no

Font
Theme

အခန်း (၅၄) - အသိစိတ်ရှိသော အရိုးစုများလား...

အရိုးစုများကဲ့သို့သော တိုက်ပွဲဝင်ဆင့်ခေါ်ထားသည့် ရုပ်အလောင်းများသည် ၎င်းတို့၏သခင်နှင့် အလွန်အမင်း ဝေးကွာ၍မရပေ။ သို့မဟုတ်ပါက ဤစူပါအရိုးစု ၁၈ ခုသည် မှော်သားရဲအမှောင်ထုများ တစ်ကောင်မှမကျန်တော့သည်အထိ လုံယိ၏ အမိန့်အတိုင်း အဆက်မပြတ် သတ်ဖြတ်နေကြလိမ့်ပေမည်။

လုံယိနှင့် လင်ယိုယိုတို့ တရားမှတ်နေကြစဉ် လုံးဝငြိမ်သက်နေသော အရိုးစုများထဲမှ သွေးရောင်လွှမ်းသော ပုဆိန်ကို ကိုင်ထားသည့် လုံအာ့သည် ရုတ်တရက် လှုပ်ရှားလာပြီး ၎င်း၏ ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များအတွင်း၌ ထူးဆန်းသော အနီရောင်အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားလေသည်။

ထို့နောက် လုံအာ့သည် ဖြည်းညှင်းစွာ လှည့်လာပြီး လုံယိရှိရာသို့ တန်းတန်းမတ်မတ် လျှောက်လာခဲ့၏။ ၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် တခဏအတွင်းမှာပင် လုံယိ၏ဘေးသို့ ရောက်ရှိလာပြီး လုံယိကို တစ်ပတ်ပတ်ကာ မှော်စွမ်းအင်အမှောင်ထု အထူထပ်ဆုံးနေရာတွင် ရပ်တန့်ကာ သက်မဲ့အရိုးစုတစ်ရုပ်အဖြစ် ပြန်လည်ဖြစ်သွားလေသည်။

အချိန်မည်မျှ ကြာသွားသည်မသိဘဲ လင်ယိုယိုသည် တရားမှတ်ခြင်းမှ နိုးထလာခဲ့သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ဘေးတွင်ရပ်နေသော လုံအာ့ကို မြင်လိုက်ရသဖြင့် အမှတ်မထင် လန့်ဖျတ်ကာ ခုန်ထသွားလေသည်။

လုံအာ့သည်လည်း သူမကဲ့သို့ပင် လုံယိ၏ဘေးရှိ ထူထပ်သော မှော်စွမ်းအင်အမှောင်ထုကို စုပ်ယူနေသည်ကို မြင်လိုက်ရသောအခါ သူမ အံ့အားသင့်သွားရပြန်သည်။ ထို့နောက် စိတ်ထဲမှ သက်ပြင်းချရင်း "သူ့သခင်ကတင် လျှို့ဝှက်ချက်တွေ များနေပြီ၊ အခုတော့ သူ့ရဲ့အရိုးစုတွေကပါ ထူးဆန်းနေပြီပဲ…" တွေးလိုက်လေသည်။

ဤနေရာတွင် နေမရှိ၊ ကြယ်မရှိဘဲ ကောင်းကင်အရောင်မှာ အမြဲတမ်း မှေးမှိန်ပြီး မှောင်မိုက်နေပေသည်။ လင်ယိုယိုသည် တတိယအကြိမ် တရားမှတ်ခြင်းမှ နိုးလာပြီဖြစ်သော်လည်း လုံယိမှာမူ ယခုတိုင် ငြိမ်သက်နေဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်ဘေးရှိ မှော်စွမ်းအင်အမှောင်ထုများမှာ ပို၍ပို၍ ထူထပ်လာကာ ဘေးတွင်ရှိသော လုံအာ့ကိုပါ လွှမ်းခြုံထားသလို ဖြစ်နေလေသည်။

"ဘာလို့ အခုထိ မနိုးသေးတာလဲ... ငါတော့ ပျင်းပြီး သေတော့မယ်…"

လင်ယိုယိုက သက်ပြင်းချလိုက်၏။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း တရားမှတ်ခဲ့ခြင်းကြောင့် သူမ၏ ချီနှင့် ဝိညာဉ်စွမ်းအားများမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ပြီးခဲ့သော တစ်နှစ်တာအတွင်း ကိုယ့်ကိုယ်ကိုယ် ညှဉ်းပန်းလေ့ကျင့်ခဲ့သည်နှင့် ညီမျှပေသည်။

သူမသည် မှော်ဆရာအမှောင်ထု အဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုတွင် ရှိနေပြီဖြစ်သော်လည်း ပျော်ရွှင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော ဤအရိုးစုများနှင့် တစ်ယောက်တည်း ရင်ဆိုင်ရမည့်အစား တရားမှတ်နေခြင်းက ပို၍ကောင်းသည်ဟု ယူဆသောကြောင့် ဖြစ်သည်။

ထို့အပြင် မှော်သားရဲအမှောင်ထုများသည်လည်း ၎င်းတို့ရှိရာ ဗဟိုချက်မှ မီတာ ၅၀၀ ပတ်လည်ရှိ တောအုပ်အတွင်းသို့ ခြေချရန် မဝံ့ရဲကြသဖြင့် ဤနေရာသည် ပို၍ပင် အသက်မဲ့သလို ခံစားရလေသည်။

လင်ယိုယို တစ်ဖန်တရားမှတ်ရန် ပြင်လိုက်စဉ်မှာပင် လုံယိ၏ ပတ်ဝန်းကျင်ရှိ ထူထပ်သော အမှောင်မှော်စွမ်းအင်များမှာ လှုပ်ခတ်လာလေသည်။ ရုတ်တရက်ဆိုသလို လုံယိ၏ တစ်ကိုယ်လုံးမှ အတိုင်းအဆမရှိ ကြီးမားလှသော အရှိန်အဝါများ ပွင့်ထွက်လာရာ ဘေးနားတွင် ရပ်နေသော လုံဝူမှာ အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားတော့သည်။

မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် အရိုးအဆစ်များ တဂျွတ်ဂျွတ်မြည်သံနှင့်အတူ ပြန်လည်ထရပ်လာကာ ခြေလှမ်းအကြီးကြီးများဖြင့် အနားသို့ ပြန်တက်လာခဲ့၏။

ကိုယ်ရံတော်ပြုထားသော ထူထပ်သည့် အမှောင်မှော်စွမ်းအင်များနှင့် မျက်နှာပေါ်ရှိ အလင်းရောင်ဖျော့ဖျော့တို့ကြောင့် လုံယိသည် ပို၍ပင် ခန့်ညားလွန်းနေပေသည်။

ပိတ်ထားသော လုံယိ၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီးနောက် ကျယ်လောင်ရှည်လျားသော အော်ဟစ်သံတစ်ခုကို ပေးလိုက်လေသည်။ ထို့နောက် လုံယိသည် ကောင်းကင်ယံသို့ မြင့်တက်သွားပြီး လေဟာနယ်ထဲတွင် ပုံရိပ်ပေါင်း တစ်ဆယ်ကျော်အဖြစ်သို့ ရုတ်တရက် ပွားများသွားတော့သည်။

"အဆုံးမဲ့ ကရုဏာတရား ထောင်ချီလက်ဝါး…"

ကောင်းကင်ယံရှိ လုံယိပုံရိပ်များအားလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။ လုံယိတစ်ဦးစီ၏ လက်မောင်းများသည် ပုံရိပ်ယောင်များအဖြစ် ဝေဝါးသွားပြီး လက်ပေါင်းများစွာဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နေသည့်အလား ဖြစ်နေပေသည်။

ဝုန်း... ဝုန်း... ဝုန်း... ချီစွမ်းအင်များ အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်ရာ မြေပြင်ပေါ်တွင် သေးငယ်သော အပေါက်များစွာ ထူထူထပ်ထပ် ပေါ်လာပြီး လင်ယိုယိုကို အံ့အားသင့်သွားစေသည်။

ထို့နောက် လုံယိသည် ပျော်ရွှင်သော မျက်နှာထားဖြင့် ငှက်မွေးတစ်ရိုးကဲ့သို့ ပေါ့ပါးစွာ မြေပြင်သို့ ပြန်လည်ဆင်းသက်လာခဲ့၏။ လွန်ခဲ့သော တခဏလေးတွင်ပင် သူသည် အောက်ထျန်းကျင့်စဥ်၏ ပထမအဆင့်ကို ကျော်ဖြတ်ကာ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အောက်ထျန်းကျင့်စဥ်၏ အဆင့်တစ်ခု တက်တိုင်း သူ၏ အတွင်းအားများမှာ အဆမတန် တိုးတက်လာမည်ဖြစ်ပြီး၊ ဤကမ္ဘာရှိ အောက်ထျန်းကျင့်စဥ်၏ စွမ်းအားမှာ ယခင်ကမ္ဘာထက် ပို၍ပင် ကြီးမားပုံရပေသည်။

လုံယိသည် မြေပြင်ပေါ်ရှိ အပေါက်ငယ်လေးများကို ကြည့်ကာ ခေါင်းခါယမ်းရင်း စိတ်ထဲမှ တွေးလိုက်လေသည်။

"ငါသာ အရင်ကမ္ဘာက ပဉ္စမအဆင့် စွမ်းအားနဲ့ ဒီအဆုံးမဲ့ ကရုဏာတရား ထောင်ချီလက်ဝါးကို သုံးခဲ့မယ်ဆိုရင် တိုက်ခိုက်ခံရတဲ့ နေရာမှာ တစ်မီတာနီးပါးနက်တဲ့ အပေါက်တွေ ပေါ်လာမှာပဲ…"

လုံယိသည် ခေါင်းမော့ကာ အံ့အားသင့်နေသော လင်ယိုယိုကို ကြည့်ပြီး သက်ပြင်းချကာ ရယ်မောရင်း ပြောလိုက်လေသည်။

"ယိုယို... အံ့သြမနေပါနဲ့... မင်းရဲ့ခင်ပွန်းမှာ ဒီလောက် သေးငယ်တဲ့ ပညာရပ်တစ်ခုတည်း ရှိတာမဟုတ်ဘူး... နောက်မှ မင်းသိလာလိမ့်မယ်…"

"လုံယိ... နင် တကယ်ကို အစွမ်းထက်တာပဲ။ ခုနက နင် ဒိုချီကို သုံးတာနဲ့မတူဘူး... ဒါပေမဲ့ စွမ်းအားကတော့ တကယ့်ကို ပြင်းထန်တယ်... ဓားဆရာကြီး တစ်ယောက်ရဲ့ စွမ်းအားနဲ့တောင် ယှဉ်နိုင်မယ် ထင်တယ်…"

လုံယိ၏ အမူအရာကို ကြည့်ရင်း လင်ယိုယိုသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားလေသည်။ သို့သော်လည်း လျှို့ဝှက်ချက်များရှိပြီး အစွမ်းထက်သော အမျိုးသားများသည် အမြဲတမ်း ပို၍ ဆွဲဆောင်မှုရှိနေတတ်ပေသည်။

လုံယိက ရယ်မောလိုက်ပြီးနောက် သူ၏လက်ဖဝါးပေါ်တွင် အပြာနုရောင် ဒိုချီများ ရုတ်တရက် ပေါ်ပေါက်လာလေသည်။ ကြည့်ရသည်မှာ သူ၏ဒိုချီအဆင့်သည် ဓားဆရာအဆင့်တွင်သာ ရှိနေသေးပုံရ၏။

သူသည် ဒိုချီနှင့် အောက်ထျန်းကျင့်စဥ်ကို ပေါင်းစပ်ရန် အပြည့်အဝ အာရုံမစိုက်ခဲ့သော်လည်း ဤဒိုချီနှင့် အတွင်းအားတို့သည် အပြန်အလှန် ဆက်နွှယ်နေသည်ဟု လုံယိ အမြဲခံစားမိနေခဲ့သည်။

ဤနှစ်ခုကို ပေါင်းစပ်ခြင်းသည် ဒိုချီကျင့်ကြံမှုကို မြန်ဆန်စေရန် အတွင်းအားကို အသုံးပြုရုံမျှသာ မဟုတ်ဘဲ ယင်းထက်ပို၍ ပေါင်းစည်းနိုင်ရမည် ဖြစ်သော်လည်း လုံယိအနေဖြင့် လက်ရှိတွင် မည်သို့လုပ်ဆောင်ရမည်ကို အရိပ်အယောင်မျှပင် မရရှိသေးပေ။

တောင်တန်းများနှင့် လွင်ပြင်များတစ်လျှောက် ပြန့်ကျဲနေသော အမှောင်မှော်သားရဲများ၏ အလောင်းများကို ကြည့်ပြီး လုံယိသည် ဤအရိုးစု ၁၈ ခုအတွက် အလွန်ကျေနပ်သွားလေသည်။ သူသည် လုံအော့၏ ပုခုံးကို ပုတ်ကာ ရယ်မောရင်း ပြောလိုက်၏။

"လိမ္မာတယ်... မင်း တကယ်ကို အလုပ်ကောင်း လုပ်နိုင်တာပဲ…"

"အရိုးစုနဲ့ ဘာလို့ စကားပြောနေတာလဲ... သူက နားမလည်ပါဘူး…" လင်ယိုယိုက ဆိုလေသည်။

"ဟဲဟဲ... ငါလည်း မသိဘူး... ဘာပဲဖြစ်ဖြစ် ဒီကောင်က တခြားကောင်တွေနဲ့ မတူဘူးလို့ ခံစားရလို့ပါ…" လုံယိက ရယ်မောကာ ပြန်ပြောလိုက်သည်။

"နင်ရထားတဲ့ အရိုးစုတွေ အကုန်လုံးက ထူးဆန်းနေတာပဲ... ဒါပေမဲ့ ဒီတစ်ကောင်က ပိုပြီး ထူးဆန်းတယ်... နင်သိလား... နင် တရားမှတ်နေတုန်း နင့်ပတ်ဝန်းကျင်မှာ အမှောင်မှော်စွမ်းအင်တွေ စုစည်းလာတဲ့အခါ သူက နင့်ဘေးမှာ ရပ်ပြီး အဲဒီစွမ်းအင်တွေကို စုပ်ယူနေတာ…" လင်ယိုယိုက ပြောပြလေသည်။

လုံယိ၏ စိတ်ထဲတွင် လှုပ်ခတ်သွားပြီး ဤအရိုးစုသည် အသိစိတ် ပေါ်ပေါက်လာခြင်း ဖြစ်နိုင်မလားဟု တွေးမိသော်လည်း ထိုအတွေးကို ချက်ချင်းပင် ပယ်ဖျက်လိုက်၏။

အရိုးစုအားလုံးသည် အကြွင်းအကျန်များသာ ဖြစ်ကြရာ မည်သို့သော အသိစိတ် ပေါ်ပေါက်နိုင်စွမ်း ရှိမည်နည်း... သို့မဟုတ်ပါက စဉ်းစားဆင်ခြင်မှုမရှိဘဲ အလိုအလျောက် လုပ်ဆောင်ခြင်း ဖြစ်နိုင်ပေသည်။

"ယိုယို... ဒီအစုတ်အပြတ်နေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်ကြရအောင်…" လုံယိသည် လင်ယိုယို၏ လက်ကိုဆွဲကာ ပြောလိုက်လေသည်။

ဤနေရာသည် ပြင်ပကမ္ဘာမဟုတ်ဘဲ တစ်စုံတစ်ခုသော အတိုင်းအတာရှိသည့် ဟင်းလင်းပြင်ဖြစ်ကြောင်း သူ အသေအချာ အတည်ပြုနိုင်ပေသည်။ ထို့ကြောင့် ဤနေရာမှ ထွက်ခွာနိုင်ခြင်း ရှိ၊ မရှိကိုမူ ကံကြမ္မာအပေါ်၌သာ ပုံအပ်လိုက်တော့ပေမည်။

လင်ယိုယိုက ခေါင်းညိတ်ပြ၏။ ထို့နောက် လူနှစ်ဦးနှင့် အရိုးစု ၁၈ ခုတို့သည် ရှေ့သို့ စတင်ချီတက်လာကြလေသည်။ လမ်းမဝေးလှသော အကွာအဝေးသို့ ရောက်သောအခါ လုံယိသည် နေရာအနှံ့တွင် ပြန့်ကျဲနေသော အမှောင်မှော်သားရဲများ၏ အလောင်းများကို တွေ့လိုက်ရပြန်သည်။

သူသည် လမ်းဖွင့်ရန်အတွက် သေစေတတ်သော မှော်ပညာကို သုံး၍ ဤသားရဲများကို ပြန်လည်ရှင်သန်စေလိုသော်လည်း ၎င်းတို့၏ ချီစွမ်းအားအားလုံးကို အရိုးစု ၁၈ ခုက စုပ်ယူပြီးဖြစ်သောကြောင့် ပြန်နင်လာစေသော်လည်း အသုံးမဝင်နိုင်ကြောင်း တွေးမိကာ ထိုစိတ်ကူးကို လက်လွှတ်လိုက်လေသည်။

လမ်းတစ်လျှောက်တွင် တွေ့သမျှ အမှောင်မှော်သားရဲအားလုံးကို အရိုးစု ၁၈ ခုက သတ်ဖြတ်ပစ်ခဲ့ကြသည်။ ဤဒေသရှိ သားရဲများ၏ အဆင့်သည် အလွန်နိမ့်ကျလွန်းပြီး ၎င်းတို့တွင်ရှိသော အမှောင်ချီစွမ်းအားမှာလည်း များပြားခြင်း မရှိပေ။

"လုံယိ... ဒီနားမှာ ဘာလို့ ရေမရှိတာလဲ…" လမ်းခရီးတွင် လင်ယိုယိုက ညည်းညူလိုက်လေသည်။

"ရေငတ်လို့လား... ငါ့ဆီမှာ ရေအများကြီးရှိတယ်…" လုံယိသည် ပျောက်ဆုံးမြို့တော်သို့ သွားရမည့် တာဝန်ကြောင့် သိုလှောင်လက်စွပ်ထဲတွင် ရေနှင့် အစားအစာများကို လုံလောက်စွာ သိုလှောင်ထားခဲ့လေသည်။

"မဟုတ်ဘူး... ငါ ရေချိုးချင်တာ... တစ်ကိုယ်လုံးလည်း စေးကပ်နေတော့ နေလို့မကောင်းဘူး…"

လင်ယိုယိုက စိတ်ပျက်လက်ပျက် မျက်နှာထားဖြင့် ဆိုလိုက်၏။ မိန်းကလေးတိုင်းသည် သန့်သန့်ရှင်းရှင်း နေလိုကြသည်မှာ ပြောနေစရာပင် မလိုပေ။ သို့သော် ဤဟင်းလင်းပြင်အတွင်းသို့ ကျရောက်လာပြီးနောက် သူမသည် ရေမချိုးနိုင်ခဲ့သဖြင့် ညည်းညူမိခြင်း ဖြစ်ပေသည်။

ယခင် ဟွမ်မန်လွင်ပြင်တွင် ရှိစဉ်က အခြေခံရေမှော်စွမ်းအင်ဖြစ်သော ရေလုံးဖန်တီးမှုစွမ်းရည်ကို အသုံးပြု၍ ရေသန့်များကို စုဆောင်းကာ ရေချိုးနိုင်ခဲ့သော်လည်း၊ ယခုကဲ့သို့သော ကျိန်စာသင့်သည့်နေရာတွင်မူ အမှောင်မှော်စွမ်းအင်သာ ရှိပြီး အခြားမှော်စွမ်းအင်များ လုံးဝမရှိပေ။ ထို့ကြောင့် ရေမှော်စွမ်းအင်ကို အသုံးပြု၍ မရနိုင်တော့ပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment