အခန်း (၄၅) - အစားကြူးသော လုံစန်း
လုံယိသည် မိမိ၏ အသိစိတ်ပင်လယ် တစ်ခုလုံး ဗလာဖြစ်သွားသည်ကို ခံစားလိုက်ရပြီးနောက် တစ်ဝက်တစ်ပျက် သတိမေ့မြောသည့် အခြေအနေသို့ ရောက်ရှိသွားလေသည်။ ထိုအချိန်တွင် အောက်ထျန်းကျင့်စဥ်၏ အတွင်းအားများက အလိုအလျောက် လည်ပတ်လာပြီး ပျက်စီးသွားသော သွေးကြောများကို စတင်ကုသပေးတော့သည်။
ထိုထူထပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော တိမ်တိုက်မည်းမှောင်များလည်း လျင်မြန်စွာ ပျောက်ကွယ်သွားပြီးသည်နှင့်အတူ သည်းထန်စွာ ရွာသွန်းနေသော မိုးများသည်လည်း မိုးဖွဲလေးများအဖြစ်သို့ ပြောင်းလဲသွားကာ မကြာမီတွင် လုံးဝတိတ်သွားလေသည်။ ထို့နောက်တွင်မူ ကောင်းကင်ယံသည် ပြန်လည်လင်းကာ ပွင့်လာခဲ့၏။
ဟာလေနှင့် အခြားသူများသည် တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြပြီး ငွေကျောခွံ မြေနဂါး၏ အားနည်းချက်ကို လျှပ်စီးများက အဘယ်ကြောင့် တရစပ် ပစ်ချခဲ့သည်ကို လုံးဝနားမလည်နိုင် ဖြစ်နေကြပေသည်။ ၎င်းတို့သည် အလင်းနတ်ဘုရား၏ စောင့်ရှောက်မှုကို ခံနေရခြင်းများလားဟူ၍ပင် တွေးတောနေကြလေသည်။
"လုံယိ... လုံယိ…" လုရှီးယာသည် အော်ဟစ်ခေါ်ပြီး လုံယိကို လိုက်ရှာလေသည်။ အကြောင်းရင်းမှာ ငွေကျောခွံ မြေနဂါးက လုံယိကို ၎င်းတို့နှင့် ဆန့်ကျင်ဘက်အရပ်သို့ လွှင့်ပစ်ခဲ့သောကြောင့် ဖြစ်ပေသည်။
လုံယိသည် ရွှံ့နွံများထဲတွင် တစ်ဝက်ခန့် မြုပ်နေပြီး အသက်ရှင်သည်။ သေသည် မသိနိုင်သော အခြေအနေတွင် ရှိနေသည်ကို မြင်လိုက်ရသောအခါ လုရှီးယာ၏ မျက်ရည်များက မြေပြင်ပေါ်သို့ တစက်စက် ကျဆင်းလာခဲ့၏။
ထို့နောက် လုံယိ၏ အနားသို့ အပြေးအလွှားသွားကာ တွဲထူပြီး ဝမ်းနည်းပူဆွေးစွာဖြင့် သူ့အမည်ကို ခေါ်လိုက်လေသည်။
သူမ သတိမထားအမေမှာပင် လင်ယိုယိုနှင့် ဘာဘေးရီးယန်းနွားတို့သည် သူမ၏ နောက်ကွယ်တွင် ရောက်ရှိနေကြပြီ ဖြစ်ပြီး နှစ်ဦးစလုံး၏ မျက်နှာတွင် စိုးရိမ်ရိပ်များ အထင်အသား ပေါ်လွင်နေသည်။ အမြဲတမ်း အေးစက်နေတတ်သော လင်ယိုယို၏ မျက်နှာတွင်ပင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေပေသည်။
လုံယိသည် မျက်လုံးများကို အားယူဖွင့်လိုက်ပြီး အတင်းပြုံးကာ လုရှီးယာကို နှစ်သိမ်ပေးလိုက်လေသည်။ "လိမ္မာတဲ့ကလေးမလေး... မငိုပါနဲ့၊ ငါ အဆင်ပြေပါတယ်…" မျက်ရည်များဖြင့် စိုစွတ်နေသော လုရှီးယာ၏ လှပသော မျက်နှာလေးကို ကြည့်ပြီး လုံယိသည် စီဘီကို မမှတ်မိဘဲ မနေနိုင်တော့ပေ။ အရာအားလုံးက အတူတူပင် ဖြစ်သော်လည်း လူများကတော့ ပြောင်းလဲသွားခဲ့လေသည်။
ထိုအချိန်တွင် ဟာလေနှင့် ကျန်ရှိနေသော လူများသည် ငွေကျောခွံ မြေနဂါး၏ အသေကောင်ကို ဝိုင်းအုံကြည့်နေကြပြီး ကင်ထားသကဲ့သို့ ဖြစ်နေသော ထိုသတ္တဝါကြီးကို ကြည့်ကာ လျှာသပ်နေကြလေသည်။
"ဟာလေ... ဒီသားရဲရဲ့ မှော်အမြုတေကို အမြန်တူးထုတ်လိုက်၊ ဒါက ခရမ်းရောင်ကျောက်စိမ်းဒင်္ဂါး သောင်းပေါင်းများစွာ တန်ဖိုးရှိနိုင်တယ်…"
ဂီလိုတာက တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။ သူ၏ ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် လောဘရိပ်များ အထင်အသား ပေါ်နေပေသည်။
ဟာလေသည် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် သူ၏ ဓားကြီးကို မြှောက်ကာ ငွေကျောခွံ မြေနဂါး၏ ဦးခေါင်းပိုင်းကို စတင်တူးဖော်တော့သည်။ ဤမှော်အမြုတေ တစ်ခုတည်းသည်ပင် ယခုတစ်ကြိမ် တာဝန်ယူခဲ့ရသော မစ်ရှင်၏ ဆုလာဘ်ထက် အဆပေါင်းများစွာ ပို၍ တန်ဖိုးရှိနေပေသည်။
ငွေကျောခွံ မြေနဂါး၏ တစ်ကိုယ်လုံးသည် လျှပ်စီးတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရာ ဟာလေသည် ရွှေရောင်သန်းနေသော ငွေရောင်မှော်အမြုတေကို လူအများရှေ့တွင် ဖုန်မှုန့်များကို မှုတ်ထုတ်လိုက်သကဲ့သို့ အလွန်လျင်မြန်လွယ်ကူစွာ တူးဖော်ယူလိုက်လေသည်။
မူလက ငွေကျောခွံ မြေနဂါး၏ မှော်အမြုတေသည် ငွေရောင်ရှိသော်လည်း သတ်ဖြတ်ခံရချိန်တွင် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်၏ အလယ်၌ ရှိနေခဲ့သောကြောင့် မှော်အမြုတေ၏ အစိတ်အပိုင်းအချို့သည် ယခုကဲ့သို့ အရည်အသွေး ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဤမှော်အမြုတေ၏ တန်ဖိုးသည် အဆပေါင်းများစွာ မြင့်တက်သွားပြီး S-အဆင့်ရှိ မှော်သားရဲတစ်ကောင်၏ မှော်အမြုတေ တစ်ဝက်ခန့်နှင့် တန်ဖိုးတူသွားပေသည်။
"ငါတို့ ချမ်းသာပြီ... ငါတို့ ချမ်းသာပြီ…" ဂီလိုတာသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသော အသံဖြင့် ဆိုလိုက်၏။
ယခုတစ်ကြိမ်တွင် ဂီလိုတာသာမက အခြားသူများပါ စိတ်လှုပ်ရှားနေကြပြီး အမြဲတမ်း တည်ငြိမ်အေးစက်နေတတ်သော လန်ထျန်းပင်လျှင် မိမိကိုယ်ကို မေ့လျော့လုနီးပါး ဖြစ်သွားရသည်။
ဟာလေသည် သူ၏ လက်ကြီးများကို ဆန့်တန်းလိုက်ရာ ထိုတခဏတွင် သူ၏ မျက်လုံးထဲ၌ ဤမှော်အမြုတေတစ်ခုတည်းသာ ရှိတော့ပေသည်။
အဝေးသို့ လွင့်စင်သွားသော လုံယိကိုမူ သူ လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။ စွန့်စားသူအဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ ဤလုပ်ရပ်သည် အမှန်တကယ်ပင် အဆင်မပြေလှပေ။
ဟာလေက မှော်အမြုတေကို လက်ဖြင့် ဖမ်းယူတော့မည့် အချိန်တွင် ရုတ်တရက် အရိပ်တစ်ခု လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူယူတော့မည့် မှော်အမြုတေသည် မမျှော်လင့်ဘဲ ပျောက်ကွယ်သွားလေသည်။
စိတ်လှုပ်ရှားနေကြသူများ အံ့အားသင့်သွားပြီး ခေါင်းမော့ကြည့်လိုက်ရာ အဖြူအမည်း တစ်ဝက်စီရှိသော ကျားလေးတစ်ကောင်က မှော်အမြုတေကို ပါးစပ်ဖြင့် ကိုက်ထားသည်ကို တွေ့လိုက်ရပြီး ထိုကျားလေးသည် မှော်အမြုတေကို တစ်လုံးလုံး မျိုချလိုက်တော့သည်။
ဟာလေနှင့် အခြားသူများသည် ရူးသွပ်စွာ အော်ဟစ်ပြီး ကျားလေးနောက်သို့ ပြေးလိုက်ကြတော့သည်။ ထိုအရာသည် ခရမ်းရောင်ဒင်္ဂါး သောင်းပေါင်းများစွာ တန်ဖိုးရှိသည် မဟုတ်ပါလား...
ယခုကဲ့သို့ သားရဲတစ်ကောင်က မျိုချသွားသည်ကို သူတို့ မည်သို့လျှော့ပေးနိုင်ပါမည်နည်း...
သို့သော် ဤကျားလေးသည် အရွယ်အစား သေးငယ်သော်လည်း အတော်ပင် လျင်မြန်လှရာ အကြာကြီး လိုက်လံဖမ်းဆီးခဲ့သော်လည်း မမိခဲ့ပေ။ အတော်ကြာ ပြေးလွှားပြီးနောက်တွင်မူ ကျားလေးသည် လုံယိ၏ နောက်ကွယ်၌ ပုန်းကွယ်သွားလေသည်။
"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ…" ဟာလေနှင့် အခြားသုံးဦးသည် အမောတကော ဖြစ်နေသည်ကို မြင်သောအခါ ဘာဘေးရီးယန်းနွားက မေးလိုက်လေသည်။
"အဲဒီ သားရဲလေးကို အမြန်ဖမ်းကြ... သူ ငွေကျောခွံ မြေနဂါးရဲ့ မှော်အမြုတေကို မျိုချလိုက်တယ်…" ဂီလိုတာက အော်ဟစ်ပြောဆိုလိုက်၏။
လုံယိသည် ခေါင်းလှည့်ကြည့်လိုက်ရာ ကျားလေးသည် မျက်လုံးများကို မှိတ်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံးမှ ငွေရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။
"သူ မှော်အမြုတေရဲ့ စွမ်းအင်တွေကို စုပ်ယူနေတာပဲ... အမြန်သတ်လိုက်ကြ…" ဂီလိုတာသည် ကျားလေးကို လက်ညှိုးထိုးကာ အော်ပြောလိုက်လေသည်။
လုံယိသည် ခေါင်းမော့ကာ ဂီလိုတာကို အေးစက်လှသော အကြည့်များဖြင့် တိုက်ရိုက် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်မှာ "ဒီလောဘတက်နေတဲ့ ကောင်က သားရဲလေးကို သတ်ချင်နေတာပဲ…" ဟူ၍ ပင် ဖြစ်လေသည်။
လုံယိ၏ သတ်ဖြတ်လိုသော အကြည့်များကို မြင်လိုက်ရသည်နှင့် ဂီလိုတာသည် ချက်ချင်းပင် ပါးစပ်ပိတ်သွားပြီး တစ်ခွန်းမှ မဟရဲတော့ပေ။ ထို့နောက် သူသည် အကူအညီမဲ့ဖြစ်သွားကာ ဟာလေ၏ နောက်ကွယ်တွင် ပုန်းကွယ်သွားလေသည်။
"ဘယ်သူမှ သားရဲလေးကို ထိလို့မရဘူး... မဟုတ်ရင်တော့ ငါတို့ဘက်က ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရလိမ့်မယ်…"
လုံယိသည် လုရှီးယာကို ညင်သာစွာ တွန်းဖယ်ကာ မတ်တပ်ရပ်လိုက်၏။ သူ၏ မျက်နှာသည် ဖြူဖျော့နေပြီး တစ်ကိုယ်လုံးတွင်လည်း သွေးစွန်းနေသော်လည်း ထိုပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို မည်သူမျှ တိုက်ရိုက်ရင်ဆိုင်နိုင်ခြင်း မရှိကြပေ။
ဟာလေသည် ရိုးအအ ပုံစံမျိုးဖြင့် သူ၏ခေါင်းကို ကုတ်ကာ အခြေအနေကို ပြေလျော့စေရန် ကြိုးစား၍ ပြောလိုက်လေသည်။
"ဒီမှော်အမြုတေကိုပဲ မေ့လိုက်ကြရအောင်လား... အားလုံးပဲ ဒီကိစ္စအတွက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြပါနဲ့။ ပျောက်ဆုံးမြို့တော်ကို ရှာတွေ့တဲ့အခါ ပိုပြီးတန်ဖိုးရှိတဲ့ ရတနာတွေကို ရနိုင်တာပဲ ရှိတာပေါ့။ အခုလည်း အားလုံး ဒဏ်ရာရထားကြပြီဆိုတော့ တစ်ရက်လောက် အနားယူပြီးမှ ပြန်ထွက်ကြရအောင်…"
အမှန်စင်စစ် ဟာလေသည် မှော်အမြုတေကို မလိုချင်၍ မဟုတ်ပေ။ သို့သော် လုံယိနှင့် ငွေကျောခွံ မြေနဂါးတို့၏ တိုက်ပွဲကို ကြည့်ပြီး လုံယိသည် အဆမတန် ပိုမိုအစွမ်းထက်ကြောင်း သူသိလိုက်သည်။ မိမိကိုယ်တိုင်သည် လုံယိ၏ ပြိုင်ဘက်မဟုတ်ကြောင်းကိုလည်း သူ ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့၏။
ထို့အပြင် လုရှီးယာ၊ လင်ယိုယိုနှင့် ဘာဘေးရီးယန်းနွားတို့သည်လည်း လုံယိ၏ ဘက်တွင် ရှိနေကြသဖြင့် နှိုင်းယှဉ်ကြည့်လျှင် ပျောက်ဆုံးမြို့တော်ကို ရှာဖွေခြင်းက ပို၍ အရေးကြီးနေပေသည်။
ဟာလေ ပြောပြီးနောက် ဂီလိုတာနှင့် အခြားသူများကလည်း ကန့်ကွက်ခြင်း မရှိကြပေ။ သူတို့သည်လည်း မိုက်မဲကြသည်မဟုတ်။ အကယ်၍ ယခုအချိန်တွင် ပဋိပက္ခဖြစ်ကြမည်ဆိုပါက လုံယိထက် သူတို့အားလုံး သေဆုံးသွားနိုင်ခြေက ပိုများနေသည် မဟုတ်ပါလား...
လုံယိသည် မှော်အမြုတေမှ စွမ်းအင်များကို စုပ်ယူနေပြီး မျက်လုံးမှိတ်ထားသော ကျားလေးဘက်သို့ ကြည့်ကာ သက်ပြင်းချရင်း ပြုံးလိုက်မိပြီး စိတ်ထဲမှ တွေးလိုက်သည်မှာ "ဒီကောင်လေးက ငါ့အပေါ် တကယ်ကို ယုံကြည်လွန်းနေတာပဲ... ငါ့နောက်မှာ ပုန်းနေတာက အလုံခြုံဆုံးနေရာလို့ သူယုံကြည်နေတာလား…" ဟူ၍ ပင် ဖြစ်လေသည်။
တစ်ရက် အနားယူပြီးနောက် လုံယိ၏ အတွင်းဒဏ်ရာများသည် ပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့သည်။ အောက်ထျန်းကျင့်စဥ်သည် အတွင်းကလီစာများကို ကုသရာတွင် အမှန်တကယ်ပင် ထူးခြားသော နည်းလမ်းဖြစ်ကြောင်း တွေ့ရှိရပေသည်။ ထို့နောက် စွန့်စားသူအဖွဲ့သည် သူတို့၏ ခရီးစဉ်ကို တစ်ဖန် ပြန်လည်စတင်ခဲ့ကြသည်။
အဖွဲ့အတွင်းရှိ မူလကပင် အားနည်းခဲ့သော ဆက်ဆံရေးများသည် ယခုအခါ ပိုမိုနက်ရှိုင်းသော အက်ကြောင်းများ ဖြစ်ပေါ်လာပြီဖြစ်ကြောင်း လုံယိ သိလိုက်၏။ ဤလူရှစ်ဦးသည် အုပ်စုနှစ်ခုအဖြစ် ရှင်းလင်းစွာ ကွဲထွက်သွားခဲ့လေသည်။
အုပ်စုတစ်စုတွင် လုံယိ၊ လုရှီးယာ၊ လင်ယိုယိုနှင့် ဘာဘေးရီးယန်းနွားတို့ ပါဝင်ပြီး အခြားအုပ်စုတွင်မူ ဟာလေ၊ ဂီလိုတာ၊ လန်ထျန်းနှင့် ရှီယန်တို့ ပါဝင်နေကြပေသည်။
ကျားလေးငယ်သည် အိပ်မောကျနေဆဲပင်။ မှော်အမြုတေအတွင်းရှိ စွမ်းအင်များကို အချိန်တိုအတွင်း အကုန်အစင် စုပ်ယူနိုင်ခြင်း မရှိသေးပုံရပေသည်။ ဟွမ်မန်လွင်ပြင်၏ အရပ်ရပ်တွင် ပုန်းကွယ်နေသော အန္တရာယ်များကို ရင်ဆိုင်ရာ၌ ကျားလေးငယ်ကို ပွေ့ချီထားရခြင်းမှာ အဆင်မပြေကြောင်း လုံယိ ခံစားနေရ၏။
အရေးပေါ်အခြေအနေ တစ်ခုခု ပေါ်ပေါက်လာပါက သူသည် အခက်တွေ့သွားလိမ့်ပေမည်။ သို့သော် သက်ရှိများကို သိုလှောင်လက်စွပ်အတွင်း ထည့်ထား၍ မရနိုင်ပေ၊ သို့မဟုတ်ပါက သူသည် ကျားလေးငယ်ကို လက်စွပ်ထဲသို့ တိုက်ရိုက်ထည့်ထားမိမည် ဖြစ်သည်။
လုံယိသည် သွေးရောင်ခြယ် ဦးခေါင်းခွံအတွင်းရှိ အာကာသထဲသို့ ထည့်ကာ အရိုးစုများနှင့်အတူ ထားရှိရန် အမှန်တကယ် စဉ်းစားခဲ့၏။ အကြောင်းရင်းမှာ ထိုအတိုင်းအတာရှိသော အာကာသထဲတွင် သက်ရှိများကို ထားရှိနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ပြဿနာတစ်ခု ရှိနေသည်မှာ ထိုနေရာတစ်ခုလုံးတွင် မှောင်မိုက်သော အငွေ့အသက်များ ဖုံးလွှမ်းနေခြင်းပင်။
အကယ်၍ ထိုနေရာတွင် ထည့်ထားခဲ့ပါက မည်သို့ဖြစ်သွားမည်ကို နတ်ဘုရားများသာ သိလိမ့်ပေမည်။ ထို့အပြင် ကျားလေးငယ်သည် ရုတ်တရက် ပျောက်ကွယ်သွားပါက အခြားသူများကို ပေးရန် သင့်တော်သော ရှင်းပြချက်မျိုးလည်း သူ့တွင် ရှိမည်မဟုတ်ပေ။
ခရီးသွားအဖွဲ့သည် မြေနဂါးတို့၏ နယ်မြေဖြစ်သော သဲကန္တာရဒေသမှ နောက်ဆုံးတွင် ထွက်ခွာနိုင်ခဲ့ကြသည်။ သို့သော် သူတို့ သက်ပြင်းချနိုင်ရန် အချိန်မရလိုက်မီမှာပင် မျက်စိရှေ့ရှိ မြင်ကွင်းကြောင့် အသက်ရှူမှားသွားကြရလေသည်။
မျက်စိတစ်ဆုံးအထိ ကျယ်ပြောလှသော ရွှံ့နွံတောကြီးတစ်ခု ရှိနေ၏။ တစ်နေရာလုံးသည် မှောင်မိုက်သော မြူခိုးပါးများ ဖုံးလွှမ်းနေပြီး မြေပြင်အနှံ့အပြားမှလည်း ပူပေါင်းများ တစီစီ ထွက်ပေါ်နေပေသည်။