no

Font
Theme

အခန်း (၅၃) - စူပါအရိုးစုများ၏ စွမ်းရည်ပြပွဲ

သွေးရောင်အရိုးခေါင်းတံဆိပ်အတွင်း၌ စူပါအရိုးစု ၁၈ ခု ရှိနေသည်ကို လုံယိ နောက်ဆုံးတွင် သတိရသွားခဲ့ပြီ ဖြစ်သည်။ ယခင်က ထိုအရိုးစုများကို လူသိမခံလိုသောကြောင့် စိတ်ကြိုက်အသုံးမပြုဝံ့ခဲ့ခြင်း ဖြစ်သော်လည်း ယခုနေရာတွင် သူနှင့် လင်ယိုယို နှစ်ဦးတည်းသာ ရှိနေသဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့နေစရာ မလိုတော့ပေ။

"ယိုယို... ငါ့ဇနီးဖြစ်ဖို့ နောက်ဘဝအထိ စောင့်နေစရာ မလိုပါဘူး၊ ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်လုံး သေကြတော့မှာ မဟုတ်လို့ပဲ…" လုံယိက ပြုံးလျက် ပြောလိုက်လေသည်။

"လုံယိ... ငါ့ကို နှစ်သိမ်ပေးနေဖို့ မလိုပါဘူး၊ အမှောင်ဝတ်ပြုဆုတောင်းချက်က နောက်ထပ် ၅ မိနစ်တောင် တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး…"

လင်ယိုယို၏ အကာအကွယ်ဒိုင်းသည် ပို၍ပို၍ ပြင်းထန်စွာ တုန်ခါလာသော်လည်း သူမ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အစအနမျှ မရှိပေ။ ချစ်ရသူ၏ ဘေးနားတွင် ရှိနေနိုင်သည်ဆိုလျှင် သေရမည် ဖြစ်ပါစေ အဘယ်ကြောင့် မဖြစ်နိုင်ပါမည်နည်း...

"မိုက်မိုက်မဲမဲနဲ့... အခုထိ ငါ့ကို မယုံသေးတာလား... ဒီမှာ ကြည့်လိုက်ဦး…" လုံယိုယီက သူ၏ ဘယ်ဘက်လက်ဖဝါးကို ဖြန့်လိုက်ရာ လက်ဖဝါးအလယ်ရှိ သွေးနီရောင် အရိုးခေါင်းတံဆိပ်မှ ထူးဆန်းသော အနီရောင် အလင်းတန်းများ ဖြာထွက်လာလေသည်။

"ဒါ... ဒါက ဘာလဲ။ အမှောင်ဓာတ်တွေ ဒီလောက်တောင် ပြင်းထန်နေတာလား…"

လင်ယိုယိုက အံ့အားလွန်း၍ အော်ဟစ်လိုက်မိ၏။ သို့သော် သူမ၏ ရှေ့မှောက်တွင် ပို၍ အံ့သြဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ လုံယိသည် မျက်စိမှိတ်ကာ မန္တန်ကို အာရုံပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများ ဖြာထွက်လာလေသည်။

ထို့နောက် ကောင်းကင်ယံတွင် ရုတ်တရက် ရှည်လျားသော အနက်ရောင် အက်ကြောင်းတစ်ခု ပွင့်ထွက်လာပြီး သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားသော အရိုးစု ၁၈ ခုသည် ထိုအက်ကြောင်းထဲမှ ချက်ချင်းထွက်ပေါ်လာကာ သူတို့ရှေ့တွင် ခန့်ညားထည်ဝါစွာ တန်းစီရပ်လိုက်ကြလေသည်။

လင်ယိုယိုသည် အလွန်အမင်း တုန်လှုပ်သွားပြီး မြေပြင်ပေါ်တွင် လဲလျောင်းနေသော လုံယိကို ကြည့်ကာ "နင်က တကယ်တော့ နက်ခရိုမန်စာ (အလောင်းထိန်းမှော်ဆရာ) တစ်ယောက် ဖြစ်နေတာပဲ…" ဟူ၍ အံ့သြတကြီး ပြောလိုက်လေသည်။

"ငါက နက်ခရိုမန်စာ ဖြစ်လို့မရဘူးလား…" လုံယိက ရယ်မောရင်း ခက်ခဲစွာ ထရပ်လိုက်ပြီးနောက် ထိုအရိုးစု ၁၈ ခုကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။ အမိန့်ပေးပြီးသည်နှင့် သွေးရောင်တံစဉ်ကို ကိုင်ဆောင်ထားသော အရိုးစုက ဦးဆောင်၍ ပြေးထွက်သွားပြီး ကျန်ရှိသော အရိုးစု ၁၇ ခုကလည်း နောက်မှ လိုက်ပါသွားကာ အမှောင်မှော်သားရဲများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့သည်။

လတ်တလောတွင် လုံယိ၏ အမှောင်မှော်အတတ်ပညာကြောင့် လင်ယိုယို အံ့အားသင့်ခဲ့ရသည်ဆိုလျှင် ယခုအခါတွင်မူ ထိုအရိုးစု ၁၈ ခု၏ ပြင်းထန်သော တိုက်ခိုက်မှုများကို မြင်ပြီးနောက် လုံးဝ မှင်တက်သွားတော့သည်။ ၎င်းတို့သည် အမှန်တကယ်ပင် အရိုးစုများလား...

သူမသည် ယခင်ကလည်း နက်ခရိုမန်စာများနှင့် ဆုံတွေ့ဖူးခဲ့သော်လည်း ၎င်းတို့ဆင့်ခေါ်သော အရိုးစုများမှာ သေလူကဲ့သို့ ဖြူဖျော့နေပြီး တိုက်ခိုက်နိုင်စွမ်း အလွန်နိမ့်ကျကာ အရေအတွက် အသာစီးရမှုဖြင့်သာ အနိုင်ယူနိုင်ကြသည် မဟုတ်ပါလား...

သို့သော် ဤအရိုးစု ၁၈ ခု၏ ခွန်အားမှာ ဓားသိုင်းဆရာတစ်ဦးထက် မလျော့ရုံသာမက ဦးဆောင်ထွက်ခွာသွားသော အရိုးစု၏ စွမ်းအားမှာ ပို၍ပင် နက်ရှိုင်းလှပေသည်။ သွေးရောင်တံစဉ်သည် သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အမှောင်မှော်သားရဲများ၏ အသက်ကို ရက်ရက်စက်စက် ရိတ်သိမ်းနေသည်ကိုသာ သူမ မြင်လိုက်ရ၏။

"ဘုရားရေ... နင့်ရဲ့အရိုးစုတွေက ဒီအမှောင်မှော်သားရဲတွေရဲ့ ချီတွေကို စုပ်ယူနေတာပဲ၊ ဒါက ဘယ်လိုဖြစ်နိုင်တာလဲ…" လင်ယိုယိုသည် မသိလိုက်ဘဲ အော်ဟစ်မိလေသည်။ ယနေ့တွင် လုံယိပေးသော အံ့အားသင့်စရာများက များလွန်းလှသဖြင့် သူမအနေဖြင့် လက်မခံနိုင်လောက်အောင် ဖြစ်နေရသည်။

လင်ယိုယို၏ စကားကို ကြားလိုက်ရမှ လုံယိသည်လည်း အမှောင်မှော်သားရဲများ သေဆုံးပြီးနောက် ထွက်ပေါ်လာသော အမှောင်ချီများကို အရိုးစုများက စုပ်ယူနေသည်ကို သတိပြုမိသွားပြီး ၎င်းတို့သည် အမှောင်မှော်ပညာကို ခုခံနိုင်စွမ်းရှိကြောင်း တွေ့ရှိလိုက်ရ၏။

ပုံမှန်အားဖြင့် ဤမျှများပြားသော အမှောင်မှော်တိုက်ခိုက်မှုများကြားတွင် အနည်းငယ်မျှပင် ထိခိုက်မှုမရှိနိုင်ဘဲ အစအနတောင် မကျန်ခဲ့သည်မှာ အံ့သြစရာပင်။ ထို့အပြင် အမှောင်မှော်သားရဲများ၏ ချီကို စုပ်ယူပြီးနောက်တွင် ၎င်းတို့သည် ပို၍ပင် အားအင်ပြည့်ဝကာ တက်ကြွလာပုံရပေသည်။

"ဘီတေးရှီဂူ က တကယ်ပဲ အမှောင်မှော်ပညာရဲ့ ပါရမီရှင်ပဲ၊ ငါ့ကို ဒီလိုမျိုး သတ္တဝါတွေကို သန့်စင်ခိုင်းခဲ့တာပဲ။ သူ့မှတ်တမ်းထဲမှာ ရေးထားတာတွေက တကယ်မှန်တာပဲ၊ ဒီအရိုးစု ၁၈ ခုက ဆင့်ကဲပြောင်းလဲနိုင်တဲ့ အရိုးစုတွေဖြစ်ပြီး သမိုင်းတစ်လျှောက် တူညီတာမရှိတဲ့ ထူးခြားတဲ့ ဖန်တီးမှုမျိုးပဲ....”

“အခုဆိုရင် ဒီအရိုးစု ၁၈ ခုရဲ့ ခွန်အားက ဓားသိုင်းဆရာအဆင့်ကို ရောက်နေပြီ၊ လုံအာ့ကတော့ မဟာဓားသိုင်းဆရာအဆင့်ကိုတောင် ရောက်နေပြီ။ တကယ်လို့ နောက်ထပ် တစ်ဆင့် ထပ်ပြီးဆင့်ကဲပြောင်းလဲသွားမယ်ဆိုရင် ဒီကမ္ဘာမှာ ငါ့လမ်းကို ဘယ်သူက တားဆီးနိုင်ဦးမလဲ... ငါ့အမြင်မှာတော့ ဒီကျိန်စာသင့်တဲ့နေရာဟာ တကယ်ပဲ နေရာကောင်းတစ်ခု ဖြစ်နေတာပဲမဟုတ်လား..."

ဤနေရာအကြောင်းကို တွေးတောရင်း လုံယိသည် ပတ်ဝန်းကျင်ကို စတင်အကဲခတ်လေသည်။ ဤကမ္ဘာတစ်ခုလုံးသည် မှိုင်းမှိုက်နေပြီး လူတို့အား အသက်ရှူကျပ်စေမည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။

လက်ရှိတွင် သူတို့ရောက်ရှိနေသည်မှာ ပိတောက်မှောင်သော တောအုပ်တစ်ခုဖြစ်ပြီး တစ်မြေလုံးတွင် ပြန့်နှံ့နေသော မှော်သားရဲများမှအပ အခြားမည်သည့် သက်ရှိမှ မရှိပေ။ လုံယိသည် သူ၏ ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်၍ လေထုထဲရှိ မှော်စွမ်းအင်များကို အာရုံခံကြည့်လိုက်သည်။

ထိုနေရာ၏ လေထုထဲတွင် အမှောင်မှော်စွမ်းအင်များမှအပ အခြားသော မှော်စွမ်းအင်အားလုံး လုံးဝကင်းမဲ့နေသည်ကို တွေ့လိုက်ရသောအခါ သူ အံ့အားလွန်း၍ ဆွံ့အသွားရလေသည်။

"ဒီနေရာမှာ အမှောင်မှော်သားရဲတွေ ဒီလောက်တောင် ပေါများနေတာ မဆန်းတော့ဘူး၊ ပတ်ဝန်းကျင် အခြေအနေကြောင့် ဖြစ်နေတာပဲ…"

လုံယိ ရုတ်တရက် တွေးမိသွားသည်။ အကယ်၍ ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် အမှောင်မှော်ပညာကို ကျင့်ကြံမည်ဆိုလျှင် ရလဒ်က မည်မျှအံ့မခန်း ဖြစ်လာမည်နည်း...

လုံယိသည် သူတွေ့ရှိခဲ့သည်များကို အရိုးစု ၁၈ ခုကို ငေးမောကြည့်နေသော လင်ယိုယိုအား ချက်ချင်း ပြောပြလိုက်၏။ ထို့နောက် သူမကိုယ်တိုင် အာရုံခံကြည့်ပြီးနောက်တွင် အတိုင်းမသိ ဝမ်းသာသွားပြီး ပြောလိုက်လေသည်။

"အမှောင်မှော်စွမ်းအင်တွေက တကယ်ကို သိပ်သည်းတာပဲ၊ ပျောက်ဆုံးမြို့တော်မှာ ရှိတဲ့ အမှောင်မှော်စွမ်းအင်နဲ့ ယှဉ်ရင် ဒီနေရာက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားလွန်းတယ်... ငါ ဆုံးဖြတ်လိုက်ပြီ၊ ဒီနေရာမှာပဲ ကျင့်ကြံမယ်၊ အထွတ်အထိပ် မဟာမှော်ဆရာ အဆင့်ကို မရောက်မချင်း ဒီနေရာကနေ လုံးဝ ထွက်မသွားဘူး…"

လုံယိသည် မှင်တက်သွားပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးကာ ဆိုလိုက်၏။

"ထွက်သွားချင်ရင်တောင် ထွက်လို့မရဘူးလေ... ဒီကျိန်စာသင့်တဲ့နေရာမှာ လူတစ်ယောက်ရဲ့ အရိပ်တောင် မတွေ့ရသေးဘူး... အဲတော့ မင်းက အမှောင်မှော်နတ်ဘုရား ဖြစ်သွားရင်တောင် ဘာအသုံးရှိမှာလဲ…"

"ထွက်လို့မရရင်တောင် ငါ ဂရုမစိုက်ဘူး၊ နင်သာ ငါ့ဘေးမှာ ရှိနေမယ်ဆိုရင် ငါ ဘာကိုမှ မကြောက်ဘူး…"

လင်ယိုယိုက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်လေသည်။ သူမသည် မိမိကိုယ်မိမိ ဤမျှအထိ ရဲရဲတင်းတင်း ချစ်ရေးဆိုပြီး ရှက်စရာကောင်းသော အချစ်စကားများကို ပြောထွက်လိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။

လုံယိသည် ဘာမျှပြန်မပြောဘဲ လင်ယိုယိုကိုသာ ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။ ထိုစဉ် လုံယိသည် တစ်ကိုယ်လုံးရှိ သွေးကြောများအတွင်း ပြင်းထန်သော နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရပြီး မထိန်းနိုင်ဘဲ ညည်းညူသံတစ်ခု ထွက်ပေါ်လာလေသည်။

"လုံယိ... ဘာဖြစ်တာလဲ…" လင်ယိုယိုသည် လုံယိ၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ရာ လုံယိ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရပြီး ထိတ်လန့်သွား၏။ ထိုအခိုက်တွင်မှ လုံယိ ဒဏ်ရာရထားသည်ကို သူမ သတိရသွားလေသည်။

"ဘာမှမဟုတ်ပါဘူး၊ ခုနက ဒဏ်ရာရနေတဲ့ သွေးကြောတွေထဲမှာ ချီ စွမ်းအင်တွေ ပြောင်းပြန်ဖြစ်သွားလို့ပါ၊ တရားမှတ်ပြီး အနားယူလိုက်ရင် အဆင်ပြေသွားလိမ့်မယ်…" လုံယိက သူမကို နှစ်သိမ့်လိုက်သည်။ ထို့နောက် သူသည် တင်ပလ္လင်ခွေထိုင်ကာ တရားမှတ်ခြင်းကို စတင်လေသည်။

"ချီ စွမ်းအင် ပြောင်းပြန်ဖြစ်တာလား... ချီ စွမ်းအင်ဆိုတာ ဘာလဲ…"

လင်ယိုယိုတွင် မေးခွန်းများစွာ ရှိနေသော်လည်း လုံယိသည် တရားမှတ်သည့် ပုံစံဖြင့် တင်ပလ္လင်ခွေထိုင်နေပြီဖြစ်သောကြောင့် သူမသည် ပါးနပ်စွာဖြင့် သူ့ကို မနှောင့်ယှက်တော့ပေ။

ထိုအချိန်မှာပင် လင်ယိုယိုသည် ပြင်းထန်လှသော အမှောင်မှော်စွမ်းအင်များ သူတို့ထံသို့ ရူးသွပ်စွာ တိုးဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားလေသည်။ လုံယိ၏ ပတ်ဝန်းကျင်တွင်လည်း အမှောင်ချီများက ပါးလွှာသော အလွှာတစ်ခုအဖြစ် ဖုံးလွှမ်းနေပြီ ဖြစ်၏။

၎င်းမှာ လေထုထဲရှိ အမှောင်မှော်စွမ်းအင်များ စုစည်းမှုနှုန်းသည် အံ့မခန်း အရှိန်အဟုန်သို့ ရောက်ရှိနေပြီး မှော်စွမ်းအင်များက ရုပ်ဝတ္ထုအသွင်သို့ ပြောင်းလဲလာခြင်းကြောင့်ပင် ဖြစ်ပေသည်။

လုံယိ၏ ပတ်ဝန်းကျင်တွင် အမှောင်မှော်စွမ်းအင်များက မယုံနိုင်လောက်အောင် ထူထပ်နေပြီး အကယ်၍ ဤအချိန်တွင် သူမသာ သူ့ဘေး၌ တရားမှတ်မည်ဆိုပါက ကျင့်ကြံမှုနှုန်းသည် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သွားလိမ့်ပေမည်။

သို့သော် လက်ရှိတွင် ထိုအရိုးစု ၁၈ ခုသည် အဝေးတစ်နေရာ၌ အမှောင်မှော်သားရဲများကို သတ်ဖြတ်နေဆဲဖြစ်ရာ အခြားသားရဲများ ပေါ်လာပြီး လုံယိကို အန္တရာယ်ပြုမည်ကို သူမ စိုးရိမ်မိလေသည်။ ထို့ကြောင့် သူမသည် လောဘကို အံတုကာ လုံယိ၏ဘေးတွင် အစောင့်အကြပ်အဖြစ် နေပေးခဲ့သည်။

မည်မျှကြာသွားသည်ကို မသိရှိရဘဲ ထိုအရိုးစု ၁၈ ခုသည် သွေးညှီနံ့များ ပျံ့လွင့်လျက် ပြန်လည်ရောက်ရှိလာကြသည်။ ထိုအခါမှသာ လင်ယိုယို စိတ်သက်သာရာ ရသွားတော့၏။

ယခုအခါ ဤစွမ်းအားကြီးမားသော အရိုးစု ၁၈ ခု၏ အကာအကွယ်အောက်တွင် မည်သည့်ပြဿနာမျှ ရှိတော့မည်မဟုတ်သဖြင့် သူမသည် လုံယိ၏ဘေးတွင် ဝင်ထိုင်ကာ တရားမှတ်ခြင်းကို စတင်လိုက်လေသည်။

မြင့်မားလှသော အရိုးစု ၁၈ ခုသည် မိစ္ဆာရုပ်တု ၁၈ ခုကဲ့သို့ ငြိမ်သက်စွာ ရပ်တန့်နေကြသည်။ တောင်တန်းများနှင့် လွင်ပြင်တစ်ခုလုံးတွင် အမှောင်မှော်သားရဲများ၏ အလောင်းများ ပြန့်ကျဲနေပြီး ပြင်းထန်လှသော သွေးညှီနံ့များက ကောင်းကင်နှင့် မြေကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment