်လို့ ငါထင်ထားတာ၊ အခုတော့ ဒါက ဘာအဓိပ္ပာယ်လဲ…" တိုက်ပွဲမြင်ကွင်းကို မြင်ပြီးနောက် လုံယိက စိတ်ပျက်လက်ပျက် ပြောလိုက်လေသည်။

"ဟုတ်တယ်... မှန်တယ်၊ ငါသိပြီးသားပဲ၊ မှော်ဆရာတွေဆိုတာ နောက်ကနေ ပစ်တာပဲ တတ်တဲ့ လိပ်တွေပဲ…" ဘာဘေးရီးယန်းနွားကလည်း ထိုခံစားချက်အတိုင်း ခေါင်းညိတ်ကာ ဆိုလိုက်၏။

သို့သော် လုရှီးယာနှင့် လင်ယိုယိုတို့က သူ့ကို စိုက်ကြည့်နေသည်ကို ဘာဘေးရီးယန်းနွားက ချက်ချင်း သတိပြုမိသွားသည်။ ထိုအခါမှ သူ၏အဖော်နှစ်ဦးသည်လည်း မှော်ဆရာများဖြစ်ကြောင်း သတိရသွားပြီး ခေါင်းပေါ်ရှိ ဦးချိုကို အလျင်အမြန် ပွတ်သပ်ကာ "မင်းတို့နှစ်ယောက်ကို ပြောတာမဟုတ်ဘူး၊ ဟိုဘက်ကလူတွေကို ပြောတာ…" ဟူ၍ ပြောလိုက်လေသည်။

မိန်းကလေးနှစ်ဦးစလုံးက နှာခေါင်းရှုံ့ကာ အေးစက်စွာ တုံ့ပြန်လိုက်ကြ၏။ အမှန်တကယ်တွင် လုရှီးယာသည်လည်း မှော်ဆရာတစ်ဦးဖြစ်ပြီး တိတိကျကျဆိုရလျှင် မှော်လေးသမားတစ်ဦးပင် ဖြစ်ပေသည်။

အက်လ်ဖ်များသည် လေးပစ်ခြင်းနှင့် မှော်ပညာတွင် မွေးရာပါ ပါရမီရှိကြသည်မှာ လူသိများပြီး ဖြစ်သည်။ လေးနှင့် မြားများတွင် မှော်စွမ်းအင်များ ပေါင်းစပ်လိုက်သောအခါ မြားများ၏ စွမ်းအားသည် အဆမတန် ကြီးမားသွားလေသည်။

သာမန်လေးသမားများနှင့် နှိုင်းယှဉ်ပါက မှော်လေးသမားများသည် အဆပေါင်းများစွာ ပို၍ အစွမ်းထက်ကြပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment