အခန်း (၆) - သိုလှောင်လက်စွပ်
"မိုက်မဲလှချည်လား... အခုထိ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ မလာသေးဘူးလား…" နှေးကွေးစွာ လျှောက်လာသော လုံယိကို ကြည့်ပြီး ရှီမန်နုက ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
လုံယိကတော့ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။ အခြေအနေများက ဤအဆင့်ထိ ရောက်ရှိလာပြီဖြစ်ရာ ရှီမန်ယုအဖြစ် ဟန်ဆောင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ မိဘနှင့် မောင်နှမများ ရုတ်တရက် ပေါ်လာခြင်းကြောင့် မိဘမဲ့ကလေးတစ်ဦးဖြစ်ခဲ့သော လုံယိအတွက် စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေမိသည်။
သူသည် အဆောင်အတွင်းသို့ အမြန်ဝင်သွားပြီးနောက် ဦးထုပ်ကို ချွတ်ကာ ရှီမန်နုနှင့် တုန်းဖန်ဝမ်တို့ကို တလေးတစားဖြင့် အရိုအသေပြု နှုတ်ဆက်လိုက်၏။ အကျဉ်းထောင်ထဲတွင် ရက်အတော်ကြာ နေခဲ့ရသဖြင့် ရေချိုးသန့်စင်ရန်နှင့် အဝတ်အစားလဲရန် အခွင့်အရေးမရှိခဲ့ပေ။
ထို့ကြောင့် ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာတစ်ခုလုံးတွင်လည်း အညစ်အကြေးများ ပေကျံနေလေသည်။ သားဖြစ်သူ၏ ပုံစံကို မြင်လိုက်ရသည်နှင့် တုန်းဖန်ဝမ်၏ မျက်ဝန်းမှ မျက်ရည်များ ချက်ချင်းဆိုသလို စီးကျလာတော့သည်။
"နုံအတဲ့ကောင်လေး... ဒီတစ်ခါတော့ သင်ခန်းစာရသွားပြီလို့ ငါမျှော်လင့်တယ်... နောက်တစ်ခါကျရင် ဒီလောက်အထိ ရဲတင်းပြီး မိုက်မိုက်မဲမဲတွေ မလုပ်ပါနဲ့တော့... ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နင် တကယ်ကို ဒုက္ခရောက်ခဲ့ရတာပဲ…"
တုန်းဖန်ဝမ်သည် ခြေဖျားထောက်ကာ ရပ်လျက် သူမ၏ အင်္ကျီလက်စဖြင့် လုံယိ၏ မျက်နှာကို ပွတ်သပ်ပေးနေပြီး မျက်ရည်ဝိုင်းနေသော မျက်ဝန်းများတွင် အတိုင်းအတာမရှိသော မေတ္တာတရားများ ပြည့်နှက်နေပေသည်။
လုံယိသည် လျှပ်စစ်တစ်ခု အချက်ခံလိုက်ရသကဲ့သို့ မှိုင်တွေကာ ငြိမ်သက်စွာ ရပ်နေမိ၏။ ငယ်စဉ်ကတည်းက သူသည် အမြဲတမ်း တစ်ယောက်တည်းဖြစ်ခဲ့ပြီး နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံတော်၏ ဓားတစ်လက်အဖြစ် အသုံးချခံခဲ့ရသည်။
ဒဏ်ရာရတိုင်းတွင်လည်း တိတ်ဆိတ်စွာဖြင့် မှောင်မိုက်သော နေရာတစ်ခုတွင် ပုန်းကွယ်နေရုံမှတစ်ပါး အခြားမရှိခဲ့ပေ။ သူ့အပေါ် ဤမျှလောက်သော ဂရုစိုက်မေတ္တာမျိုး ပြသခဲ့သည့် လူသားတစ်ဦးတစ်ယောက်မျှ မရှိခဲ့ဖူးချေ။
"အမေ…" လုံယိသည် စိတ်လှုပ်ရှားမှုကြောင့် အသံနက်နက်ဖြင့် ခေါ်လိုက်လေသည်။ လူအများ ပြောလေ့ရှိကြသော သွေးသားတော်စပ်မှု၏ သံယောဇဉ်ဆိုသည်မှာ ဤသို့ပင်ဖြစ်မည်လား... မျှော်လင့်ထားသည့်အတိုင်း ဤအရာက လူတစ်ယောက်၏ နှလုံးသားကို တကယ်ပင် နွေးထွေးစေသည်ပေ။
"ကဲ... အမေနဲ့သား နှစ်ယောက်လုံး အချိန်မဖြုန်းကြနဲ့တော့... ငါတို့မှာ အချိန်အများကြီးမရှိဘူး... ယုအာ... ဒီကိုလာ…" ရှီမန်နုက အနည်းငယ် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
လုံယိသည် ရှီမန်နု၏ ရှေ့သို့ လျှောက်သွားပြီး "အဖေ ပြောစရာရှိပါသလား…" မေးလိုက်လေသည်။
ရှီမန်နုသည် ခရမ်းရောင်ကျောက်စိမ်းကတ်ပြားတစ်ခုကို ထုတ်ယူကာ လုံယိထံသို့ ကမ်းပေးရင်း ပြတ်သားသောလေသံဖြင့် ဆိုလိုက်သည်။
"ဒါက မင်းရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်အသစ်ပဲ... ဒီကတ်ထဲမှာ ခရမ်းရောင်ကျောက်စိမ်းဒင်္ဂါး တစ်သောင်း ရှိတယ်... မင်းသာ စနစ်တကျ ခြွေတာသုံးစွဲမယ်ဆိုရင် တစ်သက်လုံးအတွက် လုံလောက်လိမ့်မယ်…"
"ကျေးဇူးတင်ပါတယ် အဖေ…" လုံယိသည် ခရမ်းရောင်ကျောက်စိမ်းကတ်ပြားကို လှမ်းယူလိုက်၏။ ဤအရာသည် ချန်းလန်တိုက်တွင် အသုံးများသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ဖြစ်ပြီး ဘဏ်ကတ်အဖြစ်လည်း အသုံးပြုနိုင်ကြောင်း သူသိရှိထားပေသည်။ ခရမ်းရောင်ကျောက်စိမ်းဒင်္ဂါး တစ်သောင်းဆိုသည်မှာ များပြားလှသော ပိုင်ဆိုင်မှုတစ်ခုပင် ဖြစ်သည်။
တွက်ချက်ကြည့်ပါက ခရမ်းရောင်ကျောက်စိမ်းဒင်္ဂါး တစ်ပြားသည် ရွှေဒင်္ဂါး တစ်ထောင်နှင့် ညီပြီး၊ ရွှေဒင်္ဂါး တစ်ပြားသည် ငွေဒင်္ဂါး တစ်ထောင်၊ ငွေဒင်္ဂါး တစ်ပြားသည် ကြေးဒင်္ဂါး တစ်ထောင်နှင့် အသီးသီး ညီမျှပေသည်။ သာမန်မိသားစုတစ်ခု၏ တစ်နှစ်တာ ပျမ်းမျှဝင်ငွေမှာ ရွှေဒင်္ဂါး ၁၀ ပြားသာ ရှိရာ ခရမ်းရောင်ကျောက်စိမ်းဒင်္ဂါး တစ်သောင်း၏ တန်ဖိုးမည်မျှရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေမည်။
ထို့နောက် ရှီမန်နုသည် သူကိုယ်တိုင် အချိန်အတော်ကြာ ဝတ်ဆင်ထားခဲ့သော ရိုးရှင်းပြီး အနုစိတ်မရှိသည့် လက်စွပ်တစ်ကွင်းကို ချွတ်လိုက်လေသည်။ ထို့နောက် လုံယိ၏ ဘယ်ဘက်လက်ကို ဆွဲယူကာ ထိုလက်စွပ်ကို လက်သူကြွယ်တွင် ဝတ်ပေးလိုက်၏။
"အဖေ... ဒုတိယညီငယ်ကို ပေးလိုက်တဲ့ ဒီသိုလှောင်လက်စွပ်က အဖေအတွက် တကယ်ပဲ အရေးမကြီးတော့တာလား…"
မိမိ အချိန်အတော်ကြာ တောင့်တခဲ့သော သိုလှောင်လက်စွပ်ကို ဤအမှိုက်ကဲ့သို့သော လူတစ်ယောက်အား ပေးလိုက်သည်ကို မြင်သောအခါ ရှီမန်ထျန်းသည် စိတ်ထဲတွင် မတရားဟု ချက်ချင်းခံစားလိုက်ရပေသည်။ သိုလှောင်လက်စွပ်သည် အဖိုးတန်သည်မှန်သော်လည်း ရှီမန်မျိုးနွယ်စု၏ ငွေကြေးအင်အားဖြင့်ဆိုလျှင် လက်စွပ်အနည်းငယ် ဝယ်ယူခြင်းမှာ အရေးမပါလှပေ။
အဓိကပြဿနာမှာ ရှီမန်နု၏ လက်တွင်ရှိသော လက်စွပ်သည် သာမန်သိုလှောင်လက်စွပ် မဟုတ်ခြင်းပင်။ ၎င်း၏ သိုလှောင်နိုင်စွမ်းမှာ အခြားလက်စွပ်များနှင့် နှိုင်းယှဉ်၍မရနိုင်လောက်အောင် အလွန်ကြီးမားသည့်အပြင် ဒိုချီစွမ်းအားကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သည်ဖြစ်ရာ အဖိုးမဖြတ်နိုင်သော ပစ္စည်းတစ်ခုပင် ဖြစ်ပေသည်။
ရှီမန်နုသည် ရှီမန်ထျန်းကို စိုက်ကြည့်လိုက်သော်လည်း ဘာမျှမပြောဘဲ လုံယိဘက်သို့ လှည့်ကာ ဆိုလိုက်လေသည်။
"ဒီလက်စွပ်ထဲမှာ မင်းအတွက် အသုံးဝင်မယ့် ပစ္စည်းတွေကို ငါထည့်ပေးထားတယ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... အချိန်လည်း နောက်ကျနေပြီဖြစ်လို့ အခုပဲ ခရီးစတင်လိုက်တော့…"
"ဒုတိယညီငယ်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... မျိုးနွယ်စုရဲ့ အကာအကွယ်မရှိတော့တဲ့အတွက် ဘယ်အရာကိုမဆို မလုပ်ခင် သုံးခါလောက် စဉ်းစားပါ…"
ရှီမန်ထျန်းသည် လုံယိ၏ ပုခုံးကို ပုတ်ပေးလိုက်၏။ သူ၏ မျက်နှာတွင် လုံယိ အမြန်ဆုံး ထွက်သွားစေချင်နေသည့် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေပေသည်။ အမှန်စင်စစ် သူသည် ဤနေ့ကို အလွန်တောင့်တနေခဲ့ခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာ သူသည် ရှီမန်မျိုးနွယ်စု၏ သားအကြီးဆုံးအဖြစ် သတ်မှတ်ခံရပြီး ငယ်စဉ်ကတည်းက ပါရမီရှင်တစ်ဦးအဖြစ် လူသိများခဲ့သော်လည်း၊ အဖေဖြစ်သူသည် ခေါင်းမာပြီး အူတူတူဖြစ်သော ဤဒုတိယညီငယ်ကို ပို၍ဂရုစိုက်သည်ဟု အမြဲခံစားခဲ့ရပေသည်။
ယခုတော့ ဤလူအ တစ်ယောက် ထွက်သွားတော့မည်ဖြစ်ရာ သူ၏စိတ်ထဲတွင် ပေါ့ပါးသွားပြီး မျိုးနွယ်စုခေါင်းဆောင်နေရာသည်လည်း သူ၏လက်ထဲသို့ ရောက်ရှိလာပြီဟု ခံစားလိုက်ရလေသည်။
"ဒုတိယအစ်ကို... ခရီးလမ်းတစ်လျှောက် ဂရုစိုက်သွားပါ…"
ရှီမန်ဝူဟန်က အေးစက်စွာ ပြောလိုက်လေသည်။ ဤဒုတိယအစ်ကိုဖြစ်သူအပေါ် သူမတွင် တစ်စက်ကလေးမျှ သံယောဇဉ်မရှိသည့်အပြင် အလွန်အမင်း ရွံရှာမုန်းတီးသည်ဟုပင် ဆိုနိုင်ပေသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖြစ်ရပ်ကို သူမ ဘယ်သောအခါမျှ မေ့နိုင်မည်မဟုတ်ပေ။
ထိုညတွင် အစ်ကိုဟု အမည်ခံထားသူသည် အရက်မူးပြီး သူမ၏ အခန်းထဲသို့ အတင်းဝင်ရောက်လာခဲ့ပြီး အိပ်ပျော်နေသော သူမအပေါ်သို့ ပစ်တင်ကာ ညစ်ညမ်းသော စကားများကို အော်ဟစ်ပြောဆိုခဲ့လေသည်။ သူမကို ပြုစုစောင့်ရှောက်သော အစေခံမလေးသာ တားဆီးမပေးခဲ့ပါက သူမ၏ အပျိုစင်ဘဝသည် ထိုလူ၏လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပေမည်။
အစ်ကိုဖြစ်သူ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသော အမူအရာနှင့် ညီမဖြစ်သူ၏ အေးစက်သော အကြည့်များကို မြင်ရသောအခါ လုံယိသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း ချက်ချင်းပင် လှုပ်ရှားလိုက်လေသည်။
သူသည် ခြေလှမ်းကျယ်ကျယ်ဖြင့် ရှီမန်ထျန်းထံသို့ တက်လှမ်းသွားပြီး ဝက်ဝံတစ်ကောင်ကဲ့သို့ တင်းကျပ်စွာ ဖက်လိုက်၏။ ထို့နောက် လက်ဖဝါးရှိ အတွင်းအားကို အသုံးပြု၍ ရှီမန်ထျန်း၏ ကျောပြင်ကို ပုတ်ကာ ဆိုလိုက်လေသည်။
"အစ်ကိုကြီး... ဒုတိယညီငယ်က အရည်အချင်းမရှိတာမို့ နောက်နောင် ရှီမန်မျိုးနွယ်စုကို အစ်ကိုကြီးပဲ ဦးဆောင်ပေးပါ… ဖေဖေနဲ့ မေမေကိုလည်း ကောင်းကောင်းစောင့်ရှောက်ပေးပါဦး…"
လုံယိ၏ ဖက်မှုကြောင့် ရှီမန်ထျန်းသည် သူ၏ သွေးနှင့် အသက်ရှူနှုန်းများ ပွေလီသွားပြီး အဆုတ်အတွင်းရှိ လေများပါ အတင်းညှစ်ထုတ်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ထို့နောက် တစ်ကိုယ်လုံးတွင် ပူလောင်သော နာကျင်မှုများ ပျံ့နှံ့သွားပြီး သူ၏မျက်နှာသည် ဝက်အသည်းရောင်ကဲ့သို့ ဖြစ်သွားလေသည်။
အဖေဖြစ်သူ၏ ရှေ့မှောက်တွင် ဖြစ်နေသောကြောင့် ဤစေတနာမပါသော ဖက်မှုမှ လွတ်မြောက်ရန်အတွက် သူ၏ ဒိုချီ စွမ်းအားများကို အသုံးပြု၍ မရဲပေ။
တခဏအကြာတွင် ရှီမန်ထျန်းကို လွှတ်ပေးလိုက်ပြီးနောက် လုံယိသည် လျှပ်စီးတစ်ခုကဲ့သို့ လျင်မြန်စွာပင် ရှီမန်ဝူဟန်ကို ဖက်လိုက်ပြန်သည်။ ထို့နောက် မည်သူမျှ မမြင်စေဘဲ သူမ၏ မွှေးပျံ့သော မက်မွန်သီးအိအိလေးကို တစ်ချက်ဆွဲညှစ်ပြီးနောက် အမြန်ပင် လွှတ်ပေးလိုက်လေသည်။
"ဖေဖေ၊ မေမေ... သား သွားတော့မယ်…"
လုံယိသည် လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လိုက်၏။ ထို့နောက် သူသည် လှည့်ထွက်သွားပြီး မရေရာသော ခရီးလမ်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ရှီမန်ဝူဟန်၏ လှပသော မျက်နှာလေးသည် တစ်ခါတရံ နီမြန်းလိုက်၊ တစ်ခါတရံ ဖြူဖျော့လိုက် ဖြစ်နေပြီး အဝေးသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသော လုံယိ၏ ကျောပြင်ကို စူးစိုက်ကြည့်ကာ စိတ်ထဲမှ တင်းတင်းကြပ်ကြပ် တွေးလိုက်လေသည်။
"နင့်ကို နောက်တစ်ခါ ထပ်မတွေ့ပါစေနဲ့… ဘယ်တော့မှ ထပ်မတွေ့ပါစေနဲ့… မဟုတ်ရင်တော့…"
လုံယိသည် တစ်လမ်းလုံး အားရပါးရ ပြေးနေရင်း စောနက ရှီမန်ဝူဟန်အပေါ် သူပြုလုပ်ခဲ့သော အပြုအမူကို ပြန်တွေးမိကာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
"ဒါက ရှီမန်ယုရဲ့ ဝိညာဉ်က ကျန်ရစ်ခဲ့တဲ့ ပြဿနာများလား…"
လုံယိသည် ထိုသို့တွေးတောလိုက်သော်လည်း မကြာမီတွင်ပင် သူ၏အာရုံသည် ဘယ်ဘက်လက်မှ သိုလှောင်လက်စွပ်ဆီသို့ ပြောင်းလဲသွားလေသည်။ ရှီမန်ယု၏ မှတ်ဉာဏ်များအရ ဤလက်စွပ်သည် မည်မျှတန်ဖိုးရှိသည်ကို သူသိရှိထားပြီးဖြစ်သည်။
၎င်းသည် ဒိုချီကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်ဖြစ်ရာ ဤအရာရှိလျှင် သူ့ထက် အဆင့်တစ်ဆင့်မြင့်သူကိုပင် စိန်ခေါ်နိုင်မည်ဖြစ်ပေသည်။ ရှီမန်နုသည် အသုံးမကျသော ဤသားဖြစ်သူအပေါ် အတော်ပင် အလေးထားပုံရသည်ဟု တွေးမိလေသည်။
လက်စွပ်အတွင်းရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ လုံယိသည် စိတ်ထဲမှ ဆွံ့အသွားရပြန်သည်။ ပထမအကန့်တွင် စာအုပ်စင်ကြီး အတော်များများရှိနေပြီး ၎င်းအပေါ်၌ စာအုပ်အမျိုးမျိုး ပုံထားလေသည်။ ထိုအထဲတွင် မှော်ပညာနှင့် ဒိုချီဆိုင်ရာ စာအုပ်များက အများစုဖြစ်နေ၏။
ဒုတိယအကန့်တွင်မူ အမျိုးမျိုးသော သတ္တုရိုင်းများ ပြည့်နှက်နေပြီး တတိယအကန့်တွင်မူ နေ့စဉ်လူနေမှုဘဝအတွက် လိုအပ်သော ပစ္စည်းအမျိုးမျိုး ရှိနေသည်။ အမှန်တကယ်တွင် အိပ်ရာတစ်ခုပင် ပါဝင်နေပြီး ၎င်းမှာ သူ၏အိပ်ခန်းမှ အိပ်ရာဖြစ်ပုံရပေသည်။ ထို့အပြင် အလွတ်အကန့် နှစ်ကန့်ရှိနေသေးရာ ဤအကန့်ငါးကန့်ပေါင်းသည် စုစုပေါင်း ကုဗမီတာ ၁၀၀ ပမာဏရှိသော နေရာလွတ်တစ်ခု ဖြစ်နေသည်။
သာမန်သိုလှောင်လက်စွပ်များတွင် ကုဗမီတာ ၂ သို့မဟုတ် ၃ သာရှိပြီး အဆင့်မြင့်ဆုံးလက်စွပ်များတွင်ပင် ကုဗမီတာ ၁၀ ခန့်သာ ရှိတတ်သောကြောင့် ဤလက်စွပ်မှာ အလွန်အမင်း ထူးခြားလွန်းနေသည်ဟု ဆိုရမည်ဖြစ်၏။
"ချမ်းသာတဲ့ မိသားစုတွေကတော့ တကယ်ကို ကွာခြားတာပဲ၊ ထွက်ပြေးရတာတောင် ဒီလောက် သက်တောင့်သက်သာ ရှိနေတာလား…"
လုံယိသည် တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် လုံကျူ၏ ညီငယ်နှင့် ဂျပန်အဖွဲ့အစည်းက သူ့ကို သတ်ဖြတ်ရန် ရက်ပေါင်း ၁၀၀ တိုင်တိုင် နေ့မအိပ် ညမနား လိုက်လံဖမ်းဆီးခဲ့သည့် အချိန်များကို ရုတ်တရက် သတိရသွားလေသည်။ ထိုစဉ်က အမှန်တကယ်ပင် သနားစရာကောင်းလှပေသည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသည်များမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
ပထမဦးစွာ မိုးကြိုးပစ်ခံရပြီး ဤကမ္ဘာသစ်သို့ ရောက်ရှိလာခဲ့သည်၊ ထို့နောက် ဝိညာဉ်သည် ခန္ဓာကိုယ်တစ်ခုအတွင်းသို့ ပေါင်းစပ်သွားပြီး မကြာမီမှာပင် မင်းသမီးတစ်ပါးကို အဓမ္မပြုကျင့်ခဲ့မိသည်။ ဤအခြေအနေများမှာ အမှန်တကယ်ပင် နားမလည်နိုင်စရာ ဖြစ်နေပေတော့သည်။