အခန်း (၅၈) - ရေကန်အောက်ခြေရှိ လျှို့ဝှက်ဂူပေါက်
လုံယိသည် လုံအာ့ကို မှောင်မိုက်သော အတိုင်းအဆမဲ့ ဟင်းလင်းပြင်အတွင်းသို့ သွင်းယူလိုက်ပြီး ကျန်ရှိသော စူပါအရိုးစု ၁၇ ခုကိုမူ လင်ယိုယိုအား အစောင့်အရှောက်အဖြစ် ထားရစ်ခဲ့လေသည်။
"ငါ သွားတော့မယ်... မင်း သတိထားနေရမယ်နော်…"
လုံယိသည် ကိုယ်ကိုကိုင်း၍ လင်ယိုယို၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းအစုံကို အနက်ရှိုင်းဆုံး ကြည့်လိုက်၏။ သူ၏ ယုံကြည်ချက်များကို သူမထံသို့ လက်ဆင့်ကမ်းပေးလိုသောကြောင့် ဖြစ်ပေသည်။
လင်ယိုယိုသည် စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း တစ်စုံတစ်ခုက လည်ချောင်းကို ပိတ်ဆို့ထားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာလေသည်။ သို့သော်လည်း သူမသည် ခေါင်းကို အားရပါးရ ညိတ်ပြလိုက်၏။
ဂုဏ်သိက္ခာရှိလှသော ငရဲသန့်စင်သူတော်စင်မ တစ်ဦးဖြစ်သည့် သူမသည် ယခင်က အမျိုးသားတစ်ဦးအပေါ် ဤမျှအထိ စိုးရိမ်ပူပန်မိလိမ့်မည်ဟု တစ်ခါမျှ တွေးဖူးမည်မဟုတ်ပေ။
လုံယိသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး တစ်ကိုယ်လုံးကို အောက်ထျန်းကျင့်စဥ်၏ အတွင်းအားများဖြင့် ဖုံးအုပ်ကာ ကာကွယ်လိုက်သည်။ ထို့နောက် လင်ယိုယိုအား စိုးရိမ်ရန်မလိုကြောင်း အချက်ပြလိုက်ပြီး အေးစက်လှသော ရေကန်ငယ်လေးထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားတော့သည်။
ဤရေကန်ငယ်အတွင်းရှိ ရေများသည် အလွန်ပင် ကြည်လင်သော်လည်း အလွန်နက်ရှိုင်းလှပြီး အောက်ခြေကိုပင် မမြင်ရပေ။ လုံယိသည် ရေအောက်သို့ ငုပ်လျှိုးဆင်းသွားစဉ် အရိုးထဲထိ စိမ့်ဝင်သွားစေမည့် အအေးဒဏ်များက သူ့ကို ကာကွယ်ထားသော အတွင်းအားများကို ဖောက်ထွင်း၍ တိုက်ခိုက်လာလေသည်။
ကံကောင်းသည်မှာ ထိုအအေးဒဏ်များကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ အတွင်းအားများက ချက်ချင်းပင် ချေဖျက်နိုင်ခဲ့ခြင်းပင် ဖြစ်၏။ သို့မဟုတ်ပါက လုံယိသည် လူသားရေခဲချောင်း ဖြစ်သွားလိမ့်ပေမည်။
နာရီဝက်ခန့် ကြာမြင့်သည်အထိ လုံယိသည် အောက်ခြေသို့ မရောက်သေးဘဲ ထူးဆန်းသော ဖြစ်စဉ်တစ်ခုကို သတိပြုမိလာသည်။
မူလက ရေအောက်သို့ ငုပ်လျှိုးဆင်းစဉ်တွင် ပင့်တင်အားက များပြားသော်လည်း ရေကန်အောက်ခြေသို့ ပို၍နက်ရှိုင်းစွာ ဆင်းလေလေ ပင့်တင်အားက ပို၍နည်းပါးလာပြီး ဖိအားများက သူ့ကို အောက်ဘက်သို့ ပို၍တွန်းပို့လေသည်။
ထို့ကြောင့် လုံယိ၏ ငုပ်လျှိုးဆင်းသက်မှု အရှိန်သည် ပို၍ပို၍ မြန်ဆန်လာခဲ့၏။ အကယ်၍ သူ၏ ခန္ဓာကိုယ်ကို အတွင်းအားများဖြင့် ကာကွယ်မထားပါက သူ၏ အတွင်းကလီစာများအားလုံးသည် ဤရေဖိအားကြောင့် ကြေမွသွားလိမ့်ပေမည်။
ရေအောက် အနက်ပိုင်းတွင် အလင်းရောင် လုံးဝမရှိသော်လည်း လုံယိ၏ အမြင်အာရုံအတွက်မူ ပြဿနာမဟုတ်ပေ။ ထိုစဉ် လုံယိသည် သူ၏ကိုယ်အောက်ဘက်တွင် ဖြူဖွေးသော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်တွင် ရေ၏အပူချိန်သည် အလွန်အမင်း နိမ့်ကျနေပြီဖြစ်ရာ သူ၏ လက်နှင့် ခြေထောက်များသည်ပင် အနည်းငယ် တောင့်တင်းနေပြီ ဖြစ်ပေသည်။
ပို၍နက်ရှိုင်းသော ရေအောက်သို့ ငုပ်လျှိုးဆင်းသွားသည်နှင့်အမျှ ဖြူဖွေးသော အလင်းတန်းများမှာ ပို၍ပို၍ များပြားလာလေသည်။ ထိုအလင်းတန်းများသည် အနီးကပ်ရှိနေပြီး ရေပြင်တစ်ခုလုံးကို ပြည့်နှက်နေသည်အထိ များပြားလှပေသည်။
ရုတ်တရက် လုံယိသည် ဘေးပတ်ဝန်းကျင်ရှိ ကျောက်ဆောင်တစ်ခုကို အမှီပြုကာ ခန္ဓာကိုယ်ကို ထိန်းထားပြီး ရပ်တန့်လိုက်၏။ ထိုအချိန်တွင် သူ၏နှလုံးသားမှာ ထိတ်လန့်မှုနှင့် ဝမ်းမြောက်မှုတို့ တစ်ပြိုင်နက် ဖြစ်ပေါ်နေလေသည်။ ထိတ်လန့်ရခြင်းမှာ ထိုဖြူဖွေးသော အစက်အပြောက်များသည် အလင်းရောင်ထုတ်လွှတ်နိုင်သော ငါးများဖြစ်နေ၍ပင်။
ထိုငါးများ၏ တစ်ကိုယ်လုံးတွင် အကြေးခွံချပ်ဝတ်များ ဖုံးအုပ်ထားပြီး ပြားချပ်သော ဦးခေါင်းမှ ထွက်နေသည့် ထက်မြက်သော သွားတန်းများကို ကြည့်ရုံနှင့် ဤထူးဆန်းသောငါးများသည် လုံးဝဖော်ရွေသော သတ္တဝါများမဟုတ်ကြောင်း သိသာလှပေသည်။
ဝမ်းမြောက်ရခြင်းမှာ ထိုထူးဆန်းသောငါးများရှိနေသည့် ဧရိယာအတွင်းရှိ ကျောက်ဆောင်တွင် ယပ်တောင်ပုံသဏ္ဌာန် ဂူပေါက်တစ်ခု ရှိနေသောကြောင့်ဖြစ်ပြီး ထိုဂူအတွင်းသို့ ရေများ စီးဝင်ခြင်းမရှိသည်ကို တွေ့ရသောကြောင့်ပင်။
ဤနေရာသည် လုံးဝခြားနားသော ကမ္ဘာတစ်ခု ဖြစ်နိုင်သကဲ့သို့ သို့မဟုတ် ဤနေရာမှ ထွက်ပေါက်လည်း ဖြစ်နိုင်သည်ဟု ယူဆနိုင်ပေသည်။
လုံယိသည် များပြားလှသော ထိုထူးဆန်းသည့် ငါးအုပ်များကို စိုးရိမ်တကြီး ကြည့်ရှုရင်း စဉ်းစားလိုက်လေသည်။
"ဒီထူးဆန်းတဲ့ငါးတွေရဲ့ တိုက်ခိုက်မှုက မသေးဘူးထင်တယ်... ငါ သူတို့ကို ဖြတ်ပြီး အတင်းတိုးသွားလို့ ရပါ့မလား... ဒါမှမဟုတ် တိုက်ခိုက်ရမလား... ရေအောက်မှာ မှော်အမှောင်စွမ်းအင်ရဲ့ အာနိသင်က သိပ်မပြင်းဘူး... ဒီကျိန်စာသင့်တဲ့နေရာမှာ မှော်အမှောင်စွမ်းအင်အပြင် တခြားမှော်စွမ်းအင်တွေ ဘာလို့မရှိတာလဲ...”
“ဒါဆို အတွင်းအားနဲ့ တိုက်ခိုက်ရမလား... ငါ့ရဲ့အတွင်းအား လှုပ်ရှားမှုတွေက စွမ်းအင်သုံးစွဲမှု များလွန်းတော့ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအင်ကျန်မှာမဟုတ်ဘူး... ဒိုချီ ဆိုတာကတော့ စဉ်းစားနေစရာတောင် မလိုတော့ဘူး... ဒါဆို ဝိညာဉ်တိုက်ခိုက်မှုလား... ဒီလောက်များပြားတဲ့ ငါးအုပ်တွေကို ဝိညာဉ်တိုက်ခိုက်မှုနဲ့ ဖြေရှင်းမယ်ဆိုရင် ငါတော့ ပင်ပန်းပြီး သေသွားနိုင်တယ်..."
ထိုစဉ် သူ၏စိတ်ထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာ၏။
ဝိညာဉ်တိုက်ခိုက်မှုကို မသုံးဘဲ ဝိညာဉ်စွမ်းအားဖြင့် ကာကွယ်၍ မရနိုင်ဘူးလား... သို့မဟုတ် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ လမ်းကြောင်းတစ်ခု ဖွင့်၍မရနိုင်ဘူးလား...
လုံယိသည် ဖြစ်နိုင်ခြေကို မျက်စိဖြင့် ခန့်မှန်းကြည့်လိုက်လေသည်။
လုံယိသည် ထပ်မံတွန့်ဆုတ်မနေတော့ပေ။ သူ၏ လက်နှင့် ခြေထောက်များသည်လည်း ထုံကျင်လာပြီ ဖြစ်သည်။ အကြံရရှိသွားပြီဖြစ်သောကြောင့် လုံယိ၏ အမိန့်ပေးမှုအောက်တွင် အစွမ်းထက်သော ဝိညာဉ်စွမ်းအားများသည် ရှေ့သို့ထွက်၍ လမ်းကြောင်းရှာဖွေတော့သည်။
ပထမဦးစွာ သူ၏ ပေါင်းစည်းထားသော မမြင်နိုင်သည့် ဝိညာဉ်စွမ်းအားများသည် ထိုထူးဆန်းသောငါးများကို ကျော်ဖြတ်၍ ယပ်တောင်ပုံသဏ္ဌာန် ဂူပေါက်သို့ တိုက်ရိုက်ရောက်ရှိသွား၏။
ထို့နောက် ပေါင်းစည်းထားသော ဝိညာဉ်စွမ်းအားများသည် ဖြည်းညှင်းစွာ ပြန့်နှံ့သွားပြီး ထိုဝိညာဉ်စွမ်းအားများက ထူးဆန်းသောငါးများကို နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။
ဤနည်းဖြင့် လုံယိမှ ဂူပေါက်အထိ မမြင်နိုင်သော ဝိညာဉ်စွမ်းအား လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ထိုလမ်းကြောင်း၏ ပတ်ပတ်လည်တွင်မူ ထူးဆန်းသောငါးများ ထူထူထပ်ထပ် ဝိုင်းရံလျက် ရှိနေပေတော့သည်။
ဝိညာဉ်စွမ်းအားလမ်းကြောင်း ဖောက်လုပ်နိုင်ခဲ့သည်ကို မြင်သည်နှင့် လုံယိသည် အော်တျန်းကျူကို အစွမ်းကုန် လည်ပတ်စေပြီးနောက် ထက်မြက်သော မြှားတစ်စင်းကဲ့သို့ ထိုလမ်းကြောင်းအတိုင်း အရှိန်အဟုန်ဖြင့် ပြေးဝင်သွားလေသည်။
ပြင်ပမှ ကျူးကျော်ဝင်ရောက်လာသူရှိကြောင်း သိရှိသွားသော ထူးဆန်းသောငါးအုပ်သည် ရုတ်ရုတ်သည်းသည်း ဖြစ်လာကြသော်လည်း ဝိညာဉ်စွမ်းအားများက ၎င်းတို့ကို ပိတ်ဆို့ထားနိုင်ခဲ့၏။
လုံယိသည် ဂူပေါက်သို့ ရောက်ရှိခါနီးတွင် ဦးခေါင်းထဲ၌ ရုတ်တရက် မူးဝေသွားပြီး ဝိညာဉ်စွမ်းအားများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ လုံယိမှာ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဤသည်မှာ ဝိညာဉ်စွမ်းအားများကို အလွန်အကျွံ အသုံးပြုခဲ့ခြင်း၏ အကျိုးဆက်ဖြစ်ကြောင်း သိလိုက်ပေသည်။
သို့သော် ယခုအချိန်တွင် အခြားရွေးချယ်စရာမရှိသဖြင့် လုံယိသည် အံကြိတ်ကာ ရှေ့သို့သာ အတင်းတိုးဝင်ခဲ့ရ၏။ အကယ်၍ ယခုရပ်တန့်လိုက်ပါက အရိုးပင်ကျန်ရစ်မည်မဟုတ်ဘဲ သေချာပေါက် သေဆုံးသွားမည်ဖြစ်သည် မဟုတ်ပါလား...
အတွင်းအားများကို အစွမ်းကုန် နှိုးဆွကာ အမြောက်ဆန်တစ်ခုကဲ့သို့ ဂူပေါက်အတွင်းသို့ ပြေးဝင်သွားခဲ့သော်လည်း ထိုတခဏ၌ပင် ခြေထောက်များတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။
ဂူအတွင်း၌ အကြိမ်ကြိမ် လူးလိမ့်သွားပြီးမှ လုံယိသည် ရပ်တန့်သွားပြီး ထိုင်လိုက်သောအခါ ခြေသလုံးတွင် သွေးထွက်နေသော ဒဏ်ရာအချို့ကို တွေ့လိုက်ရ၏။ တွေးကြည့်ရုံနှင့်ပင် ဤဒဏ်ရာများသည် ထိုထူးဆန်းသောငါးများ၏ ထက်မြက်သော သွားများဖြင့် ကိုက်ခဲခံရခြင်းကြောင့် ဖြစ်ကြောင်း သိလိုက်ပေသည်။
လုံယိသည် အံ့အားလွန်ကဲကာ မှင်တက်သွားလေသည်။ မိမိ၏ အရှိန်အဟုန်ကို သိသကဲ့သို့ ခြေထောက်များတွင်လည်း အတွင်းအားအားလုံးကို စုစည်းထားခဲ့သည်ဖြစ်သော်လည်း ထိုငါးအုပ်သည် သူ၏အတွင်းအားကာကွယ်မှုကို ဖောက်ထွက်ကာ ကိုက်ခဲနိုင်ခဲ့ကြသည်ဖြစ်ရာ ၎င်းတို့သည် အလွန်ကြမ်းတမ်းလှသည်ဟု ဆိုရပေမည်။
ကံကောင်းသည်မှာ ထိုငါးများတွင် အဆိပ်မပါဝင်ဘဲ ဒဏ်ရာများမှာလည်း အပေါ်ယံသာဖြစ်သဖြင့် လုံယိသည် သွေးတိတ်အောင် ပြုလုပ်လိုက်ပြီးနောက် လှုပ်ရှားသွားလာရာတွင် ကြီးကြီးမားမား အနှောင့်အယှက်မရှိတော့ပေ။
ထိုအချိန်တွင် လုံယိသည် ယပ်တောင်ပုံသဏ္ဌာန်ရှိသော ဤဂူကို သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်ရာ ဂူနံရံများမှာ အလွန်ချောမွေ့နေသည်ကို တွေ့ရသဖြင့် အံ့သြသွားလေသည်။
ဂူ၏အဆုံးကို မမြင်ရဘဲ မီတာ ၅၀ ခန့်ခြားတိုင်း နံရံ၏ တစ်ဖက်တစ်ချက်တွင် ဂူအတွင်း၌ အလင်းရောင်ပေးနေသော အဖြူရောင် မှော်မီးအိမ်ငယ် နှစ်လုံးစီ ရှိနေ၏။ ပထမဆုံး မြင်လိုက်ရုံနှင့် နတ်ဘုံသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုနှင့်ပင် တူနေပေသည်။
ခေတ္တမျှ အားအင်ပြန်လည်ဖြည့်တင်းပြီးနောက် သူသည် မတ်တပ်ရပ်ကာ လမ်းကြောင်း၏ အနက်ပိုင်းသို့ လျှောက်သွားလေသည်။ မကြာမီပင် လုံယိသည် ရပ်တန့်သွားပြီး လမ်းဘေးတစ်ဖက်တစ်ချက်ကို သတိရှိရှိ ကြည့်လိုက်ရာ လူနှင့်တူသော ရုပ်တုတန်းများကို တွေ့လိုက်ရ၏။
ထိုရုပ်တုများသည် မတူညီသော အသက်မွေးဝမ်းကျောင်း အဝတ်အစားများကို ဝတ်ဆင်ထားပြီး မတူညီသော လက်နက်များကို ကိုင်ဆောင်ထားကြသော်လည်း ၎င်းတို့အားလုံးတွင် တူညီနေသည်မှာ မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ်ရာ အမူအရာများသာ ဖြစ်ပေသည်။
လုံယိသည် ထိုရုပ်တုများက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်ဟု ခံစားမိသဖြင့် ၎င်းတို့အလယ်မှ ဇွတ်အတင်း ဖြတ်သန်းသွားရန် မဝံ့ရဲပေ။ သို့သော်လည်း ဖြတ်သွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိသည်ကဲ့သို့ ဖြစ်နေ၏။
လုံယိသည် လမ်းကြောင်း၏ အမြင့်ကို ကြည့်ရှုပြီးနောက် မြေပြင်ပေါ်သို့ ခြေတစ်လှမ်း အသာအယာ ရှင်းကာ ခုန်တက်လိုက်ပြီး နံရံပေါ်သို့ ခြေချကာ အပေါ်ယံမှ ဖြတ်ကျော်ရန် ကြံရွယ်လိုက်လေသည်။
သို့သော် လုံယိ၏ခြေထောက်သည် ပထမဆုံးရုပ်တုကို ကျော်လွန်သွားချိန်တွင်ပင် ဆက်တိုက်ဖြစ်ပေါ်လာသော တုံ့ပြန်မှုတစ်ခုကဲ့သို့ ထိုရုပ်တုအားလုံးသည် မမျှော်လင့်ဘဲ အသက်ဝင်လာကြသည်။ ၎င်းတို့၏ ကျောက်ရုပ်အသွင်များမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
ထို့နောက် ၎င်းတို့သည် အမိုးများပေါ်တွင် ခုန်ကူးကာ နံရံများကို ကျော်ဖြတ်နေသော လုံယိထံသို့ မှော်စွမ်းအင်နှင့် ဒိုချီတိုက်ခိုက်မှုများကို ချက်ချင်းပင် ပစ်လွှတ်လိုက်ကြလေသည်။
"ဟာ... မိုက်လိုက်တာ၊ ငရဲမီးတွေ၊ နှင်းနှင့်ရေခဲကမ္ဘာတွေပါလား... ဒီကျိန်စာသင့်တဲ့နေရာမှာ တခြားမှော်စွမ်းအင်တွေ မရှိဘူးလို့ ထင်နေတာ…"
လုံယိသည် ချက်ချင်းပင် အကြပ်အတည်းဖြစ်သွားပြီး မဟာစကြဝဠာ ရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ထိုစကားလုံးများနှင့် ပုံရိပ်ယောင်များကို ချန်ထားရစ်လျက် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
သူ နောက်သို့ ဆုတ်သွားချိန်တွင် ထူးဆန်းသည်မှာ ထိုလူအားလုံးသည် ရုပ်တုများအဖြစ်သို့ တစ်ဖန် ပြန်လည်ပြောင်းလဲသွားခြင်းပင် ဖြစ်ပေသည်။
လုံယိ တွက်ချက်ကြည့်ရာတွင် ထိုရုပ်တုများမှာ အနည်းဆုံး အခု ၁၀၀ ကျော်ရှိနိုင်သည်ဟု ခန့်မှန်းရ၏။
စောနက ပစ်လွှတ်လိုက်သော မှော်စွမ်းအင်နှင့် ဒိုချီတိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့အနက် အများစုမှာ အဆင့်မြင့်မှော်ဆရာများနှင့် အဆင့်မြင့်တိုက်ခိုက်ရေးသမားများ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
သို့သော် ၎င်းတို့ထဲတွင် မဟာမှော်ဆရာနှင့် ဓားသိုင်းဆရာများလည်း ပါဝင်နေပေသည်။ အဆင့် ၁၀ မှော်ပညာဖြစ်သော 'နှင်းနှင့်ရေခဲကမ္ဘာ' နှင့် အပြာရင့်ရောင် ဒိုချီများက ဤအချက်ကို သက်သေပြနေလေသည်။
မည်သို့လုပ်ရမည်နည်း... ၎င်းတို့အားလုံးကို အနိုင်တိုက်ရန် မဖြစ်နိုင်သလို၊ ထွက်ပြေးမည်ဆိုပါကလည်း ရှေ့တွင် အတားအဆီးများ မရှိမှသာ သေချာမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ဂုဏ်သိက္ခာရှိရှိ နောက်ပြန်လှည့်ရုံသာ ရှိတော့ပေသည်။
သို့သော် ဤအခြေအနေသို့ ရောက်ရှိလာပြီးနောက် လုံယိအတွက် နောက်ပြန်လှည့်ရန်မှာ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကြိုးစားကြည့်ရန်သာ တစ်ခုတည်းသော ရွေးချယ်စရာ ရှိတော့၏။
လုံယိသည် မည်သည့်အခါမျှ ပေါ့ပေါ့တန်တန် လုပ်တတ်သူမဟုတ်ဘဲ တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ချက်ချင်း လက်တွေ့အကောင်အထည်ဖော်တတ်သူ ဖြစ်သည်။
မဟာစကြဝဠာ ရွှေ့ပြောင်းခြင်းကို အမြင့်ဆုံးအထိ တွန်းတင်လိုက်ရာ လုံယိ၏ ခန္ဓာကိုယ်သည် ဝေဝါးသွားပြီး ကျောက်ရုပ်အသွင်မှ ပြန်လည်နိုးထရန် လိုအပ်သော နှစ်စက္ကန့်အတွင်း သူသည် အရှိန်အပြည့်ဖြင့် ၎င်းတို့အား ဖြတ်ကျော်ကာ ပြေးထွက်ခဲ့လေသည်။
အရှိန်မလျှော့ဘဲ ရှေ့သို့ အတင်းတိုးသွားစဉ် သူ၏နောက်ကျောဘက်မှ မှော်တိုက်ခိုက်မှုများ နံရံများကို ရိုက်ခတ်သံများ ထွက်ပေါ်လာသည်။
လုံယိသည် ခေါင်းလှည့်ကြည့်လိုက်ရာ ရုပ်တု ၁၀၀ ကျော်သည် အဝေးတွင် ကျန်ရစ်ခဲ့သော်လည်း ၎င်းတို့က သူ့နောက်သို့ တကောက်ကောက် လိုက်နေကြသည်ကို တွေ့လိုက်ရ၏။
"ကံဆိုးလိုက်တာ... ဘာလို့ ဒီအကောင်တွေက ရုပ်တုတွေ ပြန်မဖြစ်သွားတာလဲ…" လုံယိသည် ညည်းညူရင်း ပြေးနေပြီး ရှေ့တွင် တစ်စုံတစ်ရာနှင့် မတိုက်မိစေရန် ဆုတောင်းနေလေသည်။
သို့သော် အချို့သောလူများသည် မွေးရာပါ ကံမကောင်းတတ်ကြပြီး သူစိုးရိမ်နေသည့်အတိုင်း အမှန်တကယ်ပင် ဖြစ်ပျက်လာခဲ့လေသည်။
"ကံမကောင်းတဲ့လူတွေဆိုတာ အေးစက်နေတဲ့ရေကို သောက်ရင်းတောင် သွားတွေခဲသွားနိုင်တာပဲ…"
လုံယိသည် အံကြိတ်လျက် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။ ထို့နောက် ရှေ့ရှိလမ်းကြောင်းတွင် လမ်းတစ်လျှောက်လုံးကို ပိတ်ဆို့ထားသည့် ဧရာမ မှော်သားရဲရုပ်တုကြီးများကို မြင်လိုက်ရသောအခါ သူ၏မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပေသည်။