အခန်း (၃၀)
ဆုန်ကျူယောင်သည် စင်မြင့်ထက်မှ ဆင်းလာပြီး လီကျောက်၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ ကျိုးရှုချန်းကို တွေ့လိုက်ရသည်။ ထိုလူငယ်လေးသည် အချိန်တိုလေးအတွင်း အများကြီး ပြောင်းလဲသွားခဲ့ပြီး တစ်ချိန်က မားမားမတ်မတ် ရှိခဲ့သော သူ၏ အရှိန်အဝါသည်လည်း မှောင်မှိုင်သွားခဲ့ပြီ ဖြစ်သည်။
ဆုန်ကျူယောင်က သူ့အနားသို့ လှမ်းလာသည်။
“ကျောင်းသားကျိုးရှုချန်း...”
ကျိုးရှုချန်းက ခေါင်းမော့ကာ သူမကို မည်သည့်ခံစားချက်မျှမပါဘဲ စိုက်ကြည့်လာသည်။
“မင်းက သိပ်အံ့ဩဖို့ကောင်းတာပဲ"
“ကျွန်တော့်ကို လှောင်နေတာလား"
ဆုန်ကျူယောင်က သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဘာလို့ အဲဒီလို တွေးရတာလဲ။ အစ်မက ရင်ထဲကရှိတဲ့အတိုင်း အမှန်အတိုင်း ပြောတာပါ။ ရန်ပွဲဖြစ်နေတဲ့ အချိန်အတွင်း တစ်စုံတစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် လူအများကြီးက အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးကြတာကို ဒါအစ်မ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ မိန်းကလေး အတန်းဖော်တွေတောင် မင်းအတွက် လက်သီးနဲ့ အထိုးခံဖို့ အသင့်ဖြစ်နေကြတာ"
ကျိုးရှုချန်းသည် ကြောင်အစွာဖြင့် ရပ်နေမိသည်။ ဆုန်ကျူယောင်၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် ရှိနေသော လီကျောက်ဆီသို့ သူ့အကြည့်များ ရောက်သွားလေသည်။ သူမ၏ ပါးပြင်သည် ညိုမည်းယောင်ကိုင်းနေပြီး ရှက်ရွံ့စွာဖြင့် သူမ၏ အကြည့်ကို လွှဲလိုက်ကာ ဆံပင်များဖြင့် ဖုံးအုပ်ရန် ကြိုးစားနေသည်။ ထို့နောက် ကျိုးရှုချန်းသည် မိမိကို ဝိုင်းရံထားသည့် လူများကို လှမ်းကြည့်လိုက်မိပြီးမှ မိမိသည် လူအုပ်ကြီး၏ အလယ်တွင် အကာအကွယ်ပေးခံထားရသည့် ပုံစံမျိုးဖြင့် တည်ရှိနေကြောင်း သတိပြုမိသွားသည်။
ကျိုးရှုချန်း၏ နှစ်လုံးသားတစ်ခုလုံး လှုပ်ခတ်သွားပြီး နှလုံးသားအောက်ခြေမှ တိုးဝှေ့တက်လာသော ခံစားချက်များက ရင်ထဲတွင် တောက်လောင်နေသော ဒေါသမီးလျှံများကို ငြိမ်းသတ်ပေးလိုက်သော်လည်း တစ်ပြိုင်နက်တည်းမှာပင် သူ၏ မျက်ဝန်းထဲ၌ မျက်ရည်များ ဝဲလာခဲ့သည်။ သူသည် လူတိုင်း အရှေ့မှ ကာကွယ်ပေးသူအဖြစ်သာ အမြဲတမ်း နေသားကျခဲ့ခြင်း ဖြစ်သည်—သူ့မိဘများ၊ ညီဖြစ်သူ၊ အတန်းဖော်များနှင့် သူငယ်ချင်းများအတွက် အရှေ့ကနေ အမြဲကာကွယ်ပေးခဲ့သည်။ ထို့ကြောင့် အခြားလူများက သူ့ကို မည်မျှကာကွယ်ပေးနေကြသည်ကို သူ မမြင်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သစ္စာဖောက်များကိုသာ မြင်တွေ့ရပြီး မကြုံစဖူး ပြင်းထန်သော ရိုက်ခတ်မှုများကို ခံစားခဲ့ရကာ၊ ကျေးဇူးသိတတ်ပြီး သူ့ကို ကာကွယ်ရန် အစွမ်းရှိသမျှဖြင့် ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသူများကို လျစ်လျူရှုခဲ့မိသည်။ အစောပိုင်းက ရန်ပွဲဖြစ်ပွားခဲ့ရခြင်းသည်လည်း ထိုလူများက ဝင်ရောက်စွက်ဖက်ပြီး တားဆီးခဲ့ကြသောကြောင့် မဟုတ်ပါလား။
ဒါတွေအားလုံးက ငါ့အတွက်ကြောင့်ပဲ။
“ကျေးဇူးပါပဲ...” သူ၏ လေသံ အက်ကွဲတုန်ရင်နေသည်။
“ငါတို့ကို ဘာအတွက် ကျေးဇူးတင်နေတာလဲ။ တကယ်တော့... နည်းနည်း ထူးထူးဆန်းဆန်းကြီး ရှက်ဖို့ကောင်းသား"
“အေးလေ၊ ဟုတ်တယ်"
“...”
[အို... ဘုရားသခင်၊ ငါတော့ ရင်ထဲထိသွားပြီ!]
[သူ့ရဲ့ ပြိုလဲလုဆဲဆဲ ကမ္ဘာကြီး ရပ်တန့်သွားခဲ့ပြီ။ ဆုံးရှုံးသွားတဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်မနေပါနဲ၊ မဟုတ်ရင် လက်ရှိကျန်ရှိနေသေးတဲ့ ပိုပြီး အဖိုးတန်တဲ့အရာတွေကို မြင်နိုင်မှာ မဟုတ်တော့ဘူး!]
[ကြိုးစားစမ်းပါ ကျိုးရှုချန်း! ကြိုးစားမှုတွေ အရာထင်လာမှာပါ၊ ကောင်းတဲ့လူတွေက ကောင်းကျိုးတွေကို ပြန်ရမှာပါ!]
[အရမ်း စိတ်လှုပ်ရှားဖို့ကောင်းတာပဲ TwT... ငါ့စိတ်တွေ သက်သာရာရသွားသလိုပဲ]
ဆုန်ကျူယောင်သည် ၎င်းတို့ကို ကြည့်၍ ညင်သာစွာ ပြုံးလိုက်သည်။ အခြားတစ်ဖက်တွင်မူ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် သီးခြား ကမ္ဘာတစ်ခုတွင် ရှိနေသကဲ့သို့ မတ်တတ်ရပ်ကာ ဆန့်ကျင်ဘက် ကမ္ဘာရှိ လူများကို စောင့်ကြည့်နေကြသည်။ ဖုမေလင်းက လက်ပိုက်ကာ မကျေနပ်သလို နှာခေါင်းရှုံ့လိုက်သည်။
ဒီမိန်းမ စကားပြောတဲ့ ပုံစံက တော်တော်လေး သဘောကျဖို့ကောင်းပေမယ့် သူက တော်တော်လေး အူတူတူနိုင်ပြီး ကိုယ့်အဆင့်ကျုယ် နိမ့်ကျအောင် လုပ်နေတာပဲ။ အထက်တန်းလွှာ လူ့အဖွဲ့အစည်းဆီ တက်လှမ်းလို့ရမယ့် လှေကားထစ်က ဒီမှာတင် ရှိနေတာကို၊ သူ ဒီလို တန်ဖိုးမရှိတဲ့လူတွေကို ဂရုစိုက်ဖို့နဲ့ အလေးထားဖို့ ရွေးချယ်နေသေးတယ်။
ကျင်းယွီ၏ အကြည့် ဆုန်ကျူယောင်၏ မျက်နှာတွင်သာ စူးစိုက်နေပြီး သူ၏ ရင်ထဲ၌ ခံစားချက်မျိုးစုံ ရောပြွန်းနေသည်။ သူ ခံစားနေရတာက ဒေါသလား သို့မဟုတ် အခြားအရာတစ်ခုလားဆိုတာ သူ သေချာမခွဲခြားနိုင်သော်လည်း၊ ထိုအရာက ပြင်းထန်စွာ တောက်လောင်နေပြီး သူ့ကို ဒေါသဖြင့် ပေါက်ကွဲချင်စိတ်များ ဖြစ်ပေါ်လာစေသည်။ သို့သော် သူ၏ ခံစားချက်ကို ဖော်ပြရန်အတွက် သင့်တော်မည့် စကားလုံးများကို မနည်း ရှာဖွေနေရသည်။ ကျင်းယောင်က သူ၏ အမြွှာအစ်ကိုဖြစ်သူဘက်သို့ လှည့်ကာ သူ၏ မျက်နှာပေးနှင့် မျက်ဝန်းများကို သေချာ စောင့်ကြည့်လေ့လာနေသည်။ အမြွှာများအကြားရှိ ထူးခြားသော ဆက်နွှယ်မှုကြောင့် သူသည် အရာတစ်ခုကို ချက်ချင်း သဘောပေါက်သွားသည်။ ကျင်းယောင်သည် လက်မပေါ်ရှိ ကိုက်ရာကို မသိစိတ်ဖြင့် ပွတ်သပ်ရင်း စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရှုချန်း၊ မင်း ဘာပြောမလဲ။ ငါတို့က မင်းနဲ့အတူ ရှိနေမှာ”
“ဟုတ်တယ်၊ စီနီယာကျူယောင်က ငါတို့အတွက် လမ်းခင်းပေးထားပြီးပြီ။ ဒီကနေ ရှေ့ဆက်မယ့် ရွေးချယ်မှုတွေက ငါတို့ ကိုယ်တိုင် ရွေးချယ်ရမှာ" ၎င်းတို့အနေဖြင့် ဆုန်ကျူယောင်ကို ၎င်းတို့အတွက် ဆုံးဖြတ်ချက် ချခိုင်းလို့မရပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အနာဂတ်အတွက် သူမအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သောကြောင့်ပင်။ ကိုယ့်တာဝန်ကိုယ်ယူပြီး ကိုယ့်ဆုံးဖြတ်ချက်ကို ဖွင့်ဟပြောဆိုခြင်းကသာ ယခုအချိန် ၎င်းတို့ လုပ်သင့်လုပ်ထိုက်သည့် အရာဖြစ်သည်။
“ငါတို့ အတူတူ ရင်ဆိုင်ကြမယ်!”
ကျိုးရှုချန်းနှင့်အတူ ရပ်တည်ပေးခဲ့ကြသူများက ၎င်းတို့၏ မယိမ်းမယိုင်သော ထောက်ခံမှုများကို ဖော်ပြလာကြသည်။ ယခင်က ၎င်းတို့အားလုံး ပိတ်မိနေသောကြောင့် ထွက်သွားချင်လျှင်ပင် ထွက်သွား၍မရခဲ့သော်လည်း ယခုအခါ ဆုန်ကျူယောင်၏ အကူအညီကြောင့် တစ်ပြားတစ်ချပ်မျှ ပေးလျော်စရာမလိုဘဲ ကျင်းခယ့်အကယ်ဒမီမှ ထွက်ခွာခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ကျိုးရှုချန်းနှင့်အတူ မိမိတို့ ရွေးချယ်ထားသော တက္ကသိုလ်သို့ အတူတူ တက်ရောက်ချင်ကြပြီး၊ အနာဂတ်တွင်လည်း အတူတူ ရုန်းကန်လှုပ်ရှားကာ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်ချင်ကြသည်။
ကျိုးရှုချန်းတွင် အခြားလူများကို စိတ်ဓာတ်ခွန်အားပေးနိုင်ပြီး တောက်ပသော အနာဂတ်အတွက် ၎င်းတို့၏ စိတ်ပိုင်းဖြတ်မှုများကို မီးမောင်းထိုးပေးနိုင်သည့် ထူးခြားသော စွမ်းအားတစ်ခု ပိုင်ဆိုင်သူဖြစ်သည်။ သူကသာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ခေါင်းဆောင်သူ ဖြစ်သည်။ ယုံကြည်မှုနှင့် ထောက်ခံမှု အသံများ ပဲ့တင်ထပ်သွားသောအခါ ကျိုးရှုချန်းသည် နေမင်းကြီး၏ နွေးထွေးမှုများ မိမိကို လွှမ်းခြုံထားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ မျက်ဝန်းထဲရှိ အမှောင်ထုများ လုံးဝ လွင့်စဉ်သွားဟန်ရှိသည်။
“အားလုံးပဲ... ငါ......”
“နေဦး!!!” စူးရှသောအော်သံတစ်ခုက ကျိုးရှုချန်း၏ စကားများကို ဖြတ်တောက်လိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ကျောင်းကနေ အမြဲရှောင်ဖယ်ပြီး ပုန်းအောင်းနေခဲ့သော သတ္တိကြောင်သည့် ကျောင်းအုပ်ကြီးသည် သူ၏ ဝတုတ်သော ခြေထောက်ကြီးများဖြင့် ၎င်းတို့ထံသို့ အပြေးအလွှား လာနေကြောင်း တွေ့လိုက်ရသည်။
ကျောင်းအုပ်ကြီး၏ မျက်နှာတစ်ခုလုံး နီရဲနေပြီး နှုတ်ခမ်းများ ဖြူလျော်နေသည်။ ဆုန်ကျူယောင်က အထူးဝင်ခွင့်ရ ကျောင်းသားအားလုံးကို အမှန်တကယ် ခေါ်ထုတ်သွားဖို့ ရည်ရွယ်ထားကြောင်း သိလိုက်ရသောအခါ သူ အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး အိမ်ကနေ ကျောင်းအထိ အသည်းအသန် ပြေးလာခဲ့ခြင်း ဖြစ်သည်။
“ကျောင်းသားတို့... ပြောစရာရှိတာကို အေးအေးဆေးဆေး ဆွေးနွေးကြရအောင်လေ။ ကျေးဇူးပြုပြီး စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့!” ကျောင်းအုပ်ကြီးက စိုးရိမ်တကြီးနှင့် ပြာပြာသလဲ ပြောလိုက်သည်။
“ကျောင်းပြောင်းမယ့် ကိစ္စဆိုတာ ဆွေးနွေးလို့ရပါတယ်၊ အေးဆေး ဆွေးနွေးရမှာပေါ့...”
သူက ဆုန်ကျူယောင်ထံသို့ တိုးတိုးလေး အသနားခံလာသည်။
“ဒေါက်တာဆုန်… ဒေါက်တာဆုန်လည်း တစ်ချိန်က ကျင်းခယ့်အကယ်ဒမီရဲ့ ကျောင်းသူတစ်ယောက် ဖြစ်ခဲ့တာပဲလေ။ ဒါက ဒေါက်တာဆုန်ရဲ့ ကျောင်းပါပဲ။ ကျေးဇူးပြုပြီး ကရုဏာသက်ပေးလို့ မရဘူးလား"
အကယ်၍ ယခုနှစ်၏ တက္ကသိုလ်ဝင်ခွင့် အောင်ချက်နှုန်းများ ဆိုးရွားသွားခဲ့လျှင် သူ၏ ကျောင်းအုပ်ကြီး ရာထူးသည်လည်း အန္တရာယ်ရှိလာနိုင်ပြီး ကျောင်းသည်လည်း လှောင်ပြောင်စရာ အကြောင်းအရာတစ်ခု ဖြစ်လာပေလိမ့်မည်။ မင်းစိုးရာဇာ အထက်တန်းလွှာ ကျောင်းကြီးတစ်ခုအနေဖြင့် အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးသို့ ရောက်သွားခြင်းသည် အလွန် အရှက်ရစရာကောင်းလှသည် မဟုတ်သလော။ အချုပ်ပြောရလျှင် သူ အလွန်နောင်တရနေမိသည်။ အကယ်၍ ဆုန်ကျူယောင်က ဤမျှအထိ ပြတ်သားစွာ လုပ်ဆောင်လိမ့်မည်မှန်း သိခဲ့လျှင်၊ အခြေအနေများကို ဤမျှဆိုးရွားအောင် ခွင့်ပြုထားခဲ့မည် မဟုတ်ပေ။
“အလုပ်တွေ များနေတဲ့ကြားက အချိန်ပေးပြီး လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဆုန်ကျူယောင်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
“ဒေါက်တာဆုန်......”
“ဆုံးဖြတ်ချက်ချမှာက ကျွန်မ မဟုတ်ပါဘူး။ ကျွန်မကို လာပြောမယ့်အစား ဒီကကျောင်းသားတွေကိုပဲ သွားပြောသင့်တယ်"
ထို့နောက် ကျောင်းအုပ်ကြီးသည် အထူးဝင်ခွင့်ရ ကျောင်းသားအုပ်စုနှင့် သွားရောက်စကားပြောလေသည်။ အထူးဝင်ခွင့်ရ ကျောင်းသားများသည် သူကဲ့သို့သော လူမျိုးနှင့် စကားမပြောချင်ကြပေ။ ထို့နောက် သူသည် ကျိုးရှုချန်းကို ကျောင်းအုပ်ကြီးက ရုံးခန်းထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့သည်။ ထို့ကြောင့် အခြားလူများက အဆောင်သို့ ပြန်ကာ သတင်းကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြသည်။ ဆုန်ကျူယောင်၏ တာဝန် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ကျန်ရှိသောအရာများက အထူးဝင်ခွင့်ရ ကျောင်းသားများ၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။ သူမက ခေါင်းလှည့်လိုက်သော်လည်း သူမ၏ အကြည့်များက အနည်းငယ် ဖရိုဖရဲဖြစ်နေသော လူငယ်လေးဆီသို့ ကျရောက်သွားလေသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းတို့ အကြည့်ချင်း ဆုံသွားခဲ့ကြပြီး၊ သူမသည် အနည်းငယ် သဘာဝမကျစွာ အကြည့်လွှဲလိုက်မိသည်။
ဆုန်ကျူယောင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော မင်ရှု့... အား အား အား အား အား... သူတို့နှစ်ယောက်ကြားမှာ တကယ်ပဲ ဘာတွေဖြစ်ပျက်နေတာလဲ။ ငါ တော်တော် သိချင်နေပြီ!!!
[အား အား အား အား အား၊ ဒီကိစ္စက ဘယ်တော့မှ ပေါ်လာမှာလဲ!]
[ဆုန်ကျူယောင်က ဘာလို့ ကျန်းပိုင်ချီကို အလေးပေးနေရတာလဲ။ သူ သိသိသာသာကြီး အသုံးမကျတဲ့ကောင်လေးပဲကို!!]
[ကဲ... အရှုပ်တော်ပုံတွေ ကြည့်ရတာ ဝပြီလို့ ထင်လိုက်တဲ့အချိန်မှာပဲ၊ ငါ့ရဲ့စပ်စုချင်စိတ်တွေ ပြန်နိုးထလာပြီး ငါ့ရင်ဘတ်နဲ့ အဆုတ်တွေကို ကုတ်ခြစ်နေပြန်ပြီ]
[မင်ရှု့ရေ... သွားမေးလိုက်စမ်းပါ၊ သွားမေးလိုက်စမ်းပါ! ဒါက လုံးဝ အရှုပ်တော်ပုံမျိုး မဟုတ်ဘူးဆိုတာ ငါ ယုံကြည်တယ်။ ဆုန်ကျူယောင်က လူဆိုးမဟုတ်ပါဘူး!]
......
အပြင်ကမ္ဘာတွင်မူ… ဆုန်ကျူယောင်သည် နောက်တစ်ကြိမ် ရေပန်းစားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပြီး ဆွေးနွေးမှုများ ဖြစ်ပေါ်စေသည်။ သူမ၏ တိုတောင်းသော မိန့်ခွန်းသည် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့သည်။
[သူက အရမ်းအံ့ဩဖို့ကောင်းလွန်းတယ်!]
[တော်တော် စိတ်လှုပ်ရှားဖို့ကောင်းတာပဲ!]
[ငါတို့ဟာ ဖုန်မှုန့်လို နိမ့်ကျနိုင်ပေမယ့် လောက်ကောင်တွေလိုတော့ စိတ်ဓာတ်တွေ ကွေးကောက် မနေသင့်ပါဘူး! ဒါတွေက တကယ်ပဲ လူသတ်သမားတစ်ယောက်ရဲ့ စကားတွေလား။ ငါ ဒီအစီအစဉ်ကို စိတ်မဝင်စားခဲ့ပေမယ့် အခုတော့ ရုတ်တရက် ကြည့်ချင်စိတ် ပေါက်လာပြီ]
[ကျေးဇူးပြုပြီး... ဒီအစီအစဉ်ကို ကြည့်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ မင်းတို့လည်း သူ့ကို သဘောကျသွားမှာပါ။ ကျေးဇူးပြုပြီး သူ့ကို မဲပေးပေးကြပါ၊ တောင်းပန်ပါတယ်!]
[ဒီလို တရားစီရင်တဲ့ အစီအစဉ်မျိုးမှာ မဲဆွယ်တာကို ပိတ်ပင်ထားတာလေ! ဆုန်ရဲ့ ဖန်တွေ ပါးစပ်ပိတ်ထားလို့မရဘူးလား။ မဲပေးမပေးဆိုတာက ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ပဲ။ ဖျော်ဖြေရေးလောကရဲ့ နည်းဗျူဟာတွေကို ဒီထဲ လာမသုံးပါနဲ့!]
[ပထမဆုံးအပိုင်းတောင် မပြီးသေးဘူး။ သူက ဘယ်လိုလူမျိုးလဲဆိုတာ ငါတို့ မသိသေးဘူးလေ၊ လူဆိုတာ ပြောင်းလဲနိုင်တာပဲ]
ဆုန်ကျူယောင်၏ ရေပန်းစားမှုများ ဆက်လက် မြင့်တက်နေခဲ့ပြီး အစီအစဉ်၏ ကြည့်ရှုနှုန်းသည်လည်း တရိပ်ရိပ် တိုးမြင့်နေသည်။ သူမ၏ နစ်နာမှုများကို ကုစားဖြေရှင်းပေးဖို့ မဲအရေအတွက်လည်း တဖြည်းဖြည်း တိုးပွားလာသည်။ ဟော့စန်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို သူ၏ စာကြည့်ခန်းထဲမှ ကြည့်နေခဲ့ပြီး၊ ဖန်သားပြင်ပေါ်ရှိ ဆုန်ကျူယောင်၏ မျက်နှာပေါ်တွင် သူ၏ အကြည့်များ စူးစိုက်နေစဉ် ရုတ်တရက် စိတ်အနှောင့်အယှက်ဖြစ်လာမိသည်။
သူပဲ... တကယ် သူ ဖြစ်နေခဲ့တာပဲ။
အလယ်တန်းကျောင်းတုန်းက၊ ၎င်းတို့ကျောင်းတွင် ချမ်းသာသော ကျောင်းသားအုပ်စုနှင့် အံမဝင်ခွင်ကျမဖြစ်ခဲ့သည့် အထူးဝင်ခွင့်ရ ကျောင်းသူတစ်ယောက် ရှိခဲ့ဖူးသည်။ ၎င်းတို့ကျောင်းသည် ကျင်းခယ့်အကယ်ဒမီကဲ့သို့ မရူးသွပ်ခဲ့သော်လည်း၊ သူမသည် အပယ်ခံဘဝကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် သူမဘက်မှ မည်သည့် တုန်လှုပ်မှုကိုမျှ မပြသခဲ့ဘဲ ထိုလူအုပ်ထဲသို့ ဝင်ဆံ့ဖို့ စိတ်ကူးလည်း လုံးဝမရှိခဲ့ပေ။ သူမသည် အမြဲတမ်း လက်ထဲတွင် စာအုပ်တစ်အုပ် ရှိနေတတ်ပြီး၊ လှောင်ပြောင် သရော်မှုများကို ရင်ဆိုင်ရသည့်တိုင်အောင် ထိုစာအုပ်ထဲရှိ အကြောင်းအရာများကိုသာ လောဘတကြီး စုပ်ယူနေခဲ့ကာ မည်သည့် ရိုက်ခတ်မှုကမှ သူမအပေါ် မသက်ရောက်ခဲ့ပေ။ နောက်ဆုံးတွင် ၎င်းတို့အားလုံး ငြီးငွေ့သွားကြသဖြင့် သူမကို ဆက်မနှောင့်ယှက်ကြတော့ပေ။
နေသာသော မွန်းလွဲပိုင်းတစ်နေ့တွင်၊ စာကြည့်တိုက်၏ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရှိသော မှန်ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်များ ဖြာကျနေစဉ်၊ ထိုမိန်းကလေးသည် စားပွဲပေါ် ခေါင်းတင်ကာ အေးချမ်းစွာ အိပ်ပျော်နေကြောင်း သူ မြင်ခဲ့ရသည်။ ရုတ်တရက်၊ သူမ၏ ဆံနွယ်များနှင့် အသက်ရှူသံတိုင်း သိသိသာသာ ထင်ရှားလာပြီး၊ အလွန် စွဲမက်ဖို့ကောင်းလွန်းလှသဖြင့် ဟော့စန်းသည် ခေါင်းကို ခဏခဏ လှည့်ပြီး ခိုးကြည့်နေမိသည်။
“...ဟိုင်း”
“ဟို...ဟိုင်း”
“ဆုန်ကျူယောင်... နင့်နာမည်က နည်းနည်း ထူးဆန်းတယ်"
“ဟုတ်လား၊ ငါ့နာမည်က စာပေကျမ်းဂန် ကဗျာကျမ်းထဲက ကွမ်းကျူဆိုတဲ့ ကဗျာကို အခြေခံထားတာ။ ‘ကွမ်း... ကွမ်း... မြစ်ထဲက ကျွန်းလေးပေါ်မှာ ချိုးငှက်မောင်နှံ တွန်မြည်နေကြတယ်။ ယဉ်ကျေးသိမ်မွေ့ပြီး သီလရှိတဲ့ မိန်းမပျိုလေးကို... မင်းမျိုးမင်းနွယ် လူကြီးလူကောင်းက လက်ထပ်ချင်နေမိတယ်’ တဲ့"
“ဒါနဲ့... နင့်နာမည် ဘယ်လိုခေါ်လဲ"
“...ဟော့စန်း။ ကဗျာကျမ်းဆိုတာ ဘာလဲ"
“အာ… အဲဒါက ငါ့ဇာတိမြေက စာပေတစ်ခုပါ။ နင် သိနေစရာ မလိုပါဘူး"
“......”
ဟော့စန်းသည် လက်ကို မြှောက်ကာ သူ၏ နဖူးကို ဖိလိုက်မိသည်။ တောက်...။