no

Font
Theme

အခန်း (၂၇) ပထမကမ္ဘာ

ကျိုးရှုချန်း၏ မျက်နှာတစ်ခုလုံး ဖြူလဖျော့သွားပြီး ရေရွတ်လိုက်မိသည်။

“မဖြစ်နိုင်တာ...”

“မင်း ယုံချင်ယုံ မယုံချင်နေ။ ငါ မင်းကို ကြည့်မရတော့တာ ကြာပြီ။ မင်းက ငါ့ထက်တောင် ဟိတ်ဟန်ကြီးသေးတယ်၊ ကြည့်ရတာ တော်တော် မျက်စိနောက်ဖို့ကောင်းတယ်” ထိုကျောင်းသားက ပြောပြောဆိုဆိုဖြင့် ဘေးနားရှိ အထူးဝင်ခွင့်ရ ကျောင်းသားများကို အမိန့်ပေးလိုက်သည်။ “သူ့ဘာသာသူ မထွက်သွားဘူးဆိုတော့လည်း သူ့ကို ကျောင်းအပြင်ဘက် ရောက်အောင် မင်းတို့ပဲ ကူညီပေးလိုက်ကြစမ်း”

ဘာ...။

အမိန့်ပေးခံရသည့် အထူးဝင်ခွင့်ရ ကျောင်းသားအနည်းငယ် မျက်နှာပျက်သွားကြပြီး တုံ့ဆိုင်းစွာ ရုန်းကန်နေကြသည်။

“ဟမ်...” ကနဦး ကျောင်းသား၏ အေးစက်သော မျက်လုံးများက ၎င်းတို့ဆီ ရောက်ရှိလာပြီး လေသံသည်လည်း ခြိမ်းခြောက်မှု အပြည့် ပါရှိနေသည်။ ၎င်းတို့အားလုံး တုန်လှုပ်သွားကြပြီး နောက်ဆုံးတွင် ခြေလှမ်းများကို အရှေ့သို့ တိုးလိုက်ကြသည်။

“ရှုချန်း... မင်း ထွက်သွားလိုက်ပါတော့"

“ရှုချန်း... မင်းကလည်းကွာ လုပ်ပါ...”

၎င်းတို့သည် အင်အားသုံးရန် ရှက်ရွံ့နေကြသဖြင့် ကျိုးရှုချန်းတစ်ယောက် သူ့ဘာသာ ထွက်သွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။ ၎င်းတို့မျက်နှာပေါ်ရှိ ရုန်းကန်ရခက်သည့် အမူအရာများက ၎င်းတို့လည်း ဘာမှမတတ်နိုင်ကြောင်း ဖော်ပြနေပုံရသည်။ ကျိုးရှုချန်းသည် ယခင်က အတူတူ သွားလာလှုပ်ရှားပြီး စာလေ့လာခဲ့ဖူးသည့် အတန်းဖော်များကို စိုက်ကြည့်လိုက်သည်။ သူ၏ မိသားစုသည် အလွန်ဆင်းရဲသော်လည်း မိဘများက သူ့ကို ရိုးသားဖြောင့်မတ်၍ သတ္တိရှိပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်အောင် သွန်သင်ဆုံးမခဲ့သည်။ ငယ်စဉ်ကတည်းက သူ့ထံ အကူအညီတောင်းလာသည့် အတန်းဖော်များကို သူ တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့ဖူးသည်။ ယခုကဲ့သို့ လုံးဝခိုကိုးရာမဲ့ဖြစ်နေသည့် အခြေအနေတွင် သူ့ကို ကူညီပေးမည့် လူမျိုးအား သူ မည်မျှ တမ်းတနေမိသနည်း။

သို့သော် ယခု ကျိုးရှုချန်းဘက်မှ အကူအညီ အလိုအပ်ဆုံးအချိန်၌ တစ်ကောင်ကြွက် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ လက်ကမ်းမကူညီသည့်အပြင် ယခင်က သူ ကူညီပေးခဲ့ဖူးသူအချို့ကပင် ယခုအခါ သူ့ကို သစ္စာဖောက်ပြီး လှောင်ပြောင်နေကြသည်။ ထို့အပြင် ၎င်းတို့သည် မတတ်သာသည့် အမူအရာမျိုး ပြသကာ ၎င်းတို့အား ခွင့်လွှတ်နားလည်ပေးရန် မျှော်လင့်နေကြသေးသည်။

ဒီလိုအချိန်မျိုးမှာတောင် ငါက မင်းတို့ခံစားချက်ကို ငဲ့ညှာပြီး မင်းတို့ရဲ့လုပ်ရပ်ကို နားလည်ပေးနေရဦးလား။

ကျိုးရှုချန်း၏ မျက်နှာပေါ်တွင် ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာပြီး ရင်ထဲမှ ဒေါသများ ပေါက်ကွဲထွက်လာကာ မျက်စိရှေ့တွင် အမှောင်ထု ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။

“မသွားဘူး၊ ငါ ထွက်မသွားနိုင်ဘူး။ ငါက ဘာလို့ ထွက်သွားရမှာလဲ။ ငါ ဒီမှာ အနည်းဆုံး နောက်ထပ် လဝက်လောက် ဆက်နေလို့ရသေးတယ်။ ကျင်းယွီတောင်မှ ငါ့ကို ချက်ချင်း ထွက်သွားဖို့ မပြောထားဘူး" ကျိုးရှုချန်းသည် ဒေါသတကြီး မတ်တတ်ရပ်လိုက်ပြီး စားပွဲနှင့် ကုလားထိုင်ကို ဇွတ်အတင်း ပြန်သိမ်းဆည်းလိုက်သည်။

သူ၏ ခေါင်းမာသော အမူအရာက ချမ်းသာသော ကျောင်းသားကို ဒေါသထွက်သွားစေသည်။

“ကောင်းပြီလေ။ မင်းက တော်တော် ဟုတ်နေတယ်ပေါ့လေ။ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။ ဟေ့... မင်းတို့က ဘာရပ်ကြည့်နေတာလဲ။ အသုံးမကျတဲ့ ကောင်တွေ၊ မင်းတို့တွေ ဒီကျောင်းမှာ ဆက်နေပြီး ငါ့ရဲ့ နောက်လိုက်ခွေး လုပ်ချင်တာ ဒီလိုပုံစံမျိုးလား။ ဒီအတိုင်းဆို မင်းတို့ကို ငါက ဘာအတွက် သုံးရမှာလဲ"

အထူးဝင်ခွင့်ရ ကျောင်းသားအနည်းငယ်သည် ဆဲဆိုခံရသဖြင့် မျက်နှာများ နီရဲသွားကြသည်။ ၎င်းတို့သည်လည်း ကျိုးရှုချန်းအပေါ် မကျေမနပ်ဖြစ်သွားကြပြီး ချက်ချင်းပင် အရှေ့တိုးကာ သူ့ကို ဆွဲထုတ်ရန် ပြင်လိုက်ကြသည်။

“ကျိုးရှုချန်း၊ ငါတို့ကို တွန်းအားမပေးနဲ့နော်။ အခုချက်ချင်း ထွက်သွားစမ်း"

“ငါ့ကိုလွှတ်" ကျိုးရှုချန်းက အော်ဟစ်လိုက်သည်။

၎င်းတို့သည် ကျိုးရှုချန်းကို စာသင်ခန်းထဲမှ အတင်း ဆွဲထုတ်သွားကြသည်။ ကျိုးရှုချန်းသည် အသည်းအသန် ရုန်းကန်နေပြီး အတန်းဖော်များ​၏ လက်များထဲမှသာမကဘဲ အသက်ရှူကျပ်ဖွယ်ကောင်းသော ကံကြမ္မာဆိုးကြီးထဲမှပင် ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့ မျက်လုံးများ နီမြန်းလာသည်။ သို့သော် သူ မလွတ်မြောက်နိုင်ခဲ့ဘဲ အတန်းထဲမှ စင်္ကြံလမ်းအထိ တစ်လမ်းလုံး လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ဆွဲထုတ်ခံလိုက်ရသည်။

“မင်းတို့ ဘာလုပ်နေကြတာလဲ။ ရှုချန်းကို လွှတ်လိုက်စမ်း" အထူးဝင်ခွင့်ရ ကျောင်းသားတစ်ယောက်က ဒေါသတကြီး လာရောက်တားဆီးလိုက်သည်။

“ကိုယ့်ကိုယ်ကို မလိမ်စမ်းပါနဲ့။ အခြေအနေတွေ ပြောင်းလဲသွားဖို့ အကြောင်းမရှိတော့ဘူး။ ဆုန်ကျူယောင်က သူ့အိုလံပစ်အဖွဲ့ဆီ ပြန်သွားပြီ၊ ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး"

“ငါတို့တွေ အစောကြီးကတည်းက အစွန့်ပစ်ခံလိုက်ရတာ"

“မဖြစ်နိုင်တာ။ စီနီယာအစ်မက ငါတို့အတွက် ကျောင်းအုပ်ကြီးရုံးခန်းနဲ့ ကျောင်းသားသမဂ္ဂအထိ သွားပေးခဲ့တာ။ သူ ဒီအတိုင်းကြီး ပစ်ထားခဲ့မှာ မဟုတ်ပါဘူး...”

“ဒါက အမှန်တရားပဲ။ သူ ပြန်လာမယ်ဆိုတာ ဘယ်သူ သက်သေပြနိုင်မှာလဲ။ ရှင်းရှင်းပြောရရင် သူ ပျောက်နေတာ ရက်တော်တော်ကြာနေပြီဆိုတာ ငါတို့ မျက်မြင်ကိုယ်တွေ့ပဲလေ"

“......”

အချို့က မယုံကြည်ကြသော်လည်း ယုံကြည်သွားသူ အရေအတွက်က ပိုများပြားနေသည်။ ၎င်းတို့သည် ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော်လည်း ဆုန်ကျူယောင်ထံမှ မည်သည့်သတင်းမျှမရခဲ့ပေ။ သူမ ဘယ်ရောက်နေမှန်းလည်း မသိကြသလို၊ သိပိုင်ခွင့်လည်း မရှိကြပေ။ ဖြစ်နိုင်သည်မှာ ၎င်းတို့ကသာ သူမကို ကယ်တင်ရှင်အဖြစ် တစ်ဖက်သတ် သတ်မှတ်နေကြခြင်းဖြစ်ပြီး၊ တကယ်တမ်းတွင် သူမက ၎င်းတို့ကို စိတ်ထဲပင် ထည့်ထားပုံ မပေါ်ပေ။

“ဝူး... ဝူး... ဒီလိုမလုပ်ကြပါနဲ့...”

“ဒါက မင်းတို့လို အောက်ကျခံတတ်တဲ့ ကောင်တွေကြောင့်ပဲ၊ ငါတို့ကို သိက္ခာမရှိတဲ့လူတွေလို့ ပြောပြီး အမှိုက်လို ဆက်ဆံနေကြတာ မင်းတို့ကြောင့်ပဲ"

“မင်းမှာ သိက္ခာရှိပြီး အလားအလာရှိတယ်ဆိုရင် ဘာလို့ ကျောင်းကနေ အမြန်ထွက်မသွားတာလဲ။ ဘာလို့ ဒီမှာပဲ ကပ်နေချင်နေရတာလဲ"

“သွားစမ်းပါ၊ ငါတို့အတွက် အခုအချိန် သိက္ခာက ဘာမှသုံးစားလို့မရဘူး။ သိက္ခာနဲ့သာ အောင်မြင်မှုကို လဲလှယ်လို့ရပြီး ငါ့မိဘတွေကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပေးနိုင်မယ်ဆိုရင် ငါ အခုချက်ချင်း ဒူးထောက်ပြီး လမ်းလျှောက်ဖို့တောင် အသင့်ပဲ"

“မင်း...ချီးပဲကွာ..."

နေရာတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားလေသည်။ စာသင်ဆောင်မှ ကွင်းပြင်အထိ အထူးဝင်ခွင့်ရ ကျောင်းသားအများအပြား ပိုမိုပါဝင်လာကြသည်။ အစပိုင်းတွင် ကျိုးရှုချန်းကြောင့် ဖြစ်သော်လည်း နောက်ပိုင်းတွင် မည်သို့မည်ပုံ ရန်ပွဲကြီးဖြစ်သွားသည်မသိဘဲ လီကျောက်နှင့် မင်ရှု့တို့ပင် ကြားညှပ်ပါသွားကြသည်။ ကျန်းပိုင်ချီသည် လူအုပ်ကြီး၏ အပြင်ဘက်တွင် ဟိုဟိုဒီဒီ လျှောက်သွားနေပြီး ရန်ပွဲထဲ ဝင်ချင်လျှင်ပင် မဝင်နိုင်ဘဲ သူ၏ သိုသိုသိပ်သိပ် ကမ္ဘာလေးသည် ထိုရုန်းရင်းဆန်ခတ် အခြေအနေနှင့် လုံးဝ အံဝင်ခွင်ကျ မဖြစ်ပုံရသည်။

[ရန်မဖြစ်ကြပါနဲ့တော့၊ ဝူးဝူးဝူး...]

[ငါ တော်တော် စိတ်ပူနေပြီ၊ ဆုန်ကျူယောင်ရေ... မြန်မြန်လာပါတော့၊ သူတို့တွေ စိတ်ဓာတ်တွေ တကယ် ပြိုလဲကုန်တော့မယ်]

[ငတုံးလေးတွေ… မင်းတို့ရဲ့ စီနီယာအစ်မဆုန်က မင်းတို့အတွက် ဘာတွေလုပ်ပေးထားလဲဆိုတာ မင်းတို့ သိတောင်မသိကြဘူး။ အခုချက်ချင်း ရပ်လိုက်ကြပါတော့]

[ဆုန်ကျူယောင်က တကယ် အမြော်အမြင် ကြီးလွန်းတယ်။ ဒီကျောင်းက အမှိုက်တစ်ခုလိုပဲ။ အထူးဝင်ခွင့်ရကျောင်းသားတွေရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးပြီး ဒီကျောင်းမှာ ဆက်နေနိုင်အောင် ကူညီပေးခဲ့ရင်တောင် ကလေးတွေ ဘယ်လောက်အထိ ကောင်းကျိုးရှိမှာမို့လို့လဲ။ သူတို့စိတ်တွေ ဒီကျောင်းရဲ့ ရက်စက်မှုနဲ့ ငွေကိုးကွယ်တဲ့ စရိုက်တွေကြောင့် ညစ်နွမ်းကုန်မှာပဲ။ ဒီမှာဆို ခွဲခြားဆက်ဆံမှုတွေက အမြဲရှိနေဦးမှာ၊ သူတို့ကို တန်းတူညီမျှတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုဆီ တိုက်ရိုက် ရွှေ့ပြောင်းပေးလိုက်တာမှ ပိုကောင်းဦးမယ်]

ရန်ပွဲသည် ကျောင်းတံခါးဝနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ ဆုန်ကျူယောင် ကားပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကြီးကို လှမ်းမြင်လိုက်ရသည်။ သူမသည် မျက်ဝန်းများတွင် ထိတ်လန့်မှု အပြည့်ဖြင့် ချက်ချင်းပင် အပြေးအလွှား ရောက်လာခဲ့သည်။ ဆုန်ကျူယောင်ကို မြင်မြင်ချင်း ကျောင်းစောင့်က စားပွဲပေါ်ရှိ အထိုင်ဖုန်းကို ချက်ချင်းကောက်ကိုင်ကာ ကျောင်းသားသမဂ္ဂထံ ဖုန်းဆက်လိုက်သည်။

ကျင်းယွီ၏ မျက်နှာတွင် ကျေနပ်အားရသော အမူအရာတစ်ခု ပေါ်ပေါက်လာသည်။

“ပွဲက ကောင်းနေတာ ကြာပြီ။ နောက်ဆုံးမှပဲ ပွဲကြည့်သူက ပြန်ရောက်လာတော့တယ်"

ကျင်းယောင်က ဆိုဖာပေါ်မှ ဝုန်းခနဲ ထရပ်လိုက်ပြီး သူ၏ လက်မပေါ်ရှိ သွားရာလေးကို မသိစိတ်ဖြင့် ပွတ်သပ်ရင်း ပြောလိုက်သည်။

“ငါ သွားကြည့်လိုက်ဦးမယ်”

“ငါလည်း လိုက်ခဲ့မယ်" ကျင်းယွီက လှောင်ပြုံး ပြုံးလိုက်သည်။

“သူ မျက်နှာပျက်သွားမယ့်ပုံစံကို ငါ အလွတ်မခံနိုင်ဘူး"

......

ထိုအတောအတွင်း၊ ကျန်းပိုင်ချီသည် လူအုပ်ကြီး၏ အပြင်ဘက်တွင် ရပ်နေပြီး ရန်ပွဲအရှိန်တက်နေချိန် လူအုပ်ထဲသို့ ရောနှောဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ မည်သူမျှ သူ့ကို ပထမအကြိမ် ကြည့်မိရုံမျှဖြင့် သတိထားမိလိမ့်မည်မဟုတ်ပေ။ သူသည် အမြဲတမ်း ဒြပ်မဲ့သဖွယ် ဖြစ်တည်မှု အလွန်အားနည်းသူဖြစ်ပြီး၊ တစ်ခါတစ်ရံတွင် သူ၏ မိဘများပင် သူ့ကို ကုန်တိုက်တွင် နေ့ဝက်လောက် ပစ်ထားမိပြီးနောက် ပြာပြာသလဲဖြင့် ပြန်လာရှာတတ်ကြသည်။ သူသည် ဤကမ္ဘာလောကကြီးတွင် ပိုလျှံနေသော ဖြစ်တည်မှုတစ်ခုကဲ့သို့ပင်။ မည်သူမျှ သူ့ကို မလိုအပ်သလို၊ မည်သူမျှလည်း သူ့ကို မမြင်နိုင်ကြပေ။

ကျန်းပိုင်ချီသည် ရန်ဖြစ်နေကြသော လူအုပ်ကြီးကို သူ၏ မီးခိုးရောင် မျက်ဝန်းများဖြင့် ငေးကြည့်နေမိသည်။ ကျောင်းသားတစ်ယောက် လဲကျသွားသည်ကို မြင်သောအခါ သူက တွဲထူရန် ခြေလှမ်းနှစ်လှမ်းခန့် အရှေ့ တိုးလိုက်သော်လည်း ထိုကျောင်းသားက ရူးသွပ်သွားသကဲ့သို့ သူ့ကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်သည် ကျန်းပိုင်ချီ၏ မျက်နှာကို မထိမီ လက်တစ်ဖက်၏ ဖမ်းဆီးမှုကို ခံလိုက်ရသည်။ သူ ခဏမျှ ကြောင်အသွားပြီးနောက်၊ ထိုသွယ်လျသော လက်ချောင်းလေးများအတိုင်း လိုက်ကြည့်လိုက်ရာ ချောမောလှပသော မျက်နှာလေးတစ်ခုကို မြင်တွေ့လိုက်ရသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment